မြန်မာ့သမိုင်းရာဇဝင်မှာ ရှင်ဘုရင်တွေအပေါ် ဩဇာလွှမ်းမိုးနိုင်ပြီး ဓားထက်တဲ့ မိဖုရားတွေလို့ဆိုလိုက်တာနဲ့ စာဖတ်သူအများစုက နန်းမတော်မယ်နု၊ ဆင်ဖြူမရှင်၊ စုဖုရားလတ်တို့ကိုသာ အရင်ဆုံးတွေးမြင်မိကြမယ်လို့ ထင်ပါတယ်။ တကယ်တော့ မြန်မာ့ရာဇဝင် အထူးသဖြင့် ကုန်းဘောင်ရာဇဝင်မှာ အဲဒီမိဖုရားကြီး (၃) ပါးလို ဩဇာအရှိန်အဝါကြီးမားပြီး ထက်မြက်တဲ့ မိဖုရားကြီးတစ်ပါးရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ထူးခြားတာတစ်ခုက သူမဟာ မင်းဆက်တစ်ဆက်တည်းမှာတင် ဩဇာကြီးမားခဲ့တာမဟုတ်ဘဲ ကုန်းဘောင်မင်းဆက် သုံးဆက်တိုင်တိုင် ဩဇာလွှမ်းမိုးနိုင်ခဲ့သူဖြစ်ပါတယ်။ အဲဒါကတော့ အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ မြစ်တော်စပ်တဲ့ ကျပင်းမိဖုရားခေါင်ကြီးပဲဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ ရာဇသွေးအပြည့်ပါပေမဲ့လည်း သမိုင်း စာမျက်နှာတွေမှာ အကျယ်တဝံ့ဖော်ပြခံရခြင်းရှားပါးတဲ့ ကျပင်းမိဖုရားခေါင်ကြီးအကြောင်းကို ကျွန်တော်တို့ရဲ့ “သိပြီးပြီလား” ကဏ္ဍလေးကနေ ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
ငယ်နာမည် “မယ်မြတ်ရွှေ” လို့အမည်တွင်တဲ့ ကျပင်းမိဖုရားကြီးကို ခရစ်နှစ် ၁၇၉၄ ခုနှစ်ဝန်းကျင်လောက်မှာ ခမည်းတော် ပုဂံမြို့စားမောင်ပေ (သတိုးမင်းဖျား) နဲ့ မယ်တော် မင်းရွှေနန်းတို့ကဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ကျပင်းမိဖုရားကြီးဟာ ကုန်းဘောင်မင်းဆက်ရဲ့ ရှစ်ဆက်မြောက်ဘုရင်ဖြစ်တဲ့ သာယာ၀တီမင်းရဲ့ မိဖုရားခေါင်ကြီးဖြစ်ပြီး သားဖြစ်သူ ပုဂံမင်း ထီးနန်းဆက်ခံချိန်မှာတော့ မယ်တော်ကြီးနေရာ ကိုရောက်ရှိ ခဲ့ပါတယ်။ မိဖုရားကြီးရဲ့ မျိုးရိုးစဉ်ဆက်အကြောင်းကို ဖော်ပြရမယ်ဆိုရင်တော့ မိဖုရားကြီးဟာ အထက်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ မြစ်ဖြစ်သလို ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်းရဲ့ မြေးအဖြစ်လည်း တော်စပ်သူဖြစ်ပါတယ်။
