“ကျမ်းဂန်တွေထဲက ထူးမြတ်တဲ့ စန္ဒကူး”

စန္ဒကူးပင်တွေက အလွန်မွှေးကြိုင်ပြီး အဖိုးတန်တဲ့ သစ်မျိုး ဖြစ်ပါတယ်။ မြန်မာအဘိဓာန်မှာတော့ အနှစ်နံ့သာပင်တစ်မျိုး လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ စန္ဒကူးပင်နဲ့ ပတ်သက်လို့ ဗုဒ္ဓသာသနာနဲ့ သက်ဆိုင်တဲ့ ကျမ်းဂန်တွေထဲမှာ အများအပြား တွေ့မြင်ရလေ့ရှိပါတယ်။

ကောသလမင်းရဲ့ အိပ်မက် ၁၆ ချက်ထဲမှာ အဖိုးတစ်သိန်းတန်တဲ့ စန္ဒကူးနံ့သာကို ရက်တက်ပုန်းရည်နဲ့ လဲစားတယ် ဆိုတဲ့ အိပ်မက် ပါဝင်ပါတယ်။ဗုဒ္ဓမြတ်စွာဘုရားက ရဟန်းတော်တွေ တန်ခိုးပြခြင်းကို တားမြစ်တော်မူတဲ့ ဖြစ်စဉ် မှာ စန္ဒကူးနံ့သာက အဓိကဖြစ်စဉ်ကနေ ပါဝင်နေပါတယ်။ ဗုဒ္ဓမြတ်စွာဘုရား ရာဇဂြိုဟ်ပြည်မှာ ဆဋ္ဌမမြောက် ဝါဆို၊ ဝါကပ်တော်မူတဲ့အခါ တိတ္ထိဂိုဏ်းဆရာကြီး (၆) ယောက်တို့လည်း ရာဇဂြိုဟ်ပြည်မှာ နေထိုင်ကြပါတယ်။

ဝါကျွတ်ကာလ တစ်ရက်မှာတော့ ရာဇဂြိုဟ်မှာ နေထိုင်တဲ့ သူဋ္ဌေးကြီးတစ်ဦးဟာ သူ့ရဲ့ နောက်ပါ အခြွေအရံတွေနဲ့အတူ ဂင်္ဂါမြစ်ထဲမှာ ရေကစားနေရင်း မြစ်ထဲမှာ မျောပါလာတဲ့ စန္ဒကူနှစ် သစ်တုံးတစ်တုံးကို ရရှိပါတယ်။ သူဋ္ဌေးကြီးဟာ စန္ဒကူးနှစ်ကို အိမ်ကိုယူဆောင်သွားပြီး ဘယ်လိုအသုံးပြုရမလဲဆိုတာ တွေးတောနေပါတယ်။ နောက်ဆုံးမှာတော့ ဒီစန္ဒကူးသားကို သပိတ်ပြုလုပ်ပြီး အတောင် ၆၀ အမြင့်ရှိတဲ့ တိုင်ထိပ်မှာ တင်ထားလိုက်ပါတယ်။ ဒီသပိတ်ကို ကောင်းကင်က ကြွပြီး ယူနိုင်တဲ့သူကို သားမယားနဲ့တကွ ကိုးကွယ်မယ်လို့လည်း သတင်းလွှင့်လိုက်ပါတယ်။

(၇) ရက်မြောက်နေ့ မနက်မှာတော့ ကောင်းကင်ပျံနိုင်တဲ့ ဘုရား၊ ရဟန္တာတွေဆိုတာ တကယ်မရှိဘူး လို့ အရက်သမားတွေဟာ သောက်စားမူးယစ် ပြောဆိုနေကြပါတယ်။ ဒီလို ပြောဆိုနေတာတွေကို အရှင်မောဂ္ဂလာန်နဲ့ အရှင်ပိဏ္ဍောလမထေရ်တို့ ကြားသွားခဲ့ပါတယ်။ ဒီလိုပြောဆိုမှုတွေကနေ ရတနာသုံးပါးအပေါ်မှာ ယုံမှားသံသယဖြစ်ပြီး ပြစ်မှားမိကြရင် သံသရာမှာ နစ်မွန်းမှာကို စိုးရိမ်တဲ့ အရှင်မောဂ္ဂလာန်မထေရ်ကြီးက အရှင်ပိဏ္ဍောလကို ကောင်းကင်ကြွချီပြီး သပိတ်ကို ဆောင်ယူဖို့ တိုက်တွန်းပြောဆိုပါတယ်။

