Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
Back to Blog
“မြန်မာနိုင်ငံအလယ်ပိုင်း မင်းဘူးမြို့ရှိ သမိုင်းဝင်ရွှေစက်တော်ဘုရား” 🙏
January 13, 2024
မြန်မာနိုင်ငံအတွင်းမှာ ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားပြီး တန်ခိုးကြီးမားတဲ့ ဘုရားစေတီ ပုထိုးများစွာ ရှိပါတယ်။ အဲဒီလိုထင်ရှားတဲ့ စေတီပုထိုးတွေထဲမှာမှ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက လူနတ်ဗြဟ္မာအပေါင်းပူဇော်နိုင်စေဖို့အတွက် ကိုယ်တော်တိုင် ထားရှိခဲ့တဲ့ခြေတော်ရာတွေကို ဌာပနာ ပြီး တည်ထား ကိုးကွယ်ခဲ့တဲ့ စက်တော်ရာဘုရားကလည်း တစ်ဆူအပါအဝင်ဖြစ်ပါတယ်။ စက်တော်ရာဘုရားကို ‘ရွှေစက်တော်’၊ ‘မန်းစက်တော်ရာ’နဲ့ ‘ မန်းရွှေစက်တော်’ ဆိုပြီးလည်း ခေါ်ဆိုကြပါတယ်။
ရွှေစက်တော်ဘုရားဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူးမြို့မှာ ကိန်းဝပ် စံပါယ်နေတာဖြစ်ပါတယ်။ မင်းဘူးမြို့ရဲ့ အနောက်တောင်ဘက် ၂၆ မိုင်အကွာမှာရှိတဲ့ အနောက်ရိုးမရဲ့ အရှေ့ ဘက်ဆုံးတောင်စွယ်ပေါ်မှာတည်ရှိနေတာလည်းဖြစ်ပါတယ်။ စကုမြို့နဲ့ ဆိုရင်လည်း အနောက်တောင် ဘက် ၁၆ မိုင်ခန့်အကွာမှာ တည်ရှိနေတဲ့ စက်တော်ရာဘုရားဟာဆိုရင် အထက်စက်တော်ရာနဲ့ အောက်စက်တော်ရာ ဆိုပြီး နှစ်ဌာနရှိပါတယ်။ တောင်ပေါ်မှာရှိတဲ့ မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာတစ်ဆူကို အထက်စက်တော်ရာလို့ခေါ်ပြီး တောင်အောက်ဘက် မန်းချောင်းဘေးမှာရှိနေတဲ့ ခြေတော်ရာတစ်ဆူကိုတော့ အောက်စက်တော်ရာ လို့ခေါ်ကြပါတယ်။
ရွှေစက်တော်ဆိုတာက ဗုဒ္ဓခြေတော်ရာကို အပိုင်းလေးပိုင်း ပိုင်းခြားကြည့်မယ်ဆိုရင် ခြေဖမျက်တော် မှာတည်ရှိ နေတဲ့ အကန့်တစ်ထောင်ပါတဲ့ စက်ဝန်းသဏ္ဍာန်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ၁၀၈ ကွက်ရှိတဲ့ လက္ခဏာတော် တွေက စက်ဝန်းသဏ္ဍာန် ရွှေစက်တော်ကို ဝန်းရံထားတာဖြစ်ပါတယ်။ ခြေတော်ရာနှစ်ဆူစလုံးက လက်ဝဲဘက် များသာဖြစ်ပြီး ကြေးနဂါးရုပ်များက ဝန်းရံထားကာ ဘုရားဖူးပြည်သူများက ရွှေချပူဇော်ထားကြတာကြောင့် ကြီးမားနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
