မြန်မာ့သမိုင်းတစ်လျှောက်တွင် သက္ကရာဇ် ၂၉ မှစတင်တည်ထောင်ခဲ့သော ပုဂံခေတ်သည် မြို့သက် ၁၂၆၁နှစ်နှင့် မင်းဆက် ၅၅ ဆက်တိုင်တိုင် အုပ်စိုးခဲ့သည့် အထင်ရှားဆုံးခေတ်တစ်ခေတ်ဖြစ်သည်။ သက်ဦးဆံပိုင် ဘုရင် စနစ်ဖြင့် အုပ်စိုးခဲ့သည့် ထိုကာလများတွင် ခေတ်စနစ်၏ အကောင်းနှင့်အဆိုးကို ယှဉ်တွဲကာ မြင်ရသည် မှာလည်း မလွဲဧကန်ပင်ဖြစ်သည်။ တိုင်းပြည်ရေးရာများတွင် မင်းကျင့်တရား နှင့်အညီအုပ်ချုပ်ခဲ့သလို ဘာသာ၊ သာသနာ ရေးရာများတွင်လည်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော်ငြား သက်ဦးဆံပိုင် ဘုရင်စနစ်၏ လွဲမှားသော တစ်ချက်လွှတ်ဆုံးဖြတ်ချက်များဖြင့် လူသိများသော မင်းတစ်ပါးမှာ နရပတိစည်သူ မင်းကြီးဖြစ်လေသည်။ ပုဂံမင်းဆက်၏ ၄၈ ဆက်မြောက်မင်းဖြစ်သည့် နရပတိစည်သူ မင်းကြီးသည် ခမည်းတော် နရသူမင်း (ကုလားကျမင်း) နှင့် မြောက်နန်းမတော်မိဖုရား (မြောက်ပြင်သည်) တို့မှ ဖွားမြင်သော သားနှစ်ပါးအနက် အထွေးပင်ဖြစ်သည်။ နောင်တော်မှာ မင်းယဉ်နရသိင်္ခ ဖြစ်သည်။
နောင်တော် မင်းယဉ်နရသိင်္ခမှာ သက္ကရာဇ် ၅၂၃ တွင် နန်းတက်ပြီး ညီတော် နရပတိစည်သူကို အိမ်ရှေ့အရာနှင့် စစ်ဦးစီးချုပ်အဖြစ်အပ်နှင်းလေသည်။ မင်းယဉ်နရသိင်္ခတွင် မင်းအောင်မြတ်၊ စောလတ်နှင့် စောအလွှမ်း ဟူသည့် မိဖုရားသုံးပါးရှိလေသည်။ တစ်ခါသော် မင်းယဉ်နရသိင်္ခကို သံသေဒဇ ပဋိသန္ဓေ ဖြစ်သည့် ဝါးပင်မှဖွားမြင်သော ဝေဠုဝတီအမည်ရှိ သတို့သမီးကို ပြော့ လူမျိုးတို့က ဆက်သလေရာ “နားကျယ်နှင့် ဝမ်းပျက်လိလိ” ဟူ၍ဆိုကာ ညီတော် နရပတိစည်သူကိုပေးလေသည်။ မင်းကြီးမယ်တော်မိဖုရားကြီးသည် ဝေဠုဝတီ ၏အဆင်းကို ပညာဖြင့် ထောက်ရှုဆင်ခြင်ပြီးနောက် နားကိုတန်ရုံဖြတ်ပြီးလျှင် သားငယ် နရပတိစည်သူနှင့် လက်ဆက်ပေးလေသည်။
မင်းယဉ်နရသိင်္ခမှာ မယ်တော်နန်းသို့ လာတော်မူခိုက် ခယ်မတော်၏အဆင်းကိုမြင်ပြီး တပ်မက်သည့်စိတ်ဖြင့် မခံမရပ်နိုင်ဖြစ်လေသည်။ ထို့ကြောင့် “ငဆောင်ချမ်း စစ်ထွက်သည် ဟူ၍ အိမ်ရှေ့မင်းကို ချီလေစိမ့်မည်၊ ထိုသို့ ချီသောနောက်မှ ခယ်မတော်ကို နန်းတင်မည်” ဟုကြံစည်ကာ ညီတော်နရပတိစည်သူကို ငဆောင်ချမ်း အရပ်သို့ စေလွှတ်လေသည်။ ဉာဏ်ပဋိဘာန်နှင့် ပြည့်စုံသော နရပတိစည်သူလည်း နောင်တော်၏ အကြံအစည်ကို ရိပ်စားမိ၍ မြင်းခံငပြည့်ကို အကြောင်းထူးသည်နှင့် လိုက်လာရန် မှာကြားကာ စစ်ထွက်လေသည်။ ညီတော် သစ်ဆိမ့်အရပ်သို့ ရောက်သည်နှင့် ဝေဠုဝတီကို မိဖုရားအရာမြှောက်လေသည်။ ထိုအကြောင်းကို အသိပေးရန်အလို့ငှာ မြင်းခံငပြည့်လည်း မြင်းသူတော်နှင့် အပြေးနှင်လာလေရာ ငါးပတ်ချောင်းသို့ ရောက်သော် မိုးချုပ်နေဝင်လေပြီ။ ငပြည့်လည်း ချောင်းကိုမကူးတော့ဘဲ ချောင်းကမ်းစပ်တွင် အိပ်လေသည်။
ချောင်းတစ်ဖက်ကမ်းတွင် စခန်းချနားနေသော နရပတိစည်သူမှာ တစ်ဖက်မှ မြင်းဟီသံကို ကြားရ၍ တစ်ညလုံး မအိပ်နိုင်အောင်ဖြစ်ရလေသည်။ သို့ကြောင့် မိမိ၏မြင်းဟီသံမှန်ပါက ဤအုံးသည် မလွဲပေါက်ပါစေဟု အဓိဌာန်ပြီး လက်ဖြင့်ခတ်လေရာ အုံးတော်ပေါက်လေသည်။ ယခုတိုင်ထိုအရပ်ကို “မလွဲအုံးပေါက်” ဟုခေါ်တွင်လေသည်။
မိုးသောက်ချိန်ရောက်မှ နရပတိစည်သူရှိရာသို့ မြင်းခံငပြည့်လာရောက်လျှောက်ထားလေရာ ယမန်ညက ဘယ်အရပ်တွင် အိပ်သနည်းဟု မေးပြီး ဤမျှအရေးပါသောအကြောင်းအရာကို အချိန်ဆွဲရကောင်းလားဟူ၍ မင်းမာန်ဖြင့် အမြတ်တော်ရှကာ မြင်းခံငပြည့်ကို ကွပ်မျက်လေသည်။ ထိုအရပ်ကိုမူကား “ကွပ်တော်ရာ” ဟု ခေါ်တွင်လေသည်။ ငပြည့်၏အလောင်းကို ရေစုန်အတိုင်းမျှောလိုက်လေရာ ရွှေပြည်ရှင်ကျွန်းတွင် ပေါ်လာသည်။ နောင်တွင် ရွှေပြည့်မြင်းဖြူရှင်ဟူ၍ နတ်ကွန်းဆောက်ကာ ကိုးကွယ်ကြလေသည်။
ထို့နောက် နရပတိစည်သူသည် နောင်တော်အား လုပ်ကြံရန် ကျွန်ယုံ အောင်စွာငယ်ကို မရီးတော် သုံးပါးအနက် သဘောကျသူနှင့် သူကောင်းပြုမည်ဟုဆိုကာ သူရဲရှစ်ကျိပ်ရွေး၍ စေလွှတ်လိုက်လေသည်။ မန္တလေးတိုင်း၊အမရပူရမြို့ရှိ ရွှေကြက်ယက်ဘုရား၌ အဓိဌာန်ပြုပြီးသော် အောင်မြင်တော်မူလေသည်။ အောင်စွာငယ်က နောင်တော် မင်းယဉ်နရသိင်္ခကို ရေအိမ်တော်အဆင်းတွင် လုပ်ကြံလိုက်လေတော့သည်။ နန်းသက်ကာလ ၃နှစ်နှင့် သက်တော် ၃၅ နှစ်တွင် မင်းယဉ်နရသိင်္ခကံကုန်တော်မူလေသည်။ထို့ကြောင့် သက္ကရာဇ် ၅၂၆ ခုနစ်တွင် နရပတိစည်သူမင်း နန်းတက်လေသည်။
