“နံကရိုင်းမယ်တော်”

မိရိုးဖလာနတ်တွေကို ယုံကြည်အားကိုးပြီး တင်မြှောက် ပသတဲ့ ဓလေ့ဟာဆိုရင်တော့ မြန်မာနိုင်ငံမှာ သမိုင်းမတင်မီခေတ်ကတည်းက ရှိလာခဲ့တာဖြစ်ပြီး ဒီနေ့အချိန်ထိတိုင်လည်း နတ်ကိုးကွယ်ယုံကြည်မှုတွေနဲ့ နတ်ကန်တော့ပွဲ တွေကို မြန်မာနိုင်ငံရဲ့ ဒေသအရပ်ရပ်မှာ ပုံစံမျိုးစုံနဲ့ မြင်တွေ့နေရဆဲဖြစ်ပါတယ်။ ဒီလိုမျိုး ရှေးနှစ်ပေါင်းများစွာကတည်းက ယနေ့အချိန်ထိ ခေတ်အဆက်ဆက်တိုင် ယုံကြည်တင်မြှောက်လာခဲ့ကြတဲ့ မိရိုးဖလာရိုးရာနတ်တွေထဲမှာဆိုရင်တော့ “ပဲခူးမယ်တော်” လို့လည်း အသိများကြတဲ့ နံကရိုင်းမယ်တော်ကလည်း တစ်ပါးအပါအဝင်ဖြစ်တယ်လို့ ဆိုရမှာပါ။ နံကရိုင်းမယ်တော်ကို မြန်မာနိုင်ငံရဲ့ အောက်ပိုင်းဒေသတွေဖြစ်တဲ့ တွံတေး၊ ဒလ၊ မုတ္တမ၊ မော်လမြိုင်၊ ရန်ကုန် အစရှိတဲ့ မြို့တွေ၊ ဒေသတွေမှာ လူတွေကအထူးပူဇော်ပသကြပြီး နံကရိုင်းမယ်တော်ရဲ့ ဘ၀ဖြစ်စဉ်သမိုင်းလို့ ဆိုရာမှာတော့ ဇာတ်သဘင်သည်တွေကပြကြတဲ့ ဇာတ်သဘင်လာသမိုင်းနဲ့ မွန်ရာဇဝင်လာသမိုင်းဆိုပြီး (၂)မျိုး ရှိတာကို တွေ့ရပါတယ်။
မြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်ရောက်ရှိတော်မူပြီးနောက် ၆ ဝါမြောက်တဲ့အချိန်မှာ ရာဇဂြိုဟ်ပြည်အနီးက ကုလပဗ္ဗတတောင်ခြေမှာရှိတဲ့ ချရားတောမှာ သီတင်းသုံးတော်မူနေခဲ့ပြီး အဲဒီအချိန်ကာလအတွင်းမှာပဲ စူဠသာလနဲ့ မဟာသာလ ဆိုတဲ့ ကုန်သည်ညီနောင်နှစ်ဦးတို့ကို ဗျာဒိတ်စကားတစ်ခု မိန့်တော်မူခဲ့ပါတယ်။ အဲဒါကတော့ “ငါဘုရား ပရိနိဗ္ဗာန်စံယူပြီးနောက် သာသနာတော်နှစ် ၁၃၀၀ ကျော်ပြီးလျှင် ဆံတော်ရှင်တည်ရာ သုဒဿတောင်၏ အရှေ့ဟံသာပဗ္ဗတ အမည်ရှိသောဌာနေ၌ သမလကုမ္မာနဲ့ ဝိမလကုမ္မာ အမည်ရှိ မင်းညီနောင်နှစ်ပါးမှ ဟံသာဝတီမင်းနေပြည်တော်တည်လိမ့်မည်” ဆိုတဲ့ ဗျာဒိတ်ပါပဲ။

