“ပိုးထည်တွေနဲ့အတူ ရှင်သန်နေဆဲဖြစ်တဲ့ မိဖုရားကြီး ဆီလင်ရှီ”

ပိုးသားဟာ ပါးလွှာပြီး ခိုင်ခံ့တဲ့ အမျှင်တစ်မျိုးနဲ့ ရက်လုပ်ထားတဲ့ အဝတ်အထည် ဖြစ်ပါတယ်။ ပိုးကောင်လေးတွေ ပိုးအိမ်ရက်လုပ်ရာမှာ ထွက်ရှိလာတဲ့ ပိုးမျှင်လေးတွေဟာ နူးညံ့ပျော့ပျောင်းပြီး ခိုင်ခံ့လွန်းတဲ့ အတွက် ရှေးခေတ်တရုတ်ပြည်မှာ အဝတ်အထည်အဖြစ် ရက်လုပ်ကာ ဝတ်ဆင်ကြပါတယ်။ အရည်အသွေး ကောင်းမွန်သလို အလွန်ကို တန်ဖိုးရှိလှတဲ့အတွက် တော်ဝင်သူတို့သာ ဝတ်ဆင်ခွင့်ရှိခဲ့တဲ့ အဝတ်အထည်လည်း ဖြစ်ပါတယ်။

ရှေးခေတ် တရုတ်ဧကရာဇ် အဆက်ဆက်တို့ဟာ ပိုးချည်ထုတ်လုပ်နည်းကို ထိပ်တန်းလျှို့ဝှက်ချက် တစ်ခုအနေနဲ့ ထားရှိခဲ့ပါတယ်။ လျှို့ဝှက်ချက် ပေါက်ကြားခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ဆွေစဉ်မျိုးဆက် ချမှတ်ကြပါတယ်။

ပိုးချည်ထုတ်တဲ့ ပိုးကောင်လေးတွေက လိပ်ပြာမျိုးနွယ်ဝင် ဖြစ်ပြီး သူတို့ရဲ့ သက်တမ်းအဆင့်ဆင့် ပြောင်းလဲမှုထဲက တစ်ဆင့်မှာတော့ ပိုးချည်အိမ် ဖွဲ့ပါတယ်။ တကယ်တော့ ပိုးချည်မျှင်တွေဆိုတာ ပိုးကောင်လေးရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ အရည်လေးတွေဖြစ်ပြီး အဲဒီအရည်တွေ ပြင်ပလေနဲ့ ထိတဲ့အခါ ခဲသွားပြီး အမျှင်လေးတွေ ဖြစ်လာပါတယ်။ ပိုးဥအိမ်ကနေ ပိုးချည်မျှင်ကို အမျှင်မပြတ် ထုတ်ယူလို့ရအောင် ရေနွေးနဲ့ ပြုတ်ပြီး ထုတ်ယူပါတယ်။

ပိုးချည် ဖြစ်ပေါ်လာပုံနဲ့ပတ်သက်လို့ ဇာတ်လမ်းတွေက သမိုင်းနဲ့ ဒဏ္ဍာရီတို့ ရောထွေးလျက်ရှိပါတယ်။ ဧကရာဇ်ကြီး ဟွမ်တီ (Huangdi) ရဲ့ မိဖုရား ဆီလင်ရှီ (Leizu) ဟာ ပိုးမွေးမြူရေးနဲ့ ပိုးထည်လုပ်ငန်း စတင်တီထွင်သူအဖြစ် သတ်မှတ်ဂုဏ်ပြုခံရပါတယ်။ သူမဟာ တရုတ်ယဉ်ကျေးမှု အမွေအနှစ်အတွက် အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

အကျော်ကြားဆုံး ဒဏ္ဍာရီမှာတော့- မိဖုရားကြီး ဆီလင်ရှီဟာ ဥယျာဉ်ထဲမှာရှိတဲ့ သဖန်းပင် (သို့မဟုတ် ဇီးဖြူပင်) အောက်မှာ ထိုင်နေစဉ် သဖန်းသီး (သို့မဟုတ် ပိုးအိမ်) တစ်လုံးက သူမလက်ဖက်ရည်ခွက်ထဲ ကျသွားပါတယ်။ အဲဒီ ပိုးအိမ်ထဲမှာ ပိုးကောင်တစ်ကောင်ရှိနေပြီး သူမ ကြည့်ရှုနေစဉ် ပိုးအိမ်ကနေ ပါးလွှာတောက်ပတဲ့ အမျှင်တွေ ထုတ်လွှတ်နေတာကို တွေ့ရှိခဲ့ပါတယ်။ မိဖုရားကြီး သတိထားမိတာက ပိုးအိမ်ရဲ့ အမျှင်ဟာ ရှည်လျားပြီး နူးညံ့လှပသလို ခိုင်လည်းခိုင်ခံ့ပါတယ်။