အလောင်းမင်းတရားကြီးဟာ သူနဲ့ မောင်နှမတစ်ဝမ်းကွဲတော်စပ်သူ “မယ်ယွန်းစံ” နဲ့ ငယ်စဉ်အရွယ်ကတည်းက လက်ဆက်ခဲ့ပြီး သူကိုယ်တိုင်ဘုရင်နေရာကို ရောက်ရှိသွားတဲ့အချိန်မှာတော့ ဇနီးသည် “မယ်ယွန်းစံ” ကို “စန္ဒာဒေဝီ” ဘွဲ့နဲ့ မိဖုရားခေါင်အရာ တင်မြှောက်ခဲ့ပါတယ်။ မယ်ယွန်းစံရဲ့ ညီမဖြစ်သူ မယ်နှိုင်းစံကတော့ သတိုးမဟာတရဖျားဘွဲ့ခံ ရတနာသိင်္ဃမြို့ဝန်နဲ့ လက်ထပ်ပေါင်းသင်းခဲ့ပြီး ‘ခင်မင်းလှ’ ဆိုတဲ့ သမီးတစ်ယောက်ကိုမွေးဖွားခဲ့ကာ အချို့သောရာဇဝင်တွေမှာတော့ သမီးဖြစ်သူရဲ့နာမည်ကို “မယ်တလိုင်း” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ခင်မင်းလှ အရွယ်ရောက်လာချိန်မှာတော့ မောင်နှမတစ်ဝမ်းကွဲတော်စပ်သူ ဆင်ဖြူရှင်မင်းနဲ့ ထိမ်းမြားလက်ဆက် ခဲ့ပြီး ဆင်ဖြူရှင်မင်းဟာဆိုရင် အလောင်းမင်းတရားကြီးနဲ့ မိဖုရားကြီး မယ်ယွန်းစံ တို့ရဲ့ ဒုတိယမြောက်သားတော် ဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်း ထီးနန်းကိုဆက်ခံရရှိတဲ့အခါမှာ ခင်မင်းလှကလည်း “သီရိအတုလရတနာ ပဒုမ္မဒေဝီ ” ဘွဲ့နာမည်နဲ့ မိဖုရားခေါင်ကြီးဖြစ်လာခဲ့ပါတယ်။
ဆင်ဖြူရှင်မင်းနဲ့ မိဖုရားခေါင် ခင်မင်းလှတို့မှာ သမီးတော်တစ်ပါးနဲ့ သားတော်တစ်ပါးထွန်းကားခဲ့ပြီး သမီးတော်ကတော့ ကျပင်းမိဖုရားကြီးရဲ့ မယ်တော်ဖြစ်သူ မင်းရွှေနန်းဖြစ်ကာ သားတော်ကတော့ စဉ့်ကူးမင်းဖြစ်ပါတယ်။ ဒါကြောင့် ကုန်းဘောင်မင်းဆက်ရဲ့ မိဖုရားခေါင်ကြီးတွေဖြစ်ကြတဲ့ မယ်ယွန်းစံနဲ့ ခင်မင်းလှတို့ဟာ ကျပင်းမိဖုရားကြီးရဲ့ ဘေးမတော်နဲ့ ဘွားတော်တို့ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် သူမကိုယ်တိုင်နဲ့ သမီးတော် စကြာဒေဝီကလည်း မိဖုရားခေါင်အရာကို ရရှိခဲ့သူတွေဖြစ်ကြတာကြောင့် သူမတို့ မိသားစုမျိုးရိုးကို မိဖုရားခေါင်မျိုးရိုးလို့တောင်မှ ခေါ်ဆိုသတ်မှတ်နိုင်ပါတယ်။
ကျပင်းမိဖုရားကြီး (သို့မဟုတ်) မယ်မြတ်ရွှေဟာ ဘိုးအေ ဗဒုံမင်းလက်ထက်ကာလမှာ တောင်ငူမြို့နဲ့ ကျပင်းမြို့တို့ကို အပိုင်စားရရှိခဲ့ပြီး ဒီလိုကြောင့်လည်း ‘ကျပင်းမင်းသမီး’ လို့ ဦးစွာအမည်တွင်ခဲ့ပါတယ်။ ခရစ်နှစ် ၁၈၁၀ ခုနှစ်ဝန်းကျင်ခန့်မှာတော့ အစ်ကိုဝမ်းကွဲတော်စပ်သူ သာယာ၀တီမင်းနဲ့ စုလျားရစ်ပတ် ထိမ်းမြားခဲ့ပါတယ်။ သာယာ၀တီမင်းရဲ့ ငယ်အမည်က ‘မောင်ခင်’ ဖြစ်ပြီး အဲဒီအချိန်တုန်းက မောင်ခင်မှာ သရက်မြို့ကို အပိုင်စားရရှိတာကြောင့် ဇနီးဖြစ်သူ ကျပင်းမင်းသမီးဟာလည်း ခင်ပွန်းသည် အပိုင်စားရရှိထားတဲ့ မြို့အမည်နဲ့တွဲဖက်ပြီး ‘သရက်ထိပ်ထား’ ဆိုတဲ့ အမည်နာမကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းမင်းလက်ထက် မှာ ခင်ပွန်းသည် မောင်ခင်က သာယာ၀တီမြို့ကို အပိုင်စားရရှိပြန်တာကြောင့် ဇနီးသည်ဖြစ်တဲ့ သူမကလည်း ‘သာယာ၀တီထိပ်ထား’ လို့ သတ်မှတ်ခံခဲ့ရပါသေးတယ်။ မင်းသား မောင်ခင်နဲ့ ကျပင်းမင်းသမီးတို့မှာ သားသမီး ၇ ဦးထွန်းကားခဲ့ပေမဲ့လည်း ၅ ဦးမှာ ငယ်စဉ်အရွယ်ကတည်းက ကွယ်လွန်သွားခဲ့ကြပါတယ်။ ဒါကြောင့် ၂ ဦးသာ ကျန်ရစ်ပြီး အဲဒီကျန်ရှိခဲ့တဲ့မွေးချင်းထဲက သားတော် မောင်လူကလေးဆိုတာကတော့ နောင်တစ်ချိန်မှာ ကုန်းဘောင်မင်းဆက်ရဲ့ န၀မမြောက်ဘုရင် ပုဂံမင်းဖြစ်လာခဲ့ပြီး သမီးတော် စကြာဒေဝီ ကတော့ မင်းတုန်းမင်း ဘုရင်ရဲ့ အချစ်ဆုံးမိဖုရားခေါင်ဖြစ်လာခဲ့ပါတယ်။
မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ် (ခရစ်နှစ် ၁၈၃၄ ဝန်းကျင်) မှာတော့ ခဲအိုတော် ဘကြီးတော် စစ်ကိုင်းမင်းတရား ကျန်းမာရေးမကောင်း တာကို အကြောင်းပြုပြီး တိုင်းပြည်အုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီး ရှင်မင်းနုနဲ့ သူ့ရဲ့ မောင်ဖြစ်သူ စလင်းမြို့စား မောင်အိုတို့က စိတ်တိုင်းကျ ခြယ်လှယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီအချိန်မှာတော့ မောင်အိုနဲ့ သူ့ရဲ့အပေါင်းအပါတစ်စုက သာယာ၀တီမင်းသားအပေါ် အမှုဆင်တာကြောင့် မင်းသားကလည်း ကြင်ယာတော် ကျပင်းမင်းသမီးနဲ့အတူ နောက်လိုက်တော်တွေခြံရံပြီး ရွှေဘိုမြို့ဆီ တိမ်းရှောင်ကာ အခိုင်အမာတပ်ဆွဲနေခဲ့ပါတယ်။ ဒီအခါမှာ နောင်တော်ဖြစ်တဲ့ စစ်ကိုင်းမင်းကလည်း သူ့ရဲ့လူတွေကိုစေလွှတ် တိုက်ခိုက်စေခဲ့ပေမဲ့ သာယာ၀တီမင်းဘက်ကသာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုးညီအစ်ကိုအရင်းတွေအကြားမှာ စိတ်ဝမ်းကွဲလျက်ရှိနေကြတာကို အင်္ဂလိပ်ကိုယ်စားလှယ်ဖြစ်သူ မေဂျာဗားနေး သိရှိသွားချိန်မှာတော့ သာယာ၀တီမင်းရှိတဲ့ ရွှေဘိုဆီကိုလိုက်သွားခဲ့ပြီး ဝင်ရောက်ဖြန်ဖြေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကြိုးစားသလိုမျိုးအရာမထင်တာကြောင့် ဆရာတော်တွေက ကြွရောက်ဖြန်ဖြေပေးခဲ့ရပါတယ်။
