ညောင်ရမ်းခေတ် သက္ကရာဇ် ၁၀၇၆ – ၁၀၉၅ ကာလ အင်းဝဘုရင် တနင်္ဂနွေ မင်းတရားကြီး လက်ထက်မှာ စာဆို ဦးကုလားက မဟာရာဇဝင်ကြီးကို ရေးသားခဲ့ပါတယ်။ မြန်မာ့သမိုင်းအဆက်ဆက် စံပြုရလောက်တဲ့ ရာဇဝင်ကျမ်းကြီးပါ။
“ဦးကုလား မဟာရာဇဝင်” လို့လည်း ခေါ်တွင်ပါတယ်။ ဦးကုလား မဟာရာဇဝင်ကို ကိုးကားမှီငြမ်းအခြေပြုပြီး မှန်နန်းရာဇဝင်၊ တွင်းသင်းမဟာရာဇဝင်သစ်လိုမျိုး ထင်ရှားတဲ့ကျမ်းကြီးတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
ဆရာကြီး ဦးကုလားရဲ့ မဟာရာဇဝင်ကြီးဟာ ပထမဆုံးပေါ်ထွက်လာတဲ့ပြည့်စုံတဲ့ မြန်မာ့သမိုင်းကျမ်းလို့ ဆိုရမှာပါ။ ဦးကုလားရဲ့ ရာဇဝင်ထဲမှာ ကမ္ဘာမြေကြီးစတည်လာပုံ၊ ကမ္ဘာဦးအစကလူတွေ ရှင်သန်ဖွံ့ဖြိုးလာပုံ၊ အပါအဝင် ဂေါတမမြတ်စွာဘုရားရဲ့ ဖွား၊ ပွင့်၊ ဟော၊ စံ တော်မူတဲ့ အကြောင်းတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့ပြင် ပုဂံခေတ်/ညောင်ရမ်းခေတ်မှာ ဗုဒ္ဓဘာသာရှင်သန်ထွန်းကားမှုတွေနဲ့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာထွန်းကားမှုတွေသာမက ထီးနန်းအဆက်ဆက် စိုးစံခဲ့တဲ့ ရှင်ဘုရင်တွေအကြောင်းအပါအဝင် စစ်မက်ဖြစ်ပွားမှု၊ ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးအကြောင်းတွေကိုပါ ဦးကုလားရဲ့ ရာဇဝင်ထဲမှာ လေ့လာနိုင်ပါတယ်။
အလားတူ နှောင်းလူတို့စံနမူနာထားဖွယ်ရာ ဆုံးမစာတွေအပြင် ဧချင်း၊ မော်ကွန်း၊ ကျောက်စာတွေကိုလည်း ကိုးကားထည့်သွင်းရေးဖွဲ့ထားတာဖြစ်ပါတယ်။
မဟာရာဇဝင်ကြီးကို ရေးသားပြုစုခဲ့တဲ့ စာဆိုကျော် ဦးကုလားဟာ နှစ်ဆယ်ရာစုခေတ် မတိုင်မီပေါ်ထွန်းခဲ့တဲ့ မြန်မာသမိုင်းစာပေပညာရှင်တွေထဲမှာ အလွန်ကျေးဇူးကြီးမားသူဖြစ်သလို လေးစားထိုက်သူ တစ်ယောက်လည်းဖြစ်ပါတယ်။
သူရေးသားပြုစုခဲ့တဲ့ မဟာရာဇဝင်ကြီးကြောင့်ပဲ မြန်မာ့သမိုင်းအဆက်ဆက် မြန်မာတို့အစဉ်အလာကြီးမားခဲ့မှု၊ ရွှေထီးရွှေနန်းနဲ့ နိုင်ငံတော်ကြီးတည်ဆောက်ခဲ့မှု၊ ယဉ်ကျေးမှု အနုသုခုမကြွယ်ဝခဲ့မှု၊ မြန်မာမင်းတို့ သတ္တိ ဗျတ္တိကောင်းမွန်ပြည့်စုံမှု၊ နိုင်ငံတော်အဆက်ဆက် စည်ပင်သာယာဝပြောခဲ့မှု၊ ဗုဒ္ဓဘာသာထွန်းကား ကျယ်ပြန့်မှုတို့ကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား မျက်မြင်တွေ့ရသလို လေ့လာနိုင်ခဲ့တာဖြစ်ပါတယ်။
ဦးကုလားရဲ့ စကားပြေအရေးအသားဟာ ရှင်းလင်းပြတ်သားကျစ်လျစ်တာကြောင့် လူအများကို သိလွယ်၊ မြင်လွယ်၊ နားလည်လွယ်စေပါတယ်။သူက ရာဇဝင်ကျမ်းရေးသားပြုစုနိုင်ရုံမျှမက မြန်မာစကားပြေအရေးအသားအပြင် ကဗျာစာပေရေးသားရာမှာလည်း ရိုးရိုးနဲ့ ပြေပြစ်လိမ္မာစွာ ရေးသားနိုင်တဲ့ စွမ်းရည်လည်းရှိပါတယ်။
ဦးကုလားရဲ့ဘဝဟာ ငွေကြေးပြည့်စုံကြွယ်ဝတဲ့ မိဘနှစ်ပါးကနေ မွေဖွားလာခဲ့ပေမဲ့ သူနဲ့လူတန်းစားတူ တခြားလူကုံထံတွေလို စည်းစိမ်ခံပြီး ဘဝကို အဆုံးမသတ်ခဲ့ဘဲ သူဝါသနာပါရာ သမိုင်းပညာရပ်ကို လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။ မိမိတတ်သိနားလည်တာတွေကို တခြားသူတွေပါ နားလည်နိုင်စေဖို့အတွက်လည်း ရေးသားလေ့ရှိပါတယ်။
ဦးကုလား မဟာရာဇဝင်ကြီးရေးသားခဲ့တဲ့အချိန်က ညောင်ရမ်းခေတ်ရဲ့ နေဝင်ချိန်ဖြစ်နေပါပြီ။ မည်သို့ပင်ဆိုစေကာမူ ဒီရာဇဝင်ကြီးဟာ မှတ်သားလေးစားလောက်တဲ့ မြန်မာ့သမိုင်းကျမ်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဦးကုလားရဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့အရာတွေက နောင်လာနောက်သားတို့ အတွက် အစဉ်ကျေးဇူးကြီးမားတဲ့ အရာတွေအဖြစ်ထင်ကျန်ရစ်နေတာပဲ ဖြစ်ပါတယ်။