“နပိုလီယံနှင့် သူ၏စစ်ပွဲများ”🗡

ကုန်လွန်ခဲ့ပြီးဖြစ်တဲ့ ရာစုနှစ်များဆီသို့ ပြန်လည်လေ့လာကြည့်မယ်ဆိုရင် ဥရောပ သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ စစ်ဘုရင်တစ်ယောက်အကြောင်းကိုလည်း သတိရကြမယ်ထင်ပါတယ်။ သူကတော့ စစ်ရေးစစ်ရာမှာ ကျွမ်းကျင်ပါးနပ်ပြီး အမျှော်အမြင်နဲ့လည်း ပြည့်စုံသူ ပြင်သစ်ဧကရာဇ် နပိုလီယံ ဘိုနာပတ်ပဲဖြစ်ပါတယ်။
မြေထဲပင်လယ်ထဲက ကော်စီကာကျွန်းမှာ မွေးဖွားခဲ့သူဖြစ်ပြီး နပိုလီယံ လို့ ပြောလိုက်တာနဲ့ ပြင်သစ် အင်ပါယာကြီး ရဲ့ အရှင်သခင်၊ စစ်ပွဲများရဲ့ ဦးဆောင်သူအဖြစ်တော့ လူတိုင်းလိုလိုသိထားကြပြီးဖြစ်မှာပါ။ သူဟာ ပြင်သစ်တော်လှန်ရေးမှာ ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့ပြီး ပထမပြင်သစ်အင်ပါယာရဲ့ ဧကရာဇ် တစ်ပါး ဖြစ်ပါတယ်။
ပြင်သစ်စစ်ဘုရင် နပိုလီယန် ဘိုနာပတ်ကို ၁၇၆၉ ခုနစ်၊ ဩဂုတ်လ ၁၅ရက်နေ့မှာ အဂျက်စီရို၊ ကော်စီကာကျွန်း မှာ မွေးဖွားခဲ့ပါတယ်။သူ မမွေးဖွားမီ ၁၅လလောက် အလိုကတည်းက ပြင်သစ်တို့က ကော်စီကာကျွန်းကို သိမ်းပိုက်ထားနှင့်ပြီးဖြစ်ပါတယ်။ဒါကြောင့် ဘိုနာပတ်ဟာ ငယ်စဉ်ကတည်းက ပြင်သစ်တို့အပေါ်မုန်းတီးနေခဲ့ပြီး မျိုးချစ်စိတ်အပြည့်ရှိတဲ့ ကော်စီကာလူမျိုးတစ်ယောက်လို့ဆိုလည်း မမှားနိုင်ပါဘူး။ နပိုလီယန် ဟာ ငယ်စဉ်ကတည်း က အနေအေးသူတစ်ယောက်ဖြစ်ပြီးတော့ စာပေတွေဖတ်ရှုရင်းနဲ့ပဲ ကြီးပြင်းခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ၁၇၈၄ ခုနှစ်၊ အသက် ၁၆နှစ်အရွယ်မှာတော့ ပါရီမြို့က ပြင်သစ်စစ်ဗိုလ်ကျောင်းကို တက်ရောက်ခွင့်ရခဲ့ပါတယ်။၁၇၈၅ ခုနစ်မှာတော့ အမြောက်တပ်နဲ့ဆိုင်တဲ့ စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီးတော့ “ဆပ်လက်ဖတင်နင်” လို့ခေါ်တဲ့ အရာရှိစစ်ဗိုလ် အဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။ နပိုလီယန်ဟာ ငယ်စဉ်ကတည်းက ဥရောပတစ်ခွင်ကို သိမ်းပိုက်ခွင့်ရဖို့ အိပ်မက် မက်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။
