“ဂန္ထဝင် ရေကြောင်းပညာရှင် ကျိန့်ဟော်နှင့် အနောက်သမုဒ္ဒရာပေါ်က အံ့ဖွယ်ခရီးစဉ်များ”

တရုတ်နိုင်ငံသမိုင်းမှာ စွန့်စားခရီးတွေသွားခဲ့တဲ့ ရေကြောင်းပညာရှင် ကျိန့်ဟော် (Zheng He) ဆိုသူ ရှိခဲ့ပါတယ်။ သူဟာ မင်မင်းဆက်ခေတ်မှာ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ အရှေ့အာဖရိကတိုက်တွေဆီ ပင်လယ်ခရီးစဉ် (၇) ကြိမ်တိုင်တိုင် ဦးဆောင်ရွက်လွှင့်ခဲ့သူ စစ်ရေးပညာရှင်၊ ရေကြောင်းပညာရှင်နဲ့ သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်တွေဟာ သမိုင်းမှာ ‘ကျိန့်ဟော်ရဲ့ အနောက်သမုဒ္ဒရာ ခရီးစဉ်များ (Zheng He to the Western Ocean)’ ဆိုပြီး ကျော်ကြားခဲ့ပါတယ်။
ကျိန့်ဟော်ရဲ့ နာမည်အရင်းမှာ မာဟော် (Ma He) ဖြစ်ပြီး မာဆန်းပေါင် (Ma Sanbao) လို့လည်း သိကြပါတယ်။ သူဟာ ဟွေလူမျိုးတစ်ယောက် ဖြစ်ပါတယ်။ ဟွေလူမျိုးဆိုတာကတော့ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ တရုတ်လူမျိုးတွေကို ဆိုလိုတာဖြစ်ပါတယ်။ သူ့ရဲ့ဘိုးဘေးတွေဟာ မက္ကာ (Mecca) သွားပြီး ဟာဂျီဘွဲ့ ခံယူထားသူတွေ ဖြစ်ပါတယ်။
ကျိန့်ဟော်ကို ၁၃၇၁ ခုနှစ်တွင် ယူနန်မှာ မွေးဖွားခဲ့ပြီး ဒုတိယမြောက်သားဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ကွန်ဖြူးရှပ်နဲ့ မင်စီးယပ်စ် (Mencius) တို့ရဲ့စာအုပ်တွေကို နှစ်ခြိုက်သဘောကျသူလို့လည်း တချို့က ဆိုကြပါတယ်။ နောက်ပြီး ကမ္ဘာကြီးအကြောင်းကိုလည်း ကလေးဘဝတည်းက စူးစမ်းခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဖခင်နဲ့ အဘိုးတို့ဟာ အစ္စလာမ်ဘာသာအရ မွန်မြတ်သန့်စင်တဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ မက္ကာ (ယခု ဆော်ဒီအာရေဗျ) ကို သွားရောက်ခဲ့သူတွေဖြစ်တာကြောင့် သူဟာ အဲဒီခရီးစဉ်တစ်လျှောက်က လူတွေနဲ့ နေရာဒေသတွေအကြောင်းကို ဖခင်ဆီမှာ မကြာခဏ မေးမြန်းတတ်ပါတယ်။
၁၃၈၁ ခုနှစ်၊ မာဟော် အသက် (၁၀) နှစ်အရွယ်မှာတော့ မမျှော်လင့်ဘဲ ဖခင်ဖြစ်သူ ဆုံးပါးခဲ့ပါတယ်။ အဲဒီအချိန်မှာ ယူနန်ကို မင်မင်းဆက်ရဲ့ စစ်တပ်တွေ ထိုးဖောက်ဝင်ရောက်လာပြီး မာဟော် အပါအဝင် ရွယ်တူကလေးအတော်များများကို မင်နန်းတွင်းမှာ မိန်းမစိုးအဖြစ် အမှုထမ်းဖို့အတွက် ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက် မာဟော်ကို ဟုန်ဝူဧကရာဇ် (Hongwu Emperor) ရဲ့သားတော် ယန့်မင်းသား (Prince of Yan) ကျူးတိ (Zhu Di) ထံမှာ အမှုထမ်းဖို့ စေလွှတ်ခဲ့ပါတယ်။ အမှုထမ်းစဉ်မှာ မာဟော်ဟာ လုပ်ရည်ကိုင်ရည်ရှိတာကြောင့် မင်းသားက သတိထားမိခဲ့ပါတယ်။ အဲဒီနောက် စစ်ရေးလေ့ကျင့်သင်ကြားခဲ့ရပြီး မကြာခင်မှာ ယန့်မင်းသားရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါတယ်။
