Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
Back to Blog
“အရောင်အသွေးစုံလင်တဲ့ တန့်ရှားတောင်တန်းကြီးများ”
March 6, 2026
သက်ရှိသတ္တဝါတွေရဲ့ မှီတင်းနေထိုင်ရာဖြစ်တဲ့ ကမ္ဘာမြေကြီးဟာဆိုရင် လူသားတို့ဖန်တီးလို့မရနိုင်တဲ့ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတာပါ။ဒီလိုသဘာဝအလှတရားတွေထဲမှာ ခန့်ညား ထည်ဝါတဲ့ ရေခဲတောင်ကြီးတွေပါဝင်သလို လျှို့ဝှက်နက်ရှိုင်းတဲ့ သမုဒ္ဒရာကြီးတွေကလည်းပါဝင်နေတာဖြစ်ပေမဲ့ ခံစားမှုအပေါင်းရောယှက်ပြီး အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ သဘာဝလက်ရာတစ်ခုကို ပြပါဆိုရင်တော့ တရုတ်နိုင်ငံမှာရှိတဲ့ တန့်ရှား မြေမျက်နှာသွင်ပြင်ကို ညွှန်းဆိုရမှာပါ။
တန့်ရှားမြေမျက်နှာသွင်ပြင်ဆိုတာကတော့ ကုန်းတွင်းပိုင်းက အနီရောင် အနည်ကျကျောက်လွှာတွေ ပေါ်မှာ တည်ရှိပြီး ကမ္ဘာ့မြေမျက်နှာပြင်ကြွတက်ခြင်းလိုမျိုး အတွင်းပိုင်းတွန်းအားတွေနဲ့ ရာသီဥတု ဒဏ်ကြောင့် တိုက်စား ခြင်းလိုမျိုး ပြင်ပတွန်းအားတွေပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။
အဲဒီ မြေမျက်နှာသွင်ပြင်ကိုတော့ များသောအားဖြင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း၊ အနောက် တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာတွေ့ရှိရတတ်ပြီး ဒီလိုမြေလွှာပုံသဏ္ဍာန်ဟာဆိုရင် တရုတ်နိုင်ငံ တစ်ခု တည်းမှာသာတွေ့ရတဲ့ ထူးခြားတဲ့ဘူမိရုပ်သွင် တစ်ခုလည်းဖြစ်ပါတယ်။
ကမ္ဘာပေါ်ကအလှဆုံးနဲ့ အထူးခြားဆုံး သဘာဝအံ့ဖွယ်တွေထဲကတစ်ခုဖြစ်တဲ့ ဒီရှုခင်းကို အဝေးကနေ လှမ်းမျှော် ကြည့်လိုက်တဲ့အခါမှာ မြေပြင်ပေါ် သက်တံ့ရောင်ဆေးတွေပြန့်သွားသလိုမျိုး ထင်မှတ်ရတာ ကြောင့်လည်း အဆိုပါ နေရာကို “သက်တံ့ တောင်တန်းကြီး” လို့ တင်စားခေါ်ဝေါ်တတ်ကြပါတယ်။
တန့်ရှား မြေမျက်နှာပြင်အလှဟာ ဆိုရင် တစ်နေ့ချင်း၊ တစ်လချင်းဖြစ်ပေါ်လာတာမျိုး မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက အဆင့် ဆင့်ပြောင်းလဲလာတာဖြစ်ပါတယ်။အဆိုပါ မြေမျက်နှာပြင်ပုံစံက ထုံးကျောက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ Karst မြေမျက်နှာသွင်ပြင်နဲ့ ဆင်တူတာကြောင့် သူ့ကို karst အတုလို့လည်း ခေါ်ကြလေ့ရှိပါတယ်။
