မြဝတီမင်းကြီး ဦးစလို့ဆိုလိုက်ရင် ကုန်းဘောင်ခေတ်ရဲ့ ဂန္ထဝင်ဂီတစာဆိုတော်ကြီးဖြစ်တဲ့ အပြင် စစ်သည် စာဆိုကြီးရယ်လို့လည်း မြန်မာ့သမိုင်းမှာထင်ရှား ပါတယ်။မြဝတီမင်းကြီး ဦးစရဲ့ စာဆိုသက်တမ်း က ငယ်ရွယ်နုနယ်တဲ့ အသက် ၂၀ ကျော်အရွယ်ကနေ အသက် ၇၀ ကျော်အထိ နှစ်ပေါင်း ၅၀ကျော်ကြာမြင့်ပြီး ကုန်းဘောင်ခေတ်အလယ်ပိုင်းမှာတော့ အထူးကျော်ကြားခဲ့သူဖြစ်ပါတယ်။
ဦးစကို ဆင်ဖြူရှင်မင်းတရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၁၁၂၈ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် (၁၀)ရက်၊ အင်္ဂါနေ့မှာ စစ်ကိုင်းမြို့အနောက်ဘက် မိချောင်းတက်ချောင်း( မိချောင်းတော်ရွာ) မှာ ဖွားမြင်ခဲ့ပါတယ်။အလုံမြို့ မြောက်လက် မောက်တက်ရွာသား မြင်းစီးကြီးသား ဦးပေါက်ကျော်နဲ့ သာလွန် မင်းတရားကြီးလက်ထက်က အမတ်ကြီး ဗညားကျန်းတောရဲ့ မြေးဖြစ်သူ ဒေါ်ငြိမ်းသာ တို့ရဲ့ သား ဖြစ်ပါတယ်။ ဦးစ ကလေးဘဝအရွယ် အသက် ၆ နှစ်မှာ ဖခင်ဖြစ်သူကွယ်လွန်ပြီး အသက် ၁၁ နှစ်အရွယ်မှစကာ အင်းဝမြို့၊ မဲထီးရွာရှိ မဲထီးဆရာတော် ဦးပရမကျောင်းမှာ သာမဏေအဖြစ်နဲ့ စာပေပညာများ သင်ကြားခဲ့ပါတယ်။
ဦးစဟာ စာပေပညာများတတ်မြောက်ပြီးတဲ့နောက်မှာတော့ လူထွက်ပြီး ပန်းထိမ်အလုပ်နဲ့ ရွှေကျောက် ရောင်းဝယ် ရေးအလုပ်ကို သင်ကြားလုပ်ကိုင်ခဲ့ပါတယ်။အဲဒီနောက် စစ်ကိုင်းမြို့နေ ပန်းထိမ်ဝန်ဟောင်း ဦးညွန့် ၊ဒေါ်ငြိမ်းစံတို့ရဲ့ သမီးဖြစ်သူ နဲ့ ငယ်ရွယ်စဉ်မှာပဲ အိမ်ထောင်ကျ ခဲ့ပါတယ်။ အတီးအမှုတ်ဝါသနာပါတာကြောင့် ဘိုးတော်မင်းတရားကြီးရဲ့ လက်ဝဲဆိုင်း အမှုထမ်းဖြစ်သူ ဆိုင်းဆရာကြီး ဦးတရုတ်ထံမှာ ကြေးဝိုင်းတီးခဲ့ပါတယ်။
ဦးစ အသက် ၁၉ နှစ်အရွယ်မှာ ဇနီးဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်။ဇနီးသေဆုံးပြီးနောက်မှာတော့ ဦးစဟာ အမရပူရမြို့သို့ပြောင်းရွှေ့ပြီး အိမ်ရှေ့စံ ရွှေတောင်မင်းရဲ့ အိမ်ရှေ့သံတော်ဆင့် လက်ျာပျံချီထံမှာ ရေးမှတ်တဲ့ဘက်မှာ အမှုထမ်းခဲ့ပါတယ်။အဲဒီနောက် “ရွှေဘုံနိဒါန်း” ကိုရေးသားတဲ့ ဇေယျသင်္ခယာဘွဲ့ခံ အိမ်ရှေ့အတွင်းဝန်က ဦးစရဲ့ အရည်အချင်းရှိပုံတွေကို အိမ်ရှေ့မင်းထံ လျှောက်ထားလိုက်တာကြောင့် အိမ်ရှေ့နန်းဆောင်မှာ အမှုတော်ထမ်းဆောင်ရပါတယ်။
