ဘုရင်မ ဆွန်းဒေါ့ရဲ့ သမိုင်းကြောင်းဟာဆိုရင် အလွန်တရာမှစိတ်ဝင်စားဖို့ကောင်းသလို သူကိုယ်တိုင်ကလည်း ထူးခြားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ဘုရင်မ ဆွန်းဒေါ့ဟာ ရှီလာဘုရင်ဖြစ်သူ ဂျင်ဖြောင်းဘုရင်နဲ့ မာယာမိဖုရားတို့က မွေးဖွားခဲ့တဲ့ အမြွှာသမီးတော်နှစ်ယောက်မှာ အငယ်ဖြစ်ပြီး သူ့ရဲ့ မင်းသမီးဘဝနာမည်ကတော့ “ဒေါ့မန်” ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီခေတ်အချိန်တုန်းကဆိုရင် သမီးအမြွှာမွေးခြင်းဟာ နန်းဆက်နဲ့ နိုင်ငံအတွက် ကံဆိုးမှုတွေဖြစ်လာစေနိုင်တယ်လို့ယူဆထားကြတဲ့ ကာလဖြစ်တာကြောင့် ဂျင်ဖြောင်းဘုရင်က သမီးငယ်ဖြစ်တဲ့ ဒေါ့မန်မင်းသမီးကို တိတ်တဆိတ်ပဲ အရပ်သားကဲ့သို့ နေစေခဲ့ပါတယ်။ သမိုင်းမှတ်တမ်းကွဲတွေမှာတော့ ဒေါ့မန်မင်းသမီးက အကြီးဆုံးဖြစ်ပြီး ချွန်းမြောင်မင်းသမီးအပြင် ဆွန်းဟွာမင်းသမီး လို့ခေါ်တဲ့ ညီမတစ်ဦးပါရှိတယ်လို့ဆိုကြပါတယ်။
ဂျင်ဖြောင်းဘုရင်က ဆက်ခံသူ သားယောက်ျားလေးမရှိတာကြောင့် ဒေါ့မန်ရဲ့အမွှာအစ်မဖြစ်သူ ချွန်းမြောင်မင်းသမီးရဲ့ခင်ပွန်းဖြစ်သူ ကင်ယုံးဆို ကိုနန်းလွှဲပေးဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချင်းအရာကို ဒေါ့မန်မင်းသမီးက မဖြစ်သင့်ဘူးလို့ ယူဆခဲ့တာကြောင့် ခမည်းတော်ကိုတောင်းဆိုကာ ထီးနန်းအတွက်ယှဉ်ပြိုင်ခွင့်တောင်းခံခဲ့ပါတယ်။ ဒီအခါမှာတော့ ဒေါ့မန်မင်းသမီးမှာ အမျိုးသားတွေရဲ့ အုပ်ချုပ်မှုကိုပဲနှစ်သက်တဲ့ ရှေးရိုးစွဲသူတွေရဲ့ဆန့်ကျင်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ စိတ်အားထက်သန်မှုပြင်းပြတဲ့ ဒေါ့မန်မင်းသမီးက စာပေလေ့လာမှုတွေနဲ့ တိုက်ရည်ခိုက်ရည်မြင့်မားမှုတွေကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဘုရင့်သမီးတော်ဖြစ်တဲ့ သူမကသာလျှင် ထီးနန်းအတွက်ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ရှီလာနိုင်ငံကို အစဉ်အဆက်ဆိုသလို အုပ်စိုးခဲ့သူတွေမှာ အမျိုးသားဘုရင်တွေသာဖြစ်ပြီး ဥပဒေဖွဲ့စည်းပုံကလည်း တင်းကြပ်တာကြောင့် အမျိုးသမီးတစ်ယောက် ဘုရင်မဖြစ်လာမဲ့ကိစ္စကို ဆန့်ကျင်တဲ့အကောက်ကြံမှုတွေများစွာလည်း ပေါ်ပေါက်ခဲ့ပါတယ်။
