ဒဏ္ဍာရီတွေအရတော့ ဘူယောနယ်စားရဲ့သားဖြစ်သူ ဂွန်ဝါ (Geumwa) ဟာ အမဲလိုက်ထွက်ရင်း ရေတံခွန်ဘေးမှာ သတိမေ့လဲကျနေတဲ့ မိန်းမပျိုလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ အဲဒီမိန်းကလေးဟာ အလွန်ချောမောတာကြောင့် မင်းသားဂွန်ဝါကလည်း မြင်မြင်ချင်းမှာတင် မေတ္တာသက်ဝင်ခဲ့ပြီး မေးမြန်းတဲ့အခါမှာတော့ သူမဟာ ရေနတ်ဘုရားတစ်ပါးဖြစ်တဲ့ ဟဲဘတ် (Haebek) ရဲ့ သမီးတော်တစ်ပါးဖြစ်ပြီး ဟဲမိုဆူ (Hae Mo Soo)လို့ ခေါ်တဲ့ယောက်ျားတစ်ယောက်နဲ့ ချစ်ခင်စုံမက်မိတာကြောင့် မိသားစုထံမှထွက်ပြေးကာ အဆိုပါအမျိုးသားနဲ့အတူနေထိုင်ခဲ့ပါတယ်တဲ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ အမျိုးသားဖြစ်သူက သူမကိုပစ်ပယ်ပြီး ကောင်းကင်ဘုံဆီကို ပြန်သွားကြောင်းပြောပြခဲ့ပါတယ်။ အဲဒီမိန်းကလေးနာမည်ကတော့ ယူဟွာ (Yuhwa) ဖြစ်ပြီး ပန်းကလေးတစ်ပွင့်လိုလှပတဲ့အသွင်ရှိတာကြောင့် မင်းသားဂွန်ဝါက နန်းတော်ကို ခေါ်ဆောင်လာခဲ့ပါတယ်။ ဂွန်ဝါမင်းသား ဘုရင်နေရာဆက်ခံရချိန်မှာတော့ ယူဟွာကလည်း မိဖုရားတစ်ပါးဖြစ်လာပါတော့တယ်။
ဒါပေမဲ့ ယူဟွာမှာက နတ်ဘုရားဖြစ်သူ ဟဲမိုဆူနဲ့ရရှိတဲ့ ကိုယ်ဝန်ပါလာခဲ့ပြီး မွေးဖွားချိန်မှာတော့ လူသားကလေးငယ်တစ်ယောက်မဟုတ်ပဲ ဥတစ်လုံးသာဖြစ်နေခဲ့ပါတယ်။ ဂွန်ဝါဘုရင်ကလည်း ဒီဥက နမိတ်မကောင်းဘူးလို့ယူဆတာကြောင့် တိရိစ္ဆာန်တွေစားသုံးစေဖို့ ပစ်ထားခဲ့ပေမဲ့လည်း တိရိစ္ဆန်တွေကမစားသုံးပဲ ကြောက်ရွံ့ဟန်နဲ့ နေကြတဲ့အတွက် ဂွန်ဝါက သူကိုယ်တိုင် အဆုံးသတ်ဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဥကို ဘယ်လိုနည်းလမ်းနဲ့မှ ထိခိုက်အောင်လုပ်ဆောင်မရခဲ့တာကြောင့် မိခင်ဖြစ်သူ ယူဟွာထံ ပြန်လည်ယူဆောင်ခဲ့ကြရပြီး မိခင်ထံရောက်ရှိတော့မှသာလျှင် သားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဂွန်ဝါဘုရင်ဟာ အနှီကလေးငယ်ဟာ အတိတ်နမိတ်ကောင်းတွေကို ဆောင်ကြဉ်းလာမဲ့သူလို့ယူဆတာကြောင့် သူ့ရဲ့သွေးသားရင်းချာတွေထက်တောင်မှ ပိုအရေးပေးချစ်ခင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ယူဟွာတို့သားအမိဟာ ဘူယောနန်းတွင်းမှာ မလိုမုန်းတီးမှုတွေကို ကြုံခဲ့ရပါတယ်။
ဥကနေမွေးဖွားလာတဲ့ ကလေးငယ်ကို ဂျူမုံ လို့ အမည်ခေါ်တွင်ခဲ့ပြီးဂျူမုံ ဟာ မင်းသားတို့ တတ်အပ်တဲ့ အတတ်ပညာတွေကို ကျွမ်းကျင်စွာတတ်မြောက်ရုံသာမက မြားပစ်ခြင်းအတတ်မှာလည်း အလွန်ကျွမ်းကျင်ကြောင်း ပြောစမှတ်ပြုကြပါတယ်။ ဒါကြောင့်လည်း ဂွန်ဝါဘုရင်ရဲ့ တခြားသားတော်တွေက သူတို့ရဲ့အရိုက်အရာကိုထိပါးလာမှာ စိုးရိမ်တာကြောင့် ဂျူမုံ ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပါတယ်။ ဂျူမုံရဲ့မိခင်ဖြစ်သူ ယူဟွာမိဖုရားကလည်း သားဖြစ်သူရဲ့ အသက်အန္တရာယ်ကိုစိုးရိမ်တာကြောင့် အပျော်တမ်းအမဲလိုက်ပြိုင်ပွဲထွက်တဲ့အချိန်မှာ ဂရုစိုက်ဖို့နဲ့ ဘူယောမှထွက်ခွာပြီးချိန်မှာ ပြန်မလာတော့ဖို့ ဂျူမုံကို မှာကြားခဲ့ပါတယ်။ တောထဲရောက်ရှိချိန်မှာတော့ ဂျူမုံဟာ လုပ်ကြံခံခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်ဖို့ထွက်ပြေးရချိန်မှာ မြစ်ကမ်းစပ်ဆီကိုရောက်ရှိလာခဲ့ပါတယ်။ ဒီအခါမှာ ပြေးစရာမြေမရှိတော့သလို အနောက်မှာလည်း လုပ်ကြံမဲ့ မင်းသားတွေကလိုက်လာပြီဖြစ်တာကြောင့် ဂျူမုံက မြစ်ဘေးမှာဒူးထောက်ပြီး “ငါဟာ ရေနတ်ဘုရား ဟဲဘတ်ရဲ့မြေးဖြစ်တဲ့အတွက် ငါ့ရန်သူတွေက ငါ့ခြေအောက်မှာရှိနေရမှာဖြစ်တယ်။ ငါကဒီနေရာမှာသေဖို့ထိုက်တန်ရဲ့လား” လို့ ဟစ်ကြွေးလိုက်ပါတော့တယ်။
ဒီတော့မှသာ မြစ်ထဲနေ လိပ်ကြီးတွေနဲ့ တခြားသောရေသတ္တဝါတွေက ကမ်းစပ်ဆီတက်လာခဲ့ကြပြီး ဂျူမုံ ကိုချီပိုးကာ တစ်ဘက်ကမ်းဆီကိုပို့ဆောင်ခဲ့ကြပါတယ်။ ဒီနောက်တွင်တော့ ဂျူမုံဟာ ဘူယောကိုမပြန်တော့ဘဲ လူသူစုဆောင်းပြီး နိုင်ငံသစ်တည်ထောင်ဖို့အတွက် စတင်ခဲ့ပါတော့တယ်။ ဂျူမုံဟာ နိုင်ငံသစ်တည်ထောင်ဖို့ ကြိုးပမ်းရာမှာ အခက်အခဲများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး ပင်ပန်းဆင်းရဲခြင်းတွေကို ကြံ့ကြံ့ခံအံတုခဲ့ရပါတယ်။ ဒီအချိန်မှာပဲ နယ်တကာလှည့်ကာ ကုန်သွယ်နေတဲ့ ကုန်သည်ကြီးရဲ့သမီးနဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့ကြပါတယ်။ ဂျူမုံ ဟာ နိုင်ငံသစ်ထူထောင်နိုင်ရုံတင်မကဘဲ စတီးလ်သတ္ထုကိုလည်း ရှာဖွေတွေ့ရှိကာလက်နက်တွေ တီထွင်နိုင်ခဲ့တာကြောင့် စစ်တိုက်တဲ့အခါမှာ အခြားနိုင်ငံတွေထက်သာလွန်ပြီး အနိုင်ရရှိခဲ့ပါတယ်။
ရာဇဝင်မှတ်တမ်းတွေအရတော့ ဂျူမုံ ဟာ ဂိုဂူလျောနိုင်ငံ (Kingdom of Goguryeo) ကိုထူထောင်ခဲ့တဲ့ ဘုရင်ဖြစ်ပါတယ်။ ရှေးဟောင်းကိုရီးယားနိုင်ငံတွေမှာဆိုရင် ဂိုဂူလျောက မြောက်ပိုင်းမှာ စိုးမိုးခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွင်တည်ရှိကာ ယခုခေတ်အနေအထားနဲ့ဆိုရင် မြောက်ကိုရီးယားနိုင်ငံနယ်နမိတ်အတွင်းမှာဖြစ်ပါတယ်။ ဂိုဂူလျောခေတ်အားကောင်းခဲ့စဉ်ကတော့ ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်ကိုသာမက