ဒီလိုနဲ့ ၁၁၉၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့ (ခရစ်နှစ် ၁၈၃၇ ခုနှစ်) ကိုရောက်ချိန်မှာတော့ စစ်ကိုင်းမင်း ဟာ စလင်းမင်းသားနဲ့ နောက်လိုက်အပေါင်းအပါတို့ကို ညီတော် သာယာ၀တီမင်းသားထံ ပေးအပ်ခဲ့ပြီး ထီးနန်း ကိုလည်း လွှဲပြောင်းပေးခဲ့ပါတော့တယ်။ သာယာ၀တီမင်းသားဟာ ကုန်းဘောင်ရွှေဘိုမြို့ မှာနေထိုင်စဉ်အချိန် အတွင်း မှာ မင်းအဖြစ်ကိုရောက်ရှိခဲ့တာကြောင့် နောင်အခါမှာ ကုန်းဘောင်မင်း (သို့မဟုတ်) ရွှေဘိုမင်းအဖြစ် အမည်တွင်ခဲ့ပြီး အမရပူရမြို့ကိုတော့ ပြန်လည်ပြုပြင်အပြီး ခရစ်နှစ် ၁၈၃၈ ခုနှစ် ရောက်ချိန်မှာ ပြောင်းရွှေ့ စံတော်မူခဲ့တာဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၀၂ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက်နေ့ (ခရစ်နှစ် ၁၈၄၀ ခုနှစ်) မှာတော့ ကြင်ယာတော် ကျပင်းမင်းသမီးနဲ့အတူ ဘိသိက်ခံယူတော်မူခဲ့ပြီး သူ့ကိုယ်သူ “သီရိပဝရာဒိတျာလောကဓိပတိ ဝိဇယမဟာ ဓမ္မရာဇာဓိရာဇာ” ဘွဲ့ကို ခံယူတော်မူခဲ့ကာ ကြင်ယာတော် ကျပင်းမင်းသမီးကိုတော့ “သီရိပဝရတိလောကမဟာရတနာ ပဒုမဒေဝီ” ဘွဲ့နဲ့ မိဖုရားခေါင်အရာမြှောက်စား ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ကျပင်းမိဖုရားခေါင်ကြီးရဲ့ အသက်ဟာ ၄၆ နှစ်အရွယ်ကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။
ကုန်းဘောင်မင်းဆက်သုံးဆက်တိုင်တိုင် သက်ရှိထင်ရှားရှိခဲ့တဲ့ ကျပင်းမိဖုရားကြီးဟာ သူ့ရဲ့ ဩဇာအရှိန်အဝါ ဆက်လက်ကြီးထွားနေစေဖို့ စိတ်အားထက်သန်တာကြောင့် တော်ဝင်သွေးပါသူအတော်များများကို ရှင်းလင်း သုတ်သင်ခဲ့ဖူးတယ်လို့ ရာဇဝင်မှတ်တမ်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ ကျပင်းမိဖုရားခေါင်ကြီးမှာ သားတော် ပုဂံမင်းသားကို မွေးဖွားခဲ့ပေမဲ့လည်း လင်တော်မောင် သာယာ၀တီမင်းကြီးကတော့ အလယ်နန်း မိဖုရားကြီးမှမွေးဖွားတဲ့ ပခန်းမင်းသားနဲ့ ပြည်မင်းသားတို့အပေါ်မှာသာ ပိုမိုအရေးပေးခဲ့ပါတယ်။ ဒီအခါမှာတော့ ကျပင်းမိဖုရားကြီးက ပခန်းမင်းသားနဲ့ ပြည်မင်းသားတို့ကို မိမိရဲ့သားတော် ပုဂံမင်းသားရဲ့ ထီးနန်းလုဘက်တွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာဆိုရင် သာယာ၀တီမင်းတရားကြီးဆီမှာ စိတ်မူမှန်ခြင်းမရှိတဲ့ စိတ္တဇဝေဒနာ တစ်မျိုး စွဲကပ်လို့နေပါပြီ။ ဒီလိုအချိန်တွေမှာတော့ ကျပင်းမိဖုရားခေါင်ကြီးနဲ့ သားတော် ပုဂံမင်းသားတို့ရဲ့ လွှမ်းမိုးမှုတွေဟာ ကုန်းဘောင်နန်းတွင်းမှာ တဖြည်းဖြည်း ကြီးထွားလို့လာခဲ့ပြီး နန်းလုဘက်အဖြစ်သတ်မှတ်ထားတဲ့ သာယာ၀တီမင်းရဲ့အချစ်ဆုံးသားတော်ကြီး ပြည်မင်းသားကို