တရုတ်ဘူမိဗေဒပညာရှင်တွေအနေနဲ့ တန့်ရှား မြေမျက်နှာသွင်ပြင်နဲ့ပတ်သက်တဲ့ ပထမဆုံးလေ့လာမှု တွေကို တရုတ်နိုင်ငံ၊ ရှောင်ကွမ်းမြို့ အနီးမှာရှိတဲ့ တန့်ရှားတောင်မှာပြုလုပ်ခဲ့ပြီး ၁၉၂၀ နဲ့ ၁၉၃၀ ပြည့်နှစ်တွေမှာဆိုရင် အဆိုပါစိတ်ဝင်စားစရာကောင်းတဲ့ ဘူမိရုပ်သွင်တည်ဆောက်ပုံတွေအကြောင်းကို ပိုမိုသိရှိနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ ကြပါတယ်။
သက်တမ်းနုတဲ့မျက်နှာပြင်တွေကိုတော့ ဖူကျန့်ပြည်နယ်၊ ထိုက်နင်ခရိုင်မှာတွေ့ရသလို အဲဒီလို မြေမျက်နှာပြင်အနေအထားရှိတဲ့နေရာမှာဆိုရင် နက်ရှိုင်းပြီး ကျဉ်းမြောင်းတဲ့ချိုင့်ဝှမ်းတွေရှိတတ်ပါတယ်။ အဆိုပါမျက်နှာပြင်တွေက သက်တမ်းရင့်လာတဲ့ အခါမှာတော့ ချိုင့်ဝှမ်းတွေက ပိုမိုကျယ်ပြန့်လာပြီး သီးခြားစီဖြစ် နေတဲ့ ကျောက်တိုင်ကြီးတွေနဲ့ တောင်တန်းတွေဖြစ်လာပါတယ်။
တန့်ရှား မြေမျက်နှာသွင်ပြင် ဆိုတဲ့နာမည်ကိုတော့ အဲဒီမြေမျက်နှာသွင်ပြင်အမျိုးအစားထဲမှာ အထင်ရှားဆုံး နမူနာတစ်ခုဖြစ်တဲ့ တန့်ရှားတောင်တန်းကို အစွဲပြုပြီး အမည်ပေးထားတာဖြစ်ပါတယ်။ တန့်ရှားတောင်တန်းရှုခင်းရဲ့ အလွန်ထူးခြားတဲ့ဝိသေသတစ်ခုကတော့ ပုံသဏ္ဌာန်နဲ့ အရွယ်အစား အမျိုးမျိုးရှိတဲ့ ဂူပေါင်းများစွာ ဖြစ်တည် နေခြင်းပဲဖြစ်ပါတယ်။
တကယ့်ထုံးကျောက်ဒေသတွေမှာရှိတဲ့ ဂူတွေဟာဆိုရင် အတွင်းထဲအထိနက်ရှိုင်းပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတဲ့ ကွန်ရက်တွေလိုဖြစ်နေ တတ်ပေမယ့် ဒီတန့်ရှားနယ်မြေမှာရှိတဲ့ ဂူတွေကတော့ ခပ်တိမ် တိမ်လေးသာဖြစ်နေပြီး တစ်ခုနဲ့တစ်ခု သီးခြားစီတည်ရှိနေတတ်ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာတော့ ယူနက်စကိုကနေ တရုတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ တန့်ရှားနယ်မြေ ၆ ခုကို “China Danxia” အမည်နဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အဲဒီနေရာတွေကတော့ ဟူနန်၊ ကွမ်တုန်း၊ ဖူကျန့်၊ ကျန်းရှီး၊ ကျဲ့ကျန်းနဲ့ ကွေ့ကျိုးပြည်နယ်တွေထဲမှာရှိတဲ့ တောင်တန်းဒေသ တွေဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ နယ်မြေက နိုင်ငံတော်ပိုင်ဖြစ်ပြီး အစိတ်အပိုင်း ၆ ခုလုံးကို ကွဲပြား ခြားနားတဲ့ ပုံစံတွေနဲ့ အကာအကွယ် ပေးထားပါတယ်။
