“ မြန်မာရောက်တိုင်းတစ်ပါးသား ပေါ်တူဂီလူမျိုး ဒီပရစ်တို(ခေါ်) ငဇင်ကာ”

ပေါ်တူဂီလူမျိုး ဒီပရစ်တို(ခေါ်) ငဇင်ကာ လို့ဆိုလိုက်တာနဲ့ သန်လျင်မြို့ကို အပိုင်စားပြီး ဗုဒ္ဓသာသနာပိုင် အဆောက်အဦတွေနဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့သူရယ်လို့ လူတိုင်းမှတ်မှတ်ထင်ထင်ရှိနေကြမှာပါ။ ဒီပရစ်တို(ခေါ်) ငဇင်ကာနဲ့ ပတ်သက်တဲ့ ပေါ်တူဂီရာဇဝင်တွေမှာတော့ ဒီပရစ်တိုနဲ့ ငဇင်ကာဟာ တစ်ဦးစီဖြစ်တယ်လို့ ဆိုကြသလို အချို့သမိုင်းပညာရှင်တွေကတော့ တစ်ယောက်တည်းသာ ဖြစ်တယ်လို့လည်း ပြောကြပါသေးတယ်။ မည်သို့ဆိုစေ ငဇင်ကာလို့သိကြတဲ့ ဒီပရစ်တိုကတော့ မြန်မာနိုင်ငံသမိုင်းမှာ အမည်းစက်ထင်ကျန်ခဲ့သူဖြစ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့သူ ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။
ငဇင်ကာကို သက္ကရာဇ် ၁၅၆၆ ခုနှစ်က ပေါ်တူဂီနိုင်ငံ၊ လစ်စ်ဘွန်းမြို့မှာမွေးဖွားခဲ့ပါတယ်။ ဖခင်က ပြင်သစ် နိုင်ငံသားဖြစ်ပါတယ်။ ပေါ်တူဂီရာဇဝင်အချို့မှာတော့ ဗိုလ်မှူး ဖိလစ်ဒီပရစ်တို ဆိုသူကို ဂိုအာမြို့ရဲ့စစ်ဘုရင်က ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် သက္ကရာဇ် ၉၃၂ ခုမှာ သေနတ်၊အမြောက်၊ခဲယမ်း၊ မီးကျောက် အပြည့်အစုံပါဝင်တဲ့ တိုက်သင်္ဘော ၁၂ စင်း နဲ့အတူစေလွှတ်ပါတယ်။
ရခိုင်ဘုရင် က ပြန်လည်ခုခံတဲ့တွက် စစ်သင်္ဘော ၅ စင်းပျက်ပြီး ကျန် ၇ စီးလုံးလည်း အထိအခိုက်များပြား ခဲ့ပါတယ်။ စစ်သည်ဗိုလ်ပါတွေလည်း ထိခိုက်ကျဆုံးမှုများ တဲ့အတွက် ဒီပရစ်တိုဟာ ဂိုအာမြို့သို့ ပြန်လာ ခဲ့ပါတယ်။ ဂိုအာဘုရင်က ဗိုလ်မှူး ဒီပရစ်တိုရဲ့ စစ်ရေးစွမ်းရည်ညံ့ဖျင်းမှုကို ရှုံ့ချတာကြောင့် သက္ကရာဇ် ၉၃၃ ခု မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ပါတယ်။
သက္ကရာဇ် ၉၆၈ ခုမှာ ဂိုအာဘုရင်က ဗိုလ်မှူး ဇွင်ကာကူကို ပဲခူးအရပ်မှာ ရောင်းဝယ်ဖောက်ကားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်္ဘော ၁၂ စင်းကို သေနတ်၊အမြောက်၊ လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံစေလွှတ် ပြန်ပါတယ်။
ပထမဦးစွာ ဇွင်ကာကူက ရခိုင်မင်းထံ ဝင်ရောက်ပြီး ပဲခူးအရပ်မှာ ရောင်းဝယ်ဖောက်ကားမှုကို ခွင့်ပြုဖို့တောင်းဆို ပါတယ်။ ရခိုင်မင်းကလက်ခံပြီး ပဲခူးမင်းထံ ခွင့်ပြုပေးဖို့ စာရေးသားပေးပို့ပါတယ်။