ဒီလိုနဲ့ ကောဇာသက္ကရာဇ် ၁၈၇ ခုနှစ် မှာတော့ ဘုရားရှင်ရဲ့ ဗျာဒိတ်စကားအတိုင်း သမလကုမ္မာမင်းသားက “သမလမင်းကြီး” အဖြစ်နဲ့ ဟံသာ၀တီပြည်ကို မင်းအဖြစ် အုပ်ချုပ်စိုးစံပြီး ညီတော် ဝိမလကုမ္မာမင်းသားကိုတော့ အိမ်ရှေ့စံအဖြစ် ချီးမြှောက်တော်မူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ “သမလမင်းကြီး” ဟာ ဘူး၊ ဖရုံ အစရှိတဲ့ တောင်ယာသီးနှံတို့ကို စိုက်ပျိုးပြီးတော့မှ လုပ်ကိုင်စားသောက်တဲ့ မဲအိုးလောင်းရဲ့ သမီးဖြစ်သူကို မိဖုရားအဖြစ် တင်မြှောက်ထားရှိဖို့အတွက် မှူးမတ်အပေါင်းတို့ကို သွားရောက်ခေါ်ယူခိုင်းခဲ့တာကြောင့် အဲဒီအမျိုးသမီးလေးမှာလည်း ကြောက်ရွံ့ပြီး ရွှေဖရုံခြမ်းထဲကို ဝင်ရောက်ပုန်းအောင်းနေခဲ့တယ်လို့ အဆိုရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မှူးမတ်တွေရဲ့ ဖျောင်းဖျမှုတွေနဲ့ ကြိုးစားမှုတွေကြောင့် အဆိုပါ အမျိုးသမီးလေးကို ရွှေနန်းတော်ကြီးဆီ ခေါ်ဆောင်လာနိုင်ခဲ့ပြီး မိဖုရားအရာ တင်မြှောက်နိုင်ခဲ့ပါတယ်။

“သမလမင်းကြီး” ဟာ မဲအိုးလောင်းရဲ့ သမီးကို မိဖုရားအဖြစ်တင်မြှောက်ပြီးတဲ့အချိန်မှာတော့ မိဖုရားရဲ့ ဘွဲ့တော်ကိုလည်း မွန်ဘာသာနဲ့ “ကပိုထော” လို့ ပေးခဲ့ပြီး ဒီဘွဲ့တော်နာမည်က မြန်မာဘာသာနဲ့ဆိုရင် “ရွှေဖရုံမယ်” လို့ အဓိပ္ပာယ်ရပါတယ်။ အချိန်ကာလတစ်ခုကြာမြင့်ပြီးတဲ့နောက်မှာတော့ ရွှေဖရုံမယ် မိဖုရားကြီးက သားတော်လေးတစ်ပါးကို အောင်မြင်စွာနဲ့ မွေးဖွားသန့်စင်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားလေးကိုဖွားမြင်ပြီးနောက် မကြာခင်မှာပဲ အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံထားရတဲ့ “ဝိမလမင်းသား” က အစ်ကိုတော်ဖြစ်သူကို လုပ်ကြံပြီး ကောဇာသက္ကရာဇ် ၁၉၆ ခုနှစ်မှာ ဟံသာ၀တီထီးနန်းကို သိမ်းပိုက်ခဲ့ပါတယ်။

မရီးတော်ဖြစ်တဲ့ ရွှေဖရုံမယ်ကို မိဖုရားခေါင်ကြီးအဖြစ် ဆက်လက်မြှောက်စားခဲ့ပေမဲ့ တူတော်စပ်တဲ့ မင်းသားငယ်လေးကိုတော့ ဟံသာဝတီပြည်နဲ့ သထုံပြည်နယ်ကြားမှာရှိတဲ့ “ကွမ်အပါ” တောအရပ်မှာ သွားရောက်လွှင့်ပစ်စေပါတယ်။ ဒီလိုစွန့်ပစ်ခံခဲ့ရတဲ့ မင်းသားငယ်လေးကို ကွမ်အပါတောစပ်အနီးကျွဲခြံမှ တလိုင်း ကရင်မုဆိုးမကြီးက ကျွဲကျောင်းထွက်လာရင်းနဲ့ နံကရိုင်း အမည်ရှိ ကျွဲမကြီးတစ်ကောင်ရဲ့ အောက်ဘက်မှာ တွေ့ရှိခဲ့တာကြောင့် မင်းသားလေးကို ကောက်ယူမွေးစားခဲ့ပါတော့တယ်။ မင်းသားငယ်လေးရဲ့ နာမည်ကိုလည်း ရှာဖွေတွေ့ရှိခဲ့တဲ့ “ကွမ်အပါ” တောစပ်ကိုအမှီပြုပြီးတော့မှ “ကွမ်သာ” လို့ အမည်ပေးခဲ့ပါတယ်။ “ကွမ်သာ” ဆိုတာကတော့ မွန်ဘာသာနဲ့ဆိုရင် “နယ်ခြားမင်းသား” လို့အဓိပ္ပာယ်ရပြီး အချိန်ကာလတွေရွေ့လျားလာတဲ့အခါမှာတော့ “အသားမင်းသား” ဆိုပြီး အမည်တွင်လာခဲ့ပါတယ်။