အဲဒီအချိန်မှာတော့ ဦးစဟာ ကြိုးများ၊ ဘွဲ့များနဲ့ သီချင်းကြီးများကို စတင်ပြီးရေးသားနေပြီဖြစ်ပါ တယ်။ ဒါအပြင် ဦးစဟာ ထိုင်း၊ ဟင်ဒီ၊ ကသည်း၊ နာဂရီ နဲ့ အင်္ဂလိပ်ဘာသာတွေကိုလည်း တတ်ကျွမ်းသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယိုးဒယားဘာသာနဲ့ရေးသားထားတဲ့ အီနောင်ဇာတ်တော်ကြီးကို မြန်မာ ဘာသာပြန်ပြီး အတီး၊ အမှုတ်၊ဇာတ်သီချင်းများနဲ့ ရေးသားစပ်ဆိုခဲ့ပါတယ်။ အီနောင်ဇာတ် ဆိုတာကတော့ ဣန္ဒာဝုဓ ခေါ် သိကြားမင်းပေးတဲ့ လက်နက်ပိုင်ရှင် ဂျာဗားမင်းသားနဲ့ ပွတ်စပါးမင်းသမီး တို့ရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။အဲဒီဇာတ်တော်ကြီးရေးသားပြီးတဲ့နောက်မှာတော့ ဦးစဟာ အိမ်ရှေ့နန်းဆောင် မှာသာမက တစ်နိုင်ငံလုံးက အသိအမှတ်ပြုရလောက်သည်အထိ ကျော်ကြားသွားခဲ့ပါတယ်။
အီနောင်ဇာတ်ကြီးကိုရေးသားပြီးနောက်မှာတော့ ဦးစကို အိမ်ရှေ့ဘဏ္ဍာစာရေးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်မှာ အိမ်ရှေ့မင်းနတ်ရွာစံသွားတာကြောင့် ဘိုးတော်ဗဒုံမင်းက မြေးတော် စစ်ကိုင်းမင်းကို အိမ်ရှေ့ရာထူးအပ်နှင်းပြီးတဲ့အခါမှာ ဦးစကိုလည်း အိမ်ရှေ့သံတော်ဆင့် အရာနဲ့ ပြည်လုံးယူ လှေမှူးအဖြစ်ခန့်အပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ နေမျိုးဇေယျသူရဘွဲ့နဲ့ အိမ်ရှေ့အတွင်းဝန် ရာထူးကိုဆက်လက်ချီးမြှောက်ခဲ့ပြီး ကသည်း- မျည်းတဲ အရေးမှာ ဦးစ ပါဝင်တိုက်ခိုက်စေခဲ့ပါတယ်။ အဲဒီ စစ်ပွဲမှာ ဦးစဟာ တပ်ကြီး သုံးတပ်၊ မြင်း ၁၅၀နဲ့ စစ်သည်သူရဲ ၁၅၀၀ တို့ကို ဦးဆောင်ပြီး တမူးကြောင်းရှေ့က ချီတက်ခဲ့ပါတယ်။အဲဒီ စစ်ပွဲက ဦးစ အတွက်တော့ ပထမဆုံးစစ်ပွဲလည်းဖြစ်ပါတယ်။
