“ထိန်းသိမ်းစောင့်ရှောက်ရမည့် ဧရာဝတီလင်းပိုင်”

ဧရာဝတီလင်းပိုင်တွေဆိုတာ ရေနေနို့တိုက်သတ္တဝါဖြစ်ပြီး အရှေ့တောင်အာရှဒေသရဲ့ ထင်ရှားတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ရေနေ နို့တိုက်သတ္တဝါအုပ်စုအတွင်းမှာ ဝေလငါး၊ လင်းပိုင်၊ လင်းရှူးတို့က အုပ်စုတစ်စုတည်းအဖြစ် ရပ်တည်လျက်ရှိပြီး မျိုးစိတ်ပေါင်း ၈၀ ကျော် ပါဝင်တဲ့ ယင်းတို့ကိုခြုံငုံပြီး စီတာရှန် (Cetacean) လို့ခေါ်ဆိုပါတယ်။ စီတာရှန်ဆိုတာ ဂရိနဲ့ လက်တင် ဘာသာစကားမှ ဆင်းသက်လာခြင်း ဖြစ်ပြီး “အလွန်ကြီးမားတဲ့ ရေသတ္တဝါ” လို့ အဓိပ္ပာယ်ဖော်ဆောင်ပါတယ်။

သဘာဝဗေဒပညာရှင် ဂျွန်အန်ဒါဆင် (၁၈၇၁-၁၈၇၉) က ဧရာဝတီမြစ်အောက်ပိုင်း ပြည်မြို့ နဲ့ ရေနံချောင်းမြို့ အထက်ပိုင်း ဗန်းမော်မြို့ ဝန်းကျင် (ပထမမြစ်ကျဉ်းအနီး)မှာ နှုတ်သီးမပါတဲ့ လင်းပိုင်ကို တွေ့ရှိခဲ့ပါတယ်။ ဂျွန်အန်ဒါဆင်က စီတာရှန် မျိုးစိတ်သစ် တွေ့ရှိမှု စာတမ်းကို အင်္ဂလန် သတ္တဗေဒ အသင်းကြီးထံ တင်သွင်းပါတယ်။ ဧရာဝတီမြစ်အတွင်းကနေ စတင်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့တဲ့အတွက် နှုတ်သီးမပါတဲ့ လင်းပိုင်ကို ဧရာဝတီလင်းပိုင်လို့အမည်ပေးခဲ့ပြီး သိပ္ပံနည်းကျ အဆင့်ဆင့်မျိုးခွဲခြားပြီးနောက် ရရှိခဲ့တဲ့ သိပ္ပံအမည်က အော်စေလာ ဘရီဗိုင်ရိုစထရစ် (Orcaella brevirostris) ဖြစ်ပါတယ်။ ဘရီဗိုင်ရိုစထရစ် ဆိုတာ ဂရိဘာသာစကားဖြစ်ပြီး နှုတ်သီးမဲ့ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ လင်းပိုင်အများစုက နှုတ်သီးရှည်ပါပေမဲ့ ဧရာဝတီလင်းပိုင်တွေက နှုတ်သီးမပါခြင်း၊ ရေချိုတွင်သာ နေထိုင် ကျက်စားခြင်းက အခြားမျိုးစိတ်တွေနဲ့ ကွဲပြားပါတယ်။ ဝေလငါး၊ လင်းပိုင်၊ လင်းရှူး မျိုးစိတ်အများစုက ပင်လယ် သမုဒ္ဒရာပိုင်းမှာ နေထိုင်ကျက်စားပြီး လင်းပိုင်မျိုးစိတ်အချို့သာ ရေချိုမှာ နေထိုင်ကျက်စားပါတယ်။ ဧရာဝတီလင်းပိုင်မျိုးစိတ်က ရေချိုမြစ်နဲ့ ပင်လယ်ကမ်းရိုးတန်း ရေတိမ်ပိုင်းနေရာနှစ်ခုမှာ နေထိုင် ကျက်စားပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင်နဲ့ပတ်သက်လို့ မှတ်တမ်းမှတ်ရာတွေလည်းရှိပါတယ်။ အေဒီ ၁ ရာစုကနေ ၅ ရာစု အတွင်းတည်ရှိခဲ့တဲ့ ဗိဿနိုးမြို့ဟောင်းအတွင်း မြေအရိုးပြာအိုးရဲ့ အပေါ်နှုတ်ခမ်းပတ်လည်မှာ ဧရာဝတီလင်းပိုင်ရုပ်တုတွေနဲ့ တန်ဆာဆင်ထားတာကို တွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိခြင်းကြောင့် ဧရာဝတီလင်းပိုင်တွေဟာ အေဒီ ၈ ရာစုထက်စောပြီး ဧရာဝတီမြစ်အတွင်း ကျက်စားခဲ့တယ် ဆိုတာ တိတိကျကျ သတ်မှတ်နိုင်ခြင်းဖြစ်ပါတယ်။