အောက်စက်တော်ရာအတွင်းမှာရှိတဲ့ အလုံးကြီးကို ခြေဖနောင့်တော်ဖြစ်တယ်လို့ မယူဆသင့်ပါဘူး။ အကြောင်းကတော့ သာလွန်မင်းတရားကြီးက ခြေတော်ရာကို လာရောက်ဖူးမြော်စဉ် ဘောင်းတော်(ဦးထုပ်) ကျွတ်ကျသွားတာကို ပြန်ကောက်ခြင်းမပြုဘဲ ရတနာတွေ ဌာပနာကာ ရွှေချထားခြင်းဖြစ်တယ်လို့ ဆိုတာကြောင့်ပါ။ အထက်စက်တော်ရာကို ငုံပြီး ကိုးတောင်ပြည့်(မူလပထမစေတီ) စေတီတော်ကို တည်ထားကိုးကွယ်ကာ အနီးမှာတော့ ခြေတော်ရာ(ပွား) တစ်ခုကို အပူဇော်ခံထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။မန်းချောင်းရေ အတက်အကျကြောင့် ပုံမှန်အချိန်တွေမှာဆိုရင် အောက်စက်တော်ရာကို စေတီပုံသံအုပ်ဆောင်းနဲ့ ဖုံးအုပ်ထားပြီး ပွဲတော်ရက်အတွင်းမှသာ ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ ယခုတော့ မန်းချောင်းကူးတံတားဖြစ်တဲ့ လှေတင်တံတားကြီးလည်းရှိနေတာကြောင့် ဖန်အုပ်ဆောင်းနဲ့သာ အုပ်ထားတဲ့ ခြေတော်ရာနှစ်ဆူကို အချိန်ရာသီမရွေး ဖူးမြော်နိုင်ပြီဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာတစ်လွှားမှာ မြတ်စွာဘုရားရဲ့ ခြေတော်ရာချထားခဲ့တဲ့ နေရာ (၁၁)နေရာ ရှိတယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာတော့ မြန်မာနိုင်ငံအတွင်းက ရခိုင်ပြည်နယ်၊တနင်္သာရီတိုင်း၊ မြောက်ပိုင်း ဝနယ်နဲ့ အခုမင်းဘူးမြို့မှာရှိတဲ့ ခြေတော်ရာတွေပါဝင်နေပါတယ်။ ကမ္ဘာတစ်လွှားခြေတော်ရာတွေအနက် အချို့ပျက်သုဉ်းသွားတာတွေလည်း ရှိတယ်လို့ဆိုကြပါတယ်။
ရွှေစက်တော်ဘုရားသမိုင်းဟာ မကွေးမြို့မှာတည်ရှိတဲ့ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်၊ ရှင်ပင်စက္ကိန်းတဲ စေတီတော်နဲ့ မြသလွန်စေတီတော်တို့ရဲ့ သမိုင်းေကြာင်း အချို့နဲ့ ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် ဩဝါဒစရိယအဖွဲ့ရဲ့ ပထမဆုံး ဥက္ကဌဆရာတော် ကြီး ဖြစ်တဲ့ ဦးဣန္ဒာသဘ အမိန့်ရှိတဲ့ “ ရွှေစက်တော်အစ ကျောင်းတော်ရာက၊ ကျောင်းတော်ရာအစ မဟာပုဏ္ဏက” ဆောင်ပုဒ်အတိုင်း ရွှေစက်တော်ဘုရားသမိုင်းကြောင်းရဲ့ မူလအစကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရဟန္တာဖြစ်တဲ့ အရှင်မဟာပုဏ္ဏမထေရ်က အစပြုတယ်လို့ဆိုကြပါတယ်။
သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရားရှင်သီတင်းသုံးနေထိုင်တော်မူတဲ့အခိုက်မှာ သုနာပရန္တတိုင်း၊ ဝါဏိစ္စဂါမရွာ(ယခု မြန်မာနိုင်ငံ၊ မကွေးတိုင်း၊မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့)မှာ မဟာပုဏ္ဏနဲ့ စူဠပုဏ္ဏဆိုတဲ့ ကုန်သည်ညီနောင်နှစ်ဦးရှိခဲ့ပါတယ်။ အဲဒီညီနောင်နှစ်ဦးဟာ ကုန်သည် ခေါင်းဆောင် တွေဖြစ်ကြပြီး လှည်းငါးရာနဲ့အတူ တစ်လှည့်စီ ကုန်ရောင်းထွက်ကြပါတယ်။ နောင်တော်ဖြစ်တဲ့ မဟာပုဏ္ဏ ဟာ ကုန်ရောင်းထွက်ရင်းနဲ့ ဘုရားရှင်သီတင်းသုံးရာ အရပ်ကိုရောက်တဲ့အခါ ခေတ္တနားနေစဉ်မှာပဲ လူအများက နေ့ည မပြတ် ပန်းနံ့သာတွေနဲ့ သွားလာနေတာကို တွေ့လို့ မေးမြန်းရာမှ တစ်ဆင့် ဘုရားရှင်ထံသို့ရောက်ရှိရန် အကြောင်းဖန်လာပါတော့တယ်။ ဘုရားရှင်ကို ဖူးမြော်ပြီးနောက်မှာတော့ ကြည်ညိုသဒ္ဓါပွားကာ ရဟန်းပြု လိုက်ပါတယ်။ အဲဒီနောက် အတူပါလာတဲ့ လှည်းငါးရာကိုလည်း အကျိုးအကြောင်းရှင်းပြပြီး ညီတော်ဖြစ်တဲ့ စူဠပုဏ္ဏထံ ပြန်လွှတ်လိုက်ပါတယ်။