ဗိုလ်မှူး ဇွင်ကာကူနဲ့အဖွဲ့ သံလျင်မြို့မှာ အခြေစိုက်မယ်ဆိုရင် ရှမ်းတို့ရဲ့ စစ်ကို ဝိုင်းဝန်းနှိမ်နင်းပေးရမယ်လို့ ပဲခူးမင်းကဆိုပါတယ်။ဒါကြောင့် ဇွင်ကာကူ လည်း ကူညီတိုက်ခိုက်ပေးပြီးတဲ့နောက်မှာတော့ သန်လျင်အရပ်ကို အခြေပြုပြီး နေထိုင်ခဲ့ပါတယ်။ မြို့တည်ရာမှာ လိုအပ်တဲ့လူအင်အားကို ပဲခူးမင်းက ကူညီပေးတဲ့အတွက် ခြောက်လနဲ့အပြီးတည်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဇွင်ကာကူ ဆိုတဲ့နာမည်ကိုလည်း မြန်မာတို့အခေါ်အရ “ကူ” ကိုဖြုတ်ပြီး ငဇင်ကာလို့ခေါ်ခဲ့ကြပါတယ်။
သန်လျင်မှာ ပေါ်တူဂီတို့ မြို့တည်ပြီး အခြေစိုက်နေထိုင်နေတဲ့ သတင်းကို ရခိုင်မင်းကြားတဲ့အခါမှာတော့ အင်အားကြီးမားလာမှာကို စိုးရိမ် တဲ့အတွက် တိုက်ဖျက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ရခိုင်တို့စစ်ရှုံးပြီး စစ်ဦးစီး ရခိုင် မင်းသားကိုလည်း သုံ့ပန်းအဖြစ် ငဇင်ကာ တို့ဖမ်းဆီးရမိခဲ့ပါတယ်။
ရခိုင်မင်းက ကျေအေးပေးဖို့ တောင်းဆိုတဲ့အခါမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အင်းဝ ပြည့်ရှင် အနောက်ဘက်လွန်မင်း က တောင်ငူဘုရင် နတ်သျှင်နောင်ကို တိုက်ခိုက်အနိုင်ယူပြီး လက်အောက်ခံ အဖြစ်နဲ့ တောင်ငူမှာပဲဆက်လက် နေထိုင်စေပါတယ်။ နတ်သျှင်နောင်က အင်အားခိုင်မာနေတဲ့ ငဇင်ကာ ကို အကူအညီတောင်းခံပါတယ်။ ငဇင်ကာက ဂိုအာဘုရင်ထံ ခွင့်တောင်းပြီး တောင်ငူသို့ ချီတက်သိမ်းပိုက်ပြီး နတ်သျှင်နောင် အပါအဝင် စစ်သည်အင်အား ၃၀၀၀ ခန့်ကို သန်လျင်ကိုခေါ်လာပြီး ကောင်းမွန်စွာထားခဲ့ပါတယ်။ အင်းဝမင်း သိတဲ့အခါမှာတော့ စစ်တပ်အင်အားအလုံးအရင်းနဲ့ သန်လျင်ကို ချီတက်ပြီး ငဇင်ကာ နဲ့ နတ်သျှင်နောင် တို့ကို ဖမ်းဆီးပါတယ်။ သန်လျင်မြို့မှာ ငဇင်ကာဟာ ၆နှစ်နဲ့ ၃ လကျော်ကျော်လောက် ကြီးစိုးခဲ့ပြီးနောက် နတ်သျှင်နောင်နဲ့အတူ ကွပ်မျက်ခံခဲ့ရတယ်လို့ ပေါ်တူဂီရာဇဝင်တွေမှာ ဖော်ပြထားကြပါတယ်။
အချို့သော ပေါ်တူဂီခေတ်ပြိုင်ရာဇဝင်ကျမ်းတွေမှာတော့ သန်လျင်မြို့ကို စတင်တည်ခဲ့သူက ပေါ်တူဂီနိုင်ငံ ဒေါရောမိညောနယ်သား ဆာလ်ဗာဒေါရိဘေရော ဒီဇူဇာဆိုသူဖြစ်ပြီး ဖိလစ်ဒီပရစ်တိုလို့ခေါ်တဲ့ လစ်စ်ဘွန်း နိုင်ငံသားကတော့ ရခိုင်ဘုရင်ရဲ့ ကျေးဇူးကိုခံပြီး အနှစ်နှစ်ဆယ်လောက် ကုန်သွယ်ရေးကို လုပ်ဆောင်နေတဲ့ ရွှေတိုက်စိုးလို့ အဓိပ္ပာယ်ရတဲ့ ဆန်ဂေါဘွဲ့ကို ခံယူသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီ ရာဇဝင်က လူသိနည်းလှပါတယ်။
