“ရောထွေးနေတဲ့ အမေဂျမ်းရဲ့ ဘဝဖြစ်စဉ်”

ရောထွေးနေတဲ့ အမေဂျမ်းရဲ့ ဘဝဖြစ်စဉ်
—————————–
အကြွေးတောင်း၊ စျေးရောင်းပေးပါတဲ့ အမေဂျမ်း။ မချမ်းသာရင် ချမ်းသာအောင် မဲ့ပြုံးပြတတ်တဲ့ အမေဂျမ်း။ အပြောဆိုးသလောက် စိတ်သဘောထား ရိုးပြီး ပေးကမ်းကူညီ ဖေးမတတ်သူက အမေဂျမ်း။ (၃၇) မင်းနတ်စာရင်းမှာ မပါဝင်ပေမဲ့ အနယ်နယ်အရပ်ရပ်မှာ ကျင်းပပြုလုပ်တဲ့ နတ်ကနားပွဲတွေမှာ မပါမဖြစ် ထည့်သွင်းပူဇော်ပသခြင်း ခံရတာက အမေဂျမ်း။ တံတားဦးနယ်၊ ကျောက်ဆည်နယ်၊ အမရပူရနယ်တို့မှာ ထူးထူးကဲကဲ ယုံကြည်ကိုးကွယ် ပူဇော်ကြတဲ့ အမေဂျမ်း။
အမေဂျမ်းရဲ့ ဇာတိက ရွှေတောင်ရွာဖြစ်ပြီး ဖခင်က ချမ်းသာကြွယ်ဝသူ ရွှေတောင်ရွာသူကြီး။ ရွှေတောင်ရွာသူကြီးမှာ သမီးသုံးဦး ထွန်းကားပြီး အကြီးဆုံးက မလုံးပြည့်၊ အလတ်မက မချမ်းသာ၊ အငယ်ဆုံးက မပြည့်သာတို့ ဖြစ်ပါတယ်။မချမ်းသာတစ်ယောက် သူခိုးငတတ်ပြားနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ရာ ရွှေတောင်သူကြီးက သဘောမတူ။ မချမ်းသာကတော့ ဆွေမျိုးအားလုံးကို စွန့်ပြီး ငတတ်ပြားနောက်ကို ခိုးရာလိုက်ပြေးပါတယ်။ ငတက်ပြားဟာ သူခိုးဖြစ်မှန်းသိရက်နဲ့ အတူတူ ပေါင်းသင်းနေထိုင်ပါတယ်။
ငတတ်ပြား ခေါ် ကိုတက်ခါးဟာ ထန်းရည်ကြိုက်တတ်သူ။ လင်ယောက်ျားဖြစ်သူကို အလေးထားတဲ့ မချမ်းသာတစ်ယောက် စားဝတ်နေရေးအတွက် နေ့စဉ်လုံးပမ်းရသလို ခင်ပွန်းဖြစ်သူ ကြိုက်တဲ့ ထန်းရည်ရရှိအောင်လည်း နေ့စဉ်လုံးပမ်းရပါတယ်။ ထန်းတောထဲ တစ်ယောက်တည်းသွားပြီး ထန်းရည်ဝယ်ရင်း ရိသဲ့သဲ့ပြောလာသူတွေကို ကြမ်းကြမ်းတမ်းတမ်း ပြန်လည်ပြောဆိုရာကနေ နှုတ်ကြမ်းလျှာကြမ်းဖြစ်လာသူ။ ထန်းရည်ဝယ်သွားရင်း မြည်းစမ်းကြည့်ရာကနေ ထန်းရည်စွဲလာသူ။
သူ့ရဲ့ လင်ယောက်ျားကို ဘယ်သူမှ ဖမ်းမမိတဲ့အခါ အင်းဝမြို့တည် သတိုးမင်းဖျားက ကိုယ်တိုင်ဖမ်းနိုင်ဖို့ ကြံစည်ပါတယ်။ သတိုးမင်းဖျားက သူကိုယ်တိုင် သူခိုးဟန်ဆောင်ပြီး ငတတ်ပြားနဲ့ တွေ့ဆုံနိုင်အောင် ကြိုးစားပါတယ်။ တွေ့ဆုံပြီးတဲ့အခါ ယုံကြည်အောင် ပြောဆိုဆက်ဆံပြီး