“စီချွမ်အော်ပရာရဲ့ မျက်နှာဖုံးပြောင်းလဲခြင်း အတတ်ပညာ”

ကမ္ဘာပေါ်မှာ အစောဆုံးပေါ်ပေါက်ခဲ့တဲ့ အော်ပရာတွေထဲမှာ တရုတ်ရိုးရာအော်ပရာလည်း ပါဝင်ပါတယ်။ တရုတ်ရိုးရာ အော်ပရာတွေရဲ့ တင်ဆက်ပုံနဲ့ ရသပေးစွမ်းပုံတွေဟာ အနောက်တိုင်း အော်ပရာတွေနဲ့ အနည်းငယ်ကွဲပြားပါတယ်။ အဓိကအားဖြင့် တရုတ်အော်ပရာတွေဟာ ဇာတ်ကောင် ပြင်ဆင်ခြယ်သမှု အပိုင်းကို ဦးစားပေးပြီး အရောင်အသွေးစုံလင်စွာနဲ့ ကပြတင်ဆက်တာ ဖြစ်ပေမယ့် အနောက်တိုင်း အော်ပရာတွေကတော့ ဂီတသံစဉ်နဲ့ ပရိသတ်တွေ မြောပါအောင် ဆွဲခေါ်သွားတာ ဖြစ်ပါတယ်။

အစောပိုင်း တရုတ်အော်ပရာတွေဟာ ပုံပြင်နဲ့ ဇာတ်လမ်းတွေကို အဆို၊ အပြော၊ နောက်ခံအသံတွေနဲ့ပဲ ရိုးရှင်းစွာ ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှ အဆို၊ အပြောတွေအပြင် အက၊ သိုင်းပညာနဲ့ စာပေယဉ်ကျေးမှုတွေ၊ ဇာတ်ဝတ် ဇာတ်စားတွေနဲ့ မိတ်ကပ်ပညာတွေကို ပေါင်းစပ်ပြီး ချဲ့ထွင်လာကြရင်း ကနေ ယနေ့ခေတ်မြင်ရတဲ့ တရုတ်အော်ပရာတွေအဖြစ် ရပ်တည်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် အော်ပရာတွေဟာ “တစ်ကျောင်း၊ တစ်ဂါထာ၊ တစ်ရွာ၊ တစ်ပုဒ်ဆန်း” ဆိုသလို နေရာဒေသအလိုက် အော်ပရာတစ်ဖွဲ့ချင်းစီရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ဖျော်ဖြေတင်ဆက်ပုံတွေလည်း မတူညီကြပါဘူး။
၁၉၅၀ ခုနှစ်ဝန်းကျင်လောက် တရုတ်နိုင်ငံတစ်ဝန်းလုံးမှာ ဒေသအလိုက် အော်ပရာ အမျိုးအစားပေါင်း ၃၅၀ ကျော်ထိ ရှိခဲ့ပြီး ယခုခေတ်မှာတော့ အမျိုးအစားပေါင်း ၂၀၀ ဝန်းကျင်လောက်ပဲကျန်ပါတော့တယ်။ စီချွမ်အော်ပရာဟာ ဟန်တရုတ်ရိုးရာ အော်ပရာတွေ ထဲက တစ်ခုဖြစ်ပြီး စီချွမ်ပြည်နယ် အရှေ့ပိုင်းနဲ့ အလယ်ပိုင်း၊ ချုံချင့်၊ ကွေ့ကျိုး၊ ယူနန်နဲ့ ဟူပေပြည်နယ် တို့အထိ ရေပန်းစားခဲ့ပါတယ်။

စီချွမ်အော်ပရာရဲ့ အစောပိုင်း အအောင်မြင်ဆုံးကာလကတော့ ထန်မင်းဆက်ခေတ် (Tang) နဲ့ မင်းဆက်ငါးဆက် (Five Dynasties) ကာလပဲ ဖြစ်ပါတယ်။ အဲဒီနောက် ချင်းမင်းဆက် (Qing) ခေတ် ရောက်တဲ့အခါမှာ လက်ရှိတွေ့မြင်ရတဲ့ လက္ခဏာရပ်တွေ အပြည့်အဝပါဝင်တဲ့ စီချွမ်အော်ပရာ အဖြစ် စတင် ပေါ်ပေါက်လာခဲ့ပါတယ်။ စီချွမ် အော်ပရာကိုတော့ ၂၀၀၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံတော်ကောင်စီက ပထမအသုတ် “အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း” မှာ ထည့်သွင်းခဲ့ပါတယ်။

