မြန်မာလူမျိုးတို့အနေနဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက စွဲစွဲမြဲမြဲ ပြုမူဆောင်ရွက်ခဲ့ကြသလို လက်ရှိအချိန်ထိတိုင် စွဲစွဲမြဲမြဲ ပြုမူဆောင်ရွက်နေကြတဲ့ ရိုးရာဓလေ့များစွာ ရှိလို့နေပါတယ်။ အဲဒီလို ဓလေ့တွေထဲမှာ ကွမ်းစားခြင်းဓလေ့က ယနေ့ထက်တိုင် တည်ရှိနေသလို ပုံစံအမျိုးမျိုးနဲ့ ပြုမူသုံးစွဲနေဆဲ ဖြစ်ပါတယ်။
မြန်မာတို့ရဲ့ ကွမ်းစားတဲ့ ဓလေ့က ပုဂံခေတ်မတိုင်မီကတည်းက တည်ရှိခဲ့ပြီး လက်ရှိအချိန်ထိတိုင် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကွမ်းစားခြင်းဓလေ့က အိန္ဒိယမှ ဆင်းသက်လာခြင်းလို့ ယူဆမှုတွေရှိပြီး အိန္ဒိယမှ တကောင်းကို ဆင်းသက်လာကာ “မြန်မာအစ တကောင်းက” လို့ ဆိုကြသလို “ကွမ်းအစ တကောင်းက” လို့လည်း ဆိုနိုင်ပါတယ်။
ပျူခေတ် (သရေခေတ္တရာ) က စတင်ပြီး ဘုရင်အရိုက်အရာကိုပေးအပ်ချီးမြှင့်တဲ့ မင်းခမ်းဝင်ပစ္စည်းတွေထဲမှာ ကွမ်းခွက် ပါရှိပြီး တကောင်းခေတ်ကတည်းက ကွမ်းလောင်းကြီး၊ ကွမ်းလောင်းငယ်လို့ ခေါ်ဝေါ် သုံးစွဲခဲ့ကြပါတယ်။အနော်ရထာမင်းရဲ့ ခမည်းတော်ဖြစ်သူဟာ သူ့ရဲ့ အရှင်သခင် ဘုရင်မင်းမြတ်ကို ကွမ်းတော် ဆက်သရသူ ဖြစ်တဲ့အတွက် သူထီးနန်းရတဲ့အခါ ကွမ်းဆော်ကြောင်ဖြူမင်းလို့ အမည်တွင်ပါတယ်။
သက္ကရာဇ် ၆၀၃ ခုနှစ်မှာ ပုဂံပြည်မိဖုရားစော စိုက်ထူတဲ့ ကူနီဘုရားကျောက်စာမှာ ရဟန်းတော်တို့အတွက် ကွမ်းဖိုး၊ ကွမ်းသီးဖိုးအဖြစ် စပါးတွေ လှူဒါန်းကြောင်း ရေးထိုးထားပါတယ်။ အခြားသော ကျောက်စာတွေမှာလည်း ကွမ်းစားသုံးကြတဲ့ အထောက်အထားတွေကို တွေ့မြင်နိုင်ပါတယ်။
ကွမ်းနဲ့ပတ်သက်တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေလည်း အများအပြား ရှိလို့နေပါတယ်။ ဒီလိုဇာတ်လမ်းတွေထဲမှာ ဗျတ်ဝိနဲ့ မအိုဇာ တို့ရဲ့ ကွမ်းတစ်ယာ ရေတစ်မှုတ် ဇာတ်လမ်းက လက်ရှိအချိန်အထိ မရိုးနိုင်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ပုဂံရာဇဝင်ထဲမှာ ကွမ်းတံတွေးထွေးမှုကြောင့် အကြီးအကျယ် ပြဿနာတက်ခဲ့တဲ့ ကိစ္စတွေလည်း ရှိခဲ့ပါတယ်။ သီဟသူမင်းသား နောက်က လိုက်ပါလာတာကို မသိတဲ့ ရာဇသင်္ကြံအမတ်ကြီးဟာ အင်္ကျီလက်ကို မသိမ်းမိတဲ့အတွက် မင်းသားက အင်္ကျီလက်ကို ကွမ်းသွေးနဲ့ ထွေးလိုက်ပါတယ်။ ဒါကို အမှတ်အတေးထားတဲ့ ရာဇသင်္ကြံအမတ်ကြီးဟာ သီဟသူကို နန်းမရစေဘဲ ညီငယ်ဖြစ်သူ နရသီဟပတေ့ နန်းရစေဖို့ ဆောင်ရွက်ပေးပါတယ်။