“အသားမင်းသားလေး” ဟာ ကျွဲမကြီးရဲ့ နို့ရည်ကိုသောက်သုံးပြီး ကြီးပြင်းခဲ့တာဖြစ်တဲ့အတွက် ကျွဲတစ်ကောင်ကိုတောင် ဦးချိုကနေကိုင်ကာ လှဲချနိုင်တဲ့အထိ ခွန်အားဗလနဲ့ ပြည့်စုံခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်တိုင်းရင်းသားတို့ရဲ့ ထုံးစံအတိုင်း လက်ဝှေ့ပညာနဲ့ ဓားခုတ်လှံထိုးအစရှိတဲ့ ကိုယ်ခံပညာတွေကိုလည်း သင်ကြားတတ်မြောက်ခွင့်ရခဲ့ပါသေးတယ်။ ဒီလိုနဲ့ တစ်နေ့သောအခါမှာတော့ မင်းသားလေးက သူ့ကို နို့ရည်တိုက်ကျွေးခဲ့တဲ့ ကျွဲမကြီးနဲ့ဆော့ကစားနေရင်းနဲ့မှ ဟံသာ၀တီပြည်ကနေ အမဲလာရှာတဲ့ မုဆိုးကြီးတစ်ဦးနဲ့တွေ့ဆုံပြီး ခင်မင်ရင်းနှီးသွားခဲ့ပါတယ်။

အဲဒီအချိန်ကာလအတွင်းမှာပဲ ဟံသာဝတီပြည်ကို တိုင်းတစ်ပါးက တိုက်ခိုက်သိမ်းပိုက်မယ့် အရေးတစ်ခု ပေါ်လာခဲ့ပါတယ်။ ဒီလူမျိုးအုပ်စုရဲ့ တပ်မှူးဖြစ်သူကတော့ အရပ်ခုနစ်တောင်ရှိပြီး “လန်ဗား” လို့အမည်ရတဲ့ လူထွားကြီးတစ်ယောက်ဖြစ်ပြီး သူဟာဆိုရင် သင်္ဘောခုနစ်စင်းနဲ့ ရောက်ရှိလာကာ တိုက်ခိုက်သိမ်းပိုက်မယ့်အကြောင်းကို ဟံသာ၀တီမင်းထံ သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။ ဒီအခါမှာတော့ ဝိမလကုမ္မာ မင်းကြီးကလည်း ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် “လန်ဗား” နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မယ့် သူရဲကောင်းကို တိုင်းပြည်အတွင်း လှည့်လှည်ရှာဖွေပါတယ်။ ဒီလိုရှာဖွေနေတဲ့အချိန်မှာပဲ “အသားမင်းသားလေး” နဲ့ သိကျွမ်းခင်မင်ခဲ့တဲ့ မုဆိုးကြီးက မင်းသားလေးရဲ့ လက်ရုံးရည်ကို မင်းကြီးထံလျှောက်တင်ခဲ့တာကြောင့် မင်းကြီးကလည်း မင်းသားလေးကို မှူးမတ်တွေစေလွှတ်ကာ ရှေ့တော်မှောက်ကို လာရောက်ခစားစေခဲ့ပါတယ်။

