“ကမ္ဘာ့ပထမဆုံး ဘီလျံနာ ဂျွန်ဒီ ရော့ခ်ဖဲလား”

ဂျွန် ဒီဗစ်ဆင် ရော့ခ်ဖဲလား (John Davison Rockefeller Sr.) ဆိုသူဟာ ကမ္ဘာ့ပထမဆုံး ဘီလျံနာ တစ်ယောက်ပါ။ အမေရိကန် စက်မှုလုပ်ငန်းရှင်၊ စီးပွားရေးသမားနဲ့ ပရဟိတသမားကြီးတစ်ဦးဆိုရင်လည်း မမှားပါဘူး။

သူ့ရဲ့ ထူးခြားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ စတန်းဒတ်အွိုင် ကုမ္ပဏီ (Standard Oil Company) ကို တည်ထောင်ပြီး ရေနံလုပ်ငန်းနယ်ပယ်တစ်ခုလုံးကို ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒီလိုကြောင့် ကမ္ဘာ့သမိုင်းမှာ ပထမဆုံး ဘီလျံနာ (Billionaire) အဖြစ် သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ သူက အမေရိကန်ရဲ့ စီးပွားရေးသမိုင်းကို ပုံဖော်ခဲ့သူဖြစ်ပြီး တစ်ဖက်မှာလည်း ခေတ်သစ်ပရဟိတလုပ်ငန်းတွေရဲ့ အုတ်မြစ်ကို ချခဲ့သူပါ။

ဂျွန် ဒီ ရော့ခ်ဖဲလားကို ၁၈၃၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က နယူးယောက်ပြည်နယ်၊ ရစ်ချ်ဖို့ဒ် (Richford) မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင်က ခရီးသွားရင်း ရောင်းဝယ်သူနဲ့ ဆေးရောင်းသူ (snake-oil salesman) ဖြစ်ပြီး၊ မိခင်ကတော့ ဘာသာတရား ကိုင်းရှိုင်းသလို စည်းကမ်းကြီးသူ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ရော့ခ်ဖဲလားက စုဆောင်းတတ်တဲ့၊ စနစ်တကျရှိတဲ့ စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ်မှာ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတစ်ခုမှာ စာရင်းကိုင်လက်ထောက်အဖြစ် အလုပ်စတင်ခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စေ့စပ်သေချာမှုကို အလုပ်ရှင်တွေက သဘောကျခဲ့ကြပါတယ်။ ၁၈၅၉ ခုနှစ်မှာ သူငယ်ချင်းတစ်ဦးနဲ့ ပူးပေါင်းပြီး ကုန်စည်ပွဲစားလုပ်ငန်းကို စတင်ခဲ့ပါတယ်။ အဲဒီအချိန်က ပင်ဆယ်ဗေးနီးယားမှာ ရေနံတွင်းတွေ စတင်တွေ့ရှိလာတော့ ရော့ခ်ဖဲလားက ရေနံလုပ်ငန်းရဲ့ အလားအလာကို ချက်ချင်း နားလည်ခဲ့ပါတယ်။

ဒီလိုနဲ့ ရော့ခ်ဖဲလားက ရေနံတူးဖော်ရေးထက် ပိုမိုမြဲမြံပြီး ခန့်မှန်းရလွယ်ကူတဲ့ ရေနံသန့်စင်တဲ့လုပ်ငန်း (Oil Refining) ကို ရွေးချယ်ခဲ့ပါတယ်။၁၈၇၀ ပြည့်နှစ်မှာတော့ သူက စတန်းဒတ်အွိုင်ကုမ္ပဏီ (Standard Oil Company of Ohio) ကို တည်ထောင်နိုင်ခဲ့ပါတယ်။

ရေနံလုပ်ငန်းမှာ အလေအလွင့်မရှိစေဖို့၊ ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချဖို့နဲ့ စီမံခန့်ခွဲမှုစနစ်ကို ပုံမှန်စံနှုန်းတစ်ခုအဖြစ် ထားရှိဖို့က ရော့ခ်ဖဲလားရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကုမ္ပဏီကို “Standard Oil” ဆိုပြီး အမည်ပေးခဲ့တာပါ။

သူက ပြိုင်ဘက်ကုမ္ပဏီတွေကို စနစ်တကျ ဝယ်ယူသိမ်းပိုက်တာအပြင် ရထားလမ်းကုမ္ပဏီတွေဆီကနေ လျှို့ဝှက်သယ်ယူပို့ဆောင်ခကို လျှော့စျေးတွေ (secret rebates) ရယူတာ စတဲ့ ပြင်းထန်တဲ့ စီးပွားရေးနည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။

ရော့ခ်ဖဲလားရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်ခဲ့ပြီး ၁၈၈၀ ပြည့်နှစ် ရောက်ချိန်မှာ Standard Oil ဟာ အမေရိကန်မှာရှိတဲ့ ရေနံသန့်စင်ရေးလုပ်ငန်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ကြီးမားတဲ့ ဧကရာဇ်လုပ်ငန်းစု (Monopoly) တစ်ခုသဖွယ် ဖြစ်လာပါတော့တယ်။

