“လျှောက်ထုံးတွေနဲ့ နာမည်ကျော်ခဲ့သူ ဦးပေါ်ဦး”

လျှောက်ထုံးတွေနဲ့ နာမည်ကျော်ခဲ့သူ ဦးပေါ်ဦး
——————————-
မြန်မာလူမျိုးတို့အနေနဲ့ ဦးပေါ်ဦး အကြောင်းကို သက်ကြီးစကား သက်ငယ်ကြားအနေနဲ့ ကြားဖူးနားဝ ရှိကြမှာပါ။ ဦးပေါ်ဦးရဲ့ မိဘတွေက ဦးစံခိုင်နဲ့ ဒေါ်ပိုးဇီတို့ ဖြစ်ပါတယ်။ ဖခင်မျိုးရိုးက တန့်ဆည်ရွာသူကြီးမျိုး ဖြစ်ပြီး အမိမျိုးရိုးက မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရွှေလင်းဆွဲရွာမှ ဖြစ်ပါတယ်။ ရွှေလင်းဆွဲရွာသူကြီး မိသားစုဟာ သူကြီးသစ်ရဲ့ရန်ကို ကြောက်ရွံ့တဲ့အတွက် ရေဦးနယ်၊ တန့်ဆည်ရွာကို တိမ်းရှောင်ခဲ့ပါတယ်။ အဲဒီလို ရှောင်ပုန်းရင်း သူကြီးရဲ့ သမီးဖြစ်သူ မပိုးဇီအရွယ်ရောက်လာတဲ့အခါ တန့်ဆည်သူကြီးသား မောင်စံခိုင်နဲ့ လက်ဆက်ပါတယ်။
မောင်စံခိုင်နဲ့ မပိုးဇီတို့က အမတ်ကြီးဦးပေါ်ဦး ဖြစ်လာမဲ့ မောင်ပေါ်ဦးကို ဖွားမြင်ပါတယ်။ တန့်ဆည်ရွာ နေထိုင်တဲ့ မောင်ပေါ်ဦးဟာ အရွယ်ရောက်တဲ့အခါ သူတို့မိသားစုကို ပစ်ပယ်ထားတဲ့ အဘိုးဖြစ်သူကို စိတ်နာပြီး ရွှေဘိုကို ထွက်ခွာသွားခဲ့ပါတယ်။

ရွှေဘိုမှာ ရဟန်းဝတ်ကာ စာပေကျမ်းဂန်တွေ လေ့လာဆည်းပူးပါတယ်။ ဦးပေါ်ဦး လျှောက်ထုံးတစ်နေရာ ရဟန်း သုံးဝါရခဲ့ပြီးနောက် ဗဒုံမင်းသား (ဘိုးတော်ဘုရား)နဲ့ အဆက်အသွယ်ရကာ လူထွက်ပြီး အိမ်တော်မှာ သွားရောက် အမှုထမ်းတယ်လို့ ဆိုပါတယ်။ ဦးပေါ်ဦးအနေနဲ့ ဗဒုံမင်းသားရဲ့ အိမ်တော်ကို ဘယ်လို ရောက်လာခဲ့တဲ့ အကြောင်းကိုတော့ အထောက်အထား မတွေ့ရပါ။
ဗဒုံမင်းသားဟာ ရာထူးကျပြီး စစ်ကိုင်းဘက်မှာ နွမ်းပါးစွာ နေထိုင်ရချိန်မှာတော့ မောင်ကျော်ရွေးက မန်ကျည်းရွက်နု ခူးပေးရပြီး မောင်ပေါ်ဦးက ရောင်းချရကြောင်း၊ မောင်မြတ်ထင်က ဗန်းမော်-ကောင်းတုန် အရောက် လှေထိုးလိုက်ကာ ဗဒုံမင်းသား မိသားစုကို ကျွေးမွေးပြုစုကြပါတယ်။

၁၇၈၂-ခုနှစ် ဗဒုံမင်းသား ဘုရင်ဖြစ်လာတဲ့အခါ မောင်ပေါ်ဦးဟာ မဟာဇေယျသူရသင်္ခယာဘွဲ့ နာခံတော်ရာထူး ခန့်အပ်ခံရတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဒေါက်တာသန်းထွန်းရေးသားတဲ့ ခရစ်နှစ် ၁၈၀၀-ပြည့်နှစ်မတိုင်မီအထိ အမှုထမ်းခဲ့တဲ့ နာခံတော်စာရင်းမှာ မဟာဇေယျသူရသင်္ခယာဘွဲ့ဆိုတာ မရှိဘူးလို့ဆိုထားပါတယ်။

အထောက်အထားခိုင်မာတဲ့ ရာထူးက မြေတိုင်ရာထူးသာ ဖြစ်ပါတယ်။ မြေတိုင်ရာထူးဆိုတာ မြို့ရွာအုပ်ချုပ်သူ အရာရှိသာဖြစ်ပါတယ်။ ဒါကြောင့် ဦးပေါ်ဦးဟာ မြေတိုင်ရာထူးကိုသာ ဦးစွာရရှိခဲ့ပြီး မြေတိုင်အမတ်လို့ အမည်တွင်လာခြင်း ဖြစ်ပါတယ်။ မြေတိုင်ရာထူး ရရှိပြီးမှသာ ရာထူးအဆင့်ဆင့် တိုးမြှင့်ခန့်ထားခံရခြင်း ဖြစ်မယ်လို့ ပညာရှင်တို့က ဆိုပါတယ်။
ဘကြီးတော်မင်းလက်ထက် ရောက်တဲ့အခါ ဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်ဘွဲ့နဲ့ အဂ္ဂမဟာသေနာပတိ ဗိုလ်မှူးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရပါတယ်။ သာယာဝတီမင်းလက်ထက်မှာတော့ သတိုးမင်းကြီး မဟာသုဓမ္မရာဇာကျော်ထင်ဘွဲ့နဲ့ တရားဝန်ကြီးချုပ်အဖြစ် ချီးမြှင့်ခံရပါတယ်။

