“ထိုင်းနိုင်ငံရဲ့ သိပ္ပံနှင့်နည်းပညာဖခင်ကြီး ဘုရင် မောင်းကွတ်”

ထိုင်းနိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကို အခြေခံအုတ်မြစ်ချပေးခဲ့သူကတော့ ချက္ကရီမင်းဆက်ရဲ့ စတုတ္ထမြောက်ဘုရင် မောင်းကွတ် (King Mongkut) ဖြစ်ပါတယ်။

၁၈၀၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ပညာရေး၊ သိပ္ပံနဲ့ ဗုဒ္ဓဘာသာ စာပေတွေကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ပါတယ်။ အသက် ၂၀ ပြည့်တဲ့အခါ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထုံးစံအတိုင်း ရဟန်းအဖြစ် ခံယူခဲ့ပြီး အဲဒီနှစ်မှာပဲ သူ့ရဲ့ဖခင်ဖြစ်သူ (ရာမ II) နတ်ရွာစံခဲ့ပါတယ်။ ထီးနန်းကို မောင်းကွတ်ကို မပေးဘဲ တခြားမင်းသားတစ်ပါးကို ပေးအပ်ခဲ့ပါတယ်။ နိုင်ငံရေးအရှုပ်အထွေးတွေကို ရှောင်ရှားလိုတဲ့ မောင်းကွတ်ဟာ ရဟန်းဘဝကိုသာ ဆက်လက်ခံယူခဲ့ပါတယ်။

ရဟန်းဘဝမှာ ဗုဒ္ဓစာပေတွေကို လေ့လာသင်ယူသလို တရားကျင့်ကြံမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ မူရင်းစည်းကမ်းတွေ ထွန်းကားလာဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးရင်း ခင်မင်ရင်းနှီးလာခဲ့ပြီး သူတို့ထံကနေ လက်တင်၊ အင်္ဂလိပ်ဘာသာနဲ့ နက္ခတ္တဗေဒပညာရပ်တွေကို လေ့လာသင်ယူခဲ့ပါတယ်။

၁၈၅၁ ခုနှစ်မှာတော့ ၂၇ နှစ်ကြာ ရဟန်းဘဝကနေ လူထွက်ပြီး အသက် ၄၇ နှစ်အရွယ်မှာ ထိုင်းဘုရင် (ရာမ IV) အဖြစ် နန်းတက်ပါတယ်။ နန်းတက်ပြီးနောက် ချက္ကရီမင်းဆက်ရဲ့ အကြီးဆုံးမိသားစုကို တည်ထောင်ပါတယ်။

မောင်းကွတ်မင်းဟာ ထိုင်းနိုင်ငံကို ခေတ်မီဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ဦးဆောင်ခဲ့ပါတယ်။ ဘာသာရေး၊ ပညာရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာ အရေးပါတဲ့ အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့ပါတယ်။ တော်ဝင်မိသားစုဝင်တွေကို အနောက်တိုင်းပညာရပ်တွေ သင်ကြားနိုင်ဖို့ နိုင်ငံခြားသားဆရာတွေကို ခေါ်ယူပြီး ခေတ်သစ်ပထဝီဝင်၊ နက္ခတ္တဗေဒနဲ့ အခြားဘာသာရပ်တွေ သင်ကြားစေခဲ့ပါတယ်။ မင်းညီမင်းသားတွေ အင်္ဂလိပ်စာ သင်ကြားနိုင်ဖို့အတွက် အင်္ဂလိပ်နဲ့ အမေရိကန်သာသနာပြုဆရာတွေကို ငှားရမ်းခဲ့ပါတယ်။ ဒါ့အပြင် အနောက်တိုင်းစစ်သည်တွေကို ငှားရမ်းပြီး အနောက်တိုင်းစစ်ဗျူဟာနည်းစနစ်တွေ သင်ကြားစေခဲ့ပါတယ်။

ဗြိတိန်နဲ့ချုပ်ဆိုခဲ့တဲ့ ဘောင်းရင်း ကုန်သွယ်ရေးစာချုပ်ကြောင့် ဘုရင့်အစိုးရအခွန်ငွေတွေ လျော့ကျခဲ့ပေမဲ့ စီးပွားရေးတိုးတက်မှုတော့ ရှိလာခဲ့ပါတယ်။ ဆန်စက်နဲ့ အခြားစက်ရုံတွေ ထိုင်းနိုင်ငံမှာ ပေါ်ပေါက်လာသလို ဆန်တင်ပို့မှုလည်း တိုးတက်လာပါတယ်။ လမ်း၊ တံတားနဲ့ တူးမြောင်းတွေ ဖောက်လုပ်ခဲ့သလို ဒင်္ဂါးသွန်းလုပ်တဲ့စနစ်ကိုလည်း စတင်ခဲ့ပါတယ်။ ဓမ္မာယုတ်ဂိုဏ်းကို တည်ထောင်ပြီး ဝိနည်းစည်းကမ်းတင်းကျပ်မှုကိုလည်း အားပေးခဲ့ပါတယ်။