နရသီဟပတေ့ နန်းရပေမဲ့ ရာဇသင်္ကြံကို မချီးမြှောက်တဲ့အခါမှာတော့ ရာဇသင်္ကြံက ပန်းကပ်ပဲ့ကို ကိုင်ဆောင်ပြီး နန်းတော်တွင်း ဝင်ပါတယ်။ ဒီလိုလုပ်ဆောင်တာက ပန်းပွတ်သည်မျိုးရိုးဖြစ်တဲ့ နရသီဟပတေ့ကို မထိမမဲ့မြင်ပြုခြင်းဖြစ်တဲ့အတွက် နရသီဟပတေ့က ရာဇသင်္ကြံကို ရာထူးကနေ ထုတ်နုတ်ပြီး ဒလကို ပို့ဆောင်ပါတယ်။
ရခိုင်ရာဇဝင်ထဲမှာ ရခိုင်ဘုရင် မင်းထီးက ကွမ်းစားပြီးနောက် နန်းတော်တိုင်ကို ထုံးတို့မိတဲ့အတွက် ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း မိမိလက်ညှိုးကို ကိုယ်တိုင် ပိုင်းဖြတ်ဖူးပါတယ်။
မွန်ရာဇဝင်မှာ သူရဲကောင်းလဂွန်းအိမ်တစ်ယောက် သုံ့ပန်းအဖြစ် အဖမ်းခံရစဉ် ဆေးကုသမှုကို မခံယူသလို အရှင်နှစ်ယောက်ရဲ့ ထမင်း ငါ့ဝမ်းထဲ အဝင်မခံဘူးလို့ဆိုကာ ထမင်းမစားဘဲ နေပါတယ်။ ကွမ်းတစ်ယာကိုသာ စားခဲ့ပြီး ကွမ်းဝါးမိတဲ့အတွက် မင်းရဲကျော်စွာကို ကွမ်းတစ်ယာဖိုး ကျေးဇူးဆပ်တဲ့အနေနဲ့ ရာဇာဓိရာဇ်နဲ့ စီးချင်းမတိုက်ဖို့ သတိပေးစကားဆိုခဲ့ပါတယ်။
ကွမ်းစားတဲ့အကြောင်းနဲ့ ပတ်သက်လို့ ဒီလိုရာဇဝင်တွေရှိခဲ့သလို မြန်မာဘုရင်တို့ သုံးစွဲတဲ့ မင်းခမ်းတော်တွေထဲမှာလည်း ကွမ်းခွက်တွေ ပါရှိပါတယ်။ မြန်မာဘုရင်တို့ရဲ့ လက်ဝဲလင်္ကျာမင်းခမ်းတော်တွေမှာ ကွမ်းခွက်တွေပါရှိပြီး မြန်မာဘုရင်တို့ ကွမ်းတော်တည်တဲ့ ထင်ရှားတဲ့ ကွမ်းခွက်တွေက ဟင်္သာရုပ်ခံကွမ်းခွက်၊ ကရဝိက်ရုပ်ခံကွမ်းခွက်၊ နဂါးရုပ်ခံကွမ်းခွက်နဲ့ ခြင်္သေ့ရုပ်ခံကွမ်းခွက်တို့ ဖြစ်ပါတယ်။ မြန်မာဘုရင်တို့က ယုံကြည်ရသူတွေကိုသာ ကွမ်းရေတော်ကိုင်ရာထူး ချီးမြှင့်ပါတယ်။
လွှတ်တော်မှာ ခစားတဲ့ မှူးတော်မတ်တော်တွေထဲမှာ သတ်မှတ်ထားတဲ့ ဂုဏ်ထူးဝိသေသရှိသူတွေသာ ကွမ်းသွေးထွေးဖို့ ကွမ်းသွေးပေါက် ရရှိပါတယ်။
တရားမမှုတွေမှာ ပစ္စည်းရဲ့ ၁၀ ရာခိုင်နှုန်း ကောက်ယူသလို အချို့ရာဇဝတ်မှုတွေကို ဒဏ်ရိုက်တဲ့အခါ ကွမ်းဖိုးလို့ ခေါ်ဆိုပါတယ်။ အဲဒီကွမ်းဖိုးအခွန်တော်ငွေကို ကွမ်းဖိုးထိန်းအရာရှိက ဘဏ္ဍာတော်ကို တိုက်ရိုက် ထည့်သွင်းရသလို အချို့ကိုတော့ မိဖုရားခေါင်ကြီး သုံးစွဲဖို့ ပေးရပါတယ်။ အမှုအခင်း ဆုံးဖြတ်စီရင်ပြီးတဲ့အခါ အမှုပြီးပြတ်တဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်ဦးနှစ်ဖက်အမှုသည်တွေက ကွမ်းလက်ဖက်စားလေ့ရှိပါတယ်။
ကွမ်းယာကို အမျိုးသားတွေသာမက အမျိုးသမီးတွေလည်း ရှေးအစဉ်အဆက် စားသုံးခဲ့ကြပါတယ်။ ကွမ်းယာမှာ အနီရောင်မပါပေမဲ့ ဝါးလိုက်ရင် နီနီရဲရဲ ကွမ်းသွေးအရောင်ထွက်တဲ့အတွက် ရှေးက အမျိုးသမီးတွေဟာ သူတို့ရဲ့ နှုတ်ခမ်းအရောင်လှပဖို့ ကွမ်းစားလေ့ရှိပါတယ်။
