မြေပြင်အောက်မှာ နှစ်ပေါင်း ၂၀၀၀ မျှ နစ်မြုပ်ပျောက်ကွယ်နေခဲ့တဲ့ တာရာကိုတာစစ်သည်တော်များ

လွန်လေပြီးတဲ့အတိတ်ကာလတွေတုန်းက ဖြစ်ပေါ်တည်ရှိခဲ့ဖူးတဲ့ တချို့သောအကြောင်းအရာတွေ၊ အရာ၀တ္ထုတွေဟာဆိုရင် ဒီနေ့အချိန်မှာ သမိုင်းဝင်ပစ္စည်း (သို့မဟုတ်) ဖြစ်ရပ်တွေအဖြစ်နဲ့ တည်ရှိနေရုံသာမကဘဲ ပဟေဠိဆန်တဲ့ကိစ္စတွေအဖြစ်နဲ့ပါ တည်ရှိလို့နေပါတယ်။ အဲဒီလိုအရာတွေထဲမှာဆိုရင် တရုတ်နိုင်ငံက တာရာကိုတာ စစ်သည်တော်ရုပ်ထုတွေရဲ့ အကြောင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ “သိပြီးပြီလား” ကဏ္ဍလေးကနေ တာရာကိုတာ စစ်သည်တော်ရုပ်ထုတွေနဲ့ ပတ်သက်လို့ သိရှိထားသင့်တဲ့အကြောင်းအရာတချို့ကို တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ 💁

တာရာကိုတာ စစ်သည်တော်တွေရဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ ပထမဦးဆုံးသောဧကရာဇ်ဖြစ်တဲ့ ချင်ရှစ်ဟွမ်း (Qin Shi Huang) အကြောင်းကိုလည်း မဖြစ်မနေဆိုသလိုထည့်သွင်းဖော်ပြရမှာပါ။ ဧကရာဇ် ချင်ရှစ်ဟွမ်းကို ဘီစီ ၂၅၉ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ငယ်နာမည်ကတော့ ရင်ကျန်း (Ying Zheng) ဖြစ်ပါတယ်။ ဖခင်ဖြစ်သူထံမှ ချင်နိုင်ငံကို လက်လွှဲရယူချိန်မှာတော့ သူ့ရဲ့ အသက်ဟာ ၁၃ နှစ်အရွယ်သာရှိသေးပြီး အဲဒီအချိန်တုန်းက တရုတ်ပြည်မှာ ချင်နိုင်ငံအပါအဝင် တခြားသောနိုင်ငံ (၆) ခုတို့ကလည်း အစိပ်စိပ်ကွဲကာတည်ရှိနေချိန်ဖြစ်တယ်လို့ သိရပါတယ်။ ဒီအခါမှာ အသက်ငယ်ရွယ်သလို ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်လည်းပြင်းပြတဲ့ ဧကရာဇ်ငယ်လေးဟာ ကျန်ရှိတဲ့ (၅) နိုင်ငံကို ရက်စက်မှု အပြည့်နဲ့ သိမ်းပိုက်အောင်မြင်ခဲ့ပြီး ဘီစီ ၂၂၁ ခုနှစ်ကိုအရောက်မှာတော့ နိုင်ငံ (၆) ခုစလုံးကို အင်ပါယာတစ်ခုတည်းအဖြစ် စုစည်းနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာ ရင်ကျန်း ဆိုတဲ့ ဘုရင်ငယ်လေးက ‘ပထမဦးဆုံးသောဧကရာဇ်ဘုရင်’ လို့ အဓိပ္ပာယ်ရတဲ့ ချင်ရှစ်ဟွမ်းဒီ (Qin Shi Huang Di) ဘွဲ့ကိုခံယူခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ ဘွဲ့နာမည်အတိုကောက်အနေနဲ့ ချင်ရှစ်ဟွမ်း (Qin Shi Huang) လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမဆုံးဧကရာဇ်ဘုရင်ကြီးဖြစ်ခဲ့တဲ့ ချင်ရှစ်ဟွမ်းဟာ မူလတုန်းက ရန်သူတွေ ဖြစ်ခဲ့တဲ့ နိုင်ငံ (၅) ခုကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် သိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ တင်းကျပ်တဲ့စည်းမျဉ်းတွေ၊ ဥပဒေတွေချမှတ်ခဲ့ပြီး ခရိုင်အဆင့်တွေအမြောက်အများခွဲကာ ပိုင်ပိုင်နိုင်နိုင်အုပ်ချုပ်ခဲ့ပါတယ်။ တိုင်းပြည်တစ်ဝန်းမှာလည်း လမ်းပန်းခရီးသွားလာရပိုမိုလွယ်ကူစေဖို့အတွက် ဆောင်ရွက်ခဲ့ပြီး ဘာသာစကားအရေးအသားတွေကိုပါ တညီတည်း ဖြစ်အောင်ကြိုးပမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အင်အားတောင့်တင်းခိုင်မာတဲ့ စစ်တပ်ကြီးကိုလည်း တည်ထောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧကရာဇ် ချင်ရှစ်ဟွမ်းဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်ပေမဲ့လည်း ဘုန်းကံအရှိန်အဝါကတော့ သူမတူအောင် ကြီးမားသူဖြစ်ပါတယ်။ ဒီအခါမှာ မာန်၊ မာနတရားတို့ကလည်း လိုသည်ထက်ပိုကာ ပြည့်နှက်လို့လာခဲ့ပြီး တခြားသူတွေနဲ့ မတူကွဲပြားတဲ့ လိုချင်တပ်မက်မှုတွေကလည်းရှိလို့လာခဲ့ပါတယ်။ အဲဒီလိုတပ်မက်မှုတွေထဲကမှ တစ်ခုကတော့ ထာ၀ရ အသက်ရှင်စေလိုပြီး သူ့ကို နတ်ဘုရားတစ်ပါးသဖွယ် ကိုးကွယ်လိုခြင်းပါပဲ။ ဧကရာဇ် ချင်ရှစ်ဟွမ်းရဲ့ အဆိုပါစိတ်ဆန္ဒဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တွေများစွာကိုဖြစ်ပေါ်စေခဲ့သလို ပဟေဠိဆန်တဲ့ဖြစ်ရပ်အကြောင်းအရာတွေလည်း ပေါ်ပေါက်လာစေခဲ့ပါတယ်။

တိုင်းပြည် (၆) ခုကို တစ်စုတစ်စည်းတည်းဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ သူလို ဘုရင်တစ်ပါးအဖို့ကတော့ နတ်ဘုရားလိုမျိုး ယုံကြည်အားကိုးစေလိုတဲ့ ဆန္ဒဟာ မတောင်းခင်ကတည်းက ပြည့်၀နေပြီးသားဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ချင်ရှစ်ဟွမ်းက သူ့ရဲ့ နောက်ထပ်ဆန္ဒတစ်ခုဖြစ်တဲ့ ထာ၀ရအသက်ရှင်ရေး (ခေါ်) မသေဆေးရရှိဖို့အတွက်ကို အားသွန်ခွန်စိုက် ကြိုးစားပါတော့တယ်။ အဲဒီလိုကြိုးစားတဲ့အခါမှာတော့ ဒဏ္ဍာရီဆန်လှတဲ့အကြောင်းအရာအချက်အလက်တွေကို အခြေတည်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ လေ့လာတွေ့ရှိရတဲ့သမိုင်းမှတ်တမ်းတွေအရဆိုရင် ဧကရာဇ် ချင်ရှစ်ဟွမ်းဟာ ချီမျိုးနွယ်စုမှ ရွှီဖူ (Xu Fu) ဆိုတဲ့လူတစ်ယောက်လျှောက်တင်လာတဲ့ အကြောင်းအရာကိုမူတည်ပြီး မသေဆေးရှာဖွေဖို့အတွက် ခရီးစဉ်တွေအများအပြားကို စီစဉ်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ရွှီဖူက “ပင်လယ်ကြီးရဲ့ အလယ်ခေါင်မှာ နတ်ဘုရားတို့ဖန်ဆင်းထားတဲ့ တောင်သုံးလုံးရှိပြီး အဲဒီတောင်တွေကတော့ ဖုန်းလိုင် (Penglai)၊ ဖန်းကျန်း (Fangzhang) နဲ့ ရင်ကျိုး (Yingzhou) တို့ဖြစ်ကြောင်း၊ အဆိုပါတောင်တွေမှာနေထိုင်ကြတဲ့သူတွေက ထာ၀ရအသက်ရှင်သူတွေဖြစ်ကြတာကြောင့် သူ့ကိုသွားရောက်ရှာဖွေခွင့်ပေးပါလျှင် လူငယ်တွေကို ဦးဆောင်ခေါ်သွားပြီး ရှာဖွေလို‌ကြောင်း” ဆိုကာ လျှောက်တင်ခဲ့တာဖြစ်ပါတယ်။

ဒီအခါမှာတော့ ထာ၀ရအသက်ရှင်လိုစိတ်ပြင်းပြနေတဲ့ ဧကရာဇ် ချင်ရှစ်ဟွမ်းကလည်း ရွှီဖူရဲ့ လျှောက်တင်ချက်ကိုလက်ခံပြီး ပင်လယ်မှာရှိတဲ့ ထာ၀ရအသက်ရှင်သူတွေကိုရှာဖွေဖို့ ခွင့်ပြုစေလွှတ်ခဲ့ပါတော့တယ်။ ရွှီဖူကလည်း ဧကရာဇ်မင်းရဲ့ စေခိုင်းမှု အတိုင်း ထောင်ပေါင်းများစွာသောလူငယ်တွေ၊ မိန်းကလေးငယ်တွေကိုခေါ်ဆောင်ပြီး ထွက်ခွာလာခဲ့ကာ သူတို့အဖွဲ့ရဲ့ အပြန်ခရီးနဲ့ပတ်သက်လို့တော့ ဒဏ္ဍာရီဇာတ်လမ်းတွေများစွာရှိတာကိုတွေ့ရပါတယ်။ တချို့တွေကတော့ သူတို့တွေဟာ မသေဆေးကိုရှာ‌မတွေ့ဘဲ နှစ်အနည်းငယ်အကြာမှာ ချင်နိုင်ငံဆီကိုပြန်လာခဲ့ကြပြီး အဲဒီလိုပြန်လာချိန်မှာတော့ ငွေအမြောက်အများကို ပိုင်ဆိုင်လာခဲ့တယ်လို့ဆိုပါတယ်။ တချို့ကျတော့လည်း ရွှီဖူတို့အဖွဲ့ဟာ မသေဆေးကိုရှာမတွေ့ဘဲ ပြန်လာပါက မင်းပြစ်မင်းဒဏ်သင့်မှာကိုစိုးရွံ့တာကြောင့် ပင်လယ်အတွင်းမှာရှိတဲ့ကျွန်းတစ်ကျွန်းမှာသာ အခြေချနေထိုင်ပြီး နောင်တစ်ချိန်မှာတော့ အဆိုပါကျွန်းဟာ ဂျပန်နိုင်ငံဖြစ်လာခဲ့တယ်လို့ အဆိုရှိကြပါတယ်။

ထာ၀ရအသက်ရှင်လိုတာကြောင့် မသေဆေးကိုကြိုးစားပမ်းစားရှာဖွေခဲ့တဲ့ ဧကရာဇ်မင်းဟာ နည်းမျိုးစုံနဲ့ကြိုးစားပြီးနောက် အောင်မြင်မှုမရရှိတဲ့အဆုံးမှာတော့ နန်းတွင်းသမားတော်တို့နဲ့တိုင်ပင်ပြီး သမားတော်တွေညွှန်ကြားတဲ့အတိုင်း လိုက်နာနေထိုင် စားသောက်ခဲ့ပါတယ်။ ဒီလိုနေထိုင်ရာမှာ သမားတော်တွေက ပြဒါးဟာ အသက်ရှည်ဆေးဖြစ်တယ်လို့ အကြံပြုတာကြောင့် ပြဒါးကို နေ့စဉ်ပုံမှန်သုံးဆောင်ခဲ့ပြီး အဲဒီအချိန်ကာလအတွင်းမှာလည်း သူဟာ သူ့ရဲ့သေဆုံးချိန်နဲ့ပတ်သက်လို့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက်ကို စိတ်ဝင်စားနေခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ အသက် ၅၀ အရွယ်ကိုရောက်ချိန် တိုင်းခန်းလှည့်လည်နေတဲ့ အတောတွင်းမှာတော့ ပြဒါးအဆိပ်သင့်ကာနတ်ရွာစံသွားခဲ့ပါတော့တယ်။

