“ပေလေးပင်၊ ရှင်လေးပါး တစ်ပါးအပါအဝင် ရှင်မဟာသီလဝံသ”

ပေလေးပင်၊ ရှင်လေးပါး တစ်ပါးအပါအဝင် ရှင်မဟာသီလဝံသ
———————————–

“ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်းသည်၊ သံတောင်ဖြိုးမြင့်၊ စွင့်လိမ့်လေ။ အကိုက်လေးဖော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေ။ ခူးလည်းခူးလတံ့၊ ကူးလည်းကူးလတံ့၊ မြူးလည်းမြူးလတံ့”
ဒီတဘောင်ဟာ အင်းဝခေတ် မြန်မာသက္ကရာဇ် ၈၀၀-ပြည့်နှစ်က တောင်တွင်းကြီးမြို့မှာ ပေါ်ခဲ့တဲ့ တဘောင်ဖြစ်ပါတယ်။ တဘောင်နဲ့ပတ်သက်လို့ ငှက်ပစ်တောင် ဆရာတော် အရှင် သီလာစာရ ဘိဓဇက အခုလို အတိတ်နိမိတ်ကောက်ခဲ့တယ်လို့ ဆိုပါတယ်။ “အကိုက်လေးဖော်” ဟာ ပေပင်အစို့အကိုက်လေးစို့ကို ဆိုလိုတာဖြစ်ပြီး ပေဆိုတဲ့စကားလုံးက စာပေကို ဆိုလိုတာဖြစ်လို့ ရှင်သာမဏေပုဂ္ဂိုလ်ကျော်လေးပါး ပေါ်မှာ ဖြစ်တဲ့အကြောင်းနဲ့ သူတို့ဟာ စာပေကျမ်းဂန်တတ်ကျွမ်းသူတွေ ဖြစ်လိမ့်မယ်လို့ အတိတ်နိမိတ် ကောက်ခဲ့တာပါ။

သိပ်မကြာခင်မှာပဲ တောင်တွင်းကြီးမြို့ရဲ့ မြောက်ဘက်ပိုင်းမှာ ပေစို့ကြီး လေးစို့ မြေကြီးထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်။ နေရာအတိအကျအနေနဲ့ဆိုရင် မကျည်းယောင်ရွာ၊ မြို့လုလင်ရွာနဲ့ သတိုးထမ်းရွာတို့မှာ ပေါ်ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း “ပေလေးပင်၊ ရှင်လေးပါး” ပေါ်လာတော့မယ်ဆိုပြီး ယုံကြည်သူတွေ ရှိလာပါတယ်။ ၈၁၅-ခုနှစ် ရောက်ချိန်မှာတော့ အဲဒီအတိတ်နိမိတ်အတိုင်း လက်တွေ့ ဖြစ်လာပါတော့တယ်။
သတိုးထမ်းရွာကနေ ရှင်အုန်းညိုနဲ့ မကျည်းယောင်ရွာကနေ ရှင်ခေမာတို့ ပေါ်ထွက်လာခဲ့သလို မြို့လုလင်ရွာကနေ မောင်ဥက္ကာ (ရှင်ဥတ္တမကျော်) နဲ့ မောင်ညို (ရှင်မဟာသီလဝံသ) တို့ အသီးသီးပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီ ပေလေးပင်၊ ရှင်လေးပါးဆိုတဲ့ ပုဂ္ဂိုလ်လေးပါးထဲ တစ်ပါးအပါအဝင်ဖြစ်တဲ့ ရှင်မဟာသီလဝံသကလည်း အင်းဝခေတ် စာဆိုအကျော်အမော်တစ်ဦး ဖြစ်ပါတယ်။ ထင်ရှားတဲ့ ရာဇဝင်၊ ဗုဒ္ဓစာပေကျမ်းဂန်၊ ဇာတ်ဝတ္ထုတော်၊ ပျို့၊ မော်ကွန်း၊ လင်္ကာ၊ ရတုနဲ့ ဆုံးမစာတွေကို ရေးသားခဲ့တာမို့ မြန်မာစာပေသမိုင်းမှာ ထင်ရှားပါတယ်။