မာဟော်ဟာ ကျူးတိရဲ့ ကိုယ်ရံတော်စစ်သားအဖြစ် အမှုထမ်းခဲ့ပြီး မွန်ဂိုတို့နဲ့ မကြာခဏဆင်နွှဲရတဲ့ စစ်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ဟုန်ဝူဧကရာဇ်ရဲ့ နန်ကျင်းမြို့တော်မှာတော့ မိန်းမစိုးတွေကို မယုံကြည်တာကြောင့် နိုင်ငံ့ရေးရာတာဝန်တွေနဲ့ စာသင်ကြားခွင့်တွေ ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ ယန့်မင်းသား ပေဖိန် (ယခု ပေကျင်း) မြို့ကို အုပ်ချုပ်တဲ့အခါ မာဟော်လည်း အတူလိုက်ပါခဲ့ရတာကြောင့် ပညာဆက်လက်သင်ကြားခွင့် ရရှိခဲ့တယ်။ ဒါကြောင့် မာဟော်ဟာ ယန့်မင်းသားကို ကျေးဇူးရှင်တစ်ယောက်အဖြစ်နဲ့ သစ္စာစောင့်သိ ကျိုးနွံခဲ့တာ ဖြစ်ပါတယ်။
ဟုန်ဝူဧကရာဇ် နတ်ရွာစံတဲ့အခါမှာတော့ ယန့်မင်းသားတို့လို သားတော်ဖြစ်သူတွေက ထီးနန်းမရရှိခဲ့ဘဲ မြေးတော်စပ်သူ ကျူးယွင်ဝမ် (Zhu Yunwen) က ကျန့်ဝမ်ဧကရာဇ် (Jianwen Emperor) အဖြစ်နဲ့ နန်းရခဲ့ပါတယ်။ ကျန့်ဝမ်ဧကရာဇ်ဟာ ယန့်မင်းသားအပါအဝင် ဦးရီးတော်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ပုံစံအမျိုးမျိုးနဲ့ ထိန်းချုပ်ခဲ့ပါတယ်။ ဒါကြောင့် တူဖြစ်သူ ကျန့်ဝမ်ဧကရာဇ်ကို ဦးလေးဖြစ်သူ ယန့်မင်းသားက တော်လှန်ပုန်ကန်တဲ့ ကျင့်နန့်လှုပ်ရှားမှု (Jingnan campaign) (၁၃၉၉-၁၄၀၂) စတင်ခဲ့ပါတယ်။ အဲဒီနောက် ၁၄၀၂ ခုနှစ်မှာ ယန့်မင်းသား ကျူးတိက ထီးနန်းကို ရရှိခဲ့ပြီး ယုံလော့ဧကရာဇ် (Yongle Emperor) အဖြစ် နန်းတက်လာခဲ့ပါတယ်။
ယုံလော့ဧကရာဇ်အဖြစ် နန်းတက်ပြီးနောက်မှာတော့ မြို့တော်ကို နန်ကျင်းကနေ ပေကျင်းမြို့ကို ပြောင်းရွှေ့ခဲ့ပြီး တားမြစ်နန်းတော် (Forbidden City) လို့ သိကြတဲ့ နန်းတော်ကိုလည်း တည်ဆောက်ခဲ့ပါတယ်။ နောက်ပြီး မာဟော်ကိုလည်း ‘ကျိန့်’ ဆိုတဲ့ မျိုးရိုးနာမည် ချီးမြှင့်ကာ ကျိန့်ဟော်အဖြစ်နဲ့ နန်းတွင်း မိန်းမစိုးအကြီးအကဲရာထူး (Grand Eunuch) ကို ပေးအပ်ခဲ့ပါတယ်။ ရာထူးမြင့်မားလာတာနဲ့အတူ ကျိန့်ဟော်မှာ လုပ်ဆောင်ရမယ့် တာဝန်တွေလည်း တိုးလာပါတယ်။ သူဟာ နန်းတော်တည်ဆောက်ပြုပြင်ရေးကို တာဝန်ယူရပြီး လက်နက်တွေအကြောင်းကိုလည်း ပိုမိုလေ့လာခဲ့ရပါတယ်။ ဒါ့အပြင် သင်္ဘောတည်ဆောက်မှုအပိုင်းမှာလည်း ပါဝင်ကြီးကြပ်လာရပါတယ်။ သူ့ရဲ့ သင်္ဘောတည်ဆောက်ရေး ဗဟုသုတတွေဟာ အနာဂတ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေဆီကို ဦးတည်လာခဲ့ပါတယ်။