ထာ၀ရအသက်ရှင်လိုသူတစ်ယောက်ဖြစ်တဲ့ ဘုရင်ကြီးရဲ့ မသေဆေးရှာပုံတော်ဒဏ္ဍာရီဇာတ်လမ်းတွေဟာ စိတ်ဝင်စားဖို့ ကောင်းလှသလို သူ မသေမီအချိန်အတွင်းမှာသေသေချာချာစီမံတည်ဆောက်ခဲ့တဲ့ ဂူသင်္ချိုင်းကြီးကလည်း အလွန်ပဟေဠိဆန်ကာ စိတ်ဝင်စရားအတိနဲ့ရှိလို့နေပါတယ်။ သမိုင်းပညာရှင် Sima Qian ရဲ့ ရှာဖွေတွေ့ရှိမှုတွေအရဆိုရင် ဧကရာဇ် ချင်ရှစ်ဟွမ်းရဲ့ ဂူသင်္ချိုင်းကို ဘီစီ ၂၄၆ မှာ လုပ်သားဦးရေ ၇ သိန်းနဲ့ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ဘုရင်ကြီးဟာ နန်းတက်စအရွယ် အသက် ၁၃ နှစ်သာရှိသေးတာဖြစ်ပါတယ်။ ဂူသင်္ချိုင်းကြီးကိုတည်ဆောက်ပြီးချိန်မှာတော့ နန်းတော် အဆောင်အယောင်တွေ၊ မျှော်စင်ကြီးတွေ၊ ရုံးအဆောက်အဦးတွေ၊ အနုပညာလက်ရာမြောက်လှတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဂူသင်္ချိုင်းအတွင်းမှာ ထည့်သွင်းမြှုပ်နှံခဲ့ပြီး သမိုင်းဆိုင်ရာဖော်ပြချက်တွေအရဆိုရင် အဆိုပါဂူသင်္ချိုင်းကို ကောင်းကင်နဲ့ မြေပြင် ပုံစံတူတွေအတိုင်း တည်ဆောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တချို့သောသမိုင်းပညာရှင်တွေကတော့ အဆိုပါဂူသင်္ချိုင်းကို ဧကရာဇ် နတ်ရွာစံပြီးချိန်မှာ ထီးနန်းအပြိုင်ဖြစ်လာခဲ့တဲ့ ရှန့်ယွီ ဆိုသူက ဖောက်ထွင်းခဲ့တယ်လို့ဖော်ပြထားပေမဲ့ အစိုးရမှတူးဖော်ရရှိတဲ့အချိန်မှာတော့ လုယက်ဖောက်ထွင်းခဲ့တဲ့ အရိပ်အယောင်တွေကို မတွေ့ရှိခဲ့ရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဘုရင်ကြီးရဲ့ ဂူဗိမ္မာန်နဲ့အတူမြှုပ်နှံထားရှိခဲ့တယ်လို့ ယုံကြည်ထားကြတဲ့ တာရာကိုတာ စစ်သည်တော်ရုပ်ထုတွေကိုရဲ့ သမိုင်းကြောင်းကိုလည်း အဆိုပါသမိုင်းစာမျက်နှာတွေနဲ့ မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြရေးသားခဲ့ခြင်းမျိုးမရှိပါဘူး။ ၁၉၇၄ ခုနှစ်ရောက်တော့မှသာ ဂူသင်္ချိုင်းနဲ့အတူ ရှာဖွေတွေ့ရှိခဲ့တဲ့ ယင်းတာရာကိုတာစစ်သည်တော်ရုပ်ထုတွေဟာဆိုရင်တော့ ချင်ဧကရာဇ် ချင်ရှစ်ဟွမ်းကို တမလွန်လောကမှာ စောင့်ရှောက်ဖို့အတွက် ထုလုပ်ထည့်သွင်းခဲ့တာဖြစ်တယ်လို့ သိရပြီး ရုပ်ထုတစ်ရုပ်ချင်းဆီရဲ့မျက်နှာအနေအထားတွေဟာဆိုရင် ကွာခြားမှုတွေရှိတာကိုတွေ့ရပါတယ်။
