“ချင်မင်းဆက် ပထမဆုံးဧကရာဇ် ချင်ရှီဟွမ် (ခေါ်) ရှီဟွမ်တီမင်းကြီး”

တရုတ်ဧကရာဇ် ချင်ရှီဟွမ်(Qin Shi Huang Di) လို့ဆိုလိုက်ရင် တရုတ်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးမားဆုံး မဟာတံတိုင်းကြီးအပါအဝင် အော်ဖန်နန်းတော်ကြီး၊ ချင်လမ်းမကြီးနဲ့ ဂူဗိမာန်ကြီးစတဲ့ “ချင်ဧကရာဇ်ရဲ့ မဟာတည်ဆောက်မှု ၄ခု”ကို တည်ဆောက်ခဲ့သူ ဧကရာဇ်တစ်ပါးအဖြစ် မှတ်မှတ်သားသားရှိ နေကြမှာအသေအချာပါပဲ။
တရုတ်နိုင်ငံသမိုင်းမှာ အချိန်ကာလအကြာမြင့်ဆုံး အုပ်စိုးခဲ့တဲ့အပြင် မြေရှင်ပဒေသရာဇ်စနစ်ကျင့်သုံးခဲ့တဲ့ ကျိုးမင်းဆက်ပျက်သုဉ်းပြီးတဲ့နောက် ကွဲပြားသွားတဲ့ ထီးပြိုင်နန်းပြိုင် တိုင်းငယ်ပြည်ငယ်တွေကို ချင်ရှီဟွမ်ကစုစည်းပြီး ချင်မင်းဆက်ကို စတင်တည်ထောင်ခဲ့ပါတယ်။ ချင်ရှီဟွမ်ဟာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ တရုတ်ပြည်ထောင် ၆ခုကို စုစည်းကာ လက်ရှိတရုတ်နိုင်ငံလောက် မကျယ်ပြန့်ပေမဲ့ အတော်အတန်အင်အားကြီးမားတဲ့ တရုတ်အင်ပါယာကြီးကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဧကရာဇ်ချင်ရှီဟွမ်ကို ရှီဟွမ်တီလို့လည်းလူသိများကြပါတယ်။ ချင်ရှီဟွမ်ကို ဘီစီ ၂၅၉မှာ တရုတ်နိုင်ငံမြောက်ပိုင်းက ချင်ပဒေသရာဇ်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ချင်ရှီဟွမ်ရဲ့ဖခင်ဟာ ဘုရင်ဖြစ်တယ်လို့ဆိုကြပေမဲ့ တချို့သမိုင်းတွေမှာတော့ ချင်ရှီဟွမ်က ဘုရင်မျိုးဆက်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ ဘုရင်ကတိုင်းခန်းလှည့်လည်ရင်း ကိုယ်ဝန်လွယ်ထားရတဲ့ အရပ်သူတစ်ဦးကို သဘောကျလို့ မိဖုရားအဖြစ်တော်ကောက်ရာကနေတစ်ဆင့် ဖခင်ရင်းဖြစ်သူက လိမ်လည်ပြီး ဆက်သလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း တခြားမိဖုရားတွေက သားတော်‌မဖွားမြင်တဲ့အတွက် ဘုရင်ရဲ့အရိုက်အရာကိုဆက်ခံဖို့ ချင်ရှီဟွမ်ကိုပဲ ဆက်ခံခိုင်းခဲ့တယ်လို့ပြောကြပါတယ်။
ချင်ရှီဟွမ်ရဲ့ ဖခင်ရင်းကိုလည်း မိဖုရားရဲ့အစ်ကိုတော်လို့ လိမ်လည်ပြီး ဝန်ကြီးချုပ်ရာထူး ယူခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် တချို့သမိုင်းတွေမှာ ချင်ရှီဟွမ်ရဲ့ဖခင်ဟာ ဝန်ကြီးချုပ် လွီပုဝေဖြစ်တယ်လို့ ဖော်ပြပါတယ်။
