ဝူထိုင်တောင် (Mount Wutai) ဟာ တရုတ်နိုင်ငံ မြောက်ပိုင်း၊ စန်းရှီးပြည်နယ် (Shanxi province) အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတို့ စုဝေးရာ သာသနာ့နယ်မြေ ဖြစ်ပါတယ်။ ၎င်းသည် တရုတ်နိုင်ငံရဲ့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဘာသာ တောင်ကြီးလေးခုအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ကြပြီး တရုတ်နိုင်ငံရဲ့ အမျိုးသား ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး (National Tourism Administration) က ၂၀၀၇ ခုနှစ်မှာ AAAAA အဆင့်ရှိ ခရီးသွားဆွဲဆောင်ရေး နေရာအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ အထွတ်အမြတ်ထားရာ တောင်ကြီး ၄ လုံးကတော့ ဝူထိုင်တောင် (Wutai)၊ အော်မေ့တောင် (Emei)၊ ကျိုဟွာတောင် (Jiuhua) နဲ့ ဖူထော်တောင် (Putuo) တို့ပဲဖြစ်ပါတယ်။
အဲဒီတောင်ကြီး လေးခုထဲမှာတော့ ဝူထိုင်တောင်ဟာ ပထမဆုံးနဲ့ အရေးအပါဆုံးဖြစ်ပြီး ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ မဥ္ဇူသီရိ ဗောဓိသတ္တ (Manjushri) တရားကျင့်ကြံရာနေရာ အဖြစ်လည်း သိကြပါတယ်။ နောက်ပြီး ရှေးအကျဆုံး သစ်သား အဆောက်အအုံတွေလည်း ရှိပါတယ်။အော်မေ့တောင်ကတော့ စီချွမ်ပြည်နယ် (Sichuan) မှာ တည်ရှိပြီး သမန္တဘဒြဗောဓိသတ္တ (Samantabhadra) တရားကျင့်ကြံရာနေရာ ဖြစ်ပါတယ်။
ကျိုဟွာတောင်ကတော့ အန်းဟွေးပြည်နယ် (Anhui) မှာတည်ရှိပြီး ကိတ္တိဂဗ္ဘ ဗောဓိသတ္တ (Ksitigarbha) တရားကျင့်ကြံရာနေရာ ဖြစ်သလို၊ ဖူထော်တောင်ကတော့ ကျဲ့ကျန်းပြည်နယ် (Zhejiang) ပြည်နယ်မှာရှိပြီး အဝလောကိတေသွာရ ဗောဓိသတ္တ (ကွမ်ရင် ဗောဓိသတ္တ) (Guanyin) တရားကျင့်ကြံရာနေရာ အဖြစ် အသီးသီး သိထားကြပါတယ်။အဲဒီနေရာအားလုံးကတော့ တရုတ်နိုင်ငံရဲ့ လူသိများ ထင်ရှားတဲ့ သာသနာရေးနေရာတွေ ဖြစ်ကြပါတယ်။
ဝူထိုင်တောင်ဟာ တောင်တစ်လုံးတည်းမဟုတ်ဘဲ တောင်ပတ်လည်ခြံရံလျက်ရှိတာကြောင့် တရုတ်လို “ဝူထိုက်ရှန်း (Wutai shan)” ဆိုတဲ့ အမည်ဟာ “တောင်ထိပ် ၅ ခု” လို့ အဓိပ္ပာယ်ရပါတယ်။ အလယ်ဗဟိုရှိ ချွေ့ယန်တောင်ထိပ် (Cuiyan Feng) ကို အရှေ့ဘက်က ဝမ့်ဟိုင်တောင်ထိပ် (Wanghai Feng)၊ အနောက်ဘက်က ကွယွဲ့တောင်ထိပ် (Guayue Feng)၊ တောင်ဘက်က ကျင်ရှို့တောင်ထိပ် (Jinxiu Feng)၊ မြောက်ဘက်က ယဲ့သိုတောင်ထိပ် (Yedou Feng) တို့က အသီးသီး ဝန်းရံထားပါတယ်။ တောင်တွေအားလုံးဟာ ပြန့်ပြူးပြီး ကျယ်ဝန်းတဲ့ ပုံစံရှိတာကြောင့် ကုန်းပြင်မြင့်တွေအဖြစ်လည်း သတ်မှတ်ကြပါတယ်။
အဲဒီထဲကမှ အမြင့်ဆုံးဖြစ်တဲ့ မြောက်ဘက် ယဲ့သိုတောင်ထိပ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၃,၀၆၁ မီတာ (၁၀,၀၄၃ ပေ) ရှိတာကြောင့် တရုတ်နိုင်ငံမြောက်ပိုင်းရဲ့ ခေါင်မိုး အဖြစ် တင်စားကြပါတယ်။ ဝူထိုင်တောင်ရဲ့ အနိမ့်ဆုံးအမှတ်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၆၂၄ မီတာရှိပါတယ်။ ပညာရှင်အချို့ရဲ့ ဖော်ပြချက်တွေထဲမှာတော့ ဝူထိုင်တောင်ကို မဥ္ဇူသီရိ ဗောဓိသတ္တ စံမြန်းရာ “ကြည်လင် အေးမြတဲ့တောင်” လို့ အဓိပ္ပာယ်ရတဲ့ “ချင်းလျန်တောင် (Qingliang Shan)” အဖြစ်လည်း ခေါ်ဝေါ်ကြပါသေးတယ်။