အဲဒီနယ်မြေထဲက အများစုကတော့ အမျိုးသား ဥယျာဉ်အဆင့်သတ်မှတ်ခံထားရပြီး အချို့က နိုင်ငံတော်အဆင့်သဘာဝဘေးမဲ့တော၊ အမျိုးသား သစ်တောနဲ့ ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ထားပါ တယ်။ အစိတ်အပိုင်းတစ်ခုချင်းစီကိုလည်း နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်နဲ့ ဒေသန္တရအဆင့် ဥပဒေစည်းမျဉ်း တွေနဲ့ ကာကွယ်စောင့်ရှောက် ထားပြီး ဒေသရဲ့ ထူးခြားပြောင်မြောက်တဲ့တန်ဖိုးတွေ ရေရှည်တည်တံ့စေဖို့အတွက် ဥပဒေကြောင်း အရသော်လည်းကောင်း၊ အဖွဲ့အစည်းဆိုင်ရာနဲ့ ရိုးရာဓလေ့အရသော်လည်းကောင်း အခိုင်အမာ ကာကွယ်ပေးထားပါတယ်။
ဒါပေမဲ့ မှတ်သားစရာတစ်ခုအနေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ အလွန်နာမည် ကြီးတဲ့ Zhangye Danxia အမျိုးသားဘူမိဗေဒဥယျာဉ်ကတော့ အဆိုပါ ယူနက်စကိုစာရင်းဝင် ၆ နေရာထဲမှာ ပါဝင်ထားခြင်းမရှိပါဘူး။
တန့်ရှားဒေသဟာ ခန့်ညားထည်ဝါတဲ့ အနီရောင်ကျောက်ဆောင်ကမ်းပါးယံကြီးတွေအပြင် သဘာဝ အလျောက် ထူးခြားစွာဖြစ်ပေါ် နေတဲ့ ကျောက်တိုင်တွေ၊ မျှော်စင်သဏ္ဌာန်ကျောက်တောင်တွေ၊ နက်ရှိုင်းတဲ့ချောက်ကမ်းပါးတွေ၊ ချိုင့်ဝှမ်းတွေနဲ့ ရေတံခွန်တွေကြောင့်လည်း ထင်ရှားကျော်ကြား တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ဒီလိုကြမ်းတမ်း ခက်ခဲတဲ့မြေမျက်နှာသွင်ပြင်တွေက အပူလျော့ပိုင်း အမြဲစိမ်း တောတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အထောက် အကူဖြစ်စေတဲ့အပြင် ရှားပါးပြီး မျိုးသုဉ်းဖို့ အန္တရာယ်ရှိတယ်လို့သတ်မှတ်ခံထားရတဲ့ မျိုးစိတ်ပေါင်း (၄၀၀)လောက်အပါအဝင် အပင်နဲ့ သတ္တဝါ မျိုးစိတ်မြောက်မြားစွာ မှီတင်းနေထိုင်ရာနေရာလည်းဖြစ်ပါတယ်။
တန့်ရှားနယ်မြေရဲ့ နယ်နိမိတ်သတ်မှတ်ချက်တွေဟာဆိုရင် အဆိုပြုထားတဲ့ ဘူမိဗေဒဆိုင်ရာ တန်ဖိုး တွေနဲ့ အလှ အပဆိုင်ရာ ရှုခင်းတွေကို ထိန်းသိမ်းဖို့အတွက်လုံလောက်မှုရှိပြီး ဘေးပတ်ဝန်းကျင် မှာရှိတဲ့ ကြားခံနယ်မြေ အပိုင်း အခြားတွေကိုလည်း ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပါတယ်။
တန့်ရှား မြေမျက်နှာသွင်ပြင်ရဲ့ မြေသားတွေကနူးညံ့ပြီး ပျက်စီးလွယ်တာကြောင့် အဆိုပါနေရာတွေကို ထိန်းသိမ်း နိုင်ဖို့အတွက် ခရီးသွားတွေကို တောင်ပေါ်ဆီ တိုက်ရိုက် တက်ခွင့်မပေးဘဲ သတ်မှတ်ထားတဲ့ သစ်သား လမ်းတွေကသာ သွားလာကြည့်ရှုခွင့်ပြုထားပါတယ်။