ဦးပေါ်ဦး ကွယ်လွန်အနိစ္စ ရောက်တဲ့အခါ မိမိရဲ့နောက်ကို ပစ္စည်းတစ်စုံတစ်ရာကိုမျှ ယူမသွားနိုင်ကြောင်း လက်ချည်းသာ သွားရတယ်လို့ လူအများသိရှိဖို့ လက်ယာလက်တစ်ဖက်ကို `ခေါင်း´အပြင်ကို ထုတ်ချ၍ပြီး လက်ဝါးကို ပြထားစေဖို့ သားမယားတို့ကို မှာထားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ မှာကြားတဲ့အတိုင်း သားမယားတို့က ပြုဆောင်ကြပါတယ်။ ဦးပေါ်ဦး ကွယ်လွန်ချိန်နဲ့ ပတ်သက်လို့ မူကွဲအချို့ရှိပေမဲ့ သက္ကရာဇ် (၁၂ဝဝ)ပြည့်နှစ်၊ တပို့တွဲလဆန်း (၈)ရက် (ခရစ် ၁၈၉၃၊ ဇန်နဝါရီလ ၂၂၊ အင်္ဂါနေ့)မှာ ကွယ်လွန်တယ်လို့ ဆိုကြပါတယ်။

ဦး‌ပေါ်ဦးကို လူသိများစေခဲ့တာက မြန်မာပညာရှိ ဦးအောင် ဖြစ်ပါတယ်။ ဦးအောင်ဟာ မုံရွာနယ်၊ ထနောင်းတောရွာမှာ ၁၈၄၀ပြည့်နှစ်က ဖွားမြင်ခဲ့သူဖြစ်ပါတယ်။ အရွယ်ရောက်ချိန် ရဟန်းပြုခဲ့ရာ ဘွဲ့အမည်က ရှင်ဣန္ဒာစရိယဖြစ်ပါတယ်။ ကျမ်း(၇)စောင်ပြုစုခဲ့ရာ အမတ်ကြီးဦးပေါ်ဦးလျှောက်ထုံးလို့ ထင်ရှားတဲ့ ကဝိသေတ္ထုမဉ္ဇူသာကျမ်းက ပထမဆုံး ရေးသားခဲ့ခြင်းဖြစ်ပြီး ၁၉၀၈ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ စစ်ကြိုခေတ်မှာတော့ မြန်မာ့တာဝန် မဂ္ဂဇင်းမှာ ဦးပေါ်ဦးလျှောက်ထုံးတွေကို လစဉ်ရေးသားခဲ့ပါတယ်။

ဦးအောင်က သူ့ရဲ့ လျှောက်ထုံးတွေဟာ နန်းတွင်း လက်သုံး ပုရပိုက်ဖြူမူအတိုင်း ရေးခဲ့တယ်လို့ ဆိုပေမဲ့ နှုတ်အမှတ်အသားတွေလည်း အများအပြားပါဝင်ကြောင်း ဆိုထားပါတယ်။ ဝက်မစွပ်ဝန်ထောက်မင်း၊ ပုဂံဝန်ထောက်ဦးတင်နဲ့ ကျောက်စာဝန် မစ္စတာဒူရွိုင်ဆယ်တို့က ရာဇဝင်ဆိုင်ရာ မှားယွင်းချက်တွေရှိကြောင်း ထောက်ပြထားပါတယ်။

ဦးပေါ်ဦး လျှောက်ထုံးတွေနဲ့ ထင်ရှားတဲ့ ဦးပေါ်ဦးဟာ ဗဒုံမင်းလက်ထက် အမှန်တကယ် ရှိခဲ့သလားဆိုတာပညာရှင်အများက စိတ်ဝင်စားကာ စူးစမ်းခဲ့ကြပါတယ်။ ဗဒုံမင်းလက်ထက်မှာ မြေတိုင်အတွင်းဝန် ဦးပေါ်ဦးရှိခဲ့တယ်လို့ အားလုံးကလက်ခံကြပါတယ်။ ဒါပေမဲ့ဦးပေါ်ဦးဟာ ဘုရင့်ပျော်တော်ဆက်တစ်ဦးမဟုတ်ခဲ့ကြောင်းကို ဆရာကြီး တင်နိုင်တိုးက အမတ်ကြီးဦးပေါ်ဦးနှင့် သမိုင်းသုတေသနအမြင်စာအုပ်မှာ အကိုးအကားတွေနဲ့ ရေးသားခဲ့ပါတယ်။စာဖတ်သူများအကြား ထင်ရှားတဲ့ ဦးပေါ်ဦးလျှောက်ထုံးမှ ဦးပေါ်ဦးဟာ ဦးအောင်ဖန်တီးခဲ့တဲ့ ဇာတ်ကောင်သာဖြစ်ပြီး ပြင်ပမှာ ရှိခဲ့တဲ့ ဦးပေါ်ဦးနဲ့ အမည်တူသာဖြစ်တယ်လို့ မောင်သာ(ရှေးဟောင်းသုတေသနက)က သုံးသပ်ထားပါတယ်။

#ZLann #ZLann_Podcast #ဇာတ်လမ်း #ဦးပေါ်ဦး #လျှောက်ထုံးများ #Pawoo #ဟာသများ

More Interesting Blogs from Zlann