ငယ်စဉ်တောင်ကျေး ကလေးဘဝ လူအများစုပတ်ဝန်းကျင်က သူ့ရဲ့ ဆုံးမစာတွေကို လေ့လာမှတ်သား ကြီးပြင်းခဲ့ကြဖူးတာ များပါတယ်။ ‘‘မိဦးဖဦး၊ ဆရာဦးကို၊ ခူး၍အလျင် မစားနှင့်။ မိဘဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ်လျှင်၊ မယူငင်နှင့်။ လိုချင်သောအား၊ စားချင်ငြားက၊ ဝပ်တွားခယ၊ တောင်းပါကြ’’ စသဖြင့် ဆုံးမစာ အများအပြားကို ရေးသားခဲ့တာပါ။

အင်းဝခေတ်က စာပေဖွဲ့ဆိုသူတွေဟာ အကြောင်းအရာ သုံးမျိုးတို့ကို အခြေခံပြီး စာပေနဲ့ ကဗျာတွေကို ဖွဲ့ဆိုခဲ့ကြပါတယ်။ အဲဒီအကြောင်းအရာသုံးမျိုးက လောကရေး၊ ဓမ္မရေးနဲ့ ရာဇရေး တို့ပဲ ဖြစ်ပါတယ်။ ဆရာတော် ရှင်မဟာသီလဝံသကတော့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ဓမ္မရေးဆိုတဲ့ အကြောင်းအရာတွေကို ဦးစားပေး ရေးဖွဲ့ခဲ့သူ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ ဖခင်က ဦးကြည်နဲ့ မိခင်က နတ်ထိန်းကြီး မယ်ဒွေးတို့ဖြစ်ကြပြီး မြန်မာသက္ကရာဇ် ၈၁၅ ခုနှစ်အတွင်း တောင်တွင်းကြီးမြို့ မြောက်ဘက် မြို့လုလင်ကျေးရွာမှာ မွေးဖွားခဲ့တဲ့ သောကြာသားဖြစ်ပါတယ်။ ငယ်နာမည်က မောင်ညိုဖြစ်သလို ငယ်စဉ်ကစလို့ နတ်မီးလင်းဆရာတော် အရှင် သီလာစာရ ဘိဓဇထံမှာ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီဆရာတော်က ငှက်ပစ်တောင်ကျောင်းနဲ့ ထူပါရုံကျောင်းတို့မှာ လှည့်လည်သီတင်းသုံးတာမို့ ငှက်ပစ်တောင်ဆရာတော်၊ ထူပါရုံဆရာတော်ဆိုပြီးတော့လည်း ခေါ်ကြပါတယ်။