ဒီဂူသင်္ချိုင်းကြီးနဲ့ ရုပ်ထုတွေကိုရှာဖွေတွေ့ရှိခဲ့ပုံကတော့ ဒီလိုပါ။ ၁၉၇၄ ခုနှစ်ကာလတုန်းက ဧကရာဇ် ချင်ရှစ်ဟွမ်းရဲ့ ဂူသင်္ချိုင်း တည်ရှိရာ အရှေ့ဘက် တစ်မိုင်ခန့်အကွာမှာ ဒေသခံလယ်သမားတွေက ရေတွင်းတစ်တွင်းတူးနေခဲ့ကြပြီး အဲဒီနေရာဟာဆိုရင် လွန်ခဲ့တဲ့နှစ်ရာစုပေါင်းများစွာက ရုပ်ထုအပိုင်းအစတွေ၊ ရှေးဟောင်းအမိုးပြားတွေနဲ့ အုတ်ချပ်တွေကို မကြာခဏဆိုသလို တွေ့ရှိတဲ့နေရာဖြစ်ပါတယ်။ အဲဒီလိုနေရာမျိုးမှာ လယ်သမားတွေကလည်း ရေတွင်းတူးဖော်တဲ့အချိန်မှာတော့ ရုတ်ချည်းဆိုသလို လွန်စွာကြီးမားတဲ့ မြေအောက်တွင်းကြီးတစ်တွင်းကို ထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်။ ဒီလိုရှာတွေ့တဲ့သတင်းဟာ တရုတ်နိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင်တွေအတွက် စိတ်ဝင်စားစရာဖြစ်သွားခဲ့တာကြောင့် ဆက်လက်တူးဖော်ခဲ့ကြရာမှာတော့ ယင်းမြေကြီးအောက်ထဲမှာ ရာထူးအဆင့်လိုက်တည်ရှိနေတဲ့ စစ်သည်တော်ရုပ်ထုတွေ၊ စစ်ရထားတွေနဲ့ စစ်မြင်းတွေကို စစ်ထွက်တိုက်တော့မဲ့အနေအထားပုံစံအတိုင်းတွေ့လိုက်ရပါတော့တယ်။ အရေအတွက်အားဖြင့်ကတော့ စစ်သည်တော်ရုပ်ထု (၈၀၀၀)၊ စစ်ရထား (၁၃၀) ၊ စစ်မြင်း (၅၂၀) နဲ့ မြင်းတပ်မြင်းကောင်ရေ (၁၅၀) တို့ရှိတာကိုတွေ့ရပါတယ်။ ဒါတွေအပြင် စစ်ဖက်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ရုပ်ထုတွေ၊ အဆောက်အဦးပုံစံတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒီရုပ်ထုတွေကို နီညိုရောင်ရွှံ့ဆေးတွေနဲ့ ပြုလုပ်ထားတာကြောင့် အမည်သတ်မှတ်တဲ့အခါမှာ ‘နီညိုရောင်ရွှံ့စေး’ လို့အဓိပ္ပာယ်ရတဲ့ ‘တာရာကိုတာ’ ဆိုတဲ့ စကားလုံးကိုထည့်သွင်းခဲ့တာဖြစ်ပါတယ်။ သမိုင်းဆိုင်ရာလေ့လာချက်တွေအရဆိုရင် အဆိုပါရုပ်ထုတွေကို အလုပ်သမားတွေနဲ့ ဒေသခံလက်မှုပညာရှင်တွေအတူ ပူးပေါင်းပြီးပြုလုပ်ခဲ့ကြတာဖြစ်ကာ အသုံးပြုထားတဲ့ပစ္စည်းတွေကလည်း ဒေသထွက်သတ္တုတွေသာဖြစ်တယ်လို့ မှတ်သားနိုင်ပါတယ်။ ပြုလုပ်တဲ့အခါမှာတော့ ဦးခေါင်း၊ လက်၊ ခြေထောက်နဲ့ ရင်ခေါင်းပိုင်း တို့ကို သီးခြားစီပြုလုပ်ပြီးမှ စုပေါင်းတပ်ဆင်ခြင်းဖြစ်ကာ အရုပ်တွေရဲ့ မျက်နှာအနေအထားကတော့ စုစုပေါင်း ၈ မျိုးရှိပါတယ်။ တချို့ရုပ်ထုတွေရဲ့မျက်နှာဟန်ထားမှာ အေးဆေးတည်ကြည်တဲ့ပုံစံတွေဖြစ်ကြပြီး တချို့တွေမှာတော့ ရန်သူကိုတုံ့ပြန်ဖို့အတွက် အဆင်သင့်ဖြစ်နေသလိုမျိုး မာန်ပါတဲ့ပုံစံဖြစ်ကာ ရုပ်ထုတွေရဲ့အရွယ်အစားကတော့ အရွယ်ရောက်ပြီးလူတွေအတိုင်းဖြစ်ပေမဲ့ အရပ်အနိမ့်အမြင့်၊ ဝတ်စုံနဲ့ ဆံပင်ပုံစံကိုတော့ ရာထူးအလိုက် ပြောင်းလဲထားတာတွေ့ရပါတယ်။ ဒါ့အပြင် ရုပ်ထုအများစုမှာဆိုရင် မူလဖန်တီးချိန်ကတည်းက လှံ၊ ဓားနဲ့ ဒူးလေး လက်နက်ကိရိယာအစစ်တွေကို ကိုင်ဆွဲထားခဲ့ပေမဲ့ ဖန်တီးပြီးအချိန်ခဏအကြာမှာပဲ ခိုးယူခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရုပ်ထုတွေထဲမှ ထူးခြားတဲ့ရုပ်ထုတွေကတော့ မြင်းစစ်ရထားတွဲ ကြေးရုပ်ထု ၂ ခုပါပဲ။ ရထားတွဲရဲ့အလျားဟာ ၃.၁၇ မီတာ၊ အနံ ၁.၀၆ မီတာထိ ရှည်လျားပြီး မြင်းရုပ်ထုတွေ့တော့ ၆၅ မှ ၆၇ စင်တီမီတာခန့်အမြင့်ရှိကာ ၁၂၀ စင်တီမီတာ ရှည်လျားပါတယ်။ စစ်ရထားတွဲတစ်ခုလုံးရဲ့ ကြေးတန်ချိန်ကတော့ ၁၂၄၁ ကီလိုဂရမ် ( ၂၇၃၅.၉ ပေါင် ) ရှိပြီး တချို့အစိတ်အပိုင်းကိုဆိုရင် ရွှေ၊ ငွေတို့နဲ့ ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ အဆိုပါမြင်းစစ်ရထားတွဲရုပ်ထုဟာ တရုတ်ပြည်ရဲ့ ရှေးအကျဆုံး ကြေးရုပ်ဖြစ်သလို ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးသောရှေးဟောင်းကြေးထည်ပစ္စည်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

၁၉၈၇ ခုနှစ်မှာတော့ UNESCO မှ အဆိုပါ တာရာကိုတာ စစ်သည်တော်ရုပ်ထုတွေကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး လက်ရှိမှာတော့ ပြတိုက်တစ်ခုအဖြစ် ဖွင့်လှစ်ထားရှိပါတယ်။ ဒါကြောင့် တကယ်လို့များ သင်က ရှေးဟောင်း သမိုင်းကြောင်းအဖြစ်အပျက်တွေကို စိတ်ပါဝင်စားပြီးလေ့လာလိုတယ်ဆိုရင်တော့ ဒီရုပ်ထုတွေအကြောင်းကလည်း ချန်လှပ်ထားခဲ့မရတဲ့အရာတွေဖြစ်ကြောင်း တင်ဆက်ပေးရင်း ဒီနေ့ရဲ့ ‘သိပြီးပြီလား’ ကဏ္ဍလေးကို နိဂုံးချုပ်လိုက်ပါတယ်။

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤ https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤ https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #TerracottaArmy

More Interesting Blogs from Zlann