သက္ကရာဇ် ၁၁၈၁ ခုနစ်၊ နယုန်လမှာတော့ ဘိုးတော်ဗဒုံမင်းနတ်ရွာစံပြီး အိမ်ရှေ့စံ စစ်ကိုင်းမင်း နန်းတက် တဲ့ အခါမှာလည်း ဦးစရဲ့ သစ္စာစောင့်သိမှုကို အသိအမှတ်ပြုတဲ့သဘောနဲ့ ငွေအသပြာ တစ်ထောင့် ငါးရာတန် လက်စွပ်တစ်ကွင်းကိုပေးသနားပြီး လက်ဝဲတော်နေရာနေ အတွင်းဝန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါအပြင် တန်ဆောင်မုန်းလမှာ မင်းကြီး မဟာဥကင်သ ထီးဆောင်းမင်္ဂလာ ပြုတဲ့အချိန်မှာလည်း ဦးစကို သီရိမဟာဇေယျသူရဘွဲ့ကို ထပ်မံပေးအပ်ခဲ့ပြန်ပါတယ်။ သက္ကရာဇ် ၁၁၈၅ မှာတော့ ပထမအကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားခဲ့ပြီး ဦးစကို မင်းကြီးမဟာသူရဘွဲ့နဲ့ လက်ဝဲစစ်ကဲ ခန့်ပြီး ရှေ့မှချီစေပါတယ်။ ၁၁၈၆ ခုနှစ်၊ ကဆုန်လမှာ တပ်ဦးချုပ် အတွင်းဝန်မင်းကြီးမဟာသီဟသူရကို ရှေ့ချီတပ်မှူးအဖြစ်နဲ့ ခန့်အပ်ပြီး အင်္ဂလိပ်တို့ကို ရင်ဆိုင်စေခဲ့ရပါတယ်။ ပန်းဝါမှာ လည်း ဦးစဟာ လေးလ လောက် ဦးစီးကွပ်ကဲ ခဲ့ပြီး မင်းကြီးရှေ့တော်ကို ပြန်လည် ရောက်ရှိလာတဲ့အခါမှာလည်း ဝန်ကြီး ရာထူး ခန့်အပ်ခံခဲ့ရကာ တိုင်းရေးပြည်ရာတွေကို ဆောင်ရွက်ခဲ့ရပါတယ်။
သက္ကရာဇ် ၁၁၉၂ ခုနစ်မှာတော့ ဦးစကို မြဝတီမြို့စား ဝန်ကြီးရာထူး ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအချိန်က ဦးစ ကိုပေးခဲ့တဲ့ မြဝတီမြို့ဆိုတာက သရက်ခရိုင်၊ ကံမရွာအောက်ဘက်ရှိ မြဝတီမြို့ ဖြစ်ပါတယ်။
ဒါကြောင့်လည်း မြဝတီမင်းကြီး ဦးစအဖြစ်နဲ့ ဘကြီးတော်မင်းတရားလက်ထက်မှာ လက်ရုံးရည်၊ နှလုံးရည် အထွဋ်အထိပ် ရောက်ကာကျော်ကြားခဲ့သူဖြစ်ပါတယ်။ မြဝတီမင်းကြီးဦးစဟာ ရှေ့တန်း တိုက်ပွဲတွေ ဆင်နွှဲ နေရတဲ့ အချိန်မှာလည်း ပတ်ပျိုး၊ ယိုးဒယား၊ ဘုန်းတော်ဘွဲနဲ့ ကဗျာလင်္ကာတွေ ကိုရေးသားနေလေ့ရှိသူ ဖြစ်ပါတယ်။ ဦးစရေးသားခဲ့တဲ့ တေးတွေဟာ ကုန်းဘောင်ခေတ် နိုင်ငံရေးနဲ့ သူ့ဘဝအတက်အကျ၊ အလှည့်အပြောင်းတွေကို ထင်ဟပ်နေစေပါတယ်။