ရှင်မဟာသီလဝံသနဲ့အတူ ရှင်ဥတ္တမကျော်လောင်း မောင်ဥက္ကာ၊ ရှင်အုန်းညိုလောင်းနဲ့ ရှင်ခေမာလောင်း တို့ကလည်း ဆရာတော် အရှင် သီလာစာရ ဘိဓဇထံမှာပဲ အတူတကွပညာသင်ကြားခဲ့ကြတာမို့ ဆရာတူတပည့်တွေဖြစ်ကြပါတယ်။ ရှင်မဟာသီလဝံသဖြစ်လာမယ့် မောင်ညိုအဖို့ ကဗျာလင်္ကာတွေကို လက်တန်းစပ်ဆိုနိုင်တဲ့အရွယ်ဟာ အံဩစရာကောင်းလောက်တဲ့အရွယ် အသက် ၇ နှစ်မှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ကဗျာစာပေ ဉာဏ်ရည်ထက်မြတ်သူအဖြစ် ငယ်စဉ်ကတည်းက ထင်ရှားခဲ့ပြီး ဆရာတော် အရှင် သီလာစာရ ဘိဓဇရဲ့ ကျောင်းမှာပဲ သာမဏေပြုခဲ့သူပါ။ ရှင်သီလဝံသဘွဲ့ကို ခံယူခဲ့တာကတော့ အသက် ၂၀ အရွယ် ပဉ္စင်းတက်ချိန်မှာဖြစ်ပါတယ်။ အဲဒီလို ပဉ္စင်းတက်ပြီးတဲ့နောက် ဆရာတော် အရှင် သီလာစာရ ဘိဓဇထံမှာပဲ ပါဠိစာပေ၊ ပိဋိကတ် ဓမ္မစာပေတွေကို ကျွမ်းကျင်နှံ့စပ်အောင် ဆက်လက်လေ့လာ ဆည်းပူးခဲ့ပါတယ်။
ဒီလိုနဲ့ရှင်မဟာသီလဝံသဟာ မြတ်စွာဘုရားရှင်ရဲ့ ပါရမီတော် ၁၀ ပါးဖြည့်ကျင့်ခဲ့ရပုံတို့ကို စပ်ဆိုထားတဲ့ ပါရမီတော်ခန်း ပျို့ကဗျာကြီးကို စပ်ဆိုသီကုံးခဲ့ပါတယ်။ တရားသဘော အဓိပ္ပာယ်တို့နဲ့ လေးနက်သိမ်မွေ့လွန်းတဲ့ ဒီပျို့ကဗျာကို နတ်မီးလင်းကျောင်းမှာပဲ သီတင်းသုံးရင်း စပ်ဆိုသီကုံးခဲ့တာပါ။ ပါရမီတော်ခန်း ပျို့ကဗျာကြီး အပြီးစပ်ဆိုနိုင်ခဲ့တဲ့အချိန်ကာလက မြန်မာသက္ကရာဇ် ၈၅၃ခုနှစ် သူ့ရဲ့သက်တော် ၃၈ နှစ်အရွယ်မှာ ဖြစ်ပြီး ရေးသားပြီးတဲ့နောက် ရှင်မဟာသီလဝံသရဲ့ ပညာအစွမ်းကလည်း အံ့မခန်း စတင်ကျော်ကြားလာခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ဆရာတော်ဟာ အင်းဝနေပြည်တော်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။ သူ ဒီလို ပြောင်းရွှေ့လိုတာဟာ အင်းဝနေပြည်တော်မှာ စာပေနဲ့ကျမ်းဂန် တတ်ကျွမ်းသူ အထင်ကရပညာရှိတွေ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ဆန္ဒက အလွယ်တကူ အထမမြောက်ခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ အင်းဝနေပြည်တော်ကို ပြောင်းရွှေ့လိုကြောင်းကို နတ်မီးလင်းဆရာတော်ထံမှာ သုံးကြိမ်တိုင်တိုင် ခွင့်ပန်ခဲ့ရပြီး