အသားမင်းသားလေး နန်းတော်ကိုရောက်လာတဲ့အခါမှာတော့ ဝိမလကုမ္မာမင်းက သူကောင်းပြုချီးမြှောက်ခဲ့ပြီး မိဘမျိုးရိုးကို စုံစမ်းတဲ့အခါမှာတော့ မိမိရဲ့တူတော်ဖြစ်တယ်ဆိုတာကို သိရှိသွားခဲ့တာကြောင့် “အသကုမ္မာမင်းသား” ဆိုတဲ့ဘွဲ့ကို အပ်နှင်းခဲ့ပါတော့တယ်။ အဲဒီနောက် မင်းသားအနေနဲ့ လန်ဗားကို နိုင်အောင်တိုက်ခိုက်နိုင်ခဲ့ရင် သမီးတော်နဲ့ လက်ထပ်ပေးပြီး အိမ်ရှေ့စံအဖြစ် ချီးမြှင့်ခန့်အပ်မယ့်အကြောင်း ပြောခဲ့တာကြောင့် မင်းသားလေးကလည်း မင်းကြီးရဲ့ကမ်းလှမ်းတောင်းဆိုမှုကို ကြားသိပြီးတဲ့နောက်ပိုင်းမှာ လက်ခံပြီး သူ့ကိုအချိန် ၇ ရက်ပေးဖို့ခွင့်ပန်ခဲ့ကာ ကွမ်အပါအရပ်ဆီကို ပြန်လာခဲ့ပါတယ်။

ပြန်လာရာလမ်းရဲ့ လမ်းခုလပ်မှာရှိတဲ့ မြစ်တစ်စင်းဆီကို ရောက်တဲ့အချိန်မှာတော့ ဒီရေတက်နေတာကို ကြုံတွေ့ခဲ့ရတဲ့အတွက် ဒီရေတက်မှုကို တားဆီးမိခဲ့ပြီး ဒီလိုတားဆီးမှုက မြစ်စောင့်နတ်သမီးကို စိတ်ဆိုးဒေါသဖြစ်စေခဲ့ပါတယ်။ ဒီအခါမှာ အသားမင်းသားကလည်း ဘုန်းတန်ခိုးကြီးသူဖြစ်တာကြောင့် ဒီရေစောင့်နတ်သမီးနဲ့တွေ့ဆုံပြီး တန်ခိုးအရာယှဉ်ပြိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီယှဉ်ပြိုင်မှုကတော့ မင်းသားအနေနဲ့ အချိန်တစ်မောင်းအတွင်း ဒရယ်ကျောဖြူ အမြီးတစ်ထောင်ကို ရအောင်ရှာရမှာဖြစ်ပြီး မြစ်စောင့်နတ်သမီးကလည်း ပြိုင်ပွဲမစတင်ခင်မှာ “မင်းသား သင့်မှာအစွမ်းရှိလျှင် အချိန်တစ်မောင်းအတွင်း သင်က ဒရယ်ကျောဖြူ အမြီးတစ်ထောင်ရအောင်ရှာပါ၊ ငါက ချည်ခင်တစ်ထောင်ရအောင်ရှာမယ်၊ မရှာနိုင်သူက အရှုံးဖြစ်ပြီး နိုင်သူခိုင်းရာလုပ်ရမယ်” လို့ ပြောခဲ့ပါတယ်။

အချိန်တစ်မောင်းအတွင်းမှာ မင်းသားက မြစ်စောင့်နတ်သမီးရဲ့ ခိုင်းစေချက်အတိုင်း ဒရယ်ကျောဖြူအမြီးတစ်ထောင် ရှာနိုင်ခဲ့သလို နတ်သမီးကလည်း ချည်ခင်တစ်ထောင်ကို ဖန်ဆင်းထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားလေး ရှာဖွေလာတဲ့ ဒရယ်ကျောဖြူ အမြီးတစ်ထောင်မှ အမြီးတစ်ခုကိုတော့ ဖွက်ထားခဲ့တာကြောင့် မင်းသားမှာအရှုံးပေးခဲ့ရပါတယ်။ ဒီလိုအရှုံးပေးမှုနဲ့အတူ မြစ်စောင့်နတ်သမီးဘက်မှ မှာကြားလိုက်တဲ့ “အသင်မင်းသား မင်္ဂလာဆောင်သောနေ့တွင် ငါ့အား ဇမ္ဗူရာဇ်ရွှေစင်ကိန်းအောင်းသော ကျွဲခေါင်းဖြင့် ပူဇော်ပသရမည်” ဆိုတဲ့စကားကိုလည်း လုပ်ဆောင်ပေးမယ့်အကြောင်း ကတိပေးခဲ့ရပါတယ်။