Standard Oil Trust ကို ၁၈၈၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ရာမှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ လုပ်ငန်းတွေကို တစ်နေရာတည်းကနေ ထိန်းချုပ်နိုင်တဲ့ “Trust” ပုံစံရဲ့ ပထမဆုံး နမူနာတစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုက အလွန်အမင်း ကြီးမားလာခဲ့ပါတယ်။ ရော့ခ်ဖဲလားကို “ကမ္ဘာ့ပထမဆုံး ဘီလျံနာ” အဖြစ် ၁၉၁၆ ခုနှစ် သတင်းစာခေါင်းကြီးပိုင်းတွေမှာ တရားဝင်ကြေညာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့ရဲ့ ပိုင်ဆိုင်မှုက အမေရိကန်ရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ရဲ့ ၁.၅ ရာခိုင်နှုန်းလောက်နဲ့ ညီမျှခဲ့ပါတယ်။

ရော့ခ်ဖဲလားရဲ့ စီးပွားရေးလုပ်ငန်းတွေ အလွန်အမင်း ကြီးထွားလွန်းတာကြောင့် အမေရိကန်ပြည်သူတွေနဲ့ အစိုးရတို့ရဲ့ မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာတော့ Standard Oil ကုမ္ပဏီဟာ Sherman Antitrust Act ကို ချိုးဖောက်တဲ့ တရားမဝင် ဧကရာဇ်လုပ်ငန်းအဖြစ် အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကြောင့် Standard Oil ကို သေးငယ်တဲ့ သီးခြားကုမ္ပဏီ ၃၄ ခုအဖြစ် ခွဲထုတ်ခဲ့ရပါတယ်။ အဲဒီကုမ္ပဏီငယ်တွေထဲက တချို့ဟာ ဒီကနေ့ခေတ်မှာလည်း ကြီးမားတဲ့ Exxon Mobil, Chevron စတဲ့ ရေနံကုမ္ပဏီကြီးတွေအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

စီးပွားရေးနယ်ပယ်ကနေ အငြိမ်းစားယူပြီးတဲ့နောက်ပိုင်းမှာ ရော့ခ်ဖဲလားဟာ သူ့ရဲ့ကျန်ရှိတဲ့ဘဝကို ပရဟိတလုပ်ငန်းတွေအတွက် အပြည့်အဝ အချိန်ပေးခဲ့ပါတယ်။ သူက ခေတ်သစ်ပရဟိတလုပ်ငန်းတွေကို စနစ်တကျလုပ်ကိုင်ဖို့အတွက် အဖွဲ့အစည်းတွေ တည်ထောင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး တိုးတက်စေဖို့အတွက် ရည်ရွယ်ပြီးတော့ ၁၉၁၃ ခုနှစ်မှာ ရော့ခ်ဖဲလား ဖောင်ဒေးရှင်း (Rockefeller Foundation) ကို တည်ထောင်ခဲ့ပါတယ်။ ဒါ့ပြင် ချီကာဂိုတက္ကသိုလ် (University of Chicago) နဲ့ ရော့ခ်ဖဲလား ဆေးဘက်ဆိုင်ရာ သုတေသနအင်စတီကျု (Rockefeller Institute for Medical Research) တို့ကို ထူထောင်ဖို့အတွက်လည်း ငွေကြေးအများအပြား လှူဒါန်းခဲ့ပါတယ်။

သူ့ရဲ့ တစ်သက်တာလုံး လှူဒါန်းခဲ့တဲ့ ပမာဏက ဒေါ်လာ သန်း ၅၀၀ ကျော်ရှိခဲ့ပြီး ဒီကနေ့ခေတ် တန်ဖိုးနဲ့ဆိုရင် ဘီလျံပေါင်းများစွာ ရှိမှာဖြစ်ပါတယ်။ဒီလိုနဲ့ ဂျွန် ဒီ ရော့ခ်ဖဲလားဟာ သူ့အသက် ၉၇ နှစ်အရွယ် ရောက်ချိန် ၁၉၃၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ဖလော်ရီဒါပြည်နယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ရော့ခ်ဖဲလားဟာ တစ်ဖက်မှာ စီးပွားရေးနယ်ပယ်ကို ပြောင်းလဲစေခဲ့တဲ့ ပါရမီရှင်လုပ်ငန်းရှင်ဖြစ်ပြီး ခေတ်သစ်ပရဟိတလုပ်ငန်းတွေကို စတင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ တခြားတစ်ဖက်မှာတော့ ပြိုင်ဘက်တွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့၊ ဧကရာဇ်လုပ်ငန်းနဲ့ စီးပွားရေးကို ချုပ်ကိုင်ခဲ့တဲ့ “ဓားပြသူဌေး (Robber Baron)” တစ်ဦးအဖြစ် ဝေဖန်ခံခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဂျွန် ဒီ ရော့ခ်ဖဲလားဟာ အမေရိကန်နဲ့ ကမ္ဘာ့စီးပွားရေး၊ လူမှုရေးသမိုင်းမှာ ဩဇာအရှိဆုံးနဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ယောက်အဖြစ်တော့ ဆက်လက်တည်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

#Zlann_Podcast #ဇာတ်လမ်း #JohnDRockefeller #ဂျွန်ဒီရော့ခ်ဖဲလား #Billionaire #ပထမဆုံးဘီလျံနာ #စီးပွားရေးသမား

More Interesting Blogs from Zlann