မဟာပုဏ္ဏဟာ ရဟန်းပြုပြီးတဲ့နောက် သာဝတ္ထိပြည်မှာပဲ တရားအားထုတ်နေရာကနေ ဌာနေဖြစ်တဲ့ ဝါဏိစ္စဂါမ ရွာကိုပြန်ဖို့အတွက် ဘုရားရှင်ကိုခွင့်ပန်ပါတယ်။ ဝါဏိစ္စဂါမကိုပြန်လည်ရောက်ရှိပြီးနောက် မှာတော့ နေ့ညမပြတ် တရားဘာဝနာ ပွားများရာကနေ ရဟန္တာအဖြစ်ကို ရောက်တော်မူပါတယ်။ ဒါကြောင့် ကုန်သည်အဖွဲ့ကို ဦးဆောင် နေရတဲ့ စူဠပုဏ္ဏဟာ နောင်တော်ဖြစ်သူ ရဟန်းကို ကြည်ညိုတာကြောင့် ကုန်ရောင်းမထွက်မီ ဆွမ်းကပ်ခြင်းနဲ့ သီလခံယူဆောက်တည်ခြင်းတို့ကို ပြုပါတယ်။ တစ်ခါမှာတော့ စူဠပုဏ္ဏတို့ကုန်အဖွဲ့ဟာ ရေကြောင်းခရီးနဲ့ကုန်ရောင်းထွက်ရင်းကနေ မာလာယုကျွန်းကို ရောက်ရှိခဲ့ကြပါတယ်။ တစ်ကျွန်းလုံးက စန္ဒကူးအနံ့တွေ မွှေးကြိုင်နေတာကြောင့် အဖိုးတန်လှတဲ့ စန္ဒကူးသစ်တွေကို ခုတ်ယူပြီး ပါရှိတဲ့ကုန်ပစ္စည်းတွေကို စွန့်ပစ်လိုက်ကြပါတယ်။ အဲဒီအခါမှာတော့ ကျွန်းကိုစောင့်တဲ့ ဘီလူးတို့က မကျေမနပ်ဖြစ်ပြီး ပင်လယ်ခရီးနဲ့ ပြန်တဲ့ ကုန်သည်တွေကို မုန်တိုင်းဆင်ပြီး သင်္ဘောမှာပါရှိ သူအားလုံးကို ခြောက်လှန့်မှုပြုကြပါတယ်။ ဒါကြောင့် စူဠပုဏ္ဏက အစ်ကိုဖြစ်သူကို ရည်မှန်းပြီး ဒုက္ခတွေ့နေကြောင်းကို တိုင်တည်တဲ့အခါ သင်္ဘောဦးထိပ်မှာ မဟာပုဏ္ဏ ရဟန္တာပေါ်လာပြီးဘေးရန်အပေါင်းကို ဖယ်ရှားပေးခဲ့ပါတယ်။
အဲဒီနောက် မဟာပုဏ္ဏမထေရ်ဟာ စန္ဒကူးသားတို့နဲ့အတိပြီးတဲ့ ကျောင်းဆောင်ကိုဆောက်လုပ်ပြီးဘုရားရှင်ထံ လှူဒါန်းနိုင်ဖို့ ညီတော်ထံကနေ အလှူခံပြီးဆောက်လုပ်စေပါတယ်။ ဘုရားရှင်ကိုလည်း စန္ဒကူးကျောင်းတော်သို့ ပင့်ဖိတ်ပါတယ်။ဘုရားရှင်ကြွချီလာပြီး မကုဋတောင်ကိုရောက်တဲ့အခါ ခေတ္တရပ်နား တော်မူပါတယ်။ အကြောင်းကတော့ မုဆိုးတစ်ဖြစ်လဲ ရသေ့ကြီးဖြစ်တဲ့ သစ္စဗန္ဒရသေ့ကို ကယ်မ ချေချွတ် တော်မူ ဖို့ပဲဖြစ်ပါတယ်။ ရသေ့ကြီးဟာ မုဆိုး မဖြစ်ခင် အရင်ဘဝက ရွာတစ်ရွာမှာ အလွန်တရာကို ခွန်အားသန်မာတဲ့ နွားလားဥဿပ ကြီးဖြစ်ခဲ့ပြီး ရွာသူရွာသားတို့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။သေဆုံးပြီးနောက် လူ့ဘဝကို ရောက်ရှိခဲ့ပြီး မုဆိုးဘဝ နဲ့ အသက်မွေးပါတယ်။ သူ့ကို ရိုက်သတ်ခဲ့တဲ့ ရွာသူရွာသား တွေကတော့ သူနေထိုင်ရာတောအနီး နေထိုင်ကျက်စားကြတဲ့ သမင်၊ဒရယ် အစရှိတဲ့ သားကောင် တွေဖြစ်လာခဲ့ပါတယ်။ အကုသိုလ်ကံ တွေ များပြား နေတဲ့ မုဆိုးကြီးကို သိကြားမင်းက ချေချွတ်ခဲ့တဲ့အတွက် မုဆိုးအလုပ်ကို စွန့်လွှတ်ပြီး ရသေ့ဝတ်ခဲ့ပါတယ်။
