“တစ်ခုတည်းသော မိကျောင်း ဘေးမဲ့တော “

မိန်းမလှကျွန်းဘေးမဲ့တောဆိုတာက ရေချိုရေငန်စပ်မိကျောင်းတွေကို သဘာဝအတိုင်း ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ဘေးမဲ့တောပါ။ ဒါတင်မကပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ အာဆီယံ အမွေအနှစ် အမျိုးသားဥယျာဉ်ကြီး ရှစ်ခုထဲက တစ်ခု ဖြစ်သလို ဒီရေတောတွေကို ထိန်းသိမ်းကာကွယ်ထားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
အလားတူ ဒီကျွန်းအနီးဝန်းကျင်မှာရှိတဲ့ ရေချိုရေငန်စပ် မိကျောင်းတွေက ဘေးမဲ့တောအပါအဝင် အနီးဝန်းကျင်က ရမ်ဆာရေဝပ်ဒေသရဲ့ ဂေဟစနစ်ကို တည်ငြိမ်မျှတနေစေဖို့ ထိန်းညှိရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ထဲမှာရှိတဲ့ ဒီမိန်းမလှကျွန်း‌ကို ၁၉၉၃ ခုနှစ် ဇန်နဝါရီ(၅)ရက်နေ့က ဘေးမဲ့တောအဖြစ် စတင်သတ်မှတ်ခဲ့ပြီး အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်ကိုတော့ ၂၀၀၃ ခုနှစ်မှာ စာရင်းသွင်း သတ်မှတ်ခံခဲ့ရပါတယ်။
ရေချိုရေငန်စပ် မိကျောင်း (Crocodylus Porosus) ကို ထိန်းသိမ်းကာကွယ်ထားတဲ့ ဧရိယာဖြစ်တဲ့အပြင် အဆိုပါဘေးမဲ့တော ဧရိယာထဲက မြစ်ချောင်းတွေမှာ ၂၀၂၂ ခုနှစ်အတွင်း ကောက်ယူတဲ့ စာရင်းတွေအရ ဧရာဝတီလင်းပိုင် ၁၄ ကောင် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဘေးမဲ့တောဧရိယာ အရှေ့ခြမ်းမှာ ရှစ်ကောင်နဲ့ အနောက်ဘက်ခြမ်းမှာ ခြောက်ကောင် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တာပါ။
ဒီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောက မြစ်ဝကျွန်းပေါ် ရေတိမ်ဒေသ ပင်လယ်ထွက်ပေါက်အနီး တည်ရှိပြီး အရှေ့ဘက်မှာ ဘိုကလေးမြစ် ရှိသလို ဧရိယာအတွင်း ချောင်းငယ်အများအပြားလည်း ရှိနေပါတယ်။ ဧရိယာစတုရန်းမိုင် ၅၂ မိုင်ကျော်ကျယ်ဝန်းပြီး ရေလမ်းနဲ့ဆိုရင် ရန်ကုန်-ဘိုကလေး-မိန်းမလှကျွန်းကို ၈၇ မိုင်ကွာဝေးသလို ကားလမ်းနဲ့သွားမယ်ဆိုရင် ရန်ကုန်-ဘိုကလေး ၈၄ မိုင်၊ ဘိုကလေး-မိန်းမလှကျွန်း ရေလမ်း ၁၂ မိုင်ကွာဝေးမှာ ဖြစ်ပါတယ်။
အဲဒီဘေးမဲ့တောမှာ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေအပြင် သုတေသန လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပြီး မိကျောင်းတွေရဲ့အသိုက် စာရင်းကောက်ယူမှုတွေကိုပါ လုပ်ဆောင်နေတာပါ။ ဒါတင်မက ဧရာဝတီလင်းပိုင် အကောင်ရေကို တွက်ချက်နိုင်ဖို့ သုတေသနပြုလုပ်တာတွေအပြင် ဒေသခံပြည်သူတွေက ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်လာစေဖို့ ပညာပေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
အလားတူ အဆိုပါဘေးမဲ့တောမှာ ကမ္ဘာပေါ်က ရှားပါးဆောင်းခိုငှက်၊ ရေပျော်ငှက်နဲ့ ငှက်မျိုးစိတ် ရာနဲ့ချီ ကျက်စားနေသလို ရေနေသတ္တဝါ၊ နို့တိုက်သတ္တဝါနဲ့ ရှားပါး တောရိုင်းတိရစ္ဆာန် မျိုးစုံ ကျက်စားနေပြီး ဆေးဖက်ဝင်အပင်နဲ့ သစ်ခွမျိုးစိတ်အများအပြားလည်း သဘာ၀အတိုင်း ပေါက်ရောက်နေပါတယ်။ ဗျူး၊ ဗျူးခြေထောက်၊ လမု၊ လမဲ့၊ ကနစို၊ မဒမ စတဲ့ အပင်တွေ အများဆုံး ပေါက်ရောက်နေပြီး အဲဒီအပင်တွေက ဒီရေရောက်ဒေသတွေမှာ ပေါက်ရောက်ရှင်သန်နိုင်တဲ့ အပင်မျိုးစိတ်တွေပဲ ဖြစ်ပါတယ်။
မျိုးသုဉ်းပျောက်ကွယ်ဖို့ ခြိမ်းခြောက်ခံနေရတဲ့ အပင်နဲ့အကောင်မျိုးစိတ်တွေအတွက်တော့ မိန်းမလှကျွန်းဘေးမဲ့တောရဲ့ ဒီရေတောတွေက မှီခိုနေထိုင်စရာ နေရာကြီးတစ်ခုပါ။ ဒါ့အပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ဒဏ်ကနေ ပတ်ဝန်းကျင် ဒေသတွေကို ကာကွယ်ပေးဖို့ကိုလည်း အဲဒီ ဒီရေတောတွေကပဲ လုပ်ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ လူတို့ရဲ့ အလွန်အကျွံ စည်းကမ်းမဲ့ ခုတ်လှဲသုံးစွဲမှုနဲ့ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းတို့ကြောင့် မိန်းမလှကျွန်းဒီရေတောတွေ ပျက်စီးပြုန်းတီးခဲ့ရပါတယ်။
ဒီလိုပျက်စီးပြုန်းတီးမှုတွေကြောင့်ပဲ ဒီရေတောဂေဟစနစ် ပျက်စီးယိုယွင်းလာရပြီး ကျွန်းကိုမှီခိုနေတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေအပေါ်မှာ သက်ရောက်စေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မိန်းမလှကျွန်း ဒီရေတောတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လည်ထူထောင် စိုက်ပျိုးခဲ့ကြပါတယ်။