တစ်နေ့မှာတော့ ထောင်ချောက်ဆင် ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးရမိတဲ့အခါ ငတတ်ပြားကို လိုရာဆုတောင်းစေတယ်။ ဒီအခါ ငတတ်ပြားက သူတည်လက်စ ဘုရားရဲ့ ဌာပနာကို ကိုယ်တိုင် ပိတ်ချင်တယ်လို့ ဆိုတယ်။ ဌာပနာပိတ်ပြီးရင် လာရောက်အဖမ်းခံမယ်လို့ လျှောက်တင်တယ်။ ဒါကို ဘုရင်က ခွင့်ပြုတယ်။ ဘုရားဌာပနာပိတ်ပြီးတဲ့အခါ ငတတ်ပြားတစ်ယောက် သူ့ကတိအတိုင်း လာရောက်အဖမ်းခံတယ်။ ဘုရင်က ငတက်ပြားရဲ့ စိတ်ဓာတ်ကို သဘောကျပြီး ပြစ်ဒဏ်အမိန့်ကို ရုပ်သိမ်းကာ ဘဏ္ဍာစိုးအဖြစ် ခန့်အပ်တယ်။
အင်းဝဘုရင် ရွှေနန်းကြော့ရှင်နရပတိနဲ့ မိုးညှင်းသိုဟန်ဘွားတို့ စစ်ဖြစ်ကြရာမှာတော့ ဘုရင့်တပ်တွေက တောင်ငူနဲ့ မိုးညှင်းကို စစ်ချီပါတယ်။ လမ်းခရီးမှာ ထန်းရည်မူးနေတဲ့ မချမ်းသာတစ်ယောက် ဘုရင်စစ်ချီလာတဲ့ တပ်ဦးကို ရှေ့ကနေ ဖြတ်ကျော်မိတယ်။ ဘုရင်က မေးတဲ့အခါ ထန်းရည်မူးနေတဲ့ မချမ်းသာတစ်ယောက် သူ့ဝသီအတိုင်း ကြမ်းကြမ်းတမ်းတမ်း ပြန်လည်ပြောဆိုပါတယ်။ ဒီအခါ ဘုရင်အမျက်ထွက်ပြီး အမျိုးသမီးတို့ရဲ့ မတော်ရာကို ထန်းပလပ်နဲ့ ရိုက်စေရာ လက်လွန်ပြီး မချမ်းသာတစ်ယောက် ကွယ်လွန်ကာ နတ်စိမ်းဖြစ်သွားတယ်လို့ ဆိုတယ်။
အခြားအကြောင်းအရာတစ်ခုက မချမ်းသာဟာ အင်းဝမှာ အမှုထမ်းနေတဲ့ လင်တော်မောင် ကိုတက်ခါးထံ လိုက်သွားတယ်။ လိုက်သွားရတဲ့ အကြောင်းရင်းက ကိုတက်ခါးဟာ အင်းဝဘုရင် သူကောင်းပြုမှုကြောင့် အင်းဝမှာ နောက်အိမ်ထောင်ပြုပြီး သူ့ထံ ပြန်မလာတဲ့အတွက် ဖြစ်တယ်။ အင်းဝမြို့ကို ရောက်တဲ့အခါ တံခါးမှူးရဲ့ စစ်ဆေးမေးမြန်းမှုတွေကို သူ့ဝသီအတိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ဆဲရေးတိုင်းထွာတဲ့အတွက် ဖမ်းဆီးခံရတယ်။
ဘုရင့်ရှေ့တော်မှောက်ခေါ်ငင်ရာ လမ်းခရီးမှာ ဆဲရေးတိုင်းထွာပြန်တဲ့အတွက် ထန်းပလပ်နဲ့ မတော်ရာကို ရိုက်နှက်ရာမှ ခန္ဓာစဲလို့ နတ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။မင်းပြစ်မင်းဒဏ်ကြောင့် ကွယ်လွန်သွားတဲ့ မချမ်းသာကို ကောင်းမွန်စွာ မြှုပ်နှံသင်္ဂြိုဟ်ခြင်းမရှိဘဲ ကန်သင်းရိုးမှာပဲ မြှုပ်နှံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အင်းဝမြို့ကြီးတစ်ခုလုံး မိုးခေါင်ရေရှားလာသလို ကောက်ပဲသီးနှံတို့ မဖြစ်ထွန်းဘဲ ဘေးဒုက္ခကျရောက်လာပါတယ်။ ဒီအခါ ရှင်ဘုရင်က ပုဏ္ဏားတို့နဲ့ တွက်ချက်လိုက်တဲ့အခါ နတ်စိမ်းဖမ်းစားခြင်း ဖြစ်တယ်လို့ ခန့်မှန်းတယ်။ ဘုရင်က ပူဇော်ပွဲနဲ့ တောင်းပန်ပြီး စီးပွားရေး၊ ကြီးပွားရေး၊ သားရေး၊ သမီးရေး၊ အကြွေးတောင်း၊ စျေးရောင်း၊ ဥစ္စာခိုး၊ ဥစ္စာပျောက် အစရှိတဲ့ အရေးကို အပိုင်စားပေးခဲ့တယ်လို့ ဆိုပါတယ်။
တံတားဦးမြို့နယ်၊ အေးကြည်ကုန်းရွာမှာ အမေဂျမ်းနန်းရင်း တည်ရှိပြီး လက်တစ်ဖက်က ဆေးပြင်းလိပ်ကိုင်ထားတဲ့ အမေဂျမ်းရဲ့ ပုံတော်ကို အမြို့မြို့အနယ်နယ်မှာ ထုဆစ်ပူဇော်ပသမှုတွေ ရှိပါတယ်။
အမေဂျမ်းဟာ သူခိုးကြီးငတက်ပြားရဲ့ ဇနီးမဖြစ်နိုင်ဘူးလို့ သမိုင်းပညာရှင်တို့က ထောက်ပြပြောဆိုမှုတွေ ရှိပါတယ်။သူခိုးကြီးငတက်ပြား ပေါ်ထွန်းခဲ့တယ်ဆိုတဲ့ အင်းဝဘုရင် သတိုးမင်းဖျားဟာ ခရစ်နှစ် ၁၃၆၄ ခုနှစ်မှ ၁၃၆၇ ခုနှစ်အတွင်း နန်းတက်တဲ့ အင်းဝမြို့တည်မင်းဖြစ်ပါတယ်။ သတိုးမင်းဖျား နန်းတက်ပြီးနောက် နန်းတက်တဲ့ မင်းကြီးစွာစော်ကဲ လက်ထက်ကစလို့ အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ပွဲကြီးဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို စစ်ပွဲကြီးတွေအပါအဝင် နှစ်ပေါင်း ၁၅၀ လောက်မှသာ ရွှေနန်းကြော့ရှင်နရပတိက အင်းဝထီးနန်းကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။
မချမ်းသာခေါ် အမေဂျမ်းဟာ သူခိုးကြီးငတတ်ပြားရဲ့ ဇနီးမဟုတ်ဘဲ ခရစ်နှစ် ၁၅၀၁ ခုနှစ်မှ ၁၅၂၆ ခုနှစ်အတွင်း နန်းတက်ခဲ့တဲ့ ရွှေနန်းကြော့ရှင်နရပတိလက်ထက် စစ်မှုထမ်း ဗိုလ်တက်ခါးရဲ့ ဇနီးသာ ဖြစ်နိုင်တယ်လို့ သမိုင်းပညာရှင်တို့က ဆိုပါတယ်။

#ZLann #ZLann_Podcast #ဇာတ်လမ်း #အမေဂျမ်း #ဖွားချမ်းသာ
#နတ်ကိုးကွယ်မှု #မြန်မာနတ် #၃၇မင်းနတ်

More Interesting Blogs from Zlann