၁၈ ရာစုနှောင်းပိုင်း ၁၇၈၉-၁၇၉၉ ကာလမှာတော့ ပြင်သစ်နိုင်ငံသမိုင်းမှာ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။အဲဒါကတော့ ပြင်သစ်နိုင်ငံမှာ သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ လူတိုင်း တန်းတူ အခွင့်အရေးရရှိရေးစနစ်ကို ပြောင်းလဲကြတဲ့ ပြင်သစ်တော်လှန်ရေးပဲဖြစ်ပါတယ်။ ပြင်သစ်ဘုရင် လူဝီ ၁၆ လက်ထက်မှာ ပြည်သူများက စတင်ပုန်ကန်ကြပါတယ်။ ၁၇၉၃ ခုနစ်၊ပြင်သစ်တော်လှန်ရေးစတင်ပြီး ၄ နှစ်အကြာမှာတော့ တိုင်းပြည်မငြိမ်သက်တာကို အခွင့်ကောင်းယူပြီး ဗြိတိသျှမဟာမိတ်တပ်တွေဟာ အမြောက်တစ်ချက် မှ မဖောက်လိုက်ရဘဲ မြေထဲပင်လယ်ထဲက ပြင်သစ်ရေတပ်အင်အားကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ်ကမ်းရိုးတန်းတစ်လျှောက် ခြေကုပ်ယူလိုက်ပြီးတော့ ပြင်သစ်ရဲ့တောင်ပိုင်းမှာ အကြီးဆုံးနဲ့ အရေးကြီးဆုံး ရေတပ်ဌာနချုပ်ဖြစ်တဲ့ ထူလွန်မြို့မှာ အခိုင်အမာတပ်စွဲထားလိုက်ကြတော့တယ်။ အဲဒီလိုနဲ့ နပိုလီယန်ရဲ့ စစ်ရေးစစ်ရာ ပထမဆုံးခြေလှမ်းဟာ ထူလွန်တိုက်ပွဲကနေ စတင်ခဲ့ပါတယ်။
အဲဒီအချိန်က တပ်မှူးဖြစ်တဲ့ ဗိုလ်ချုပ် ဂျွန် ဖရန်ဆွာကာတိုး ကလည်း စစ်ရေးစစ်ရာ မကျွမ်းကျင်တဲ့အပြင် သူ့ရဲ့ အနည်းငယ်သာရှိတဲ့ ကျွမ်းကျင်အရာရှိတွေထဲက တစ်ယောက်ဖြစ်တဲ့ အမြောက်တပ်မှူး ကာနယ် ဒွန်မာတန် လည်း အပြင်းအထန်ဒဏ်ရာရနေတာကြောင့် အန်တွမ်း ဆာလီချက်တီလို့ခေါ်တဲ့ ပဲရစ်မြို့က အမျိုးသား သဘောတူညီမှု၊ ကော်စီကန် လက်ထောက်တစ်ယောက်ရဲ့ အကြံပေးမှုနဲ့ အသက် ၂၄နှစ် သာသာပဲရှိသေးပြီး ကော်စီကန်သား နပိုလီယန် လို့ခေါ်တဲ့ အမြောက်တပ်မှူးတစ်ဦးနဲ့ အစားထိုးခဲ့ပါတယ်။ အဲဒီလိုနဲ့ နပိုလီယန်ဟာ ထူလွန်တိုက်ပွဲအတွင်းမှာ သူဦးဆောင်တဲ့ အမြောက်တပ်ကို အင်အားတောင့်တင်းအောင် လုပ်ပြီး အရွယ်နဲ့ မလိုက်အောင် ဦးဆောင်နိုင်ခဲ့တယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ် ဒုဂန်မီယာက နပိုလီယန်ဟာ စစ်ရေးပါရမီရှိပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ကွပ်ကဲနိုင်ခဲ့တဲ့အတွက် သဘောကျကာ ဗိုလ်မှူးရာထူး တိုးပေးခဲ့ပါတယ်။ ထူလွန်တိုက်ပွဲဟာ နပိုလီယန်ရဲ့ ဂုဏ်သိက္ခာတစ်ခုဖြစ်လာပြီးတော့ နောင်မှာ ဥရောပတစ်ခွင်ကိုကိုင်လှုပ်လာတော့မဲ့ ရှေ့ပြေးတစ်ခုလည်းဖြစ်လာပါတယ်။