သဘာ၀ ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနရဲ့ လေ့လာတွေ့ရှိချက်တွေအရ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ၁၀ နှစ်တာကာလအတွင်း မိကျောင်းအသိုက် တွေ့ရှိမှတ်တမ်းတင်နိုင်မှုဟာ နှစ်စဉ် ၅.၂ သိုက် ရှိခဲ့ပါတယ်။ အဲဒီအသိုက်တွေရဲ့ ခန့်မှန်း မိကျောင်းဥလုံးရေက နှစ်စဉ် ပျမ်းမျှ ၁၇၅ လုံး ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ အသိုက် ၆ သိုက်နဲ့ ခန့်မှန်း မိကျောင်းဥရေ ၁၇၂ လုံးတွေ့ရှိခဲ့တာကြောင့်လည်း နှစ်စဉ်ပျမ်းမျှ တွေ့ရှိရတဲ့ မိကျောင်းအသိုက်၊ ခန့်မှန်းဥလုံးရေနဲ့ နီးစပ်တာကို တွေ့ရှိခဲ့ကြပါတယ်။
မိကျောင်းသားပေါက်တွေက အရွယ်ရောက် သက်ကြီးကောင်အဖြစ် အသက်ရှင်သန်နိုင်ဖို့ဆိုတာ ရာခိုင်နှုန်း အလွန်နည်းပါတယ်။ သားပေါက်ကောင်ရေရဲ့ ၁ ရာခိုင်နှုန်းနဲ့ အောက်ပဲ သက်ကြီးကောင်အဖြစ်ကို ရောက်ရှိလေ့ ရှိပါတယ်။
မိန်းမလှကျွန်းဘေးမဲ့တောအတွင်း မိကျောင်းအသိုက်ရှာဖွေ စာရင်းကောက်ယူရာမှာတော့ အရင်တုန်းက မိကျောင်း အသိုက်တွေ့ရှိဖူးတဲ့နေရာတွေ၊ ကင်းလှည့်တုန်း မိကျောင်း မကြာခဏတွေ့ရတတ်တဲ့ ချောင်းရိုးတွေနဲ့ မိကျောင်းအသိုက်ပြုလုပ်နိုင်တဲ့နေရာတွေမှာ ပဲ့ထောင်ရေယာဉ်နဲ့ဖြစ်ဖြစ်၊ ခြေကျင်လမ်းလျှောက်ပြီး ဖြစ်ဖြစ်၊ ဒရုန်း (Drone) နဲ့ဖြစ်ဖြစ် ရှာဖွေ စာရင်းကောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် မိန်းမလှကျွန်းဘေးမဲ့တောကို ထိန်းသိမ်းရာမှာ ရေချိုရေငန်စပ် မိကျောင်းတွေကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ဖို့အတွက်သာမက လူနဲ့မိကျောင်းပဋိပက္ခတွေကို လျှော့ချနိုင်ဖို့အတွက်ပါ အစီအမံတွေချမှတ်ဆောင်ရွက်ဖို့လည်း လိုအပ်နေပါတယ်။ အဲဒီလို အစီအမံတွေ ချမှတ်နိုင်ဖို့အတွက် ဘေးမဲ့တောအတွင်း နှစ်စဉ်ပြုလုပ်တဲ့ မိကျောင်းအသိုက်အရေအတွက်၊ ပြုလုပ်တဲ့နေရာ၊ အဲဒီအသိုက်တွေကနေ ပေါက်ဖွားလာနိုင်တဲ့ မိကျောင်းကောင်ရေ စတဲ့ အချက်အလက်တွေကို သိရှိထားဖို့ အရေးကြီးပါတယ်။
ဒါကြောင့် ရေချိုရေငန်စပ် မိကျောင်းတွေကို ထိန်းသိမ်းတာအပါအဝင် လူနဲ့မိကျောင်း ပဋိပက္ခလျော့ကျစေဖို့အတွက် မိကျောင်းအသိုက်စာရင်းကောက်ယူမှုကနေ ရရှိတဲ့ အချက်အလက်တွေကို ထိထိရောက်ရောက် အသုံးပြုဖို့လည်း သက်ဆိုင်ရာက လုပ်ဆောင်တာတွေ ရှိပါတယ်။