၆၃၂ ခုနှစ် မေလမှာတော့ အထက်အရာရှိတွေဖြစ်ကြတဲ့ အီချန်နဲ့ အန်ချန်တို့က ပုန်ကန်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ပုန်ကန်မှုမစတင်ခင်မှာပဲ သူတို့ရဲ့အကြံအစည်က ပေါ်ပေါက်သွားခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရပြီး အီချန်၊ ချီဆော့တို့ရဲ့ တစ်မျိုးနွယ်လုံးကလည်း ခေါင်းဖြတ်ကွက်မျက်ခံရကာ ဈေးရှေ့မှာချိတ်ဆွဲထားခြင်းခံခဲ့ရပါတယ်။ အန်ချန်ဆော့ဖွန်းကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဘတ်ဂျယ်နယ်မြေထဲကို ပြေးဝင်ခိုလှုံခဲ့ပါတယ်။ ဒါပေမဲ့လည်း သူကမိသားစုကိုလွမ်းဆွတ်တာကြောင့် ပြန်လည်ခိုးဝင်လာတဲ့အချိန်မှာတော့ စစ်သားတွေကဖမ်းမိသွားတာကြောင့် သူလည်းပဲ မိသားစုလိုက်ကွက်မျက်ခံခဲ့ရပါတယ်။
၆၂၃ ခုနှစ် ဇန်နဝါရီလမှာတော့ ဒေါ့မန်မင်းသမီးနန်းတက်ခဲ့ပြီး ရှီလာရဲ့ပထမဆုံးဘုရင်မဖြစ်လာခဲ့ကာ ဆွန်းဒေါ့ဘုရင်မဆိုတဲ့ နာမည်သစ်ခံယူခဲ့ပါတယ်။ ဘုရင်မက သာမာန်လူဘဝနဲ့နေထိုင်လာခဲ့တာကြောင့် သာမာန်ပြည်သူတို့ရဲ့ဘဝကိုနားလည်ပြီး လူချမ်းသာတွေရဲ့ ခေါင်းပုံဖြတ်မှုနဲ့ ချို့တဲ့တဲ့စိုက်ပျိုးရေးလုပ်ဆောင်မှုတွေကို ပြုပြင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းတိုးတက်အောင်လုပ်ဆောင်ခဲ့ပြီး ထီးနန်းရရချင်းမှာပဲ သူ့ရဲ့ခံယူချက်နဲ့ ဆက်လက်လုပ်ဆောင်သွားမဲ့ လမ်းစဉ်တွေကို ပြည်သူတွေထံချပြခဲ့ပါတယ်။ နန်းတွင်းသူလျှိုတွေကိုလည်း နေရာအနှံ့မှာရှိနေစေပြီး နယ်ပယ်အသီးသီးမှ သတင်းတွေ နန်းတော်သို့ရောက်ရှိစေဖို့ကလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါတွေတင်မကသေးဘဲ တိုင်းပြည်အတွင်းမှာရှိတဲ့ မုဆိုးမတွေ၊ မုဆိုးဖိုတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မိဘမဲ့ကလေးငယ်တွေကို စောင့်ရှောက်ပေးတဲ့အစီအစဉ်တွေကိုလည်းဆောင်ရွက်ခဲ့ပါတယ်။
အဲဒီနှစ်ထဲမှာပဲ သံတမန်ဆက်ဆံရေးအတွက် သံအမတ်တွေကို တရုတ်နိုင်ငံ ထန်ဧကရာဇ်ဆီ ပို့ဆောင်ခဲ့ပြီး သူက ရှီလာရဲ့ဘုရင်မအသစ်ဖြစ်ကြောင်းကိုမိတ်ဆက်ကာ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ကောင်းမွန်တဲ့မိတ်ဖက်ဆက်ဆံရေးဖြစ်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမမဲ့ ထန်ဧကရာဇ် Taizong ကတော့ ဘုရင်မ ဆွန်းဒေါ့ကို