မင်းကြီး စွာစော်ကဲဆိုတာ အင်းဝခေတ် ဒုတိယမြောက် နန်းတက်တဲ့ ဘုရင်ဖြစ်ပါတယ်။ မရည်ရွယ်ဘဲ ထီးနန်းရတဲ့အတွက် “မရွယ်ဘဲ စော်ကဲမင်းဖြစ်” ဆိုတဲ့ စကားက မြန်မာလူမျိုးတို့ လက်ရှိအချိန်အထိ အသုံးပြုနေကြတဲ့ ထင်ရှားတဲ့ စကားပုံတစ်ခု ဖြစ်ပေါ်လာစေခဲ့သူလည်း ဖြစ်ပါတယ်။
မင်းကြီး စွာစော်ကဲဟာ ပုဂံမင်းဆက် အနွယ်ဝင်ဖြစ်ပါတယ်။ ပုဂံဘုရင် ကျော်စွာရဲ့သားတော် သရက်မင်း ရှင်စောနဲ့ ပြည်မင်း သီဟသူရဲ့သမီးတော် ရှင်မြတ်လှတို့မှ သားတော် သုံးပါး၊ သမီးတော် သုံးပါး ထွန်းကားခဲ့ပါတယ်။ သားတော်သုံးပါးက မြင်စိုင်း ရွှေနန်းရှင်၊ ပြည်မင်း စောရန်နိုင်၊ စော်ကဲ တရဖျားတို့ဖြစ်ပြီး သမီးတော်တွေက စောပုလဲ၊ စောမြတ်၊ စောဥမ္မာတို့ဖြစ်ပါတယ်။ မြင်စိုင်းမင်းညီနောင်သုံးပါးက ပုဂံဘုရင် ကျော်စွာကို နန်းချလိုက်တဲ့အခါ စော်ကဲ တရဖျားရဲ့ ခမည်းတော် မင်းရှင်စောဟာ သရက်မြို့စားဖြစ်ပါတယ်။ ဒီလို အရှုပ်အထွေးတွေအကြောင်း ကြားသိတဲ့ ရခိုင်ဘုရင်က သရက်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး မင်းရှင်စောနဲ့ မိသားစုကို ရခိုင်သို့ သိမ်းယူသွားခဲ့ပါတယ်။
မင်းရှင်စောတို့ မိသားစုဟာ ခေါ်ဆောင်ခြင်း ခံရပေမယ့် လွတ်လပ်စွာ နေထိုင်ခွင့်ရပါတယ်။ မင်းရှင်စောတစ်ယောက် သူ့ရဲ့ သားတော်တွေကို ဗေဒင်အရာ ကျွမ်းကျင်တတ်မြောက်တဲ့ ဆရာတော်ထံ အပ်နှံပြီး ပညာတွေကို သင်ယူစေပါတယ်။ တစ်နေ့မှာတော့ ဆရာတော်ဟာ ထူးခြားတဲ့ အိပ်မက်ကို မြင်မက်ခဲ့ပါတယ်။ မင်းရှင်စောရဲ့ သားတော်ကြီးက စမုန်မြစ်ရေ၊ သားတော်အလတ်က ဖိုးဦးမော်ရေ၊ ညီတော်ငယ်က ဧရာဝတီမြစ်ရေကို ကုန်အောင် သောက်တယ်လို့ မြင်မက်ခြင်း ဖြစ်ပါတယ်။ ဆရာတော်က ဒီအိပ်မက်ဟာ ညီနောင်သုံးပါးအတွက် ကောင်းတဲ့ နိမိတ်ဖြစ်တယ်လို့ ဆင်ခြင်ပြီး မင်းညီနောင် သုံးပါးကို စစ်ကိုင်း၊ အင်းဝ အရပ်များမှာ သွားရောက်နေထိုင်စေပါတယ်။ မင်းညီနောင် သုံးပါးစလုံး မင်းတွေဖြစ်လာမယ်လို့လည်း မိန့်ကြားခဲ့ပါတယ်။