မိန်းမလှကျွန်းနဲ့ဆက်စပ်လို့ ယုံကြည်မှု ကိုးကွယ်မှုဆိုင်ရာ ကိစ္စတချို့လည်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နတ်တစ်ပါး ဖြစ်တဲ့ ရေငံပိုင် ဦးရှင်ကြီးရဲ့ ဒေသဟာ အဲဒီဒေသဖြစ်တယ်လို့ ယုံကြည်ကြပြီး ဦးရှင်ကြီးက ဒီကနေ့အချိန်ထိ အဲဒီဒေသဝန်းကျင်မှာ နေထိုင်နေတယ်လို့ ယုံကြည်သူ ဒေသခံတွေလည်း အများအပြားရှိနေပါတယ်။ ဦးရှင်ကြီးက မိန်းမလှကျွန်းရဲ့ မြောက်ဘက်မှာ ရှိတဲ့ ကျွန်းညိုကြီးကျွန်းပေါ်မှာ ရှိနေတယ်လို့ ယုံကြည်သူတွေရှိသလို မိန်းမလှကျွန်းပေါ်မှာ ရှိနေတယ်လို့လည်း တချို့က ယုံကြည်နေကြပါတယ်။
အဲဒီဒေသဟာ အလွန်နတ်ကြီးတဲ့ နေရာအဖြစ်သာမက ဥစ္စာစောင့်တို့ရှိရာနေရာအဖြစ်လည်း ယုံကြည်နေကြသူ အများအပြားရှိနေတာကြောင့် ကျွန်းအနီးမှာ အနေအထိုင်အပြောအဆို အတော်လေး ဆင်ခြင်ကြတာကို တွေ့ရပါတယ်။ တချို့ဒေသခံတွေဆိုရင် ဂီတတူရိယာပစ္စည်းတစ်ခုခု တီးခတ်တာ တီးမှုတ်တာတို့အပါအဝင် သီချင်းညည်းတာမျိုးတွေတောင် မလုပ်ဝံ့ကြပါဘူး။ မောင်ရှင်ရဲ့ စောင်းသံကို ကြားတဲ့ ဥစ္စာစောင့်တွေက မောင်ရှင်ကို နှစ်သက်သဘောကျပြီး ခေါ်ထားလိုက်ရာက နတ်ဖြစ်သွားတဲ့ ဦးရှင်ကြီးရဲ့ ဖြစ်ရပ်ကြောင့်လည်း အဲဒီလို တီးတာ မှုတ်တာ သီချင်းညည်းတာတွေကို ဒေသခံတချို့က မလုပ်ဝံ့ကြတာပါ။
ဒါ့အပြင် အဲဒီဒေသမှာ ကျက်စားနေတဲ့ မိကျောင်းတွေကလည်း ရေငံပိုင်ဦးရှင်ကြီးရဲ့ အစောင့်အရှောက်တွေအဖြစ် လက်ခံထားကြတာကြောင့် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ရင် ဦးရှင်ကြီးက မိကျောင်းနဲ့ တိုက်လိမ့်မယ်လို့ ဒေသခံတချို့က အယူအစွဲတွေ ရှိကြပါတယ်။
တစ်ခါတလေမှာ မိကျောင်းအဆွဲခံရတာ အကိုက်ခံရတာတွေ ရှိရင်လည်း ဦးရှင်ကြီးကို မပူဇော် မပသမိလို့ ဆိုပြီး ယူဆကြပါတယ်။ ပူဇော်ပသခဲ့လျက်သားနဲ့ အဲဒီလိုအဖြစ်မျိုး ကြုံရရင်လည်း ပူဇော်ပသရာမှာ အမှားအယွင်းတစ်ခုခု ရှိခဲ့လို့ဆိုပြီး ယုံကြည်ကြပါတယ်။
ဒါကြောင့်မို့ မိန်းမလှကျွန်း အနီးဝန်းကျင် ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံအများစုဟာ ရေလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်တွေ ဘာကိုပဲလုပ်လုပ် ဦးရှင်ကြီးကို မမေ့မလျော့ ပူဇော်ပသနေကြတာပဲ ဖြစ်ပါတယ်။ ဒီလိုရိုးရာဓလေ့တွေဟာ မိန်းမလှကျွန်းနဲ့ ယှဉ်တွဲလို့ နောင်နှစ်ပေါင်းများစွာအထိ ရှင်သန် ကျန်ရစ်နေဦးမလား ဆိုတာကတော့ ……………

#ZLann #ZLann_Podcast #မိန်းမလှကျွန်း #မိကျောင်းဘေးမဲ့တော

More Interesting Blogs from Zlann