မြတ်စွာဘုရားရှင်ဟာ သစ္စဗန္ဓရသေ့ကြီးကို တွေ့ဆုံပြီးနောက် တရားဒေသနာတော်တွေကို ဟောကြားတော် မူခဲ့ရာမှာ အရဟတ္တဖိုလ်ဉာဏ်တော်ကိုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘုရားရှင်ဟာ သစ္စဗန္ဓမထေရ်ကို ခေါ်ဆောင်ပြီး စန္ဒကူးကျောင်းတော်သို့ ကြွချီပါတယ်။ မြတ်စွာဘုရားရှင်ဟာ စန္ဒကူးကျောင်းတော်မှာ ခုနစ်ရက် တိုင်တိုင်သီတင်းသုံးနေထိုင်ပြီး ပြန်လည်ကြွချီပါတယ်။
အပြန်ခရီးမှာ နမ္မဒါမြစ်(ယခု မန်းချောင်း) နံဘေးမှာ ခေတ္တနားနေခိုက် မြစ်အတွင်းက နဂါးမင်းက ဘုရားရှင်အား လာရောက်တွေ့ဆုံဆည်းကပ်ပြီး ကိုးကွယ်ရန်အတွက် ခြေတော်ရာတစ်ဆူချန်ထားခဲ့ဖို့တောင်းပန်တာကြောင့် နမ္မဒါမြစ်(မန်းချောင်း)နံဘေးရှိ ကျောက်ဖျာပေါ်မှာ ဝဲဘက်ခြေတော်ရာကို ချကာပေးသနားခဲ့ပါတယ်။ သစ္စဗန္ဓမထေရ်ကိုလည်း အဲဒီအရပ်မှာပဲ သာသနာပြုဖို့ပြောပြီး ကိုးကွယ်ဆည်းကပ်ဖို့အတွက် ဝဲဘက်ခြေတော်ရာ ကိုပဲ သစ္စဗန္ဓတောင်ထိပ်ရှိကျောက်ဖျာထက်မှာ ချထားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အထက်စက်တော်ရာနဲ့ အောက်စက်တော်ရာဆိုပြီး ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
စက်တော်ရာ နှစ်ဆူကို မြတ်စွာဘုရားရှင် သက်တော် ထင်ရှား ရှိစဉ် ကပင် အစဉ်အဆက် ကိုးကွယ်လာခဲ့ကြပြီး ရှေးမင်းအဆက်ဆက်တို့ကလည်း ပြုပြင်မွမ်းမံ လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီး နောက်မှာတော့ စက်တော်ရာနှစ်ဆူဟာ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖုံးအုပ်ခဲ့ပါတယ်။ ဒွတ္တပေါင် မင်းကြီးလက်ထက် ကစပြီး စက်တော်ရာနှစ်ဆူကို ပြုပြင်မွမ်းမံပြီး တည်ထားကိုးကွယ်ခဲ့ကြရာ ညောင်ဦးစောရဟန်းမင်းနဲ့ ကြောင်ဖြူမင်းတို့လက်ထက်မှာလည်း ဆက်လက်ပြီး ပူဇော်ခဲ့ကြပါတယ်။ အနော်ရထာမင်းကြီးက ရွှေချိန်တစ်ထောင်လှူဒါန်းခဲ့ပြီး ကျန်စစ်သားမင်းကြီးကတော့ ကိုယ်အလေးချိန်နဲ့ညီမျှတဲ့ ရွှေချိန်ပိဿာတို့ကို လှူခဲ့ရုံသာမကပဲ ပန်းထိမ်း၊မဖဲ စတဲ့ ခုနစ်ရွာကနေ စေတီအစောင့်အဖြစ် လူပေါင်း ၁၅၀ ကိုလည်း လှူခဲ့ပါသေးတယ်။