ဆရာတော်စကားအတိုင်း ပြောင်းရွှေ့နေထိုင်ကြပြီး အစ်ကိုတော်အကြီးက ဥဇနာမင်းထံ ခစားရာကနေ မြင်စိုင်းထီးနန်းကို ရရှိခဲ့ပါတယ်။ ငါးစီးရှင် ကျော်စွာလက်ထက်မှာ ညီတော်အလတ်က စောရန်နိုင်ဆိုတဲ့ ဘွဲ့အမည်နဲ့ ပြည်မြို့ကို ရရှိခဲ့ပါတယ်။ ညီငယ် စော်ကဲက စစ်ကိုင်း ဆင်ဖြူရှင်ထံ ခစားပြီး “တရဖျား” ဆိုတဲ့ ဘွဲ့အမည်နဲ့ တလုပ်မြို့ကို စားရပါတယ်။
စစ်ကိုင်း၊ ပင်းယ၊ အင်းဝ သုံးပြည်ထောင်ကွဲနေပေမဲ့ သတိုးမင်းဖျားလက်ထက်မှာ ဘုရင်တစ်ပါးတည်း ဖြစ်လာပါတယ်။ သတိုးမင်းဖျား အင်းဝထီးနန်းရရှိတဲ့အခါ စော်ကဲ တရဖျားရဲ့ နှမတော်အငယ်ဆုံး စောဥမ္မာကို မိဖုရားမြှောက်ပါတယ်။ ယောက်ဖတော် စော်ကဲ တရဖျားကိုလည်း အမြင့်မြို့စားအဖြစ် မြှောက်စားချီးမြှင့်ပါတယ်။ သူ့ရဲ့ နှမတော် ရှင်စောကြီးကိုလည်း စော်ကဲ တရဖျားနဲ့ ထိမ်းမြားစုံဖက်ပေးပါတယ်။
စက္ကုစား သိင်္ခသူ ထောင်လွှားတဲ့အခါ သတိုးမင်းဖျားကိုယ်တိုင် ဦးဆောင်ပြီး သွားရောက် နှိမ်နင်းပါတယ်။ အဲဒီတိုက်ပွဲမှာ စော်ကဲ တရဖျားလည်း စစ်ကြောင်းနဲ့အတူ လိုက်ပါခဲ့ပါတယ်။ စက္ကုကို အကြိမ်ကြိမ် ဝန်းရံတိုက်ခိုက်ပေမဲ့ မြို့တွင်းကို မဝင်နိုင်တဲ့အတွက် မြို့ပြင်ကပဲ ဝိုင်းရံထားရပါတယ်။ အဲဒီအချိန်မှာ သတိုးမင်းဖျားတစ်ပါး ကျောက်ရောဂါ ရရှိလာပြီး အဲဒီရောဂါနဲ့ အနိစ္စရောက်ခဲ့ပါတယ်။
အဲဒီအခါမှာ အမတ်များ စုဝေးတိုင်ပင်ပြီး ရမည်းသင်းစား သီလဝကို မင်းပြုဖို့ တောင်းပန်ကြပါတယ်။ သီလဝက သူဟာ မင်းအဖြစ်ကို အလိုမရှိကြောင်း၊ အမြင့်မြို့စား စော်ကဲဟာ ဘုရင့်ယောက်ဖလည်းဖြစ်၊ လက်ရုံးရည် နှလုံးရည်နဲ့လည်း ပြည့်စုံတဲ့အတွက် သူ့ကိုသာ မင်းမြှောက်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ သီလဝရဲ့ စကားကို မှူးမတ်အပေါင်းတို့ နှစ်ခြိုက်သဘောကျပြီး အမြင့်မြို့စား စော်ကဲကို မင်းမြှောက်ခဲ့ကြပါတယ်။
မင်းကြီး စွာစော်ကဲ နန်းတက်တဲ့အချိန်မှာ အသက်က သုံးဆယ့်ခုနစ်နှစ် ရှိပြီဖြစ်ပြီး အင်းဝမြို့သက် သုံးနှစ်ပဲ ရှိသေးကာ အားယူတည်ဆောက်ဆဲ ကာလဖြစ်ပါတယ်။
မင်းကြီး စွာစော်ကဲ ထီးနန်းရရှိပြီးနောက် ငယ်ဆရာကို သာသနာပိုင်အဖြစ် ခန့်အပ်ပါတယ်။ အဲဒီသာသနာပိုင်က လောကီအရာတို့မှာသာ ကျင်လည်တဲ့အတွက် သာသနာသုံးရပ် ကျင့်သုံးတဲ့ ရဟန်းသံဃာတို့ဟာ ဆွမ်းကွမ်း ခက်ခဲခဲ့ပါတယ်။ အဲဒီလိုအခက်အခဲတွေကို မင်းကြီးစွာ သိရှိနိုင်အောင် အရှင်ခေမာစာရ အမည်ရှိတဲ့ ရဟန်းတစ်ပါးက ညဉ့်နက်သန်းခေါင်ယံအချိန်မှာ စည်ကိုတီးလို့ အသိပေးခဲ့ပါတယ်။