၁၇၉၆ ခုနှစ်မှာ အီတလီကိုသိမ်းပိုက်ဖို့ချီတက်ချိန်မှာလည်း ၂၇ နှစ်အရွယ်သာရှိသေးတဲ့ နပိုလီယံ ဦးဆောင်ခဲ့ပြီး စွမ်းစွမ်းတမံဆောင်ရွက်မှုတွေကြောင့် ပိုပြီးဂုဏ်သတင်းကြီးလာပါတယ်။ အဲဒီနောက် ၁၇၉၈ ခုနှစ် မှာတော့ နပိုလီယံဟာ အီဂျစ်ကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်နိုင်ခဲ့ပေမဲ့ အကျအဆုံးများခဲ့ပါတယ်။ ၁၇၉၉ ခုနှစ်မှာ တော့ နပိုလီယံ ဟာ ပြင်သစ်ကိုပြန်လာခဲ့ပြီး အတော်အတန်လည်း နာမည်ရလာပြီး လက်ရုံးအင်အားလည်း ကြီးမားနေပြီဖြစ်လို့ ပြင်သစ်ရဲ့ ငါးဦးအစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပါတယ်။ ဒါ့အပြင် ကွန်ဆာလို့ခေါ်တဲ့ ဝန်ကြီးသုံးဦး ပါဝင်တဲ့ အစိုးရအဖွဲ့ကိုဖွဲ့စည်းပြီး သူကိုယ်တိုင်က ပထမကွန်ဆာအဖြစ်နဲ့ ပြည်သူတို့ရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဒါကြောင့် နပိုလီယံဟာ ၁၈၀၄ ခုနစ်၊ ဒီဇင်ဘာလမှာ ပြင်သစ်ရဲ့ ဧကရာဇ်တစ်ပါးအဖြစ် ပဲရစ်မြို့ရဲ့ နော်တရစ်ဒန်းဘုရားကျောင်းမှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၁၈၀၂ ခုနစ်မှာ အင်္ဂလန်နဲ့အေမီယန် စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့ပေမဲ့ တစ်နှစ်အကြာမှာတော့ အင်္ဂလန်နဲ့ မဟာမိတ်တပ်တို့က စစ်ကြေညာခဲ့ပါတယ်။
ပြင်သစ်နဲ့ အစဉ်အဆက်ရန်သူတွေဖြစ်ခဲ့ကြတဲ့ ဗြိတိန်တို့ဟာ တစ်စတစ်စအင်အားကြီးထွားလာပြီး ကျော်ကြား လာတဲ့ နပိုလီယံကို ရင်ဆိုင်ဖို့အတွက် ဩစတြီးယား၊ ရုရှား၊ ဆွီဒင်၊ နေပယ်တို့နဲ့ ၃ကြိမ်မြောက် ဥရောပ ယာယီညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဓိကအစီအစဉ်တွေရေးဆွဲကာ ပြင်သစ်ကိုတိုက်ခိုက်ဖို့အရေး ပြင်ဆင်ကြပါတယ်။ ဒါပေမဲ့ စစ်ပရိယာယ်ကြွယ်ဝတဲ့ နပိုလီယန် ရဲ့ ပြင်သစ်တပ်တွေဟာ ဩစတြီးယားကို အရင်ဆုံးတိုက်ခိုက်ခဲ့ပြီးမှ ရုရှားနဲ့ မဟာမိတ်တပ်ပေါင်းစုကိုဖြိုခွဲခဲ့ပါတယ်။ အင်ပါယာသုံးခုကိုတိုက်ခိုက်နိုင်ခဲ့ပြီး ၃ ကြိမ်မြောက် ယာယီညွန့်ပေါင်းအဖွဲ့ကိုဖြုတ်ချနိုင်ခဲ့တဲ့ ဩစတားလစ်တိုက်ပွဲကို လူသိများလာကြပါတယ်။ ကြည်းတပ်မှာ ပြင်သစ်တို့က အပြတ်အသတ်နိုင်ခဲ့ပေမဲ့ ရေတပ်မှာတော့ ဗြိတိန်တို့ရဲ့အင်အားကို မထိုးဖောက်နိုင်ဘဲရှိခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်နဲ့ အင်္ဂလန်တို့ဟာ ဝေလငါးနဲ့ ဆင်တို့လိုပဲ သူ့ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးမှာ အင်အားကြီးလာကြပါတယ်။