ဝူထိုင်တောင်ပေါ်မှာတော့ တရုတ်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး သစ်သားအဆောက်အအုံအပါအဝင် ဘုရားကျောင်းတွေလည်း ပြန့်ကျဲစွာ တည်ရှိနေပါတယ်။ ဟန်မင်းဆက် ခေတ်နှောင်းပိုင်း (အေဒီ ၂၅-၂၂၀) မှာတော့ ဝူထိုင်တောင်ဟာ တာအိုဘာသာရဲ့ မြင့်မြတ်တဲ့တောင်တစ်ခု ဖြစ်ခဲ့ပါတယ်။ မြောက်ပိုင်း ဝေ့မင်းဆက် (၃၈၆-၅၃၄/၅၃၅) လက်ထက်မှာတော့ ချင်းလျန်တောင်အဖြစ် ပိုမိုထင်ရှားလာပါတယ်။
ထန်မင်းဆက် (၆၁၈-၉၀၇) လက်ထက်အရောက်မှာတော့ မဥ္ဇူသီရိ ဗောဓိသတ္တ ကိုးကွယ်မှုတွေ မြင့်တက်လာပါတယ်။ ၉ ရာစုလောက်မှာတော့ ဘုန်းကြီးကျောင်း အတော်များများဟာ ဇင်ဗုဒ္ဓဘာသာကို ယုံကြည် ကိုးကွယ်ကြပါတယ်။ အဲဒီနောက် ၁၃ ရာစုနှောင်းပိုင်း၊ မွန်ဂိုအုပ်ချုပ်မှုအောက်မှာတော့ ဝူထိုင်တောင်ကို ဇန့်ဗုဒ္ဓဘာသာနဲ့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ချင်းမင်းဆက် (၁၆၄၄-၁၉၁၁/၁၉၁၂) ခေတ်မှာတော့ ဇန့်ဗုဒ္ဓဘာသာဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။
ဖိုကွမ်း ဘုရားကျောင်း (Foguang Temple) ဝူထိုင်တောင်ပေါ်မှာ ဘုရားကျောင်းများစွာရှိတဲ့အနက် ထင်ရှားတဲ့ ရှေးဟောင်းဘုရားကျောင်း နှစ်ခုကတော့ ဖိုကွမ်း ဘုရားကျောင်း (Foguang Temple) နဲ့ နန်ချန်း ဘုရားကျောင်း (Nanchan Temple) တို့ပဲဖြစ်ပါတယ်။ ဖိုကွမ်း ဘုရားကျောင်းဟာ နှစ်ပေါင်း ၁၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်သလို ထန်မင်းဆက်ခေတ်မှာ တည်ဆောက်ခဲ့တဲ့ “အရှေ့ခန်းမကြီး (Great East Hall)” ဟာဆိုရင် တရုတ်နိုင်ငံရဲ့ ရှေးအကျဆုံး သစ်သားအဆောက်အအုံတွေထဲက တတိယမြောက်ဖြစ်ပါတယ်။
ဒီလိုမျိုး ကြီးကျယ်မြင့်မြတ်တဲ့ အဆောက်အအုံအကြောင်းကိုတော့ ပထမဦးဆုံး အမျိုးသမီး တရုတ်ဗိသုကာပညာရှင် လင်းဟွေ့ရင် (Lin Huiyin) နဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ နာမည်ကျော် ဗိသုကာပညာရှင် လျန်စီချောင် (Liang Sicheng) တို့ရဲ့ အတည်ပြုမှုကတစ်ဆင့် လူအများသိရှိလာခဲ့ရတာဖြစ်ပါတယ်။ ဖိုကွမ်း ဘုရားကျောင်းမှာတော့ အံ့ဖွယ်လေးပါးဖြစ်တဲ့ ရှေးဟောင်း ဗိသုကာလက်ရာ၊ ပန်းပုနဲ့ နံရံဆေးရေးပန်းချီတွေအပြင် ထန်မင်းဆက်ရဲ့ ကမ္ပည်းကျောက်စာတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။
နန်ချန်း ဘုရားကျောင်း (Nanchan Temple) နန်ချန်းဘုရားကျောင်းကတော့ ဖိုကွမ်းဘုရားကျောင်းနဲ့ ၅၅ ကီလိုမီတာ အကွာမှာ တည်ရှိပြီး နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိပြီဖြစ်ပါတယ်။ ထန်ခေတ် ယဉ်ကျေးမှုနဲ့ အနုပညာလက်ရာတွေ အများဆုံးရှိရာ နေရာလည်းဖြစ်ပါတယ်။ ထန်ခေတ်က တည်ဆောက်ခဲ့တဲ့ “မဟာဗောဓိခန်းမ (Great Buddha Hall)” ဟာ တရုတ်နိုင်ငံအတွင်း ထန်ခေတ်ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ ရှေးအကျဆုံး သစ်သား အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ခန်းမအတွင်းမှာတော့ တွန်းဟွမ် မော့ကောင်းလိုဏ်ဂူ (Dunhuang Mogao Caves) တွေထဲက လက်ရာနဲ့ ဆင်တူတဲ့ ပန်းပုတွေကို မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီသစ်သား အဆောက်အအုံဟာ မီးဘေးသင့်ခဲ့တာကြောင့် ၁၉၇၄-၁၉၇၅ ခုနှစ်မှာ ပြန်လည်တည်ဆောက် ခဲ့ရပါတယ်။
#Zlann_Podcast #ဇာတ်လမ်း #ဝူထိုင်တောင် #MountWutai #တရုတ်ဗုဒ္ဓဘာသာ #သာသနာ့နယ်မြေ #ရှေးဟောင်းဘုရားကျောင်း #ထန်မင်းဆက် #ကမ္ဘာ့အမွေအနှစ်