အရှင်ပိဏ္ဍောလမထေရ်လည်း ကောင်းကင်ပျံကြွပြီး အလျားအနံ သုံးဂါဝုတ်ရှိတဲ့ ကျောက်ဖျာကို ခြေမတော်နဲ့ ညှပ်ယူပြီး ရာဇဂြိုဟ်မြို့ပေါ်မှာ အကြိမ်ကြိမ် စင်္ကြံကြွတော်မူ ပါ တယ်။ ကျောက်ဖျာက ကြီးလွန်းလှတဲ့အတွက် ပြုတ်ကျမှာကို စိုးရိမ်တဲ့ မြို့သူမြို့သားတွေဟာ ကြောက်လန့်တကြား ထွက်ပြေးကြပါတယ်။ အဲဒီအခါမှာတော့ အရှင်ပိဏ္ဍောလမထေရ်မြတ်ဟာ ကျောက်ဖျာကြီးကို မူလနေရာမှာ ပြန်ထားပြီး ရာဇဂြိုဟ်သူဋ္ဌေးရဲ့ အိမ်ပေါ်ကောင်းကင်ယံမှာ ရပ်တော်မူပါတယ်။ ရာဇဂြိုဟ်သူဋ္ဌေးကြီးက “စန္ဒကူးသပိတ်တော် အလှူခံတော်မူပါဘုရား” လို့ လျှောက်ပြီး အိမ်ကို ပင့်ဆောင်ကာ သပိတ်အတွင်း စတုမဓူတွေကို အပြည့်ထည့်လို့ လှူဒါန်းပါတယ်။

ဒီအကြောင်းကို ကြားသိတဲ့ မြတ်စွာဘုရားဟာ သံဃာတော်တွေကို စည်းဝေးစေပြီး နောက်နောင် ရဟန်းတော်တွေအနေနဲ့ တန်ခိုးမပြရဘူးလို့ ပညတ်တားမြစ်တော်မူ ပါတယ်။ ဒီလိုတားမြစ်တော်မူခြင်းက သံဃာတော်တွေအနေနဲ့လည်း တန်ခိုးဣတ္ထိပါဒ် ရရှိရေးကိုသာ အလေးထား လိုက်စားပြီး သာသနာတော်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ပရိယတ္တိဘက်မှာ ကြိုးစားအားထုတ်မှု နည်းပါးသွားနိုင်သလို ကျင့်ကြံမှုတွေလည်း မှားယွင်းသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဘုရားရှင်က စန္ဒကူးသပိတ်ကို ခွဲစေကာ အမှုန့်ဖြစ်အောင် ကြိတ်စေပြီး မျက်စဉ်းမှုန့်အဖြစ် အသုံးပြုဖို့ ခွဲဝေပေးစေတော်မူပါတယ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာရှိတဲ့ စန္ဒကူးနံ့သာကျောင်းတော်ရာ ကလည်း စန္ဒကူးနဲ့ ပတ်သက်နေပြန်ပါတယ်။ မြတ်စွာဘုရား သာဝတ္ထိမြို့မှာ သီတင်းသုံးနေစဉ် ကုန်သည်အကြီးအမှူးဖြစ်သူ မဟာပုဏ္ဏဟာ တရားနာခွင့်ရပြီးနောက် ရဟန်းပြုပါတယ်။ သူ့ရဲ့ညီဖြစ်သူဟာ ငါးရာသော ကုန်သည်တို့ကို ဦးဆောင်ပြီး သင်္ဘောနဲ့ ရွက်လွှင့်တဲ့အခါ သမုဒ္ဒရာအလယ်မှာ ရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်ရှိသွားခဲ့ပြီး အဲဒီကျွန်းမှာ စန္ဒကူးနီပင် အများအပြား ပေါက်ရောက်နေတာကို တွေ့မြင်ခဲ့ပါတယ်။ အဲဒီအခါ ပါလာတဲ့ ကုန်တွေကိုချပြီး စန္ဒကူးနှစ်တွေကို ခုတ်ဖြတ်လို့ သင်္ဘောအပြည့် တင်ဆောင်သွားကြပါတယ်။

