မြန်မာပြည် လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ ရှေ့ဆောင် ခေါင်းဆောင်တစ်ယောက်အဖြစ် ပြည်သူတွေ လေးစားခဲ့ကြ လေးစားကြဆဲ ဖြစ်သူကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။
သခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ဖခင် ဦးစံဒွန်း၊ မိခင် ဒေါ်အုန်း တို့မှ ပြည်ခရိုင်၊ ရွှေတောင်မြို့ ဝါးလယ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်က မောင်လွန်းမောင်ဖြစ်ပြီး မွေးချင်း ၅ ယောက် အနက် ဒုတိယမြောက် ဖြစ်ပါတယ်။
ငယ်စဉ်က ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးထံ စာပေပညာကို ဆည်းပူးလေ့လာ သင်ယူခဲ့ပါတယ်။ ၁၈၈၃ ခုနှစ်မှာ ဦးလေးတော်သူ ဦးပဉ္စင်း ဦးသီရိနဲ့အတူ မန္တလေးသို့ လိုက်ပါသွားပြီး မြတောင်ကျောင်းတိုက် ဆရာတော် ဘုရားကြီးထံ ကိုရင်ဝတ်နဲ့ ပညာဆက်လက်ဆည်းပူးခဲ့ပါတယ်။ ရှင်အမည်က ပဏ္ဍိတ ဖြစ်ပါတယ်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ မြန်မာဘုရင် သီပေါမင်းနဲ့ မိဖုရား ပါတော်မူတဲ့ မြင်ကွင်းကို ဘုန်းကြီးကျောင်း အတွင်းမှ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ပါတယ်။
၁၈၉၇ ခုနှစ်မှာတော့ အစိုးရစစ် (၇) တန်းစာမေးပွဲကို မုံရွာမြို့ အလွတ်ပညာသင်ကျောင်းမှ ဦးပဏ္ဍိတ ရဟန်းအမည်နဲ့ ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ ၁၈၉၈ ခုနှစ်မှာ မော်လမြိုင်မြို့သို့ သွားရောက်ပြီး မြန်မာ့တိုင်း သတင်းစာမှာ ပဏ္ဍိလေးဆိုတဲ့ ကလောင်အမည်နဲ့ စာတွေ ကဗျာတွေ ရေးသားခဲ့ပါတယ်။
၁၉၀၀ ပြည့်နှစ် အသက် ၂၄ နှစ်အရွယ်မှာတော့ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက် မှာ စာစီ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး မကြာမီအချိန်မှာ စာပြင်ဆရာ ဖြစ်လာခဲ့ပါတယ်။
၁၉၀၃ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး အဲဒီနှစ်မှာပဲ ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်မှ ရန်ကုန်တိုင်း သတင်းစာတိုက်သို့ ပြောင်းရွှေ့ လုပ်ကိုင်ပါတယ်။
သခင်ကိုယ်တော်မှိုင်းအနေနဲ့ ကဗျာ၊ စာ တွေသာမက ပြဇာတ် ၈၀ ခန့်ကိုလည်း ရေးသားခဲ့ပါတယ်။ သခင် ကိုယ်တော်မှိုင်းဟာ မျိုးချစ်စိတ် ရှိသူတစ်ယောက်ဖြစ်သလို စားဝတ်နေရေးခက်ခဲနေပေမဲ့ သပိတ်မှောက် ကျောင်းသားတို့ အရေးကိစ္စမှာ ပါဝင် ဆောင်ရွက်ပေးခဲ့ပါတယ်။