နန်းတက်ပြီးနောက် ကျွန်ယုံ အောင်စွာငယ်ကို ကတိအတိုင်း မရီးတော်တစ်ပါးနှင့် ပေးသနားရာ၌ မရီးတော်များ ၏ ငိုယိုတောင်းပန်မှုကြောင့် အမျိုးကောင်းသမီးတစ်ဦးကိုသာ ရွေးချယ်စေခဲ့သည်။ ထိုအခါ အောင်စွာငယ်က ” ထွီ” ဟူ၍ မထီမဲ့မြင်ပြုကာ ဆိုလိုက်လေသည်။ နရပတိစည်သူမင်းကြီးလည်း အမြတ်ဒေါသထွက်ကာ “ငါသို့သော မင်းကို ဝံ့သည်” ဟုဆိုပြီး အောင်စွာငယ်ကိုလည်း ကွပ်မျက်လိုက်လေသည်။
ထို့အပြင် နရပတိစည်သူမင်းကြီးသည် နောင်တော် မင်းယဉ်နရသိင်္ခ၏ အထိန်းတော်သား “အနန္တသူရိယ” အမတ် ကိုလည်း မယုံမကြည်ဖြစ်ကာ မင်းမာန်ဖြင့် ကွပ်မျက်ရန်မိန့်လေသည်။ သို့ဖြစ်၍ သူသတ်တို့က ဖမ်းဆီး သတ်ဖြတ်ရန် လာကြရာ ပညာဉာဏ်နှင့် ပြည့်ဝသော အနန္တသူရိယအမတ်ကြီးက မျက်ဖြေလင်္ကာ ၄ ပိုဒ် ရေးဖွဲ့ကာ သူသတ်တို့ကို မင်းကြီးအား ဆက်သစေလေသည်။ နရပတိစည်သူမင်းကြီးလည်း ထိုစာပိုဒ်များကို ဖတ်ရှုပြီးနောက်တွင် မိမိအမှားကို နောင်တရသဖြင့် “လွှတ်စေ” ဟူ၍မိန့်လေရာ “လွန်ခဲ့ပြီ” ဟုကြားသိရသောကြောင့် တအောက်မေ့မေ့ တရှိုက်မက်မက် ဖြင့် နောင်တကြီးစွာရကာ နောက်နောင်တွင် သတ်စေအမိန့်ရပြီးသော်ငြား ချက်ချင်း မစီရင်ဘဲ တစ်လကိုးသီတင်းစောင့်ပြီးမှ စီရင်ရန်ညွှန်ကြား လေသည်။ ဤတစ်ကြိမ်တွင်တော့ နရပတိစည်သူမင်းကြီး၏ ကြီးစွာသော နောင်တကို မြင်တွေ့ရလေသည်။
တစ်ခါသော် နရပတိစည်သူမင်းကြီးသည် ရွှေကြက် ယက်ဘုရားနှစ်ဆူကို ထီးတော်တင်ရန် ရွှေဖောင်တော်ဖြင့် ဆန်လေရာ မိကျောင်းကြီးတစ်ကောင်သည် ကျောကုန်းထက်၌ဖောင်ကို ရွက်၍ ချုပ်ကိုင်လေရာ ရန်မန်ငထွေးဟူသော သူရဲကောင်းတစ်ယောက်သည် ရေငုပ်ပြီးလျှင် သန်လျက်ဖြင့် ထိုးသတ်လေသည်။ မင်းကြီးလည်း အားရတော်မူလေသည်။ ထို့နောက်တွင်တော့ ကျားဖြစ်စေ၊ ဆင်ဖြစ်စေ ထိုးသတ်အောင်မြင်ဖန် များလာသောအခါ ရန်မန်ငထွေးအား အနန္တသူရိယဘွဲ့ပေးကာ မြှောက်စားလေသည်။ ထိုအချိန်မှစ၍ တိုင်းပြည်အတွင်းရှိ သူခိုးသူပုန် မှန်သမျှကို အနန္တသူရိယအား အမှုတော်ထမ်းကာ ဖမ်းဆီးစေသည်။ နရပတိစည်သူမင်းကြီး၏ အမှုတော်မှန်သမျှကို စွမ်းစွမ်းတမံ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးမှုကြောင့် မင်းကြီးလည်း သဘောခွေ့ကာ မိဖုရားငယ်၏ သမီးတော် တစ်ပါးနှင့် စုံဖက်ကာ ရာထူးဂုဏ်ထူးများ ပေးလေသည်။ ဆွေတော်စဉ်မှတ်တမ်းများအရ အနန္တသူရိယနှင့် လက်ထပ်ခဲ့သူမှာ မိဖုရားစောစနေ၏ တတိယသမီး ကျောင်းတော်သည် ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် အကြောင်းတစ်ပါး၌ နရပတိစည်သူမင်းကြီးသည် ယောက်ဖတော် သုဘရစ်၏ မယားဖြစ်သူကို စွဲလမ်းတပ်မက်တော်မူကာ အပါးတော်တွင်ခစားစေလေသည်။ လင်ဖြစ်သူ သုဘရစ်လည်း အရူးအမူး ဖြစ်လေသည်။ ထိုအကြောင်းကို မိဖုရားများနှင့်တိုင်ပင်သော် တစ်ပါးသူ၏ မယားကို ပြစ်မှားခြင်း၏ အပြစ်ကို ကိုယ်တော်တိုင်လည်း ခံစားဖူးသည်ဖြစ်၍ သုဘရစ်ကိုနှစ်သက်ရာ ကိုယ်လုပ်တော်အားပေးရန် အကြံပြုလေသည်။ ထို့ကြောင့် မင်းကြီးလည်း သုဘရစ်အား မောင်းမတစ်ယောက် သနားလေရာ “တစ်ယောက်ပေးတော်မူပါဦး” ဟုဆို၍ မောင်းမနှစ်ယောက်အား ပေးသနားတော်မူလိုက်လေသည်။ ဤအခြင်းအရာများကို ထောက်ရှုခြင်းအားဖြင့် နရပတိစည်သူမင်းကြီးသည် ထူးချွန်သောအမှူထမ်းတို့အား ထိုက်ထိုက်တန်တန် မြှောက်စားသူဖြစ်သကဲ့သို့ မိမိ၏အမှားကိုလည်း ဝန်ခံရန် ဝန်မလေးသူဖြစ်သည်မှာ ထင်ရှားပေသည်။
ထို့ပြင် နရပတိစည်သူမင်းကြီးသည် ကတိသစ္စာနှင့် ပြည့်စုံသော မင်းဖြစ်သည်မှာလည်း မလွဲဧကန်ပင်။ အဘယ်ကြောင့်ဆိုသော် တစ်ခါသော် မင်းကြီး၏ လက်တွင်ခူနာဖြစ်၍ ဆေးထည့်သော်လည်း မသက်သာပဲ ကိုက်ခဲနေလေရာ ဥယျာဉ်သည်သမီး မိဖုရားငယ်တစ်ပါးက အာခံတွင်းထဲငုံထားလေမှ အနာသက်သာ လေသည်။ ထိုအခိုက်တွင် အနာ၏ပြည်သည် လည်ခံတွင်း၌ပင်ပေါက်သွားသော်လည်း မိဖုရားက ထွေးမထုတ်ပစ်ပါဘဲနှင့် မင်းကြီး စက်တော်ခေါ်ရာမှ နိုးမည်စိုး၍ မျိုချလိုက်လေသည်။ အကြောင်းစုံ သိရသည်နောက် မင်းကြီးသည် ထိုမိဖုရားအား လိုရာဆုတောင်းစေလေသည်။ မိဖုရားကလည်း အခြားသော စည်းစိမ်ဥစ္စာ၊ရတနာများထက် သားတော်ဖြစ်သူ ဇေယျသိင်္ခအား နန်းလျာအဖြစ် သမုတ်ရန်တောင်းဆို လိုက်လေသည်။ မင်းကြီးလည်း တောင်းဆိုမှုကို လိုက်လျောလိုက်လေသည်။ မင်းကြီးလည်း သားတော် ငါးပါးရှိသည့်အနက် အငယ်ဆုံးဖြစ်သော်ငြား ဉာဏ်ပညာမြင့်မားသလို၊ လုပ်ရည် ကိုင်ရည်နှင့် ဖြတ်ထိုးဉာဏ်ကောင်းသော ဇေယျသိင်္ခကို သဘောကျတော်မူလေသည်။ ထို့ကြောင့် နန်းလျာ ရွေးပွဲတွင် ညီနောင် ငါးဦးအလယ်၌ ထီးဖြူကိုစိုက်ကာ ထီးဖြူကိုင်းညွှတ်သူကို နန်းပေးမည်ဟုဆိုပြီး ထီးဖြူကိုင်းညွှတ်ရာ ဇေယျသိင်္ခ( ထီးလိုမင်းလို (ခ) နားတောင်းများမင်း) ကို ရွေးချယ်လိုက်လေသည်။ ပရိယာယ်သုံးကာ မိမိ၏ကတိကို တည်ခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။