၁၈၀၆ ခုနစ် နွေရာသီမှာတော့ ပြင်သစ်ဟာ ဗြိတိန်၊ ရုရှား၊ ဆွီဒင်တို့နဲ့ ပဋိပက္ခဖြစ်ပွားနေရင်းကနေ ပရက်ရှားကို မျက်စိကျလာပါတယ်။ ဒါကြောင့် ၁၈၀၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့မှာ ယေ့နာ( Jena) တိုက်ပွဲကိုဆင်နွဲ့ခဲ့ပါတယ်။ ပရက်ရှားတပ်တွေဟာ လှုပ်ရှားမှုနှေးကွေးပြီး စုပေါင်းတိုက်ခိုက်ရေးတွေမှာ မကျွမ်းကျင်တာကြောင့် ပြင်သစ်တို့က အနိုင်ရခဲ့ပါတယ်။ နပိုလီယံရဲ့ အရှိန်အဝါဟာ တစ်စတစ်စ ပိုမိုကာ အင်အားကြီးမားလာပြီး ဥရောပတစ်ခွင်ကို သိမ်းယူဖို့ ကြံစည်ပါတော့တယ်။
၁၈၀၇ ခုနစ်မှာတော့ ပြင်သစ်တို့ဟာ အရှေ့ပရက်ရှားကို ဆက်လက်ချီတက်လာခဲ့ကြပြီးတော့ ပရက်ရှား ကိုကူညီဖို့ရောက်လာတဲ့ ရုရှားတပ်တွေနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။အိုင်းလောင်းမြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်သားတွေဟာ အေးခဲလွန်းတဲ့ ရာသီဥတုနဲ့ နှင်းမုန်တိုင်းအခြေအနေတွေကို အံတုနေခဲ့ရတာကြောင့် အိုင်းလောင်းတိုက်ပွဲဟာ နပိုလီယံရဲ့တိုက်ပွဲတွေထဲမှာ အရက်စက်ဆုံးတိုက်ပွဲလည်းဖြစ်ခဲ့ပါတယ်။ နှစ်ဘက်စစ်သား ၃ပုံ ၁ပုံလောက် ဆုံးရှုံးခဲ့တာကြောင့် အချိန်ခဏအနားယူပြီး အင်အားဖြည့်တင်းခဲ့ကြပါတယ်။ အဲဒီနောက် ဖရီးလန်းတိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကါတယ်။ ဖရီးလန်းတိုက်ပွဲကတော့ နပိုလီယံရဲ့ တိုက်ပွဲတစ်လျှောက် အပြတ်သားဆုံးနိုင်ခဲ့တဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ ပြင်သစ်တို့ဟာ မဟာမိတ်ဖြစ်တဲ့ စပိန်တပ်တွေအကူအညီနဲ့ ဗြိတိန်ရဲ့ မဟာမိတ် ပေါ်တူဂီကိုလည်းသိမ်းပိုက်ခဲ့ပြန်ပါတယ်။
နပိုလီယံဟာ ၁၈၀၈ ခုနစ်မှာတော့ အိုင်ဗေရီးယန်းကျွန်းဆွယ်ကို မလိုအပ်ဘဲ ပြင်သစ်တပ်တွေကို စေလွှတ်ခဲ့စေခြင်းက အမှားတစ်ရပ်ကိုကျုးလွန်ခြင်းဖြစ်ခဲ့ပါတယ်။ စပိန်ကိုထိန်းချုပ်ဖို့ကြိုးစားရင်းကနေ ပြည်သူတွေနဲ့ပါ တိုက်ခိုက်ရတဲ့ စစ်ပွဲအသွင်ကိုရောက်ရှိသွားခဲ့ပါတယ်။ စပိန်နဲ့ပေါ်တူဂီတို့ကို သိမ်းပိုက်ဖို့ကြိုးစားရင်း အင်အားဖြုန်းတီးသလိုဖြစ်ခဲ့ရတယ်။ ၁၈၀၉ ခုနစ်မှာတော့ ဥရောပရဲ့အင်အားအကြီး ဆုံးနိုင်ငံတစ်ခုအဖြစ်ရပ်တည်နေခဲ့တဲ့ ပြင်သစ်ကို ရန်သူဟောင်းကြီးဖြစ်တဲ့ ဩစတြီးယားက