စီချွမ်အော်ပရာလို့ ပြောလိုက်တာနဲ့ မျက်နှာဖုံးပြောင်းလဲခြင်း အတတ်ပညာကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။ မျက်နှာဖုံးပြောင်းလဲခြင်း အတတ်ပညာကို တရုတ်ဘာသာစကားနဲ့ ပြန့်လျန် (Bian Lian) လို့ခေါ်ပြီး ရုပ်ပြောင်း ရုပ်လွှဲပညာအဖြစ်လည်း သိကြပါတယ်။ ပြန့်လျန်ပညာဟာ စီချွမ်အော်ပရာမှာ မဖြစ်မနေ ကပြဖျော်ဖြေရတဲ့အပိုင်းဖြစ်သလို တရုတ်ရိုးရာယဉ်ကျေးမှုတွေထဲမှာ ထိပ်တန်းပညာရပ်လည်း ဖြစ်ခဲ့ပါတယ်။ ပြန့်လျန်အကဟာ ဂီတသံနဲ့အတူ စည်းချက်ကျကျ ယပ်တောင် တစ်ချက်ခပ်လိုက်တာ၊ ခေါင်းကိုတစ်ချက်လှည့်လိုက်တာနဲ့ လက်ကိုတစ်ချက် ဝှေ့ယမ်း လိုက်တာတို့လိုမျိုး မျက်စိတစ်မှိတ်အတွင်းမှာတင် မျက်နှာဖုံးတွေ တစ်ခုပြီးတစ်ခု အလျင်အမြန် ပြောင်းလဲ ပြရတဲ့ ကကွက်မျိုးဖြစ်ပါတယ်။
ပြန့်လျန်အတတ်မှာ မျက်နှာဖုံး ပြောင်းလဲနည်း (၄) နည်း ရှိပါတယ်။ မျက်နှာချေမှုန့်နဲ့ ပြောင်းလဲခြင်း (Blowing Dust)၊ မုတ်ဆိတ်မွှေး အရောင်ပြောင်းလဲခြင်း (Beard Manipulation) ၊ မျက်နှာဖုံး ဆွဲဖြုတ်‌ ပြောင်းလဲခြင်း (Pulling-down Masks) နဲ့ မျက်နှာပွတ်ဆွဲ ပြောင်းလဲခြင်း (Face-dragging) တို့ ဖြစ်ပါတယ်။

မျက်နှာချေမှုန်နဲ့ ပြောင်းလဲခြင်းဆိုတာကတော့ သရုပ်ဆောင်ဟာ အသင့်ပါလာတဲ့ မျက်နှာချေမှုန့်တွေကို မျက်နှာနားကပ်ကာ မှုတ်ထုတ်ပြီး မျက်နှာအရောင်ကို ပြောင်းလဲလိုက်တာမျိုးဖြစ်ပါတယ်။ မုတ်ဆိတ်မွှေး အရောင်ပြောင်းလဲတာကလည်း ဇာတ်ကောင်က ကပြဖျော်ဖြေနေစဉ်အတွင်းမှာ ဒေါသထွက်တာနဲ့ စိတ်လှုပ်ရှားတာတွေကို မုတ်ဆိတ်မွှေးအရောင် ပြောင်းလဲပြတာမျိုးဖြစ်ပါတယ်။ မျက်နှာဖုံး ဆွဲဖြုတ် ပြောင်းလဲခြင်း ဆိုတာကတော့ ဦးခေါင်းထိပ်မှာ ကြိုတင်ဝှက်ထားတဲ့ မျက်နှာဖုံးတွေကို တစ်ခုပြီးတစ်ခု အလျင်အမြန် ဆွဲဖြုတ်ပြတာ ဖြစ်ပြီး မျက်နှာပွတ်ဆွဲ ပြောင်းလဲနည်း ကတော့ ပါးသိုင်းမွေး ဒါမှမဟုတ် မျက်ခုံးမွေးတွေထဲမှာ ဖွက်ထားတဲ့ မျက်နှာချေမှုန့်တွေကို မျက်နှာပေါ် ပွတ်ဆွဲပြီး ပြောင်းလဲပစ်တာကို ဆိုလိုပါတယ်။

ဒီလိုပြောင်းလဲမှုတွေ သိသာစေဖို့အတွက် ဇာတ်ကောင်အလိုက် အရောင်မျိုးစုံ သုံးကြပါတယ်။ အဲဒီ အရောင်တွေဟာ အထူးသဖြင့် တရုတ်အော်ပရာအများစုမှာ သုံးလေ့ရှိကြတဲ့ အရောင်တွေဖြစ်ပြီး အလှ သက်သက် သုံးထားတာမဟုတ်ဘဲ တစ်ရောင်ချင်းစီတိုင်းက ဇာတ်ကောင်ရဲ့ စရိုက်လက္ခဏာနဲ့ စိတ်နေ စိတ်ထားတွေကို ဖော်ပြနေပါတယ်။
အခုနောက်ပိုင်းမှာတော့ ပြန့်လျန်အကကို တရုတ်နိုင်ငံ အတွင်းမှာသာမက နိုင်ငံတကာက ပွဲအခမ်းအနားအချို့မှာပါ ဒီပညာရဲ့ နောက်ခံ အကြောင်းတွေ၊ မျက်နှာဖုံးအရောင်တွေနဲ့ အဓိပ္ပာယ်တွေကို မသိသေးသူတွေ ဗဟုသုတရအောင် ထည့်သွင်းဖျော်ဖြေ လာကြပါတယ်။

#ZLann #ZLann_Podcast #ဇာတ်လမ်း#စီချွမ်အော်ပရာ #sichuanopera #sichuanmask #စီချွမ်

More Interesting Blogs from Zlann