မန်ချူးရီးယား၊ ရုရှားအရှေ့နှင့် မွန်ဂိုလီးယားအရှေ့တို့အထိ နယ်မြေချဲ့ထွင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် သမိုင်းဝင်စေတဲ့ ဂျူမုံရဲ့ တခြားသောဘွဲ့ထူး၊ ဂုဏ်ထူးတွေကတော့ Dongmyeong of Goguryeo, Holy King of the East တို့ဖြစ်ကြပြီး တိုင်းသူပြည်သားတွေရဲ့ နတ်ဘုရားသဖွယ် ချစ်ခင်ကိုးကွယ်ခြင်းကိုလည်းခံရပါသေးတယ်။ မွေးဖွားတဲ့ခုနှစ်သက္ကရာဇ်အနေနဲ့ကတော့ ၅၈ ဘီစီ ဖြစ်တယ်လို့ဖော်ပြထားပြီး သေဆုံးချိန်ကတော့ ၁၉ ဘီစီဖြစ်တယ်လို့ သိရပါတယ်။ ကြင်ယာဖက်အနေနဲ့ သုံးနိုင်ငံကိုလှည့်လည်ကုန်သွယ်တဲ့ ကုန်သည်ကြီးရဲ့သမီးဖြစ်သူ ဆိုဆောနို (Soseono) နဲ့ လက်ဆက်ခဲ့တယ်လို့သိရပြီး ဆိုဆောနိုမတိုင်ခင်မှာတော့ အခြားနယ်မှမင်းသမီးတစ်ဦးနဲ့ လက်ဆက်ဖူးကာ သားတစ်ဉီးထွန်းကားခဲ့တယ်လို့လည်းသိရပါတယ်။ ဂျူမုံ ဟာ ငယ်စဉ်ဘဝမှာတုန်းက တရုတ်အင်ပါယာရဲ့လက်အောက်ခံဖြစ်တဲ့ ဘတ်ဂျယ်နိုင်ငံမှာ ကြီးပြင်းခဲ့ရပြီး နောက်ပိုင်း ဆိုဆောနိုနဲ့လက်ထပ်ပြီးချိန် ၃၇ ဘီစီခန့်မှာတော့ လူသူလက်နက်တွေနဲ့ နယ်မြေသစ်တွေကို စတင်စုဆောင်းကာ ၃၄ ဘီစီမှာ ဂိုဂူလျောရဲ့ ပထမဆုံးမြို့တော် ဂျိုဘုံးကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ ၁၉ ဘီစီမှာတော့ သူ့ရဲ့ပထမဇနီးဖြစ်သူဟာ သားတော်နဲ့အတူ ပြန်လည်ရောက်ရှိလာတာကြောင့် ထီးနန်းဆက်ခံရေးအတွက် အငြင်းပွားဖွယ်ရာတွေဖြစ်လာခဲ့ပြီး ဆိုဆောနိုဟာလည်း သူ့သားနှစ်ယောက်ကိုခေါ်ကာ ဂိုဂူလျောမှထွက်ခွာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆိုဆောနိုက ဂိုဂူလျောရဲ့တောင်ဘက်မှာ နယ်မြေသစ်ရှာဖွေပြီး ဂိုလျောနိုင်ငံကိုထူထောင်ခဲ့ပါတယ်။
ဂျူမုံ မင်းကြီးနတ်ရွာစံပြီးနောက်မှာ မင်းဆက်ပေါင်း ၂၈ ဆက်တိုင်အောင် ဂိုဂူလျောကို အုပ်ချုပ်ခဲ့ကြပါတယ်။ ဂိုဂူလျောဟာ နှစ်ပေါင်း ၇၀၅ နှစ်ကြာမြင့်စွာရပ်တည်ခဲ့ပြီး အေဒီ ၆၆၈ ဘိုဂျန်ဘုရင် (Bojang) လက်ထက်မှာတော့ ဂိုဂူလျောအင်ပါယာကြီး ကျဆုံးခဲ့ပါတယ်။ ဂိုဂူလျော ပျက်သုဉ်းပြီးနောက်မှာတော့ ဘတ်ဂျယ် (Balhae) နဲ့ ရှီလာ(silla) နှစ်နိုင်ငံအဖြစ်ကွဲသွားခဲ့ပြီး ဂိုလျော၊ ဘတ်ဂျယ်၊ ရှီလာဟူ၍ အင်အားပြိုင်သုံးနိုင်ငံဖြစ်တည်လာခဲ့ပါတော့တယ်။
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube : https://www.youtube.com/@zlann_podcast
Podcast https://podcasters.spotify.com/pod/show/z-lann
Facebook Group https://www.facebook.com/groups/zlann/