အဲဒီခေတ်က စည်တီးတယ်ဆိုတာ ဆရာတော်ကြီးများ ပျံလွန်တော်မူတဲ့အချိန်မှသာ တီးလေ့ရှိပါတယ်။ မနက်ရောက်တဲ့အခါ စည်တီးခတ်ရတဲ့အကြောင်းကို မင်းကြီးစွာက မေးမြန်းပါတယ်။ ဒီအခါ အရှင်ခေမာစာရက မည်သည့်ဆရာတော်ကြီးမျှ ပျံတော်မမူ၊ သာသနာကို စောင့်ရှောက်တဲ့ သိကြားမင်း ကွယ်လွန်တဲ့အတွက် စည်တီးခြင်းဖြစ်တယ်၊ အခုချိန်မှာ သာသနာကို စောင့်ရှောက်သူ မရှိတော့ဘူးလို့ မိန့်ကြားခဲ့ပါတယ်။ အကြောင်းစုံကို သိသွားတဲ့ မင်းကြီးစွာဟာ သာသနာကို မစောင့်ရှောက်မိတဲ့အတွက် သံဝေဂရပြီးနောက် သာသနာသုံးရပ်ကို စောင့်ရှောက်လုပ်ကျွေးမှု ပြုခဲ့ပါတော့တယ်။
နန်းတက်ပြီး တစ်နှစ်ခန့်အကြာမှာ မိတ္ထီလာကန် ကျိုးပေါက်တဲ့အတွက် သွားရောက်ပြုပြင်ပါတယ်။ ထိုသို့ သွားရောက်ရာမှ သူ့ထီးနန်းတစ်လျှောက် အားကိုးယုံကြည်ရတဲ့ ပညာရှိအမတ်ကြီး ဝန်ဇင်းမင်းရာဇာကို တွေ့ရှိခဲ့ပါတယ်။
နန်းသက် ဆယ့်ခုနစ်နှစ်၊ အင်းဝမြို့သက် အနှစ် နှစ်ဆယ်အချိန်မှာတော့ ဟံသာဝတီမှ ရာဇာဓိရာဇ် (ဗညားနွဲ့) နဲ့ ဦးရီးတော်တို့ မညီမညွတ်ဖြစ်ကြပါတယ်။ မြောင်းမြနဲ့ ပုသိမ်ကို ခြေကုပ်ယူထားတဲ့ လောက်ဖြားက မင်းကြီး စွာစော်ကဲထံ အကူအညီတောင်းတဲ့အခါမှာတော့ မင်းကြီးစွာတစ်ပါး စစ်အင်အား အလုံးအရင်းနဲ့ စစ်ချီပါတယ်။ တိုက်ပွဲမှာ အနိုင်မရခဲ့ဘဲ တပ်ပြန်ဆုတ်ခဲ့ရပါတယ်။ အင်းဝပိုင် နယ်မြေတွေကို မွန်တို့ လာရောက်တိုက်ခိုက်တဲ့အခါမှာတော့ ပြန်လည်တိုက်ခိုက် တွန်းလှန်ခဲ့ပါတယ်။
မင်းကြီး စွာစော်ကဲကို မြန်မာရာဇဝင်မှာ ထက်မြက်တဲ့ စစ်ဘုရင်တစ်ပါးလို့ မသတ်မှတ်ပေမဲ့ အပေးအကမ်းကြီးသူ၊ နှလုံးတော်တည်ကြည်သူ၊ ပညာရှိကိုမြတ်နိုးသူ၊ ပညာရှိစကားကို နာယူသူအဖြစ် ဖော်ပြကြပါတယ်။
မင်းကြီးစွာဟာ နန်းစံသက်ရှည်တဲ့ မင်းတစ်ပါးဖြစ်ပြီး စည်းခုံစေတီတော်ပေါင်းများစွာနဲ့ ကျောင်းပေါင်းများစွာကို တည်ဆောက်လှူဒါန်းခဲ့ပါတယ်။ သက်တော် ၇၀ ပြည့် သက္ကရာဇ် ၇၆၂ ခုနှစ်မှာ နတ်ပြည်စံဝင်ခဲ့ပါတယ်။
#ZLann_Podcast #ဇာတ်လမ်း #စွာစော်ကဲ #အင်းဝဘုရင် #bumeseking