ပထမနဲ့ ဒုတိယအကြိမ်တို့မှာ မအောင်မြင်ခဲ့ဘဲ တတိယအကြိမ်မှပဲ နတ်မီးလင်းဆရာတော်က အသာတကြည် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၈၅၄ ခုနှစ် တပို့တွဲလကစလို့ ပထမအကြိမ်ခွင့်ပန်တော့ ခွင့်မပြုလိုတဲ့ ဆရာတော်က ဘာမှပြန်မပြော တိတ်ဆိတ်နေပြီး တုံ့ပြန်ပါတယ်။ ဒါနဲ့ ဒုတိယအကြိမ်ခွင့်ပန်ပြန်တော့လည်း အင်းဝပြည်မှာ ကျမ်းတတ်သူ ပေါများတာကို အကြောင်းပြပြီး မသွားစေလိုကြောင်း ပြန်လည် တုံ့ပြန် မိန့်ကြားခဲ့ပါတယ်။ ဒီလိုနဲ့ တတိယအကြိမ်ခွင့်ပန်ပြန်တော့မှ အသာတကြည် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလိုနဲ့ ခရီးထွက်ရင်း ပင်းယမြို့မှာ ခေတ္တတည်းခိုသီတင်းသုံးခဲ့ပြီးတဲ့နောက် ဆက်လက်ခရီးဆက်ခဲ့ရာက အင်းဝမြို့တော်အနီး တံတားဦး အရပ်ကို ရောက်ရှိခဲ့ပါတယ်။ တံတားဦးကိုလည်းရောက်ရော “တောင်တွင်း ရှင်သီလဝံသမထေရ် အင်းဝနေပြည်တော်ကို ကြွလာတယ်ဆိုတဲ့ သတင်းက အင်းဝမြို့တွင်းမှာ ပျံ့နှံ့သွားပါတယ်။ ဒါနဲ့ ဆရာတော်ဆီကို လာရောက်တွေ့ဆုံ မေးမြန်းခဲ့သူတွေ များပြားခဲ့ပြီး ခေတ်ပြိုင်စာဆိုဖြစ်လာမဲ့ ရှင်မဟာရဋ္ဌသာရကပါ လာရောက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ရှင်သီလဝံသဟာ သက်တော် ၄၀ လောက်မှာပဲ အင်းဝကို ရောက်ရှိ သီတင်းသုံးခဲ့တာဖြစ်ပြီး တစ်နေ့မှာတော့ အင်းဝဘုရင် ဒုတိယ မင်းခေါင်ထံ မေတ္တာစာ ရေးသားဆက်သွင်းခဲ့ပါတယ်။ ဒီတော့ ရှင်ဘုရင်လည်း ရှင်သီလဝံသရဲ့ အရည်အသွေးကို လေးစားကြည်ညိုပြီး ရတနာဗိမာန် ရွှေကျောင်းတော်ကြီးကို တင်လှူခဲ့ပါတယ်။ အဲဒီကျောင်းတော်ကြီးက စစ်ကိုင်းမြို့၊ ထူပါရုံစေတီတော်ရဲ့ အရှေ့မြောက်ဘက်မှာရှိပြီး ရှင်သီလဝံသက ကျောင်းတော်ကြီးကို ဆက်ခံတဲ့ ရှစ်ဆက်မြောက် ကျောင်းထိုင် ပညာရှိရဟန်းလည်း ဖြစ်လာခဲ့ပါတယ်။
ဆရာတော် ရှင်သီလဝံသဟာ ရှင်မဟာရဋ္ဌသာရလိုပဲ မင်းဆရာအဖြစ် မြှောက်စားခံခဲ့ရတာကြောင့် အဲဒီခေတ်အခါက နန်းတော်အတွင်း အပြိုင်အဆိုင် စာဆိုတော်တွေ ဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ပါးနဲ့ ပတ်သက်လို့ အမှတ်တရဖြစ်စဉ်တချို့လည်းရှိခဲ့ပါတယ်။