ဒီတန့်ရှားနယ်မြေတွေမှာဆိုရင် အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ထိရောက်တဲ့ စီမံခန့်ခွဲမှု စနစ်တွေကို အဆင့်ဆင့်တည်ဆောက်ထားရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေ ၆ ခု အတွက်ကိုလည်း သီးခြားစီမံကိန်းတွေ ကြိုတင်ပြင်ဆင်ရေးဆွဲထားပါတယ်။ဒါ့အပြင် သဘာဝတန်ဖိုး တွေနဲ့ မျိုးစိတ်တွေရဲ့ အခြေခံအခြေအနေတွေကို ဆန်းစစ်ခြင်းနဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့် လေ့လာခြင်းအပါအဝင် သုတေသန လုပ်ငန်းတွေနဲ့ လိုက်လျောညီထွေရှိတဲ့ စီမံခန့်ခွဲမှု နည်းပညာတွေ ကိုလည်း အခြေချတည်ဆောက်ထားပြီး ဖြစ်ပါ တယ်။
ဒါကြောင့် ဒေသခံလူထုအနေနဲ့ ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်ခြင်းကို သိရှိနားလည်ကြပြီး သက်ဆိုင်သူ တွေ အားလုံးက အပြည့်အဝ ထောက်ခံကြ တာကြောင့် ယင်းနယ်မြေရဲ့ ရေရှည်စီမံခန့်ခွဲမှုအတွက်လည်း ပိုမိုခိုင်မာမှု ရှိသွားစေပါတယ်။
#ZLann
#ZLann_Podcast
#ဇာတ်လမ်း
#Danxialandform
#Danxia
#WorldHeritage
#china
#chinaheritage
#တန့်ရှားတောင်တန်း
#rainbowmountain
#rainbowmountainchina
More Interesting Blogs from Zlann
ကုန်းဘောင်မင်းဆက်၏ ပထမဆုံးမိဖုရားခေါင် စန္ဒာဒေဝီ
ကုန်းဘောင်မင်းဆက်၏ ပထမဆုံးမိဖုရားခေါင် စန္ဒာဒေဝီ
November 13, 2023
Read More
“ဆုထူးပန် ဓားမကူးဆရာတော်”
ဆုထူးပန် ဓားမကူးဆရာတော်
November 14, 2025
Read More
ယိုးဒယားတို့၏ခမ်းနားလှခဲ့တဲ့မင်းနေပြည်တော် “အယုဒ္ဓယ”
ယိုးဒယားတို့၏ခမ်းနားလှခဲ့တဲ့မင်းနေပြည်တော် "အယုဒ္ဓယ"
January 18, 2024
Read More
ကိုလိုနီခေတ်က ငယ်ရွယ်တဲ့ စွယ်စုံရ မြန်မာ့ဂီတပညာရှင် ဂီတနက်သန် ကိုစောညိန်း
ကိုလိုနီခေတ်က ငယ်ရွယ်တဲ့ စွယ်စုံရ မြန်မာ့ဂီတပညာရှင် ဂီတနက်သန် ကိုစောညိန်း
July 8, 2024
Read More
“လျှောက်ထုံးတွေနဲ့ နာမည်ကျော်ခဲ့သူ ဦးပေါ်ဦး”
"လျှောက်ထုံးတွေနဲ့ နာမည်ကျော်ခဲ့သူ ဦးပေါ်ဦး"
August 21, 2025
Read More
“ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း”
"ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း"
August 21, 2025
Read More