ဘုရင့်အမိန့်နဲ့ ဖမ်းဆီးသုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ပြည်မင်းသားရဲ့ ညီတော်ရင်းဖြစ်သူ ပခန်းမင်းသားမှာတော့ လေနာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သာယာ၀တီမင်းရဲ့ အနောက်နန်းရမိဖုရားကြီးဖြစ်တဲ့ မမြလေးကိုလည်း ကိုယ်ရေးကိုယ်တာ ရန်ငြိုးထားပြီး ပြည်မင်းသားနဲ့ ဖောက်ပြန်မှုရှိတယ်လို့ စွပ်စွဲအမှုဆင်ကာ ဘုရင့်အမိန့်နဲ့ အဆုံးစီရင်စေခဲ့ပြန်ပါတယ်။
ယင်းကာလ အပိုင်းအခြားမှာဆိုရင် သာယာ၀တီမင်းကြီးရဲ့ ကျန်းမာရေးအခြေအနေကလည်း အတော်လေးကို ဆိုးရွားနေပြီဖြစ်တာကြောင့် ဗေဒင်ဟောကိန်းအစီအရင်တွေအရ ကြေးနဲ့ပြုလုပ်ထားတဲ့ ကြေးပြသာဒ်၊ တစ်နည်း အားဖြင့် ကြေးတိုက်ထဲမှာ သီးသန့်ထားရှိပြီး ချုပ်ထားခဲ့ပါတယ်။ အနားမှာတော့ သာမန်ကိုယ်လုပ်တော် တစ်ယောက် ကမွေးဖွားပြီး ထီးနန်းလုနိုင်ခြေနည်းပါးတဲ့ မထင်မရှားသားတော် တရုတ်မျှော်မင်းသား ကို ထားရှိစေခဲ့ကာ မင်းတုန်းမင်းသားကိုတော့ လွှတ်တော်တက်ရောက်ရတဲ့ မင်းသားကြီးအဖြစ် ဟန်ပြသဘော ထားခဲ့ပါတယ်။
မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ် (ခရစ်နှစ် ၁၈၄၆ ခုနှစ်၊ နိုဝင်ဘာလ) မှာတော့ သာယာ၀တီမင်းကြီးဟာ နတ်ပြည် စံခဲ့ပါတယ်။ ဒီအခါမှာ ကျပင်းမိဖုရားခေါင်ကြီးရဲ့ သားတော် ပုဂံမင်းက ထီးနန်းဆက်ခံခဲ့ပြီး အဲဒီနောက်ပိုင်း မှာတော့ ပုဂံမင်းနဲ့ မယ်တော် ကျပင်းမိဖုရားခေါင်တို့က သာယာ၀တီမင်းကြီးကို အဆိပ်ခပ်လုပ်ကြံခဲ့တာ ဖြစ်တယ်လို့တောင် နန်းတော်အတွင်းမှာ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ကျပင်းမိဖုရားခေါင်ဟာ မြန်မာတို့အတွက် အရေးပါလှတဲ့ ပင်လယ်ထွက်ပေါက်အပါအဝင် မြေကလားသော်၊ သရက်၊ ကုန်းကလားသော်နဲ့ တောင်ငူအထိ နယ်မြေတွေဆုံးရှုံးခဲ့ရတဲ့ အင်္ဂလိပ်-မြန်မာ ဒုတိယကျူးကျော် စစ်ကြီးကို ဖြစ်ပေါ်စေခဲ့သူအဖြစ်လည်း လက်ညှိုးထိုးခံထားရသူဖြစ်ပါတယ်။
သားတော်ပုဂံမင်းလက်ထက်မှာတော့ ကျပင်းမိဖုရားကြီးဟာ မယ်တော်ကြီးအဖြစ် တောင်နန်းဆောင်မှာ အဆောင်အယောင်ပြည့်စုံစွာနဲ့ စံတော်မူခဲ့ပြီး အဲဒီအချိန်မှာဆိုရင် မိဖုရားခေါင်ရာထူးကိုရရှိထားသူမှာ ကျပင်းမယ်တော်ကြီးနဲ့ ညီအစ်မဝမ်းကွဲတော်စပ်တဲ့ မင်းရွှေကျူ ဖြစ်ပါတယ်။ မင်းရွှေကျူမိဖုရားကြီးမှာ အနေအထိုင်အေးဆေးသူဖြစ်တာကြောင့် ကျပင်းမယ်တော်ကြီးကသာလျင် အနောက်ဆောင်မှာ တန်ခိုးအရှိန်အဝါကြီးမားနေခဲ့ပါတယ်။ သားတော် ပုဂံမင်းဟာလည်း တိုင်းရေးပြည်ရေးထက် ဘိုင်ဆပ်နဲ့ မောင်ပိန်တို့ရဲ့ မြှောက်ပင့်အားပေးမှုတွေကြောင့် အပျော်အပါး၊ အသောက်အစားတို့ကိုသာ ပိုမိုခုံမင် ယစ်မူးနေခဲ့တဲ့အတွက် ကျပင်းမယ်တော်ကြီးမှာ အနောက်နန်းဆောင်ကိစ္စတွေကိုသာမကဘဲ လွှတ်တော်ကိစ္စတွေမှာပါ စိတ်ကြိုက်ခြယ်လှယ်စိုးမိုးနေခဲ့ပါတော့တယ်။ နောက်ပိုင်းမှာတော့ ဘိုင်ဆပ်နဲ့ မောင်ပိန်တို့ရဲ့ ဩဇာက နန်းတော်အတွင်းလွှမ်းမိုးမှုတွေရှိလာတာကြောင့် ကျပင်းမယ်တော်ကြီးရဲ့ အရှိန်အဝါကလည်း ကျဆင်းလာခဲ့ကာ ဒီဖြစ်ရပ်အကြောင်းစုံကိုတော့ သောက်စားမူးယစ်နေတဲ့ ပုဂံမင်းက မသိရှိခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့အခါမှာတော့ ရုပ်သေးသဘင်ကျင်းပနေတဲ့အချိန်မှာ ခွင့်မတောင်းဘဲ အနောက်ဝန်ထံဝင်ရောက်လာတဲ့ ဘိုင်ဆပ်တို့ကို ကျပင်းမယ်တော်ကြီးက အလစ်ငိုက်ဖမ်းဆီးပြီး ဘုရင့်ရှေ့တော်မှောက်ဆီကို ခေါ်ဆောင်လာခဲ့ပါတယ်။ ဒီအခါမှာတော့ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး ပုန်ကန်ခြားနားမှုပြုလုပ်တဲ့ဖြစ်ရပ် ပေါ်ပေါက်လာခဲ့တာကြောင့် ဘိုင်ဆပ်၊ မောင်ပိန်နဲ့ နောက်လိုက်တစ်စုမှာ ကွပ်မျက်ခံခဲ့ရပါတယ်။
အင်္ဂလိပ်-မြန်မာ ဒုတိယကျူးကျော်စစ်ကြီးအပြီးမှာတော့ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့မှသိမ်းယူခဲ့ပါတယ်။ အဲဒီနောက်မှာ ပုဂံမင်းက သူ့ထက် အရည်အချင်းရှိတဲ့ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားအပေါ် ပြည်သူတွေ ကအရေးပေးကြတာနဲ့ပတ်သက်လို့ မနာလိုမရှုစိမ့်ဖြစ်ပြီး ပုန်ကန်မှုနဲ့စွဲချက်တင်ခဲ့တာကြောင့် ညီနောင်နှစ်ပါး မှာလည်း ရွှေဘိုအရပ်ဆီကိုတိမ်းရှောင်ထွက်ပြေးခဲ့ကြရပါတယ်။ ရာဇဝင်မှတ်တမ်းတွေထဲမှာတော့ မင်းတုန်း မင်းသားနဲ့ ကနောင်မင်းသားတို့ အဲဒီလိုမျိုးစွဲချက်တင်ခံရတာဟာ ကျပင်းမယ်တော်ကြီးရဲ့ ပယောဂ မကင်းဘူးလို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်း တချို့သောရာဇဝင်တွေမှာတော့ ကျပင်းမယ်တော်ကြီးဟာ တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းမရှိတဲ့ သားတော် ပုဂံမင်းအပေါ်မှာ ဩဇာမညောင်းတော့တာကြောင့် သားတော်ကို ထီးနန်းမှဖြုတ်ချလိုတဲ့အပြင် သားတော်ရဲ့ခုခံနိုင်စွမ်းကလည်း အခြေအနေမလှတာကြောင့် သမီးတော် စုဖုရားကြီး (စကြာဒေဝီ) နဲ့ ပူးပေါင်းကာ မင်းတုန်းမင်းတို့ ညီနောင်ဘက်ကနေ ဝင်ရောက်ကူညီခဲ့တယ်လို့ ဖော်ပြထားကြပြန်ပါတယ်။
