‘‘ ယဉ်ကျေးမှုတို့ စီးဆင်းရာ မြစ်ဝါ ’’ မဟာတံတိုင်းနဲ့အပြိုင် သွယ်တန်းစီးဆင်းနေတဲ့အရာ။ အဲဒီအရာက ချင်းဟိုင် – ရှီးဇန့် ကုန်းပြင်မြင့်မှာရှိတဲ့ ဘာရန်ဟာ တောင်တန်းမှာ မြစ်ဖျားခံပါတယ်။ ပင်လယ်ဝါအနီး ပေါ်ဟိုင်ပင်လယ်ထဲကို စီးဝင်ဖို့ ပြည်နယ် ၉ ခုကို ဖြတ်သန်းခဲ့ရတဲ့ အဲဒီအရာကို မြစ်ဝါမြစ်လို့ ခေါ်ပါတယ်။
မြစ်ဝါမြစ်ဟာ တရုတ်ယဉ်ကျေးမှုရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွေအပါအ၀င် ပိုးလမ်းမကြီးထက်က များပြားစုံလင်လှတဲ့ ယဉ်ကျေးမှုတွေ အပြန်အလှန် နှီးနှောဖလှယ်ဖို့ရာ ဆက်စပ်စီးဆင်းနေတဲ့ မြစ်တစ်စင်းဆိုရင်လည်း မမှားပါဘူး။ ဒါတင်မကပါဘူး။ ရှေးဟောင်းမြို့ကြီးတွေရဲ့ သာယာဖွံ့ဖြိုးမှုနဲ့ မြစ်ကို အမှီပြုနေထိုင်တဲ့ လူမှုဘဝအကြောင်းတွေကို ဒီမြစ်ကြီးကနေတစ်ဆင့် လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံထဲမှာရှိပြီး တရုတ်လူမျိုးတို့ရဲ့ မိခင်မြစ်ဖြစ်တဲ့ ဒီမြစ်ဝါမြစ်က ဒီကနေ့ထိတိုင်အောင် မြို့ပြနဲ့ ကျေးလက်ဒေသတို့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။
မြက်ခင်းလွင်ပြင်တွေ၊ သဲကန္တာရတွေနဲ့ တောင်ကုန်းတောင်တန်းတွေအပါအဝင် မြေပြန့်လွင်ပြင်နဲ့ ချိုင့်ဝှမ်းတွေ ဖြတ်သန်းစီးဆင်းနေတဲ့ ဒီမြစ်ကြီးက ကီလိုမီတာ ငါးထောင်ကျော်ရှည်လျားပြီး ကမ္ဘာပေါ်မှာ ဆဋ္ဌမမြောက် အရှည်လျားဆုံး မြစ်တစ်စင်းပါ။ တရုတ်နိုင်ငံအနေနဲ့ဆိုရင်တော့ ယန်ဇီမြစ် ပြီးရင် မြစ်ဝါမြစ်က ဒုတိယ အရှည်လျားဆုံးမြစ် ဖြစ်ပါတယ်။
ဟီနန်ပြည်နယ်မှာ နေထိုင်သူ ဒေသခံတွေက မြစ်ဝါမြစ်ကို ရှောသ်ဟီ (ပူလောင်နေတဲ့မြစ်) လို့ ခေါ်လေ့ရှိပြီး ငါးတွေ ပွက်နေကြတာကို အကြောင်းပြုလို့ အဲဒီလို ခေါ်ကြတာဖြစ်ပါတယ်။ ငါးတွေ ဘာလို့ ပွက်လည်းဆိုတာကတော့ လေရှူဖို့ အငမ်းမရဖြစ်နေတာကြောင့်ဖြစ်ပြီး အဲဒီလိုဖြစ်နေရတာဟာလည်း သိပ်သည်းတဲ့ အနည်အနှစ်တွေကြောင့် ဖြစ်ပါတယ်။ အဲဒီလို အနည်အနှစ်တွေများပြီး ဝါကြင်ကြင် အရောင်ရှိတာကြောင့်လည်း မြစ်ဝါမြစ်လို့ အမည်တွင်ခဲ့တာပါ။