ဦးစဟာ မြန်မာ့ဂီတလောကမှာ ကြိုး၊ တမ်းချင်း၊ တျာချင်း၊ သင်္ဘောလွှင့်ချင်း၊ မီးခွက်ကချင်း၊ အန်ချင်း၊ နတ်ယိုင်သံ လဲ့ချင်း စတဲ့ သီချင်းမျိုးစုံအပြင် ပတ်ပျိုးပေါင်း ၆၉ ပုဒ်ကိုလည်းရေးသား စပ်ဆို ခဲ့ပါတယ်။ မြန်မာ့ဂီတလောကမှာ ယိုးဒယားနဲ့ပတ်ပျိုးကို စတင်ရေးစပ်သူဖြစ်တဲ့အပြင် မြဝတီသံဆန်းဆိုတဲ့ စာနဲ့အညီ သံဆန်းဘုရင်လို့လည်းသတ်မှတ်ထားကြပါတယ်။
ဒါပေမဲ့ ဦးစဟာ ဘကြီးတော်ဘုရားလက်ထက်နှောင်းပိုင်းနဲ့ သာယာဝတီမင်းလက်ထက်ရှေ့ ဦးပိုင်း ကာလတွေမှာတော့ မငြိမ်မသက်ဖြစ်လာတဲ့နိုင်ငံရေးရာ အခြေအနေကြားမှာ ရိုက်ခတ်ခံခဲ့ရပါတယ်။ အဲဒီလို နိုင်ငံရေးအလှည့်မသင့်မှုတွေကြားမှာ အပြစ်ကြီးလေးတဲ့ ပုန်ကန်မှုလို့ဆိုတဲ့ ရာဇဝတ်ဘေးသင့်ကာ အကျဉ်းချခံခဲ့ရပါတယ်။ သက္ကရာဇ် ၁၂၀၁ ခုနစ်မှာတော့ သာသနာပြုသဲအင်းဆရာတော်ကြီး ပျံလွန်တော်မူသွားပြီး မိဖုရားခေါင်ကြီးကိုယ်တော်တိုင် ရုပ်ကလာပ်တော်ကို သွားရောက်ဖူးမြှော် လိုတာကြောင့် လမ်းကို ပြုပြင်ဖို့ အကျဉ်းသားတို့ကိုစေခိုင်းခဲ့ပါတယ်။အဲဒီလို စေခိုင်းခံရသူတွေထဲမှာ ဦးစလည်း ပါဝင်ခဲ့ပါတယ်။
လမ်းပြုပြင်နေတဲ့ ဦးစကို သမီးတော်စုဘုရားကြီးတွေ့မြင်သွားတဲ့အခါမှာတော့ ခေါ်ယူတွေ့ဆုံပြီး ဘုရင့် အမျက်တော်ပြေစေဖို့ ဘုန်းတော်ဘွဲ့တစ်ပုဒ်ရေးသားဆက်သဖို့ အကြံပြုပြောဆိုပါတယ်။
ဒါကြောင့် ဦးစဟာ အကျဉ်းထောင်ထဲမှာ“ ကုန်းဘောင်နေမင်း၊ ဘုန်းရောင်ဝေရှင်း၊ တောင်ဒီပါထိန်ထိန်လင်း” အစချီတဲ့ မဟာဂီတ ပတ်ပျိုး ကိုရေးစပ်သီကုံးပြီး ထောင်အဝန်းအဝိုင်းမှတစ်ဆင့် ရုပ်သေးမင်းသားကိုင် ဦးရွှေသာထံ ပေးပို့လိုက်ပါတယ်။ သက္ကရာဇ် ၁၂၀၁ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ အနောက်စမုတ်တော် ရုပ်သေးပွဲမှာ ဦးစရဲ့ ဘုန်းတော်ဘွဲ့ကို အသံနေအသံထားကျကျနဲ့ ဦးရွှေသာက ဖတ်ပြတဲ့အခါမှာတော့ သာယာဝတီမင်းကြီး အမျက်တော်ပြေပြီး ညတွင်းချင်း အကျဉ်းမှလွှတ်ခဲ့ပါတယ်။