ဘုရင်မင်းခေါင်က မြန်မာသက္ကရာဇ် ၈၅၈ ခုနှစ်မှာ တံတားဦးမင်္ဂလာစေတီတော်ကြီးရဲ့ အလယ်ဌာပနာတိုက်ကို တည်ထားတဲ့အချိန် မော်ကွန်းရေးသားရာမှာ ဆရာတော်နှစ်ပါး တိုက်ဆိုင်ခဲ့ကြပါတယ်။ ဆရာတော်ရှင်သီလဝံသက တံတားဦးမင်္ဂလာစေတီမော်ကွန်းကို စတင်ရေးသားခဲ့စဉ်မှာပဲ ရှင်မဟာရဋ္ဌသာရမထေရ်ကလည်း “သုံးဆယ့်နှစ်ပါး ထင်ရှားလက္ခဏာ” အစချီတဲ့ တံတားဦးစေတီမော်ကွန်းကို ရေးသားစီရင်ခဲ့တာပါ။

ဒါပေမဲ့ ရှင်မဟာရဋ္ဌသာရမထေရ်ရဲ့ တံတားဦးစေတီမော်ကွန်းက ဘုရင့်ထံကို ဆက်သွင်းပြီးဖြစ်တဲ့အကြောင်းကို ဆရာတော်ရှင်သီလဝံသက သိတော့ ရေးလက်စ မော်ကွန်းကို ဆက်မရေးတော့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူရေးပြီးသား ပုရပိုက်ကိုပါ ဖျက်ဆီးပစ်ဖို့ တပည့်တွေကို စေခိုင်းခဲ့တာပါ။ ဒါပေမဲ့လည်း ဖျက်ဆီးဖို့ နှမြောတဲ့ တပည့်တွေက သိမ်းဆည်းထားနိုင်ခဲ့တယ်လို့ စာပေတွေမှာ ဖော်ပြပါတယ်။

ဆရာတော် ရှင်သီလဝံသနဲ့ ရှင်မဟာရဋ္ဌသာရတို့နှစ်ပါးနဲ့ ပတ်သက်လို့ နောက်ထပ် ထင်ရှားတဲ့ အမှတ်တရဖြစ်စဉ်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ရှင်မဟာရဋ္ဌသာရရဲ့ ဘူရိဒတ် လင်္ကာကြီးနဲ့ ရှင်မဟာသီလဝံသရဲ့ ပါရမီတော်ခန်းပျို့ဆိုင်ရာ စာပွဲသဘင်ကျင်းပခဲ့တာပါ။ ဘူရိဒတ် လင်္ကာကြီးနဲ့ ပါရမီတော်ခန်းပျို့နှစ်ခုလုံးက ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့သလို ဘုရင်ကလည်း ပါရမီတော်ခန်းပျို့အပေါ် ချီးမွမ်းစကားဆိုခဲ့ပါတယ်။
ဒါ့အပြင် အဲဒီခေတ်က ရှင်ဘုရင်ဟာ ပရိသတ်နဲ့တကွ စာပွဲတော်ခံလေ့ရှိပြီး စာပွဲတော်မှာ ရှင်နှစ်ပါးရဲ့ စာတွေကို ရွှေကလပ်မှာထည့်လို့ စာဆိုတွေကို အသီးသီး ဖတ်ကြားစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လည်း ဆရာတော်က အင်းဝမှာ သီတင်းသုံးနေတုန်းအချိန်တွေမှာဆိုရင် အင်းဝမြို့တော်ကို မကြာခဏ ကြွရောက်ရလေ့ ရှိပါတယ်။

ဆရာတော်ရဲ့ ထင်ရှားတဲ့ စကားပြေဝတ္ထုတွေထဲမှာ ပါရာယနဝတ္ထုက အဟောင်းဆုံး ဝတ္ထုဖြစ်ပြီး သက္ကရာဇ် ၈၆၃ ခုနှစ်မှာ ရေးသားခဲ့တာပါ။ အလားတူ ဆရာတော်ရေးတဲ့ မဟာသမ္မတဝံသ ကျမ်းကလည်း ထင်ရှားတဲ့ ရာဇဝင်ကျမ်းတွေထဲမှာ အဟောင်းဆုံးဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီကျမ်းကို ရာဇဝင်ကျော်လို့ ခေါ်တွင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ဆရာတော်ဟာ ဓမ္မပါလပျို့ကိုလည်း ရေးသားခဲ့ပေမဲ့ အဲဒီပျို့ရေးလို့မပြီးခင်မှာပဲ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော် ရှင်မဟာသီလဝံသဟာ သူပျံလွန်တော်မူချိန်မှာ သက်တော် ၆၅ နှစ် ဝါတော် ၄၅ ဝါရှိနေပြီပဲ ဖြစ်ပါတယ်။

#ZLann #ZLann_Podcast #ရှင်မဟာသီလဝံသ #ပေလေးပင်ရှင်လေးပါး #ဓမ္မပါလပျို့

More Interesting Blogs from Zlann