ခေတ်ဦးတရုတ်သမိုင်းမှာ စည်ပင်ထွန်းကားခဲ့တဲ့ မြစ်ဝါမြစ်ဝှမ်းဒေသဆိုတာက တရုတ်ယဉ်ကျေးမှု အစပျိုးရာ ဒေသလို့လည်း ပြောနိုင်ပါတယ်။ မြစ်ကြမ်းပြင် မြင့်တက်လာစေတဲ့ မြစ်အောက်ပိုင်း အနည်ကျလာမှုတွေကြောင့်လည်း ရေကြီးမှုနဲ့ ရေလွှမ်းမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ တစ်ခါတစ်ရံ စန်းရှီးပြည်နယ် ယွန်ချန်မြို့မှာ မြစ်ဝါမြစ် အထက်ပိုင်း မိုးရွာသွန်းမှုနဲ့ ရေလှောင်ကန် ရေထုတ်မှု များပြားလာမှုကြောင့် မြစ်ဝါမြစ်ရဲ့ အကိုင်းအခက်တွေက ပုံအမျိုးမျိုးပေါ်လာပြီး “မြေကြီးရဲ့ သွေးကြော”လို ခမ်းနားလှပ နေတတ်ပါသေးတယ်။
တချို့ကလည်း မြစ်ဝါမြစ် ယဉ်ကျေးမှုကို တရုတ်လူမျိုးတို့ရဲ့ အရေးပါလှတဲ့ မိခင်မြစ်ယဉ်ကျေးမှုလို့ တင်စားကြပြီး မြစ်ဝါမြစ်ဝှမ်းဒေသရဲ့ ခရီးသွားအရင်းအမြစ်တွေနဲ့ ယဉ်ကျေးမှုတွေက များပြားစုံလင်လှပါတယ်။ ဒါကြောင့်လည်း မြစ်ဝါမြစ်ဝှမ်းဒေသရဲ့ အထင်ကရ ခရီးသွားနေရာတွေက များပြားလွန်းလှပြီး သဘာဝရှုမျှော်ခင်း အသွင်သဏ္ဌာန်စုံလင်သလို နှင်းတောင်၊ ရေတိမ်ဒေသ၊ မြက်ခင်းပြင်၊ ရေတံခွန် အစရှိတဲ့ အမျိုးမျိုးသော မြေမျက်နှာသွင်ပြင်တွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ စုစည်းတည်ရှိနေတာ ဖြစ်ပါတယ်။
အဓိကမြစ်ကြီး ၁၇-စင်းက မြစ်ဝါမြစ်အတွင်းကို စီးဝင်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ်ဖို့အတွက် တည်ဆောက်ထားတဲ့ ဆည်ကြီး ၁၃-ခု ရှိပါတယ်။ ဒါ့အပြင် မြစ်ကြီးကို ဖြတ်ကူးနိုင်ဖို့ အဓိက တံတားကြီး ၂၈-စင်းကိုလည်း ဆောက်လုပ်ထားပါသေးတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြစ်ကြောင်းတစ်လျှောက်မှာ ငါးမွေးမြူရေးလုပ်ငန်းနဲ့ ငါးသားဖောက် လုပ်ငန်းတွေ လုပ်ကိုင်နေကြသလို လိပ်မွေးမြူရေးစခန်းတွေလည်း အများအပြား ရှိနေပါတယ်။
နွေဦးကာလရောက်ပြီဆိုရင် ရေခဲတောင်တွေ အရည်ပျော်လာတာမို့ မြစ်တစ်လျှောက် ရေတွေလျှံတက်ပြီး ရွှံ့နဲ့သဲ ရောနေတဲ့ အဝါရောင်မြစ်ရေတွေက မြစ်ကြာင်းတစ်လျှောက် အရှိန်အဟုန်နဲ့ စီးဆင်းနေတာကို အံ့ဩဖွယ် မြင်တွေ့ရမှာပါ။ သဘာဝဘေး အန္တရာယ်တွေ ကြုံတွေ့ရမှုတချို့လည်း မြစ်ဝါမြစ်ရဲ့ သမိုင်းကြောင်းမှာ ရှိခဲ့ပါတယ်။ တရုတ်ပြည် ယွမ်မင်းဆက်လက်ထက်မှာ မြစ်ဝါမြစ် ရေလွှမ်းမိုးမှုနဲ့ ၁၈၈၇-ခုနှစ် ရေလွှမ်းမိုးမှုဖြစ်စဉ်အပါအဝင် ၁၉၃၁-ခုနှစ် ရေလွှမ်းမိုးမှုတို့ကြောင့်လည်း အသက်ဆုံးရှုံးရမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း မြစ်ဝါမြစ်ရဲ့ သမိုင်းတစ်လျှောက် ရာစုနှစ်တွေမှာ မြစ်ကြောင်းပြောင်းလဲမှုတွေ ဖြစ်ပွားခဲ့တာကို တွေ့နိုင်ပါတယ်။