အမျိုးသမီးတစ်ယောက်ဖြစ်နေတာကြောင့် အသိအမှတ်မပြုနိုင်ဘူးလို့ဆိုကာငြင်းဆိုခဲ့ပါတယ်။ နန်းရပြီးဒုတိယမြောက်နှစ်မှာတော့ စိုက်ပျိုးရေးလုပ်ဆောင်နေတဲ့ လယ်သမားတွေအတွက် နက္ခတ်တာရာကြည့်မျှော်စင်ကိုဆောက်လုပ်ပေးခဲ့ပြီး မိုးလေဝသခန့်မှန်းဖို့အတွက်ကိုလည်း ပညာရှင်တွေကို ခန့်အပ်ခဲ့ပါတယ်။ ဘုရင်မ ဆွန်းဒေါ့လက်ထက်မှာ လူချမ်းသာတွေထံမှ အခွန်အခတွေကို တိုးမြှင့်ကောက်ခံခဲ့ပေမဲ့လည်း လူလတ်တန်းစားတွေနဲ့ ဆင်းရဲသားတွေအတွက်ကတော့ ပေးအပ်ရမဲ့ အခွန်ပမာဏကို လျော့ပေါ့ပေးခဲ့ပါတယ်။
ပြည်သူတွေအပေါ်ထားရှိတဲ့ အကြင်နာထားလုပ်ဆောင်မှုတွေနဲ့ မျှတတဲ့စီရင်ချက်တွေကြောင့် သူဟာ အမျိုးသားဘုရင်တွေထက်တောင်မှ ပြည်သူတွေရဲ့ ချစ်ခင်မြတ်နိုးမှုနဲ့ထောက်ခံအားပေးမှုတွေကိုရခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ ဘုရင်မက ထန်ကရာဇ်ဆီ သံတမန်တွေထပ်မံစေလွှတ်ခဲ့ပေမဲ့ ထန်ဧကရာဇ်က ကိုရီးယားဘုရင်တွေဟာ သူတို့ကိုယ်သူတို့ တရုတ်ဧကရာဇ်တွေနဲ့ ခြေရာတိုင်းချင်ကြတယ်ဆိုတဲ့ စွပ်စွဲခဲ့ကာ ဒီတစ်ခေါက်မှာလည်း သံအမတ်တွေကိုငြင်းပယ်ခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဆွန်းဒေါ့ဘုရင်မက ပြည်တွင်းကိုသာယာဝပြောအောင်ဆောင်ရွက်ပေးခဲ့ပြီး ရှီလာနိုင်ငံအေးချမ်းတိုးတက်စေဖို့ အစွမ်းကုန် အားထုတ်ခဲ့သူဖြစ်ပါတယ်။
၆၃၆ ခုနှစ်မှာတော့ ဘုရင်မဟာ နာမကျန်းဖြစ်ခဲ့ပြီး ဆုတောင်းပွဲတွေ၊ ဆေးဝါးတွေနဲ့လည်း မကုသနိုင်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ တောင်တွေလှုပ်ခတ်ခြင်း၊ မြစ်မှရေများအနီရောင်သို့ပြောင်းကာ ရေနေသတ္တဝါများသေဆုံးခြင်းနဲ့ ဂိုဂူလျောရဲ့ကျူးကျော်စစ်ဆင်နွှဲခြင်း အစရှိတဲ့ နမိတ်ဆိုးတွေဆက်တိုက်ဖြစ်ပေါ်လာခဲ့တာကြောင့် ပြည်သူတွေကလည်း ရှီလာနိုင်ငံကျဆုံးတော့မဲ့ နမိတ်လို့ယူဆပြီး ကြောက်လန့်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ကျုးကျော်စစ်များကို ပြန်လည်တိုက်ထုတ်ခဲ့ရပြီး ဘုရင်မက စာပေကျွမ်းကျင်တဲ့ Jajang ဆိုတဲ့ဘုန်းတော်ကြီးကို ထန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ အယူအဆတွေကိုလေ့လာစေဖို့ စေလွှတ်ခဲ့ပြီး ခုနှစ်နှစ်အကြာ ၆၄၃ ခုနှစ်မှာတော့ ဘုန်းတော်ကြီးကပြန်လည်ရောက်ရှိလာပါတယ်။