ထိုင်းပြက္ခဒိန်ကို အနောက်တိုင်းပြက္ခဒိန်နဲ့ အစားထိုးခဲ့သလို ကမ္ဘာဟာ လုံးဝန်းပြီး နေကို လှည့်ပတ်နေကြောင်းကိုလည်း ထိုင်းနိုင်ငံရှိ ကျောင်းတွေမှာ သင်ကြားစေခဲ့ပါတယ်။

ယခင်က နိုင်ငံရဲ့မှူးမတ်တွေဟာ ညီလာခံမှာ ဘုရင်နဲ့တွေ့ဆုံတဲ့အခါ လက်နက်ဝှက်ထားခြင်းမရှိစေဖို့ အပေါ်အင်္ကျီမဝတ်ရတဲ့ ထုံးတမ်းစဉ်လာရှိခဲ့ပါတယ်။ ဒီအလေ့အထကို အနောက်တိုင်းနိုင်ငံတွေက အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ မောင်းကွတ်မင်းလက်ထက် ၁၈၅၂ ခုနှစ်မှာတော့ နန်းတွင်းအမတ်တွေအနေနဲ့ ညီလာခံကျင်းပချိန်မှာ အပေါ်အင်္ကျီဝတ်ဆင်နိုင်တဲ့ အမိန့်ကို ချမှတ်ပြီး အတိတ်က မှားယွင်းတဲ့အလေ့အထကို ပယ်ဖျက်ခဲ့ပါတယ်။

သူ့လက်ထက်မှာ နက္ခတ်လေ့လာရေးမျှော်စင်ကိုလည်း တည်ဆောက်ခဲ့ပါတယ်။ မောင်းကွတ်မင်းဟာ ထိုင်းနိုင်ငံရဲ့ ရိုးရာနက္ခတ်ဗေဒပညာကို အထူးကျွမ်းကျင်သလို အနောက်တိုင်းနက္ခတ္တဗေဒနဲ့ သင်္ချာပညာရပ်တွေကိုလည်း အလေးထားသင်ယူခဲ့လို့ အထူးကျွမ်းကျင်လာပါတယ်။

အထူးသဖြင့် နက္ခတ်တာရာတိုင်းတာမှုပညာရပ်မှာ ကျွမ်းကျင်မှုကို သက်သေထူခဲ့ပါတယ်။ ၁၈၆၈ ခုနှစ်၊ ဩဂုတ် ၁၈ ရက်နေ့မှာ ဖြစ်ပေါ်မယ့် နေကြတ်ခြင်းကို တိတိကျကျ ကြိုတင်ခန့်မှန်းခဲ့ပါတယ်။ သူ့ရဲ့ခန့်မှန်းချက်ကို သက်သေပြဖို့အတွက်လည်း နိုင်ငံခြားသံတမန်တွေ၊ ဥရောပအရာရှိတွေနဲ့ ထိုင်းအရာရှိတွေကို နေကြတ်တာကို အပြည့်အဝ မြင်တွေ့နိုင်မယ့် ဝါကော်ကျေးရွာကို ဖိတ်ခေါ်ခဲ့ပါတယ်။

သူ့ရဲ့ဖိတ်ခေါ်မှုကို စင်ကာပူမှ ဗြိတိသျှဘုရင်ခံ ဆာဟယ်ရီအော့ဒ် (Sir Harry Ord) အပါအဝင် အများအပြား တက်ရောက်ခဲ့ပါတယ်။ ဘုရင်ကြီးဟောကိန်းထုတ်ခဲ့တဲ့အတိုင်း နာရီအတိအကျ နေကြတ်တဲ့အခါမှာတော့ နန်းတွင်းရှိ ရှေးရိုးစွဲတွေဟာ အလွန်အံ့အားသင့်ခဲ့ကြပါတယ်။ ဘုရင်ကြီးရဲ့ တွက်ချက်နည်းက ထိုင်းရိုးရာနည်းအပြင် အနောက်တိုင်းနည်းလမ်းတွေဖြစ်တဲ့ လောင်ဂျီကျု၊ လတ္တီကျုတို့ကို ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

အဲဒီခရီးစဉ်အတွင်းမှာ မောင်းကွတ်မင်းနဲ့ သူ့ရဲ့သားတော် မင်းသား ချူလာလောင်ကွန်း (Chulalongkorn) တို့ဟာ ငှက်ဖျားရောဂါ ကူးစက်ခံခဲ့ရပါတယ်။ နောက် ၆ ပတ်အကြာမှာတော့ မောင်းကွတ်ဘုရင်ဟာ ဘန်ကောက်နန်းတွင်းမှာပဲ နတ်ရွာစံခဲ့ပါတယ်။ မင်းသား ချူလာလောင်ကွန်းကတော့ ငှက်ဖျားရောဂါသက်သာလာပြီး ရာမ (V) အဖြစ် နန်းတက်ခဲ့ပါတယ်။

#ZLann #ZLann_Podcast #မောင်းကွတ် #kingmongkut #thaiking #kingthailand

More Interesting Blogs from Zlann