ဒီလိုနဲ့ အဲဒီနောက်ပိုင်း လူထွားကြီး လန်ဗားနဲ့ စီးချင်းထိုးယှဉ်ပြိုင်ကြတဲ့အခါမှာ လန်ဗားကျဆုံးသွားတာကြောင့် မင်းကြီးလည်း ဂုဏ်ယူဝမ်းသာစွာနဲ့ သူ့ရဲ့ကတိစကားအတိုင်း သမီးတော် “စောစန္ဒာ” နဲ့လက်ထပ်ထိမ်းမြားပေးပြီး အိမ်ရှေ့စံမင်းအဖြစ်ချီးမြှင့်မြှောက်စားခဲ့ပါတယ်။ လက်ထပ်ပွဲဆင်နွှဲမယ့်အချိန်မှာတော့ မြစ်စောင့်နတ်သမီးဆီမှာ ကတိပေးခဲ့တဲ့အတိုင်း ဇမ္ဗူရာဇ်ရွှေစင် ကိန်းအောင်းနေတဲ့ ကျွဲခေါင်းနဲ့ ပူဇော်နိုင်ဖို့အတွက် ရှာဖွေရာမှာတော့ နို့တိုက်မိခင် ကျွဲမကြီးရဲ့ ချိုဖျားမှာ ဇမ္ဗူရာဇ်ရွှေစင် ကိန်းအောင်းနေကြောင်းကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီကျွဲမကြီးက မင်းသားလေးရဲ့ အသက်ကိုကယ်တင်ခဲ့တာဖြစ်တဲ့ အတွက် မင်းသားလေးမှာလည်း ဦးခေါင်းမဖြတ်ရက်ဘဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့် နတ်သမီးကို မပူဇော်ဘဲနေတော့မယ်လို့ တွေးခဲ့ပြီး ဒီအကြောင်းကို မွေးစားမိခင် တလိုင်း ကရင်မုဆိုးမကြီး သိရှိသွားခဲ့အချိန်မှာတော့ “ငါ့သား အသင်သည် ဟံသာဝတီထီးနန်းကို ဆက်ခံမည့်သူ ပေးထားသောကတိကို မတည်လျှင် ဘုရင်ဖြစ်ချိန်၌ ကတိမတည်သောမင်းအဖြစ် လက်ညှိုးထိုးပြောဆိုခံရမည်မှာ မလွဲဧကန်ဖြစ်ပေသည်။ ထို့ကြောင့် သင့်ကို နို့ချိုတိုက်ကျွေးခဲ့သော ကျွဲမကြီး၏ လည်ပင်းထက်တွင် ဓားတင်၍သစ္စာဆိုပါ” လို့ ပြောခဲ့ပါတော့တယ်။
ဒီအခါမှာတော့ အသားမင်းသားလည်း မွေးစားမိခင်ပြောတဲ့အတိုင်း ကျွဲမကြီးလည်ပင်းထက် ဓားတင်ပြီး သစ္စာအဓိဋ္ဌာန်ပြုခဲ့တာကြောင့် ကျွဲမကြီးရဲ့ ဦးခေါင်းဟာ ပြတ်ကျသွားခဲ့ပြီး အဆိုပါနို့တိုက်မိခင် ကျွဲမကြီးဦးခေါင်းနဲ့ မြစ်စောင့်နတ်သမီးကို ပူဇော်ပြီး လက်ထပ်ပွဲသဘင်ဆင်ယင်ကျင်းပခဲ့ပါတယ်။ အဲဒီနောက် မင်းသားဟာ ကောဇာသက္ကရာဇ် ၂၁၆မှ ၂၂၃ ခုနှစ်အတွင်း အသကုမ္မာမင်းအဖြစ် ဟံသာဝတီထီးနန်းကို စိုးစံနေတဲ့အချိန်အတွင်းမှာ နို့တိုက်မိခင် ကျွဲမကြီးရဲ့ ကျေးဇူးကို တုံ့ပြန်တဲ့အနေနဲ့ တင်မြှောက် ပသမှုတွေပြုလုပ်ခဲ့ရာ နောင်လာနောက်သားတွေကလည်း ရိုးရာအစဉ်အလာအတိုင်း ယနေ့အချိန်ထိတိုင် ပူဇော်ပသနေတာပဲဖြစ်ပါတယ်။

#ZLann #ZLann_Podcast #ပဲခူးမယ်တော် #အမေနံကရိုင်း #နတ်ကိုးကွယ်ယုံကြည်မှု #ပဲခူးတစ်လိုင်းမယ်တော်

More Interesting Blogs from Zlann