ချင်ရှီဟွမ်ရဲ့ ငယ်နာမည်က “ရင့်ကျန့်” ဒါမှမဟုတ် “ကျောက်ကျန့်”ဖြစ်ပြီး ချင်ပြည်ထောင်ရဲ့ မင်းသားတစ်ပါးဖြစ်တာကြောင့် ဘုရင်မင်းကြီးနတ်ရွာစံပြီးနောက် အသက်(၁၃)နှစ်မှာနန်းတက်ခဲ့ပါတယ်။ နန်းတက်ချိန်မှာ ချင်မင်းကြီးကျန့်အဖြစ်နန်းတက်ခဲ့ပါတယ်။ ချင်ရှီဟွမ်မမွေးဖွားခင် အဘေး၊ အဘိုး၊ အဖေတို့လက်ထက်ကတည်းက အဓိကကျတဲ့အနီးဝန်းကျင်က ပဒေသရာဇ်နယ်တွေကို သိမ်းပိုက်ပြီးဖြစ်တာကြောင့် သူဟာ နယ်ပယ်တွေအားလုံးကို သိမ်းသွင်းပြီး ဧကရာဇ်ဘွဲ့ခံယူဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်လို့ဆိုကြပြန်ပါတယ်။
ချင်ရှီဟွမ်မွေးဖွားချိန်တုန်းကလည်း တစ်တိုင်းတစ်ပြည်လုံးမှာ သင်းရနံ့တစ်ခုမွှေးပျံ့နေခဲ့ပြီး တရုတ်လူမျိုးတို့ အထွဋ်အမြတ်ထားရာ ဇာမဏီငှက်ပျံဝဲနေတဲ့အတွက်ကြောင့် သူဟာ တစ်ချိန်မှာ တရုတ်နိုင်ငံကြီးရဲ့ ဘုန်းတန်ခိုးကြီးတဲ့ ဘုရင်တစ်ပါးဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
ဘီစီ ၂၃၈မှာ ၁၃နှစ်အရွယ်နဲ့ နန်းတက်ခဲ့တဲ့ ချင်ရှီဟွမ်ဟာ ဝန်ကြီးချုပ် လွီပုဝေနဲ့ မိခင်မိဖုရားတို့ရဲ့ ရင်ခွင်ပိုက်ဘုရင်အဖြစ်နန်းတက်ခဲ့ပြီး ဉာဏ်ပညာအမြော်အမြင်ရှိမှုကြောင့်ပဲ အဲဒီချုပ်ကိုင်သူတွေကို အလျင်အမြန်ဖယ်ရှားနိုင်ခဲ့ပြီး အာဏာကိုလက်ကိုင်ရလာပါတယ်။ ပဒေသရာဇ်နယ်ပယ်တွေကို သိမ်းယူရင်း နဲ့ ချင်အင်အား တောင့်တင်းလာပြီး ဘီစီ ၂၂၁ မှာတော့ တရုတ်အင်ပါယာတစ်ခုလုံးကို ချုပ်ကိုင်နိုင်ခဲ့သလို ပဒေသရာဇ်ဘွဲ့ ဝမ်ကနေ ဧကရာဇ်ဘွဲ့ဖြစ်တဲ့ ဟွမ်တီကိုပြောင်းလဲခံယူခဲ့ပါတယ်။ “ ရှီ’’ ဆိုတာက ပထမဆုံးလို့ အဓိပ္ပာယ်ရတာကြောင့် ဘွဲ့အမည်ကို ပထမဆုံးဧကရာဇ် “ရှီဟွမ်တီ” လို့ခေါ်တာဖြစ်ပါတယ်။
ရှီဟွမ်တီမင်းကြီးဟာ အာဏာရရချင်းမှာပဲ ပထမခြေလှမ်းအနေနဲ့ ဥပဒေစိုးမိုးရေးကို အလေးပေးဆောင်ရွက်ခဲ့ပါတယ်။ သူ့လက်ထက်မှာတော့ ရှေးဟောင်းစာပေတွေဟာ တိုင်းရေးပြည်ရေးတွေမှာ ဝင်ရောက်စွက်ဖက်တာကြောင့် စာဟောင်းပေဟောင်းတွေ အသုံးမဝင်ဘူးဆိုကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ပညာရှင်တချို့ကိုလည်း ကွပ်မျက်ခဲ့ပါတယ်။ ဒါ့ပြင် တရုတ်ပြည်တွင်းက မတူကွဲပြားတဲ့ စာပေတွေကိုလည်း တစ်သမတ်တည်းဖြစ်အောင်သတ်မှတ်ပေးခဲ့ပြီးတဲ့နောက် Mandarin တရုတ်စာဟာ နိုင်ငံသုံးဘာသာဖြစ်လာတာကြောင့် လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်ကသမိုင်းတွေကို ယနေ့ခေတ်လူတွေပြန်လေ့လာရာမှာ အခက်အခဲမရှိခဲ့ကြတာပဲဖြစ်ပါတယ်။