ထပ်မံစိန်ခေါ်ခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်နဲ့ ဩစတြီးယားတို့ဟာ အက်စပန်တိုက်ပွဲကို ဆက်လက်ဆင်နွဲခဲ့ကြပါတယ်။ တိုက်ပွဲရဲ့နောက်ဆုံးအခိုက်အတန့်မှာတော့ သူ့ရဲ့ အားထားရတဲ့ စစ်သေနာပတိ လန်းကို ဆုံးရှုံးခဲ့ရမှုက သူ့ကိုများစွာ ထိခိုက်စေခဲ့တယ်။ အက်စပန်-အက်စလင်းတိုက်ပွဲဟာ နပိုလီယံရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲခြင်းနဲ့ ကတိုက်ကရိုက်ပြင်ဆင်ခဲ့ရခြင်းတို့ကြောင့် ပထမဆုံးအကြိမ် အဖြစ် အဓိကဆုံးရှံးမှုတစ်ရပ်ဖြစ်ခဲ့တယ်။
အဲဒီနောက် နပိုလီယံဟာ အက်စပန်တိုက်ပွဲက သူ့ရဲ့ အရှုံးတွေကို လက်စားချေဖို့ တပ်ကူတွေကို ဆင့်ခေါ်ပြီး ဝါဂရန်တိုက်ပွဲကို ၁၈၀၉ ခုနစ်မှာပဲ ထပ်မံဆင်နွဲခဲ့ပါတယ်။ အဲဒီတိုက်ပွဲဟာ နပိုလီယံတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအနက် နောက်ဆုံးအနိုင်ရရှိခဲ့တဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ အဲဒီလိုနဲ့ အင်အားကြီးတဲ့ နပိုလီယံရဲ့ပြင်သစ်တပ်တွေဟာ လောကသဘာဝအရ တဖြည်းဖြည်းနဲ့ ကျရှုံးခန်းကိုရောက်လာခဲ့ကြပါတယ်။ နပိုလီယံဟာ ၁၈၁၂ ခုနစ်မှာတော့ ရုရှားကိုစတင်ပြီး ကျုးကျော်ခဲ့ပါတယ်။ ရုရှားတပ်တွေက ပြင်သစ်ကိုရင်ဆိုင်တိုက်ခိုက်ခြင်းမရှိဘဲ ရှောင်ထွက်သွားခြင်းကြောင့် မော်စကိုကို အလွယ်တကူ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားတပ်တွေဟာ မော်စကိုကို မီးနဲ့တိုက်ထားခဲ့တာကြောင့် ပြင်သစ်တို့အခက်တွေ့ခဲ့ပါတယ်။ ရုရှားမှ စစ်ပြေငြိမ်းရန် တောင်းဆိုလာမှာကို မော်စကိုကနေ တပ်စခန်းချကာ စောင့်ဆိုင်းနေခဲ့ကြပေမဲ့ အကျိုးမထူးတဲ့အတွက် တပ်ခေါက်ပြန်လာခဲ့ကြရပါတယ်။ ရုရှားရဲ့ ဆောင်းတွင်းရာသီဥတုဒဏ်နဲ့ ရိက္ခာမလုံလောက်မှုတွေကြောင့် ပြင်သစ်တပ်ရဲ့ စစ်သည် ၁၀ ရာခိုင်နှုန်းခန့်သာ ပြန်နိုင်ခဲ့ကြတယ်။ ဩစတြီးယားနဲ့ ပရက်ရှားတို့ကလည်း အချိန်ကောင်းကို စောင့်နေသူများပီပီ ပြင်သစ်ကိုတော်လှန်ဖို့စတင်ကြိုးပမ်းကြပါတယ်။ လိုက်ဇစ်မြို့မှ အပြန်မှာလည်း ပြင်သစ်တပ်တွေ အရေးနိမ့်ခဲ့တာကြောင့် နပိုလီယံအတွက်တော့ များစွာ ဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။