၁၈၈၃ ခုနစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆာအာသာဖယ်ရာ ရေးသားတဲ့ မြန်မာရာဇဝင်ထဲမှာပါတဲ့ ဒီဘရစ်တို အကြောင်းကတော့ အနည်းငယ်ရင်းနှီးကြဟန်တူပါတယ်။အဲဒီရာဇဝင်ထဲမှာတော့ ငဇင်ကာ( ခေါ်) ဖိလစ် ဒီပရစ်တိုဆိုတာ ရခိုင်ဘုရင်ရဲ့ သင်္ဘောအစေခံ မင်းမှုထမ်းဘဝကနေပြီး သူ့ရဲ့ ကြိုးစား အားထုတ်မှု ကြောင့် ဘုရင်ရဲ့ လူယုံတော်ဖြစ်လာပါတယ်။ ခရစ်နှစ် ၁၆၀၀ ပြည့်နှစ်မှာ သန်လျင်မြို့ကို ဆိပ်ကမ်းခွန် ကြီးကြပ်ရေး အတွက် ရောက်ရှိလာတဲ့ ပေါ်တူဂီလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ကျေးဇူးရှင်ဖြစ်တဲ့ ရခိုင်မင်းကို ပုန်ကန်ဖို့ အခွန်ရုံးကိုကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခံတပ်ငယ်တစ်ခုကို သန်လျင်မှာ တည်ဆောက် ပါတယ်။ အဲဒီနောက် ဂိုအာမြို့က ပေါ်တူဂီဘုရင်ခံချုပ်ထံသွားပြီး သူ့ကို အသိအမှတ်ပြုဖို့ခွင့်တောင်းခဲ့ပါတယ်။
အဲဒီနောက် သန်လျင်မှာ ဒီပရစ်တိုမရှိတဲ့အခိုက် တောင်ငူမင်းနဲ့ ရခိုင်မင်းတို့ပူးပေါင်းကာ ရှစ်လကြာအောင် တိုက်ခိုက်ခဲ့ပါတယ်။ သန်လျင်မှာကျန်ခဲ့တဲ့ ပေါ်တူဂီအရာရှိက အညံ့မခံဘဲ ခုခံခဲ့လို့ ရခိုင်နဲ့ တောင်ငူသားတို့ ဆုတ်ခွာခဲ့ကြရပါတယ်။ ဒါအပြင် ငဇင်ကာက ပေါ်တူဂီ ဘုရင်ခံချုပ်ရဲ့တူမဖြစ်သူ ဒိုနာလူဝီ ဇာဒီ ဆာလဒါနာနဲ့ လက်ဆက်ပြီးတဲ့နောက်မှာတော့ ကပ္ပတိန် ဂျင်နရယ်အမည်ခံပြီးနောက် သန်လျင်ကိုပြန်လာပြီး ခံတပ်ပြုပြင် တည်ဆောက်ခြင်းတွေ၊ နယ်မြေသတ်မှတ်တာတွေနဲ့ ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ရခိုင်နဲ့တောင်ငူမင်းတို့ စစ်ကူတွေ ကိုတွန်းလှန်နိုင်ခဲ့တဲ့အပြင် ရခိုင်မင်းသားကိုလည်း ဖမ်းဆီးပြီး ရွှေဒင်္ဂါးငါးသောင်းနဲ့ ရွေးယူစေပါတယ်။ အဲဒီလိုနဲ့ ဒီပရစ်တိုနဲ့ ပေါ်တူဂီတပ်တို့ဟာ အင်အား တဖြည်းဖြည်းကြီးမားလာပါတယ်။ ပတ်ဝန်းကျင်က မြို့စား၊နယ်စားတွေကလည်း သန်လျင်လက်အောက်ထံ ခိုဝင်ခဲ့ကြပါတယ်။
မုတ္တမမြို့စား ဗညားဒလရဲ့သမီးနဲ့ ငဇင်ကာရဲ့သားတော် ဆိုင်မွန်ကို လက်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အရှိန်အဝါကပိုပြီးတော့ ကြီးမားလာပါတယ်။ ဒါကြောင့်လည်း အင်းဝဘုရင် မဟာဓမ္မရာဇာ (အနောက်ဘက်လွန်မင်း) ရဲ့ လက်အောက်ခံဖြစ်တဲ့ တောင်ငူဘုရင် နတ်သျှင်နောင်က ငဇင်ကာလက်အောက်ထံ ခိုဝင်ဖို့အထိဖြစ်လာပါတယ်။ တောင်ငူဘုရင်ဟာ အနောက်ဘက်လွန်မင်းရဲ့ လက်အောက်ခံတစ်ခုအဖြစ်နဲ့ မနေလိုတာကြောင့် ငဇင်ကာထံ ကြက်ရိုးပင်စားကို စေလွှတ်ပြီး မိမိကို လာခေါ်ဖို့အကြောင်းကြားလိုက်ပါတယ်။