အဲဒီနောက် ဦးစဟာ ပုဂံမင်းလက်ထက်မှာ မြင်းမူရွာကိုစားရပြီး မင်းတုန်းမင်းကြီးလက်ထက် မှာလည်း အမှုတော်တွေ ဆက်လက်ထမ်းရွက်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဦးစဟာ သက်တော် ၇၀ ကျော်အထိ နိုင်ငံရဲ့အမှုတော်ကို သစ္စာစောင့်သိစွာနဲ့ ထမ်းရွက်ခဲ့သူလည်းဖြစ်ပါတယ်။ သက္ကရာဇ် ၁၂၀၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁ရက်၊ ကြာသပတေးနေ့ မနက် ၇ ချက်တီးအချိန်မှာတော့ ဂီတစာဆိုကြီး ဦးစ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပါတယ်။
မြဝတီမင်းကြီးဦးစဟာ အဲဒီခေတ်မြန်မာနိုင်ငံမှာ အထက်မြက်ဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ် လို့လည်း သူနဲ့ ခင်မင်ရင်းနှီးတဲ့ ခရစ်ယာန်သာသနာပြုဆရာ ယုဒသန်က မှတ်ချက်ချခဲ့ပါတယ်။ ဦးစဟာ သဘင်ဝန် ဦးသော်နဲ့ တိုင်ပင်ပြီးရုပ်သေးသဘင်ကို တီထွင်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ဒါအပြင် ဦးစတို့ပျိုးထောင်ခဲ့တဲ့ မဟာဂီတနဲ့ သဘင်လောကကြီးဟာ မင်းတုန်းမင်းခေတ်မှာ အစွမ်းကုန် ထွန်းတောက် ခဲ့ပြီး စောင်းကြိုးကိုလည်း ခုနစ်ကြိုးကနေ တစ်ဆယ့်သုံးကြိုးအထိ တပ်ဆင် တီးခတ်လာနိုင်ခဲ့ပါတယ်။ ဦးစ စောင်းတီးသင်ပေးခဲ့တဲ့ သူတွေလည်းများစွာရှိပါတယ်။ အဲဒီထဲမှာတော့ သာယာဝတီမင်းကြီးရဲ့ စာဆို မိဖုရားဖြစ်တဲ့ အနောက်နန်းမတော်မမြကလေးနဲ့ စောင်းပညာမှာ တစ်ဖက်ကမ်းခတ် တတ်သူအဖြစ် ကျော်ကြားတဲ့ ဦးဖူးခေါင်တို့လည်းပါဝင်ပါတယ်။
ဒါကြောင့်လည်း မြဝတီမင်းကြီး ဦးစ ဆိုတာတစ်ခေတ်မှာတစ်ယောက် ပေါ်ရန်ပင် ရှားပါးလွန်းတဲ့ ဂန္ထဝင်ဂီတစာဆိုတော်ကြီးလည်းဖြစ်သလို နိုင်ငံ့ရေးရာနဲ့ စစ်မှုရေးရာများတွေမှာလည်း ထက်မြက်လှတဲ့ စစ်သည်တော်ကြီးဖြစ်ပါတယ်။ လူထုဒေါ်အမာရဲ့ မြန်မာ့မဟာဂီတ စာအုပ်မှာတော့ ကုန်းဘောင်ခေတ် စာဆိုကျော်ကြီး ဦးစ၊ စောင်းအကျော် ဒေဝဣန္ဒာမောင်မောင်ကြီးနဲ့ ကိုလိုနီခေတ် ဆိုင်းဆရာကြီး စိန်ဗေဒါတို့ဟာ မဟာဂီတလောကမှာ ဘယ်ခေတ်မှာမှ မပေါ်နိုင်တဲ့ ကြီးသုံးကြီးအဖြစ် ယူဆတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။