ဒီအခါ စန္ဒကူးတောကို စောင့်ကြပ်တဲ့ ဘီလူးတွေက လိုက်လံနှောင့်ယှက်ကြပါတယ်။ စူဠပုဏ္ဏသူကြွယ်က သူ့ရဲ့နောင်တော်ကို အကူအညီပေးဖို့ တောင်းပန်ပါတယ်။ ဒီအကြောင်းတွေကို မဟာပုဏ္ဏမထေရ်က ဒိဗ္ဗစက္ခုအဘိဉာဏ်နဲ့ မြင်တော်မူတဲ့အတွက် ကောင်းကင်ခရီးမှ ကြွချီလာပြီး ဘေးအန္တရာယ်မကျရောက်စေဖို့ ကယ်တင်ပါတယ်။ အသက်ဘေးမှ လွတ်မြောက်လာကြသူတွေက သူတို့သယ်ဆောင်လာတဲ့ စန္ဒကူးနှစ်တွေကို မဟာပုဏ္ဏမထေရ်ကို လှူဒါန်းလိုက်ကြပါတယ်။ မဟာပုဏ္ဏမထေရ်က မြတ်စွာဘုရားအား ရည်မှန်းပြီး စန္ဒကူးတို့နဲ့ပြီးတဲ့ ကျောင်းတော်ကို စီမံဆောက်လုပ်လှူဒါန်းပါတယ်။

တန်ဖိုးကြီးမားလှတဲ့ စန္ဒကူးနှစ်တွေကို လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းသူတို့ ဖျက်ဆီးယူငင်သုံးစွဲမိမယ်ဆိုရင် အပါယ်လားမှာကို စိုးရိမ်တဲ့ မဟာပုဏ္ဏထေရ်က အဓိဋ္ဌာန်ပြုပြီး ကွယ်ပျောက်စေတယ် လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ စန္ဒကူးကျောင်းတော်ရာနေရာမှာ အလောင်းစည်သူမင်းကြီးက စေတီတစ်ဆူ တည်ထား ကိုးကွယ်ပြီး မင်းအဆက်ဆက်တို့က ခေတ်အဆက်ဆက် မွမ်းမံပြင်ဆင်ကြပါတယ်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မမူမီ ကုသိနာရုံပြည် မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်အတွင်း မြောက်အရပ်ကို ဦးခေါင်းပြုကာ လျောင်းစက်ခြင်း ပြုတော်မူပါတယ်။ အဲဒီအချိန်မှာ အင်ကြင်းပင်တို့ ပင်လုံးကျွတ်ပွင့်ပြီး မြတ်စွာဘုရားရဲ့ ကိုယ်တော်ထက်ကို ပူဇော်တဲ့အနေနဲ့ ကြဲဖြန့်ကျဆင်းပါတယ်။ ကောင်းကင်မှ မန္ဒာရဝမည်တဲ့ နတ်ပန်းတို့လည်း ကျဆင်းလာသလို နတ်၌ဖြစ်တဲ့ စန္ဒကူနံ့သာမှုန့်တို့လည်း ကောင်းကင်မှ ကျလာကုန်တယ် လို့ ဆိုထားပြန်ပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတဲ့အခါ၊ အလောင်းတော်ကို စန္ဒကူးထင်းတို့နဲ့ မီးပူဇော် ကြောင်း ဖော်ပြထားပြီး ဗုဒ္ဓသာသနာနဲ့ ပတ်သတ်တဲ့ ကျမ်းဂန်တွေထဲမှာ စန္ဒကူးကို အထူးအမြတ်သဘောနဲ့ ဖော်ပြကြပါတယ်။

#Zlann_Podcast #ဇာတ်လမ်း #စန္ဒကူး #sandakuu #ဗုဒ္ဓဘာသာ #သာသနာ့ကျမ်းဂန် #ပိဏ္ဍောလ #မဟာပုဏ္ဏ

More Interesting Blogs from Zlann