အဲဒါကြောင့်လည်း နပိုလီယံဟာ တစ်နှစ်အကြာမှာ ရာထူးကနေ နှုတ်ထွက်ခဲ့ပြီး အီတလီနိုင်ငံ၊ အယ်လာဗ်ကျွန်းကို အကျယ်ချုပ်နဲ့ အပို့ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၁၈၁၅ မှာတော့ စစ်ကိုမငြီးငွေ့နိုင်သေးတဲ့ နပိုလီယံဟာ ကျွန်းကနေ ထွက်ပြေးခဲ့ပြီး ပြင်သစ်ကိုပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။ ပြင်သစ်တို့ကလည်း သူ့ကို ယုံကြည်လက်ခံနိုင်သေးကြောင်း ပြသကြတဲ့အတွက် အာဏာပြန်ရလာပါတယ်။ သူဟာ အာဏာရပြီးမကြာမီမှာပဲ ဥရောပကိုစစ်ကြေညာခဲ့ပြီး ရက် ၁၀၀ အကြာ ၁၈၁၅၊ ဇွန်လ ၁၈ ရက်မှာ ဘယ်ဂျီယမ်နိုင်ငံ မြို့တော်ဘရပ်ဆဲလ်အနီး ဝါးတာလူးရွာမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီစစ်ပွဲဟာ ပြင်သစ်ဧကရာဇ် နပိုလီယံအတွက် နောက်ဆုံးဆင်နွဲခဲ့တဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ တိုက်ပွဲမှာ ပြင်သစ်တပ်တွေက ဗြိတိသျှ၊ ဒပ်ချ်၊ ဘယ်ဂျီယမ်နဲ့ပရက်ရှင်း စစ်တပ်တို့နဲ့ တိုက်ခိုက်ကြရပြီး နေ့အချိန်မှာ ဝယ်လင်တန် ခေါင်းဆောင်တဲ့ ဗြိတိသျှတပ်ကြီးကိုတိုက်ခိုက်ရာ ကြံ့ကြံ့ခံနေတာကြောင့် ပြင်သစ်တို့မောပန်းလာပါတယ်။ အဲဒီနောက် ညဉ့်အချိန်အရောက်မှာ ဗိုလ်ချုပ်မှူး ဘလူကာ ဦးစီးကွပ်ကဲတဲ့ ပရက်ရှင်းစစ်တပ်ကြီးက ဗြိတိသျှတို့စစ်ကူအနေနဲ့ရောက်လာကြတာကြောင့် ပြင်သစ်တို့အရေးနိမ့်ရပြီး နပိုလီယံလည်း ဗြိတိသျှတို့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ အောင်ပွဲတို့ရဲ့ အရှင်သခင်ဖြစ်တဲ့ နပိုလီယံ ဘိုနာပတ်လည်း ကျရှုံးခြင်းကိုရောက်လာကာ ဗြိတိသျှတို့ရဲ့ အကျဉ်းသားအဖြစ်နဲ့ စိန့်ဟယ်လင်နာကျွန်းသို့ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ၁၈၂၁၊ မေလ (၅)ရက်မှာတော့ နပိုလီယံဟာ အစာအိမ်နာရောဂါနဲ့ပဲ အဲဒီအကျဉ်းစခန်းမှာ ကွယ်လွန်ခဲ့ရပါတော့တယ်။ ဥရောပတစ်ခွင်ကို ကိုင်လှုပ်ပြီး အောင်မြင်တဲ့ စစ်သခင်၊ စစ်ဘုရင်တစ်ယောက်ရဲ့ အဆုံးသတ်ကတော့ တိုက်ပွဲရဲ့ အနိုင်အရှုံးတစ်ခုလိုပဲ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျကိုတော့ မလွန်ဆန်နိုင်ခဲ့တာ အမှန်ပဲဖြစ်ပါတယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကို ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်❤

More Interesting Blogs from Zlann