ယုံလော့ဧကရာဇ်ဟာ တိုင်းပြည်ရဲ့ အင်အားကြီးမားပုံကို ပြသရန်၊ ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်လှစ်ရန် စသဖြင့် ဩဇာတိက္ကမကြီးမားမှုကို ချဲ့ထွင်ရန် ကြီးမားတဲ့ သင်္ဘောတွေကို တည်ဆောက်ခဲ့ပါတယ်။ ၁၄၀၃ ခုနှစ်မှာတော့ ကုန်သွယ်ရေးသင်္ဘော၊ စစ်သင်္ဘောနဲ့ ထောက်ပံ့ရေးသင်္ဘောတွေပါဝင်တဲ့ ရတနာရေတပ် (Treasure Fleet) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီရေတပ်ကိုတော့ ကျိန့်ဟော်က ဦးစီးခဲ့ရပြီး တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာတစ်လျှောက်ကို ရွက်လွှင့်ခရီးဆက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်ကစလို့ ကျိန့်ဟော်ဟာ ရေကြောင်းပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ရင်း နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေး မြှင့်တင်နိုင်ရန်အတွက် သံတမန်ဖြစ်လာပါတယ်။
၁၄၀၅ ခုနှစ်၊ ဇူလိုင်လမှာတော့ ကျိန့်ဟော်ရဲ့ ပထမဆုံးခရီးစဉ် စတင်ခဲ့ပြီး သင်္ဘောအစီးရေ ၃၀၀ နီးပါးနဲ့ သင်္ဘောသားဦးရေ ၂၈,၀၀၀ ခန့်တို့ လိုက်ပါခဲ့ပါတယ်။ သူ့ရဲ့ ရေတပ်အင်အားဟာ အဲဒီအချိန်တုန်းကတော့ ကမ္ဘာ့အကြီးမားဆုံး ရေတပ်ကြီးတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ခရီးစဉ်ဟာ ကျန်းစူးပြည်နယ် (Jiangsu Province) ကနေ စတင်ခဲ့ပြီး ချန်ပါ (ယခု ဗီယက်နမ်နိုင်ငံတောင်ပိုင်း) ကို ဦးစွာ ရောက်ရှိခဲ့ပါတယ်။ ကျိန့်ဟော်က ဘုရင်နဲ့တွေ့ပြီး လက်ဆောင်ပဏ္ဏာတွေ ပေးအပ်ခဲ့ကာ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီနောက် ဂျာဗား၊ ဆူမတြားနဲ့ မလက္ကာကျွန်းတို့ကို ရောက်ရှိခဲ့ပြီး အိန္ဒိယသမုဒ္ဒရာအတိုင်း ခရီးနှင်ကာ အိန္ဒိယနိုင်ငံ၊ ကိုချင်နဲ့ ကယ်လီကတ်မြို့တို့ကိုလည်း ခရီးဆက်ခဲ့ပါတယ်။ ခရီးလမ်းတစ်လျှောက်လုံးမှာတော့ အမွှေးအကြိုင်ပစ္စည်းတွေနဲ့ ကုန်ပစ္စည်းမျိုးစုံတို့ကို ကုန်သွယ်ခဲ့ပြီး တော်ဝင်နန်းတော်တွေဆီကိုလည်း အလည်အပတ် သွားရောက်ကာ ဧကရာဇ်ကိုယ်စား ချစ်ခင်ရင်းနှီးမှုတွေကို တည်ဆောက်ခဲ့ပါတယ်။ ၁၄၀၇ ခုနှစ်မှာတော့ တရုတ်ပြည်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ဒီလိုနဲ့ ဒုတိယမြောက်ခရီးစဉ်ကို ၁၄၀၈ ခုနှစ်မှာ စတင်ခဲ့ပြီး ၁၄၀၉ ခုနှစ်မှာ ပြန်လည်ရောက်ရှိခဲ့သလို တတိယမြောက်ခရီးစဉ်ကိုတော့ ၁၄၀၉ ခုနှစ်မှာ ပြန်လည်စတင်ကာ ၁၄၁၁ ခုနှစ်မှာ ပြီးမြောက်ခဲ့ပါတယ်။ ဒုတိယနဲ့ တတိယခရီးစဉ်တွေကတော့ ပထမဆုံးသွားခဲ့တဲ့ ခရီးလမ်းကြောင်းအတိုင်း သွားခဲ့ပြီး ဆိုင်ယမ် (ယခု ထိုင်းနိုင်ငံ) နဲ့ မလေးကျွန်းဆွယ်ဒေသတွေဆီ ရောက်ရှိခဲ့ပါတယ်။ ၁၄၁၃ ခုနှစ်မှာ ပြန်လည်စတင်ခဲ့တဲ့ စတုတ္ထမြောက်ခရီးစဉ်မှာတော့ ဧကရာဇ်ဟာ တိုင်းပြည်ရဲ့ ကြွယ်ဝမှုနဲ့ အင်အားကို ပြသလိုစိတ် ပိုမိုပြင်းထန်လာတာကြောင့် သင်္ဘောအစီးရေနဲ့ သင်္ဘောသားဦးရေကို တိုးမြှင့်လိုက်ပါတယ်။ အဲဒီနောက် ရှေးက ခရီးစဉ်တွေအတိုင်း သွားရောက်ခဲ့ပြီး မလေးကျွန်းဆွယ်ကနေ သီရိလင်္ကာနိုင်ငံကို ရောက်ရှိကာ အိန္ဒိယနိုင်ငံ ကယ်လီကတ်ကို ခရီးဆက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကယ်လီကတ်မြို့မှာ မရပ်နားတော့ဘဲ မော်ဒိုက်နဲ့ လက္ကာဒိုက်ကျွန်းတွေဆီ ဆက်လက်ခရီးနှင်ကာ ပါရှားပင်လယ်ကွေ့က ဟော်မုဇ်မြို့မှာ ရပ်နားခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံးမှာလည်း ကုန်ပစ္စည်းမျိုးစုံကို နိုင်ငံအသီးသီးက အုပ်စိုးသူတွေနဲ့ အပြန်အလှန်ဖလှယ်ခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျိန့်ဟော်ဟာ ဧကရာဇ်မင်းနဲ့ တွေ့ဆုံပေးဖို့အတွက် နိုင်ငံအသီးသီးက သံတမန်တွေနဲ့ ကိုယ်စားလှယ်တွေကို တစ်ပါတည်းခေါ်ဆောင်လာခဲ့ရုံသာမက သစ်ကုလားအုတ်လိုမျိုး ဒေသအသီးသီးက ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်တွေနဲ့ လက်ဆောင်ပဏ္ဏာတွေကိုလည်း သယ်ဆောင်လာခဲ့ပါတယ်။ ၁၄၁၅ ခုနှစ်မှာတော့ စတုတ္ထမြောက်ခရီးစဉ် အဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက် ဧကရာဇ်က ၁၄၁၇ ခုနှစ်မှာ သံတမန်တွေကို ပြန်ပို့ဖို့ အမိန့်ပေးခဲ့တာကြောင့် ပဉ္စမမြောက်ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း ရှေးက ခရီးလမ်းကြောင်းတွေအတိုင်း သွားခဲ့ပြီး အာဖရိကရှိ ဆိုမာလီယာကမ်းရိုးတန်းကို ဦးတည်ကာ ကင်ညာနိုင်ငံအထိ ခြေဆန့်ကာ ၁၄၁၉ ခုနှစ်မှာ တရုတ်ပြည်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ဆဋ္ဌမမြောက်ခရီးစဉ်ကိုတော့ ၁၄၂၁ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အကြိမ်ကြိမ်သွားခဲ့ဖူးတဲ့ ဆိပ်ကမ်းတွေ၊ မြို့တွေနဲ့ ဒေသတွေဆီကို ပြန်သွားခဲ့ရုံသာမက ဆိုမာလီယာနိုင်ငံက မိုဂါဒီရှူးမြို့ (Mogadishu) အထိ ရောက်ရှိခဲ့ပြီး ၁၄၂၂ ခုနှစ်မှာ တရုတ်ပြည်ကို ပြန်လာခဲ့ပါတယ်။ ကျိန့်ဟော် ရောက်ရှိပြီး မကြာခင် ၁၄၂၄ ခုနှစ်မှာတော့ ယုံလော့ဧကရာဇ် နတ်ရွာစံခဲ့ပါတယ်။ ယုံလော့ဧကရာဇ် နတ်ရွာစံပြီးနောက်မှာတော့ အကြီးဆုံးသားဖြစ်တဲ့ ကျူးကောင်းချီ (Zhu Gaochi) က ဟုန်ရှီးဧကရာဇ် (Hongxi Emperor) အဖြစ် နန်းတက်ခဲ့ပါတယ်။ ဟုန်ရှီးဧကရာဇ်ဟာ နန်းတက်ပြီး မကြာမီ ၁၄၂၅ ခုနှစ်မှာပဲ နှလုံးရောဂါနဲ့ နတ်ရွာစံခဲ့ပါတယ်။ ဒါကြောင့် မကြာခင်မှာပဲ သားဖြစ်သူ ကျူးကျန်းကျိ (Zhu Zhanji) က ရွှမ့်သယ်ဧကရာဇ် (Xuande Emperor) အဖြစ်နဲ့ ၁၄၂၆ ခုနှစ်မှာ နန်းတက်ခဲ့ပြန်ပါတယ်။ အဲဒီအချိန်ထိ ကျိန့်ဟော်ရဲ့ ရေကြောင်းခရီးစဉ်တွေဟာ ရပ်တန့်ထားခဲ့ရပါတယ်။
ရွှမ့်သယ်ဧကရာဇ်လက်ထက် ၁၄၃၁ ခုနှစ်မှာတော့ ကျိန့်ဟော်ရဲ့ သတ္တမမြောက်ခရီးစဉ် ပြန်လည်စတင်ခဲ့ပါတယ်။ ဒီလိုခရီးစဉ်ပြန်စနိုင်ဖို့အတွက် ကျိန့်ဟော်ဟာ ဆယ်နှစ်နီးပါး စောင့်ဆိုင်းခဲ့ရတာ ဖြစ်သလို သူ့အတွက်တော့ နောက်ဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။ ကျိန့်ဟော်ဟာ အိန္ဒိယနိုင်ငံ ကယ်လီကတ်မြို့ကို မရောက်မီ ဂျာဗား၊ ဆူမတြားနဲ့ အာရှဆိပ်ကမ်း အတော်များများကို သွားရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက် ခရီးစဉ်မှာတော့ သူဟာ ရေတပ်အဖွဲ့ကနေ ခေတ္တခွဲထွက်ပြီး အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ မက္ကာကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် ၁၄၃၃ ခုနှစ်အရောက်မှာတော့ ကျိန့်ဟော်ဟာ ခရီးလမ်းတစ်နေရာမှာ ဖျားနာပြီး တရုတ်ပြည်ကို ပြန်မရောက်နိုင်တော့ဘဲ ကွယ်လွန်ခဲ့ပါတယ်။
ကျိန့်ဟော်ဟာ ဥရောပက နယ်မြေရှာဖွေသူတွေဖြစ်တဲ့ ဗက်စကို ဒဂါးမား (Vasco da Gama) နဲ့ ခရစ္စတိုဖာ ကိုလံဘတ် (Christopher Columbus) တို့ထက် ပိုစောတဲ့ စူးစမ်းရှာဖွေသူ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်တွေဟာ မှတ်တမ်းတွေအလိုက် တစ်ကြိမ်နဲ့တစ်ကြိမ် ရောက်ရှိခဲ့တဲ့ ခရီးစဉ်တွေ ကွဲလွဲနိုင်ပေမယ့်လည်း အရှေ့အာဖရိကတို့လို နယ်မြေသစ်တွေထိ ရောက်ရှိခဲ့တာကြောင့် အင်ဒိုနီးရှား၊ အိန္ဒိယသမုဒ္ဒရာနဲ့ အာဖရိကကမ်းရိုးတန်းတွေမှာ ဥရောပသားတွေထက်ပိုစောကာ လွှမ်းမိုးနိုင်ခဲ့တယ် ဆိုတာကတော့ ငြင်းမရပါဘူး။

#ZLann #ZLann_Podcast #ZhengHe #ကျိန့်ဟော် #ChineseHistory #MaritimeHistory #ZhuDi #OceanVoyages #ရေကြောင်းပညာရှင် #တရုတ်သမိုင်း

More Interesting Blogs from Zlann