ဆရာကြီးရေးသားခဲ့တဲ့ ဒေါင်းဋီကာကို အမျိုးသားပညာရေးအဖွဲ့သင်ခန်းစာကော်မတီက ကျောင်းသုံးစာအုပ် အဖြစ် ပြဌာန်းခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်မှာရေနံချောင်းမြို့မှာကျင်းပတဲ့ ပထမအကြိမ် သခင်များညီလာခံကို တက်ရောက်ခဲ့ပြီးနောက် တို့ဗမာအစည်းအရုံးရဲ့ နာယက အဖြစ်တင်မြှောက်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှစပြီး “မစ္စတာမောင်မှိုင်း” အမည်မှ “သခင်ကိုယ်တော်မှိုင်း” ဆိုတဲ့ နာမည်ခံယူကာ သခင်လူငယ်တွေနဲ့အတူ တစ်နိုင်ငံလုံးအနှံ့ နိုင်ငံရေးတရားကို လှည့်လည်ဟောပြောခဲ့ပါတယ်။ ဆရာကြီးဟာ ချောက်ရေနံမြေ အလုပ်သမား သပိတ်မှာလည်း စိတ်ထားထက်သန်စွာ ပါဝင်ခဲ့သလို တို့ဗမာအစည်းအရုံး နာယက တစ်ယောက်အနေနဲ့ နိုင်ငံနှင့်အဝှမ်း နယ်ချဲ့ဆန့်ကျင်ရေး ၊ အမျိုးသားလွတ်မြောက်ရေး တရားတွေကို ဟောပြောခဲ့ပါတယ်။
သခင်ကိုယ်တော်မှိုင်းဟာ နိုင်ငံရေး၊ စာပေနှင့် စာနယ်ဇင်းနယ်ပယ်၊ အနုပညာနယ်ပယ်က ပုဂ္ဂိုလ်တွေအပေါ်မှာ ပုဂ္ဂိုလ်အရေးအရ ဩဇာလွှမ်းမိုးနိုင်ခဲ့ပါတယ်။ မြန်မာပြည်မှာ ဂိုဏ်းဂဏ တွေကွဲပြားနေကြပေမဲ့ သခင် ကိုယ်တော်မှိုင်း အပေါ်မှာတော့ ဉီးညွှတ်လေးစားကြပါတယ်။ အထူးသဖြင့် နိုင်ငံရေး၊ စာပေ နှင့် အနုပညာအုပ်စု အများစုက သခင်ကိုယ်တော်မှိုင်း အပေါ်မှာလေးစားတိမ်းညွှတ်ကြပါတယ်။ ဒါကြောင့် သခင်ကိုယ်တော်မှိုင်းဟာ လူထုအပေါ်မှာပါ ဩဇာလွှမ်းမိုးနိုင်ခဲ့တဲ့ အမျိုးသားခေါင်းဆောင်တစ်ဦးလို့ သတ်မှတ်နိုင်ပါတယ်။ သမာသမတ်ကျမှု၊ တိုင်းပြည်အပေါ်ချစ်တဲ့စိတ်၊ ပြည့်ဝတဲ့ ဝံသာနုစိတ်ဓာတ် တို့ကြောင့် သခင်ကိုယ်တော်မှိုင်းကို လူထုက လေးစားအားကျခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ အင်္ဂလိပ်တို့ အမျက်တော်ရှခံရတဲ့ ရန်သူ တစ်ယောက် ဖြစ်လို့နေပါတယ်။ ဒါကြောင့် သခင်ကိုယ်တော်မှိုင်းဟာ တပည့်သခင်တို့နဲ့အတူ ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။
၁၉၅၃ ခုနှစ်မှာ မွန်ဂိုလီးယား၊ ဟန်ဂေရီ နဲ့ ဆိုဗီယက်ပြည်ထောင်တွေဆီခရီးလှည့်လည်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာ ငြိမ်းချမ်းရေးစတာလင်ဆု ကိုရရှိခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ သီဟိုဠ် (ခေါ်) သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံများဆီသို့ ငြိမ်းချမ်းရေး ကွန်ဖရန့်ဆွေးနွေးပွဲများ တက်ရောက်ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ ဂျာမဏီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကို ရရှိခဲ့ပါတယ်။
မြန်မာ့စာပေသမိုင်းမှာသာမက မြန်မာ့နိုင်ငံရေးသမိုင်းမှာပါ ဩဇာကြီးမားထင်ရှားတဲ့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဟာ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ အသက် ၈၈ နှစ် မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်
YouTube: https://youtu.be/O1o-OWyRQvU
Podcast: https://podcasters.spotify.com/pod/show/z-lann
Facebook Group: https://www.facebook.com/groups/zlann/