ဒီကနေ့ခေတ်မှာဆိုရင် အနည်အနှစ်တွေ ပို့ချမှုကြောင့် မြစ်ကြမ်းပြင် မြင့်တက်လာတာတွေ၊ အင်းအိုင်တွေထဲမှာရှိတဲ့ ရေပမာဏ လျော့နည်းလာတာတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းကတော့ မြစ်ဝါမြစ် Xiaolangdi ရေထိန်းသိမ်းရေးအချက်အချာနေရာမှာ ရေလွှဲမြောင်း ၄ခုကို ဖွင့်ချခဲ့သလို ရေလွှဲထုတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် မြစ်ကြောင်းတစ်လျှောက် ရေဘေးကြိုတင်ကာကွယ်ရေးလုံခြုံမှုကို အာမခံပေးဖို့အတွက် မြစ်ဝါမြစ် Xiaolangdi ရေလှောင်တမံက ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းကစလို့ ရေကြီးရေလျှံမှုကြိုတင် ကာကွယ်ရေးလုပ်ငန်းကို စတင်ပြုလုပ်ခဲ့ပြီး ရေလွှဲထုတ်ပစ်ကာ ဆောင်းဦးရာသီ ရေကြီးမှု ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းမှာပဲ တရုတ်နိုင်ငံ ရှန်ဒေါင်ပြည်နယ် ဒုန်ယင်းမြို့မှာ မြစ်ဝါမြစ်ကူး ဒုန်ယင်းကြိုးတံတားကို တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အဲဒီတံတားက မီတာ ၁၆၀၀ ကျော်ရှည်ပြီး သံမဏိပေါင်တွေနဲ့ တည်ဆောက်ထားတဲ့ အဆင့်မြင့်နည်းပညာသုံး ကြိုးတံတားဖြစ်ပါတယ်။ မြစ်ဝါမြစ် မြစ်ဝှမ်းဒေသ ဂေဟစနစ် ထိန်းသိမ်းရေးနဲ့ အရည်အသွေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့ပြေးဇုန်ကို တည်ဆောက်ရမယ်လို့လည်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့ဖူးပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း နင်ရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လေ့လာကြည့်ရှုခဲ့ချိန်တုန်းက အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် များပြားစုံလင်လှတဲ့ ယဉ်ကျေးမှုတွေနဲ့အတူ မြစ်ဝါမြစ်က ဆက်လက်စီးဆင်းနေဦးမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။
#Zlann_Podcast #ဇာတ်လမ်း #မြစ်ဝါမြစ် #YellowRiver #တရုတ်ယဉ်ကျေးမှု #တရုတ်မိခင်မြစ် #ChinaHistory #ပိုးလမ်းမကြီး #သဘာဝအမွေအနှစ်