သက္ကရာဇ် ၉၇၄ ခုမှာ ငဇင်ကာဟာ မုတ္တမစားဗညားဒလနဲ့ ပူးပေါင်းပြီး တောင်ငူကိုချီတက်ခဲ့ပါတယ်။ တောင်ငူမှာ ဆယ်ရက်ခန့်နေပြီးနောက်မှာတော့ နန်းတော်ကိုမီးရှို့ပြီး နတ်သျှင်နောင်နဲ့ စစ်သည်အချို့ကို သန်လျင်သို့ တစ်ပါတည်း ခေါ်ဆောင်ခဲ့ပါတယ်။ ဒါကို အနောက်ဘက်လွန်မင်းကြားသိတဲ့အခါမှာတော့ ကြည်းကြောင်း၊ ရေကြောင်း တို့နဲ့ ချီတက်တိုက်ခိုက်ပြီး သက္ကရာဇ် ၉၇၄ ခုမှာ သန်လျင်ကို သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် နတ်သျှင်နောင်နဲ့ ငဇင်ကာ နှစ်ဦးလုံးကို စစ်မေးပြီးနောက် နတ်သျှင်နောင်ကို သာသာနာဖျက် မင်းလို့ စွပ်စွဲပြီး ကွပ်မျက်စေပါတယ်။ ငဇင်ကာကိုလည်း ဘုရားကျောင်းကန်ကို ဖျက်ဆီးသူဆိုပြီး သန်လျင်မြို့မှာရှိတဲ့ ရှင်မွေ့နွန်းကုန်းမြေပေါ်မှာ တံကျင်ထိုး သတ်စေပါတယ်။
တံကျင်းထိုး စီရင်ခံရတဲ့ ငဇင်ကာဟာ သူအုပ်စိုးခဲ့တဲ့ သန်လျင်မြို့ကြီးကိုကြည့်ပြီး ၃ ရက်တိုင်တိုင် အသက်ရှင် ခဲ့သေးတယ်လို့လည်း ဆိုကြပါတယ်။ သေဆုံးချိန်မှာတော့ သူဟာ အသက် ၄၀ ရှိပြီဖြစ်ပြီး နတ်သျှင်နောင်ကတော့ ၃၅ နှစ်သာရှိသေးတယ်လို့ ဆိုကြပါတယ်။
ငဇင်ကာဟာ ဟံသာဝတီမြို့ဝန်းကျင်မှာရှိတဲ့ ဘုရားပုထိုးတွေ ၊ဌာပနာတိုက် တွေကို တူးဖော်ယူသူဖြစ်တဲ့အပြင် သာသနာတော်ကို လွန်စွာမှ ကြည်ညိုလေးမြတ်တဲ့ ဓမ္မစေတီမင်းကြီး သွန်းလုပ်ခဲ့တဲ့ ကြေး၊ ရွှေ၊ငွေနဲ့ သံဖြူ ပိဿာချိန် တန် ၂၉၀ အလေးချိန်ရှိတဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို အမြောက်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ရွှေတိဂုံ ကုန်းတော်ပေါ်မှ ရန်ကုန်မြစ်ကိုဖြတ်ကာ သယ်ယူခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ခေါင်းလောင်းကြီးဟာ ငဇင်ကာလက်ထဲမရောက်ပါဘဲ မြစ်လယ်ခေါင်မှာပဲ နစ်မြုပ်ခဲ့ပါတယ်။
ဒါကြောင့်လည်း သန်လျင်မြို့စား ဒီပရစ်တို (ခေါ်)ငဇင်ကာဟာ မြန်မာ့ရာဇဝင် သမိုင်းမှာ အမည်းစက်ကျန်ခဲ့တဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပေမဲ့ အဲဒီအရည်အချင်းကို မှန်မှန်ကန်ကန် အသုံးမချနိုင်ခဲ့တဲ့ ငဇင်ကာရဲ့ မရှုမလှအဆုံးသတ်ခဲ့ရတဲ့ နိဂုံးကတော့ သတိသံဝေဂရစရာကောင်းလှပါတယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကို ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်❤

More Interesting Blogs from Zlann