ထို့ပြင် နရပတိစည်သူမင်းကြီးသည် မင်းကျင့်တရားနှင့်အညီအုပ်ချုပ်သောကြောင့် တိုင်းပြည်စည်ပင် သာယာဝပြောလေသည်။ ပါဠိ၊အဌကထာ၊ဋီကာနှင့် ကျမ်းဂန်တတ်သော အရိယာသံဃာတို့အားလည်း ပစ္စည်းလေးပါးထောက်ပံ့၍ ပရိယတ္တိ၊ပရိပတ္တိများသင်ယူစေသည်။ မင်းကြီးသည် ဘုရားတည်၊ ကျောင်းဆောက် ဟူသော အမှုတော်တို့ကိုလည်း ကျေပွန်စွာ ထမ်းဆောင်ခဲ့လေသည်။ စူဠာမဏိစေတီ၊ ကန်တော့ပလ္လင်နှင့် ဓမ္မရာဇိက အစရှိသော ဘုရားစေတီများကို တည်ထားကိုးကွယ် တော်မူခဲ့သည်။ စူဠာမဏိစေတီတည်ရခြင်း အကြောင်းမှာကား တူရွင်းတောင်သို့ မင်းကြီးကြွတော်မူခိုက် တောင်ထက်မှ တောက်ပသော အရာကိုမြင်ကာ ဤအရပ်သည် မြတ်သောအရပ်မည်သည်ဟု မြေဖို့၍ ဘုရားတည်ခဲ့ခြင်းဖြစ်သည်။
မင်းကြီးသည် တိုင်းရေးပြည်ရာများတွင်လည်း ပညာရှိပုဂ္ဂိုလ်များနှင့် တိုင်ပင်ညှိနှိုင်းကာ ဆောင်ရွက်တတ် သူဖြစ်သည်။ သားတော်ငါးပါးကိုလည်း ဖခင်ကောင်းပီသစွာ စိတ်ဝမ်းမကွဲကြရန်နှင့် အချင်းချင်းစည်းလုံး ညီညွတ်ကြရန် အစဉ်မပြတ်ဆုံးမတတ်သူလည်းဖြစ်လေသည်။
မင်းကြီးသည် သက္ကရာဇ် ၅၇၃ ခု၊ နန်းစံသက် ၃၇ နှစ်၊ သက်တော် ၇၄ နှစ်တွင် နတ်ရွာစံကံတော် ကုန်လေသည်။နရပတိစည်သူမင်းကြီးသည် နန်းစံသက် ကာလတစ်လျှောက်လုံး၌ မင်းစိတ်မင်းမာန်ဖြင့် အမှားများကျူးလွန်ခဲ့သော်လည်း တိုင်းပြည်ရေးရာများ၊ သာသနာရေးရာများနှင့် နန်းတွင်းရေးရာတို့တွင် လစ်ဟာမှုမရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့မှုများကြောင့် သမိုင်းတွင် မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ် ထင်ကျန်ရစ်စေခဲ့ပါသည်။ ။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube : https://www.youtube.com/@zlann_podcast
Podcast : https://podcasters.spotify.com/pod/show/z-lann
Facebook Group : https://www.facebook.com/groups/zlann/