တကောင်းခေတ်မှ စပြီး ပုဂံခေတ်အထိ ကွမ်းကို အများပြည်သူတို့က သစ်သားပွတ်လုံးခံ ကွမ်းကလပ်တွေနဲ့ ထည့်သွင်းအသုံးပြုကြပါတယ်။ အင်းဝခေတ်မှာတော့ ကွမ်းကို ယွန်းအစ်ကို အသုံးပြုကြပါတယ်။ ရှေးယခင်က မြန်မာတို့ရဲ့ အိမ်တိုင်း၌လိုလိုမှာ ကွမ်းအစ်တွေထားရှိပြီး မိမိတို့ရဲ့အိမ် ရောက်ရှိလာသူတွေကို တည်ခင်းလေ့ရှိပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုနဲ့ နွေးထွေးမှုကို ပြသမှုတွေထဲမှာ ကွမ်းနဲ့ တည်ခင်းခြင်းကလည်း အပါအဝင် ဖြစ်ပါတယ်။
လယ်စောင့်နတ်ပူဇော်ပွဲ၊ ဦးရှင်ကြီးနတ်တင်ပွဲ၊ နတ်ကန္နားပွဲ၊ ဘာသာရေးပွဲတော်၊ သာရေးနာရေးတွေမှာ ကွမ်းဟာမပါမဖြစ် ဖြစ်သလို ပန္နက်ရိုက်၊ ငြမ်းဆင်၊ ထုတ်တင်၊ ပျိုးနှုတ်၊ ကောက်စိုက်၊ စပါးရိတ် အစရှိတဲ့ လုပ်ငန်းမှန်သမျှအတွက် ပွဲတင်တဲ့အခါ ကွမ်းယာက ပါစမြဲ။ ဓားပြီး၊ တုတ်ပြီး အစရှိတဲ့ အစီရင်တွေ စီရင်ပြန်ရင်လည်း ကွမ်းကို အသုံးပြုကြပြန်ပါတယ်။ တိုင်းရင်းဆေးတွေမှာလည်း အစွမ်းထက်တဲ့ ဆေးအဖြစ် ကွမ်းရွက်က ပါဝင်သလို လောကီရေးရာအဖြာဖြာနဲ့ အဂ္ဂိရတ်ပညာတွေမှာလည်း တစ်မူထူးခြားစွာ အသုံးပြုပါတယ်။
ရှင်ပြုမင်္ဂလာပွဲတွေမှာ ရွာမှာရှိတဲ့ အချောဆုံး၊ အလှဆုံး မိန်းကလေးတွေကိုသာ ကွမ်းတောင်ကိုင်ခွင့်ရှိတဲ့အထိ ကွမ်းကို အမြတ်တနိုး အထွတ်အမြတ်ထားကြပါတယ်။
အချိန်ကာလ သတ်မှတ်ရာမှာ “ဆေးတစ်အိုးကျွမ်း၊ ကွမ်းတစ်ယာညက်” လို့ စံထားသတ်မှတ်ခဲ့ကြသလို “တစ်သက်လုံး စားသမျှကွမ်း၊ သံပုရာတစ်ခြမ်းနှင့်ချေ” ဆိုတဲ့ စကားပုံလည်း ရှိခဲ့ပါတယ်။
မြန်မာလူမျိုးရဲ့ လူမှုရေးရာမှာ မိဘတို့ ဝတ္တရားအရ မိမိတို့ရဲ့ ရင်သွေးငယ် ၇၅ မြောက်နေ့မှာ “ကွမ်းဖတ်ဦးခွံ့ခြင်း” ဆိုတဲ့ “တမ္ဗုလာဟာရ မင်္ဂလာ” ကို ပြုလုပ် ဆောင်ရွက်ပေးကြပါတယ်။ ဒါ့အပြင် ရှေးခေတ် ကဗျာလင်္ကာတွေမှာလည်း ကွမ်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ခမ်းခမ်းနားနား ဖွဲ့ဆိုထားကြပါတယ်။
ကွမ်းစားတဲ့ ရိုးရာဓလေ့က ဘိုးဘွားမိဘအစဉ်အဆက် စားသုံးလာကြတဲ့ ရိုးရာဓလေ့ဖြစ်သလို နောင်လည်း ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပေမဲ့ ဒီကနေ့ခေတ်မှာ ခေတ်မီဓာတုပစ္စည်းတွေ ပေါင်းစပ်ထားတဲ့ ကွမ်းစားဆေးတွေက ရှေးယခင်ကထက် ဆိုးကျိုးတွေ ဖြစ်ပွားစေတယ်ဆိုတာကိုတော့ သတိပြုဆင်ခြင်ရမှာ ဖြစ်ပါတယ်။
#Zlann_Podcast #ဇာတ်လမ်း #ကွမ်းစားခြင်းဓလေ့ #မြန်မာ့ရိုးရာ #ရှေးဟောင်းဓလေ့ #ကွမ်းသမိုင်း #မင်းခမ်းတော် #တမ္ဗုလာဟာရ #ဗျတ်ဝိဇာတ်လမ်း