ဒီလိုနဲ့ ၁၈၅၃ ခုနှစ်မှာတော့ ပုဂံမင်းနန်းကျပြီး မင်းတုန်းမင်းသား နန်းတက်ပါတယ်။ မင်းတုန်းမင်း ဘုရင် အဖြစ်ကိုရောက်ရှိပြီးတဲ့ အခါမှာတော့ ယောက္ခမတော်စပ်တဲ့ ကျပင်းမယ်တော်ကြီးဟာ မိမိဘက်ကနေ ရပ်တည်ပေးတာကတစ်ကြောင်း၊ ခမည်းတော် သာယာ၀တီမင်းကြီးရဲ့ မိဖုရားခေါင်ကြီးဖြစ်ခဲ့တာက တစ်ကြောင်းတို့ကို ထောက်ရှုပြီး စည်းစိမ်နဲ့ နောက်လိုက်အခြွေအရံ မလျော့စေဘဲ နန်းတော်အတွင်းမှာသာ ဆက်လက်စံမြန်းတော်မူစေပါတယ်။ မင်းတုန်းမင်းဟာ သူ ဘုရင်အဖြစ်ကိုရောက်ရှိပြီးချိန်မှာတော့ သူ့ရဲ့ အချစ်ဆုံးမိဖုရားဖြစ်တဲ့ စကြာဒေဝီကို မိဖုရားခေါင်အဖြစ် ချီးမြှင့်မြှောက်စားခဲ့တာကြောင့် စကြာဒေဝီရဲ့ မယ်တော်ဖြစ်တဲ့ ကျပင်းမယ်တော်ကြီးဟာလည်း မယ်တော်မိဖုရားကြီးအဖြစ်နဲ့ မန္တလေးနန်းတော်ထဲမှာ အခမ်းနားဆုံးသော မင်းစည်းစိမ်တွေကို ခံစားပြီး နတ်ရွာစံတဲ့အချိန်ထိ နှစ်ပေါင်း ၂၀ ကျော်စံမြန်းခွင့်ရခဲ့ပါတယ်။ နတ်ရွာစံချိန်မှာတော့ ကျပင်းမယ်တော်ကြီးရဲ့ အသက်ဟာ ၈၀ ဝန်းကျင် အရွယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။
နတ်ရွာစံပြီးတဲ့အချိန်မှာတော့ ရှင်ဘုရင်တို့ရဲ့ မိဖုရားကို သင်္ဂြိုဟ် တဲ့နည်းလမ်းအစဉ်အလာတိုင်း နန်းမြို့ အရှေ့မြောက် အရပ်မှာ ခမ်းခမ်းနားနားနဲ့ သင်္ဂြိုဟ်ခဲ့ပြီး ကြွင်းကျန်တဲ့အရိုးပြာတို့ကိုတော့ ဧရာ၀တီမြစ်ထဲကို မျှောချခဲ့ပါတယ်။ ကျပင်းမယ်တော်ကြီးကို မီးရှို့ သင်္ဂြိုဟ်တဲ့ မန္တလေးနန်းတွင်းက နေရာမှာတော့ လှပတဲ့ ကျွန်းပြဿဒ်တစ်ခုဆောက်လုပ်ထားပြီး အမှတ်တရအနေနဲ့ထားရှိခဲ့ပါတယ်။
ဒါအပြင် သမက်တော် မင်းတုန်းမင်းဘုရင်ကြီးက ယောက္ခမတော်ရဲ့ ပုံတူရုပ်ထုကို ရွှေငါးပိဿာအသုံးပြု ထုလုပ်စေပြီး ထားရှိပူဇော် စေပါတယ်။
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ YouTube Channel ကနေလည်း ရှုစားနားဆင်နိုင်ပြီး အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube https://youtube.com/@zlann_podcast
Podcast https://podcasters.spotify.com/pod/show/z-lann
Facebook Group https://www.facebook.com/groups/zlann/