အေဒီ ၈ ရာစု တရုတ်ပြည် တန်မင်းဆက်သမိုင်း မှတ်တမ်း (New Tang History) ကို ကိုးကားပြီး ပါမောက္ခလုစ်က ခေတ်ဟောင်း ပျူစာတမ်းမှာ တရုတ်လူမျိုးတို့နဲ့ ပျူလူမျိုးတို့က ဧရာဝတီလင်းပိုင်ကို မြစ်ဝက် (River Pig) လို့ ခေါ်ဆိုခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါကိုထောက်ရှူခြင်းအားဖြင့် ဧရာဝတီမြစ်အတွင်း လင်းပိုင်တွေ နေထိုင်ကျက်စားမှုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကလို့ သတ်မှတ်ရမှာပါ။

လင်းပိုင်တစ်ကောင် မွေးဖွားဖို့ ၁၄ လကြာ ကိုယ်ဝန်ဆောင်ရလေ့ရှိပါတယ်။ အကောင်လိုက်မွေးဖွားခြင်းဖြစ်ပြီး တစ်ကြိမ်မှာ တစ်ကောင်သာ မွေးဖွားလေ့ရှိပေမဲ့ တစ်ခါတရံမှာ အမြွှာမွေးဖွားတတ်ပါတယ်။ မိခင်က သားပေါက်ငယ်ကို ၁၈ လအထိ နို့တိုက်ပြီး သုံးနှစ်တိုင် စောင့်ရှောက်လေ့ရှိပါတယ်။

ဒီလိုရေချိုမျိုးစိတ်က အလွန်ရှားပါးပြီး အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့တောင်အာရှဒေသရဲ့ မြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီမြစ်၊ ဂင်္ဂါမြစ် နဲ့ မဲခေါင်မြစ်တို့အပြင် အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းပေါ်ရှိ မဟာခန်မြစ်ကြီးမှာလည်း နေထိုင်ကျက်စားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဧရာဝတီမြစ်၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ မြိတ်ကျွန်းစုတို့မှာ တွေ့မြင်နိုင်ပါတယ်။

ဧရာဝတီလင်းပိုင်တွေရဲ့ ပုံပန်းသဏ္ဍာန်က အလွန်ချစ်စရာကောင်းပြီး ၎င်းတို့ရဲ့ ထူးခြားချက်တစ်ခုက တံငါသည်တို့နဲ့အတူ ငါးဖမ်းဆီးခြင်းဖြစ်ပါတယ်။ မင်းကွန်း၊ မန္တလေးမြောက်ဘက်ရှိ မြင်ဇွန်းရွာအနီးမှာ ရှေးနှစ်ပေါင်းများစွာ ဘိုးဘွားတို့လက်ထက်ကတည်းက လင်းပိုင်တွေရဲ့ အကူအညီနဲ့ ငါးဖမ်းခဲ့ကြပါတယ်။ လင်းပိုင်တွေက တံငါလှေတွေကို သိရှိပြီး သစ်သားချောင်းနဲ့ လှေကို ခေါက်လိုက်မယ်ဆိုရင် လင်းပိုင်တွေ လှေအနားကို ရောက်လာတတ်ပါတယ်။ အဲဒီနောက် လင်းပိုင်တွေက ငါးရှိနိုင်တဲ့နေရာတွေကို သူတို့ရဲ့ အမြီးနဲ့အချက်ပြပေးတဲ့အခါ တံငါရေလုပ်သားတို့က ကွန်ပစ်လို့ ငါးဖမ်းကြပါတယ်။ ဒီလိုငါးဖမ်းနည်းက မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာသာ ရှိတဲ့ ဧရာဝတီလင်းပိုင်နဲ့ လက်ပစ်ကွန် ရေလုပ်သားတို့ ပူးပေါင်းငါးဖမ်းဆီးမှုဖြစ်ပါတယ်။ ဧရာဝတီလင်းပိုင်နဲ့ လက်ကွန်ပစ် ရေလုပ်သားတို့ ပူးပေါင်းငါးဖမ်းဆီးမှု ဓလေ့ကို လက်ဆင့်ကမ်းနိုင်ဖို့အတွက် ၂၀၁၂ ခုနှစ်မှစတင်ပြီး လင်းပိုင်ကြည့်ရှုခြင်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ခဲ့ပါတယ်။