နောက်ပိုင်းမှာတော့ မိဖုရားကြီးက ဘုရင့်ထံကနေ မြေကွက်တောင်းယူပြီး ပိုးမျှင်ကောင်တွေကို မွေးမြူပါတယ်။ သူမဟာ ပိုးဖလံတွေကို မွေးမြူခဲ့သလို ပိုးချည်ငင်ခြင်းနဲ့ ပိုးထည်ရက်လုပ်ခြင်းဆိုင်ရာ နည်းပညာတွေကိုလည်း တီထွင်ပါတယ်။ ပိုးချည်ကနေထုတ်လုပ်တဲ့ ပိုးထည်အဝတ်တွေကို ချုပ်လုပ်ဝတ်ဆင်ရာကနေ ပိုးထည်ယဉ်ကျေးမှုဟာ တရုတ်နိုင်ငံသမိုင်းမှာ စတင်ခဲ့ပါတယ်။

သူမဟာ တကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်လား ဒါမှမဟုတ် ဒဏ္ဍာရီလာ ဇာတ်လမ်းလားဆိုတာနဲ့ပတ်သက်ပြီး ငြင်းခုံမှုတွေရှိပေမဲ့ မိဖုရားကြီး ဆီလင်ရှီဟာ တရုတ်ရိုးရာ ယဉ်ကျေးမှု ပိုးထည်လုပ်ငန်းရဲ့ သင်္ကေတ အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်။ မိဖုရားကြီး ဆီလင်ရှီရဲ့ တီထွင်မှုဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုကို နှစ်ထောင်ချီကြာအောင် အကျိုးပြုခဲ့ပါတယ်။ သူမဟာ ဒဏ္ဍာရီနဲ့ သမိုင်းကြားက ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်ပေမဲ့ တရုတ်ရိုးရာ ယဉ်ကျေးမှုမှာ အလွန်လေးစားဂုဏ်ပြုခံရတဲ့ အမျိုးသမီးကြီးတစ်ဦး ဖြစ်ပါတယ်။

ပိုးထည်တွေ ပေါ်ပေါက်လာပြီးနောက် အဲဒီအထည်တွေကို တော်ဝင်ဘုရင့် ဆွေတော်မျိုးတော်တွေသာ ဝတ်ဆင်ခွင့် ရကြပါတယ်။ နောက်ပိုင်းမှာတော့ နန်းတွင်းအဆင့် အမတ်တွေနဲ့ သူဌေးသူကြွယ်တွေ ဝတ်ဆင်ခွင့် ရပါတယ်။

ပိုးထည်လုပ်ငန်းက ရှေးခေတ်တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာ ကမ္ဘာ့ပိုးထည်ဈေးကွက်ကို လွှမ်းမိုးခဲ့ပါတယ်။ ရှေးအခါက တရုတ်နိုင်ငံရဲ့ အဓိက ပို့ကုန်ဟာ ပိုးထည် ဖြစ်ပြီး ပိုးထည်ဟာ တရုတ်ပြည်တွင်းမှာသာမက ပြည်ပမှာပါ တန်ဖိုးအလွန်မြင့်မား ပါတယ်။ တရုတ်ဘုရင် အဆက်ဆက်ဟာ ပိုးထည်ရက်လုပ်နည်းကို ထိပ်တန်းလျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းခဲ့ကြပါတယ်။ ပိုးမျှင်ထုတ်လုပ်ပေးတဲ့ ပိုးကောင်လေးကို လက်ဝယ်ပိုင်ဆိုင်မိရုံနဲ့ မင်းပြစ်မင်းဒဏ်သင့်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရပါတယ်။

တရုတ်မင်း အဆက်ဆက်ဟာ ပိုးမျှင်ထုတ်လုပ်နည်း လျှို့ဝှက်ချက်ကို နှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ခဲ့ပေမဲ့ ခရစ်နှစ် ၅၅၀ လောက်မှာ ဘန်ဇန်တိုင်း အင်ပါယာနဲ့ ဆက်ဆံရေး အစပြုချိန်မှာ ဘန်ဇန်တိုင်း အင်ပါယာမှ ဘုန်းတော်ကြီး ၂ ပါးဟာ ပိုးကောင်ဥလေးကို သူတို့နိုင်ငံထဲကို ယူဆောင်သွားခဲ့ပါတယ်။ သူတို့ဟာ ဝါးလုံးတုတ်ချောင်းထဲမှာ ပိုးကောင်ဥကို ထည့်သွင်းကာ ယူဆောင်သွားကြခြင်းဖြစ်တယ်လို့ ဆိုကြပြီး အဲဒီကမှ ကမ္ဘာတစ်ဝန်းကို ပြန့်နှံ့သွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာလည်း ရှေးနှစ်ပေါင်းများစွာကတည်းကနေ ဒီကနေ့အချိန်ထိ ပိုးထည်အမျိုးမျိုးကို အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်လျက်ရှိနေဆဲ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ပိုးထည်ဆိုတာ နိုင်ငံတကာ စင်မြင့်ထက်မှာ ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပြီး မိဖုရားကြီး ဆီလင်ရှီ ဆိုတာကလည်း ပိုးထည်တွေနဲ့အတူ ရှင်သန်ကျော်ကြားနေဦးမှာ ဖြစ်ပါတယ်။

#Zlann_Podcast #ဇာတ်လမ်း #ပိုးထည် #မိဖုရားဆီလင်ရှီ #xilingshi #တရုတ်ပိုးထည်သမိုင်း #ရှေးတရုတ်ယဉ်ကျေးမှု #ပိုးလမ်းမ #ပိုးထည်ဒဏ္ဍာရီ

More Interesting Blogs from Zlann