ရှီဟွမ်တီမင်းကြီးဟာ နိုင်ငံအုပ်ချုပ်ရေးမှာ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးတာကြောင့် ပြည်သူအများရဲ့ ယုံကြည်ကိုးစားမှုကို ရရှိလာခဲ့ပါတယ်။တစ်ခါတုန်းက ရှီဟွမ်တီဟာ သူလှည်းယာဉ်စီးရာမှာ မငြိမ်သက်ဘဲ လှုပ်ရမ်းနေရတဲ့အကြောင်းကို မေးမြန်းရာကနေ လက်ရှိလှည်းရဲ့ ဝင်ရိုးအတိုင်းကိုပဲ တခြားလှည်းတွေလည်း တစ်သမတ်တည်း တပ်ဆင်မောင်းနှင်ကြဖို့နဲ့ မလိုက်နာသူမှန်သမျှကို ကွပ်မျက်ဖို့ ဒဏ်ပေးစနစ်တစ်ခုအနေနဲ့ ခိုင်းစေခဲ့ပါတယ်။ ဒါပေမဲ့ အစပိုင်းမှာတော့ ရှီဟွမ်တီဟာ အပြောမင်းသာဖြစ်နိုင်တယ်လို့ထင်မှတ်ပြီး မလိုက်နာကြလို့ သူကိုယ်တိုင်စစ်ဆေးပြီး အရေးယူခဲ့ပါတယ်။ဆုပေးစနစ်တစ်ခုကိုလည်း အခုလိုဖန်တီးခဲ့ပါတယ်။ မြို့ဝင်တံတိုင်းအဝမှာ ကျောက်တိုင်ကြီးတစ်တိုင်စိုက်ထူခဲ့ပြီး မြို့တွင်းကို ပြောင်းရွှေ့ပေးနိုင်တဲ့သူကို ဆုတော်ချီးမြှင့်မယ်လို့ ရေးသားထားပေမဲ့ ဘယ်သူမှအလေးမထားခဲ့ပါဘူး။ အဲဒီနောက် စိတ်မနှံ့သူတစ်ယောက်က ရွှေ့ပေးလိုက်တော့ ရှီဟွမ်တီကိုယ်တိုင် ဆုတော်လာဘ်တော်တွေချီးမြှင့်ခဲ့ပါတယ်။အဲဒီလိုနဲ့ ရှီဟွမ်တီဟာ အပြောတိုင်းလုပ်တတ်တဲ့ မင်းရယ်လို့ ပြည်သူတွေသိရှိသွားကြပါတယ်။
ရှီဟွမ်တီမင်းကြီးလက်ထက်မှာ နိုင်ငံတော်ရဲ့ ဥပဒေစိုးမိုးမှုလည်း အဆင့်အတန်းမြင့်ခဲ့ပြီး တိုင်းပြည်လည်းအေးချမ်းသာယာဝပြောခဲ့ပါတယ်။ နေ့စဉ် ညီလာခံရောက်တိုင်း တိုင်းပြည်ရေးရာတွေကို ဆွေးနွေးနိုင်ဖို့အတွက် နိုင်ငံအနှံ့က အစီရင်ခံစာမှန်သမျှကို ညတွင်းချင်း မအိပ်ဘဲ အပြီးဖတ်တယ်လို့ ဆိုပါတယ်။ သူဟာ တစ်ညကို ၂နာရီပဲအိပ်ပြီး အလေးချိန် ၄ပိဿာနဲ့ညီမျှတဲ့ အစီရင်ခံစာတွေကို ညတိုင်းဖတ်တယ်လို့ သမိုင်းမှာဖော်ပြထားပါသေးတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာတတ်မြောက်ရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေးနဲ့ လူတန်းစားမခွဲခြားရေးတို့ကို အထူးအလေးပေးဆောင်ရွက်ခဲ့ပါတယ်။
ရှီဟွမ်တီဟာ ဘုန်းတန်ခိုးအာဏာကြီးမားလာတာနဲ့အမျှ သူ့ရဲ့ဆန္ဒရှိတဲ့အတိုင်း မသေဆေးကိုလည်းရှာဖွေခဲ့ပါသေးတယ်။ မှူးမတ်တွေ၊ အရာရှိတွေကို အတိုင်းတိုင်းအပြည်ပြည်ကို စေလွှတ်ပြီး မသေဆေးရှာပုံတော်ဖွင့်ခိုင်းခဲ့ပါတယ်။ ဆေးမတွေ့ဘဲပြန်လာသူမှန်သမျှကို ကွပ်မျက်ပစ်တယ်လို့လည်း ပြောကြပါတယ်။ ဒါကြောင့် ချီမျိုးနွယ်စုက ရွှီဖူဟာ တရုတ်နိုင်ငံရဲ့ အရှေ့ဘက်စူးစူးမှာရှိတဲ့ ပင်လယ်ကြီးရဲ့ အလယ်ခေါင်မှာ နတ်ဘုရားတွေစောင့်ရှောက်တဲ့ တောင်သုံးလုံးရှိပြီး အဲဒီမှာ ထာဝရအသက်ရှင်သန်သူတွေနေထိုင်ကြလို့ လူငယ်လူရွယ်တွေအပါအဝင် လူအင်အားအခိုင်အမာစုပြီး သွားရောက်ဖို့ခွင့်တောင်းပါတယ်။အဲဒီနောက်မှာတော့ သူတို့အားလုံးပြန်မလာတော့ဘဲ အဲဒီအရပ်မှာပဲ အခြေချပြီး နေထိုင်ကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအချက်တွေကိုကြည့်ရုံနဲ့ ရှီဟွမ်တီဟာ မသေဆေးအပေါ်အလွန်စွဲလန်းပြီး ထာဝရရှင်သန်သူအဖြစ်နေထိုင်ကာ တိုင်းပြည်ကိုအုပ်ချုပ်ချင်တာ ထင်ရှားပါတယ်။
သူ့လက်ထက်မှာ အလွန်ကြီးမားကျယ်ပြန့်လွန်းတဲ့ အော်ဖန်နန်းတော်ကြီးနဲ့ ချင်လမ်းမကြီးအပြင် တရုတ်နိုင်ငံရဲ့ ကျက်သရေဆောင် မဟာတံတိုင်းကြီးကိုလည်း တည်ဆောက်ခဲ့ပြန်ပါတယ်။မဟာတံတိုင်းကြီးဟာ မိုင်ပေါင်း ၅၅၀၀ ရှည်လျား ခဲ့တယ်လို့ ရှေးဟောင်းသုတေသနစစ်တမ်းတစ်ခုက တိုင်းတာမှတ်တမ်းတင်ထားပါတယ်။ တံတိုင်းကြီးထဲမှာတော့ ရဲတိုက်တွေထည့်သွင်းထားပြီး ရန်သူကို ခုခံတိုက်ခိုက်ဖို့ ကင်းစောင့်ဖို့နဲ့ စစ်သားတွေစခန်းချဖို့ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် အော်ရှန်ရှီးပြည်နယ်၊ ရှီးအန်းမြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ အော်ဖန်နန်းတော်ကြီးဟာလည်း ချင်မင်းဆက်ရဲ့ အဓိကဆောက်လုပ်မှုတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ နန်းတော်ကို ဘီစီ ၂၁၂ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပေမဲ့ ရှီဟွမ်တီဘုရင်ဟာ ပြီးစီးအောင် မဆောက်လုပ်နိုင်ခင်မှာပဲ နတ်ရွာစံခဲ့ပါတယ်။ ဒါ့ပြင် ရှီဟွမ်တီဖောက်လုပ်ခဲ့တဲ့ ချင်လမ်းမကြီးဟာလည်း ကီလိုမီတာ ၇၀၀ လောက်ရှည်လျားပြီး တရုတ်နိုင်ငံရဲ့ ပထမဆုံး သမိုင်းဝင်အဝေးပြေးလမ်းမကြီးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းကနေ မြောက်ပိုင်းကို တစ်ဖြောင့်တည်း သွယ်တန်းထားတဲ့ လမ်းဖြောင့်ကြီးတစ်ခုဖြစ်ပါတယ်။
ဒါ့ပြင် ထာဝရရှင်သန်လိုစိတ်ပြင်းပြနေတဲ့ ရှီဟွမ်တီဟာ တရုတ်နိုင်ငံ ရှီအန်းမြို့၊ လျင်ထုန်ခရိုင်ထဲမှာရှိတဲ့မြေအောက်တစ်နေရာမှာ ကြီးမားတဲ့ ဂူဗိမာန်ကြီးတစ်ခုကိုလည်း တည်ဆောက်ခဲ့ပါတယ်။အဲဒါဟာ သူသေဆုံးပြီးတဲ့နောက် သူ့ရဲ့အင်အားကြီးမားတဲ့ မြေအောက်စစ်တပ်ကြီးဖြစ်လာခဲ့ပါတယ်။ အဲဒီဂူဗိမာန်ကြီးထဲမှာ တွင်းကြီး ၃တွင်းရှိပြီးတော့ မြေနီစစ်သားရုပ်တုပေါင်း ၈၀၀၀ လောက်ရှိပါတယ်။ ရုပ်ထုတစ်ခုစီရဲ့ မျက်နှာတွေဟာလည်း တစ်ရုပ်နဲ့ တစ်ရုပ်မတူညီဘဲ တရုတ်လူမျိုးတို့မှာတွေ့ရလေ့ရှိတဲ့ မျက်နှာအမျိုးအစား(၈)ခုကို အခြေခံပြီးထုလုပ်ထားပါတယ်။ အဲဒီဂူဗိမာန်ကြီးဟာ ယနေ့အထိ ရှီဟွမ်တီဘုရင်ရဲ့ အင်အားတောင့်တင်းတဲ့ မြေအောက်စစ်တပ်ကြီးတစ်ခုအဖြစ်တည်ရှိနေပါတယ်။ ရှီဟွမ်တီဟာ အဲဒီလို လမ်းပန်းဆက်သွယ်ရေးစနစ်တွေ ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ရုံအပြင် အလေး၊ တင်းတောင်း၊ အချိန်အတွယ်၊ အတိုင်းအတာ စတာတွေကိုလည်း တစ်ပြေးညီတည်းဖြစ်အောင် လုပ်ဆောင်ခဲ့ပါသေးတယ်။
ဒီလိုနဲ့ ရှီဟွမ်တီမင်းကြီးဟာ မသေဆေးကိုရှာဖွေရင်းနဲ့ပဲ ဘီစီ ၂၁၀ အရောက်မှာတော့ တရုတ်နိုင်ငံအရှေ့ပိုင်းကို တိုင်းခန်းလှည့်လည်ရင်း နတ်ရွာစံကံတော်ကုန်ခဲ့ပါတယ်။ ရှီဟွမ်တီမင်းကြီးနတ်ရွာစံပြီးနောက်မှာတော့ နန်းတော်အတွင်းအာဏာလုပွဲတွေဖြစ်ပေါ်ခဲ့ပြီး နန်းတွင်းရေးရာကို ချုပ်ကိုင်ခြယ်လှယ်လိုကြတဲ့ အမတ်တချို့ကြောင့် သားတော်အကြီးဖြစ်သူဟာ အရိုက်အရာမဆက်ခံရဘဲနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ဒါကြောင့် ဒုတိယသားတော် ဟူဟိုက်က အဲ့ရှီဟွမ်တီဘွဲ့နဲ့ နန်းတက်ခဲ့ပါတယ်။ ဒါပေမဲ့ သားတော်လက်ထက်မှာတော့ ဖခင်ရှီဟွမ်တီမင်းကြီးလိုမျိုး ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိတဲ့အတွက် ပုန်ကန်မှုတွေပေါ်ပေါက်ခဲ့ပြီး ၄ နှစ်အတွင်းသတ်ဖြတ်ခံရကာ ချင်မင်းဆက်လည်း ပျက်သုဉ်းခဲ့ရပါတယ်။
ရှီဟွမ်တီမင်းကြီးဟာ နန်းတက်ကာလအတွင်းမှာ တိုင်းပြည်စည်ပင်သာယာဝပြောအောင်ဆောင်ရွက်နိုင်ခဲ့သလို တစ်ဖက်မှာလည်း စာပေတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့သူအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း သူတည်ဆောက်ခဲ့တဲ့ မဟာတံတိုင်းကြီး၊ နန်းတော်ရာကြီးနဲ့ ဂူဗိမာန်ကြီးတို့ဟာ ယနေ့အချိန်ထိ တရုတ်နိုင်ငံရဲ့အဓိကပြယုဂ်တစ်ခုအနေနဲ့ ရပ်တည်နေတာကိုတော့ ဘယ်သူမှငြင်းလို့မရနိုင်တာ အသေအချာပဲဖြစ်ပါတယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်❤
▶️YouTube: https://youtu.be/O1o-OWyRQvU
🎧Podcast: https://podcasters.spotify.com/pod/show/z-lann
🔵Facebook Group: https://www.facebook.com/groups/zlann/
#ZLann #ZLann_Podcast #QinShiHuang

More Interesting Blogs from Zlann