ဘုန်းတော်ကြီးရဲ့အကြံပေးချက်အရ ဘုရားကျောင်းတွေတည်ဆောက်ပြီးချိန်မှာတော့ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ လေးစားမှုတို့ကြောင့် ပြည်သူတို့မှာ စိတ်အေးချမ်းမှုကိုရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ဘုရင်မက ဘာသာရေးလမ်းကြောင်းကသာ ရှီလာပြည်ကြီးကျဆုံးတော့မယ်ဆိုပြီးပူပန်နေသူများကို နှစ်သိမ့်ပေးကာစိတ်အေးချမ်းစေမဲ့ နည်းလမ်းဆိုတာကို သဘောပေါက်ခဲ့တာကြောင့် ဘုရားကျောင်းများဆောက်တည်ခြင်း ၊ဆုတောင်းပွဲများပြုလုပ်ခြင်းများကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ပြီး စိုးရိမ်နေတဲ့ပြည်သူများကို စိတ်အေးစေခဲ့ပါတယ်။
၆၃၅ ခုနှစ်မှာတော့ ဘီဒန်းရဲ့ပုန်ကန်မှုပေါ်ပေါက်ခဲ့ပြီး ထိုပုန်ကန်မှုကြောင့် ရှီလာနိုင်ငံတောင်လှုပ်ခတ်ခဲ့ရတယ်လို့ဆိုကြပါတယ်။ ထိုပုန်ကန်မှုကိုနှိမ်နင်းစဉ်မှာပဲ ဂိုဂူလျောနဲ့ဘတ်ဂျယ်တို့ကအခွင့်ကောင်းယူကာ ကျူးကျော်ခဲ့တာကြောင့်ရှီလာက အခက်ခဲများနဲ့ ကျပ်တည်းခဲ့ရပြီး နောက်ဆုံးမှာတော့ စစ်သူကြီးကင်မ်ယူရှင်းရဲ့ဦးဆောင်မှုနဲ့ ဘီဒန်းကိုသုတ်သင်နိုင်ခဲ့ကာ ပုန်ကန်မှုလည်းချုပ်ငြိမ်းသွားခဲ့ပါတယ်။
ဆွန်းဒေ့ါဘုရင်မဟာ ဖေဖော်ဝါရီ ၁၇ ရက် ၆၄၇ ခုနှစ် ဘီဒန်းပုန်ကန်မှုမပြီးဆုံးခင်မှာပဲကွယ်လွန်ခဲ့ပြီး ကွယ်လွန်ရတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျမသိရှိခဲ့ရပါဘူး။ တချို့သမိုင်းမှတ်တမ်းများအရကတော့ ဘုရင်မဟာ နာမကျန်းအခံရှိတာကြောင့် ကွယ်လွန်ရတယ်လို့ သိရပြီး တစ်ချို့မှတ်တမ်းများမှာတော့ ဘုရင်မက ဘီဒန်းနဲ့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့် ပုန်ကန်မှုအပေါ်စိတ်ထိခိုက်ကာ ကွယ်လွန်ခဲ့ရတယ်လို့ ဆိုကြပါတယ်။ ဘုရင်မရဲ့ ရုပ်အလောင်းကိုတော့ ယခုအချိန်ထိ နမ်ဆန်တောင်ပေါ်မှာမြှုပ်နှံထားလျက်ရှိပြီး သူ့ကွယ်လွန်ပြီးနောက်မှာတော့ ဝမ်းကွဲတော်သူ ဂျင်ဒေါ့မင်းသမီးက ဒုတိယမြောက်ရှီလာဘုရင်မအဖြစ် နန်းမွေဆက်ခံခဲ့ပါတယ်။
ဇာတ်လမ်း Z-Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube : https://www.youtube.com/@zlann_podcast
Podcast https://podcasters.spotify.com/pod/show/z-lann
Facebook Group https://www.facebook.com/groups/zlann/
#ZLann #ZLann_Podcast