ဧရာဝတီလင်းပိုင်နဲ့ တံငါရေလုပ်သားတို့ ပူးပေါင်းငါးဖမ်းဆီးမှုကို ကမ္ဘာလှည့်ခရီးသွားတွေသာမက ပြည်တွင်းခရီးသွားတွေကလည်း အထူးစိတ်ဝင်စားကြပါတယ်။ အဲဒီလို ထူးခြားတဲ့ ငါးဖမ်းဆီးမှုအခြေအနေကို အကြောင်းပြုလို့ ခရီးသွားဒေသဖန်တီးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်ဖို့အတွက် တစ်ချိန်က စီစဉ်ဆောင်ရွက်ခဲ့ကြပါတယ်။

မြန်မာပြည်ရဲ့ ရတနာတစ်ပါးလို့ တင်စားရမည့် ဧရာဝတီလင်းပိုင်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်ပေမဲ့ လူတို့ရဲ့ ပယောဂကြောင့် နှစ်စဉ် သေဆုံးမှုတွေ ရှိနေပါတယ်။ ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းခြင်း၊ ဆေးခတ်ငါးဖမ်းခြင်းတွေကြောင့် ဧရာဝတီလင်းပိုင်တွေ ထိခိုက်သေဆုံးမှု များပြားခဲ့ပါတယ်။ ဒါ့အပြင် ငါးဖမ်းပိုက်နဲ့ ရွှေတူးဖော်ခြင်းကနေ ထွက်ရှိတဲ့ စွန့်ပစ်ရေတွေကြောင့်လည်း ဧရာဝတီမြစ်ရေ အရည်အသွေးယုတ်လျော့လာပြီး လင်းပိုင်သားပေါက်တွေနဲ့ ကိုယ်ဝန်ဆောင်လင်းပိုင်မတွေ သေဆုံးမှု ဖြစ်ပေါ်စေပါတယ်။ ဒီလိုစိန်ခေါ်မှုတွေက မြန်မာ့ရတနာဖြစ်တဲ့ ဧရာဝတီလင်းပိုင်တို့ရဲ့ ဘဝရှင်သန်နေထိုင်မှု အနာဂတ်အတွက် စိန်ခေါ်မှုတွေဖြစ်ပါတယ်။

လာအိုနိုင်ငံမှာတော့ နောက်ဆုံးရှင်ကျန်ခဲ့တဲ့ ဧရာဝတီလင်းပိုင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ငါးဖမ်းပိုက်နဲ့ ညိပြီး သေဆုံးသွားတဲ့အတွက် လာအိုနိုင်ငံမှာ ဧရာဝတီလင်းပိုင်တွေ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက ဧရာဝတီလင်းပိုင်၊ လင်းပိုင်နဲ့ ပူးပေါင်းငါးဖမ်းတဲ့ အလေ့အထတွေ မြန်မာနိုင်ငံကနေ ပျောက်ကွယ်ဖို့ အလွန်နီးစပ်နေပြီဖြစ်တဲ့အတွက် အလေးဂရုပြု ကာကွယ်စောင့်ရှောက်ကြပါလို့ အရပ်ဘက်အဖွဲ့အစည်းတွေက သတိပေးပြောဆိုထားကြပါတယ်။

#ဧရာဝတီလင်းပိုင် #IrrawaddyDolphin #မြန်မာ့လင်းပိုင် #DolphinConservation #ထိန်းသိမ်းရေး

More Interesting Blogs from Zlann