အလောင်းစည်သူမင်းကြီးလက်ထက်မှာတော့ မြေများနဲ့ ဘုရားဝေယျာဝစ္စအချို့ကို လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် သာလွန်မင်းတရားကြီးလက်ထက်မှာ စက်တော်ရာနှစ်ဆူကို ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပြီး လူအများအလွယ်တကူ လာရောက်ဖူးမြော်နိုင်ဖို့လည်း ရှင်းလင်းချဲ့ထွင်ခဲ့ပါသေးတယ်။ အလောင်းမင်းတရားကြီးလက်ထက်ရောက်တဲ့အထိ မင်းအဆက်ဆက်၊ ခေတ်အဆက်ဆက် ကြွရောက်ဖူးမြော်ပြီး ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။
ရွှေစက်တော်ဘုရားပွဲတော်ကိုတော့ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့ကနေ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပကြတာကြောင့် အညာဒေသရဲ့ အရှည်ကြာဆုံးဘုရားပွဲတော်ကာလ လည်းဖြစ်ပါတယ်။ ဇာတ်၊အငြိမ့်နဲ့ အခြားသော ကြည့်ချင်စရာပွဲတွေ မပါဝင်တဲ့ ရိုးရှင်းတဲ့ ဘုရားပွဲတော်ကို နှစ်လကျော်ကျော် သုံးလနီးပါး ကျင်းပကြတာလည်းဖြစ်ပါတယ်။ ရွှေစက်တော်ဘုရားရဲ့သာသနာ့ နယ်မြေနယ်နိမိတ်က ၄၄၄.၂၄ ဧကရှိပြီး ဘုရားပွဲတော်ကျင်းပတဲ့ နယ်မြေအကျယ်အဝန်းကတော့ ဧက ၆၀ ရှိပါတယ်။ဒါအပြင် အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေ လာရောက်တည်းခိုနိုင်စေဖို့အတွက် တည်းခိုရိပ်သာတွေနဲ့ ဆိုင်ခန်းပေါင်းများစွာ လည်းရှိပါတယ်။
ဘုရားပွဲတော်ရာသီက နွေရာသီဖြစ်တာကြောင့် ဘုရားဖူးများက အညာနွေရဲ့ အပူဒဏ်ကိုအံတုပြီး ပင်ပန်း နွမ်းနယ်မှုကိုလည်း ခံစားကြရပါတယ်။ ဒါပေမဲ့ မန်းရွှေစက်တော်ကိုရောက်တဲ့အခါမှာတော့ သဘာဝအတိုင်း လှပနေတဲ့ ရှုခင်းအချို့အပြင် ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းရေ အေးအေးကလည်း အများပြည်သူကို ရင်အေးကာ အမောပြေစေတာတော့ အမှန်ပဲဖြစ်ပါတယ်။ တစ်နည်းဆိုရရင်တော့ မန်းချောင်းရေအေးအေးက အညာဒေသရဲ့ ပင်လယ်ကမ်းစပ်လေးတစ်ခုလည်းဖြစ်ပါတယ်။ ဒါအပြင် ဘုရားဖူးလာသူတွေဟာ ရွှေစက်တော်ဘုရားဖူးမြော်ရုံတင်မဟုတ်ဘဲ မန်းချောင်းအပန်းဖြေဆင်စခန်း နဲ့ ရွှေစက်တော်ဘေးမဲ့တော ဥယျာဉ်တို့ကိုလည်း ဝင်ရောက်လည်ပတ်နိုင်ပါသေးတယ်။ မြို့ပြရဲ့ ပင်ပန်းမှုတွေကို ဘေးမဲ့တောဥယျာဉ်ထဲက ကြယ်လိပ်နဲ့ ရွှေသမင်ခြံများအပြင် ငှက်မျိုးစိတ်အချို့ကို လေ့လာပြီး ဗဟုသုတများစွာရရှိနိုင်ပါတယ်။ မန်းချောင်းဆင်စခန်းမှာဆိုရင်လည်း ဆင်တွေကို အစာကျွေးကာ တောတောင်ရေမြေအလှကိုလည်း ဆင်စီးပြီး လိုက်လံကြည့်ရှုအပန်းဖြေနိုင်ပါတယ်။
လက်ရှိ အချိန်မှာတော့ ဘုရားဖူးအများစုဟာ ရွှေစက်တော်ဘုရားကို လာရောက်ရင်း စက္ကိန်းတဲ စေတီတော်၊ မြသလွန် စေတီ တော်နဲ့ ကျောင်းတော်ရာစေတီတော်တို့ကိုလည်း တဆက်တည်း ဖူးမြော် ကြပါတယ်။ အဲဒီလို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပြီးဘုရားဖူးပြည်သူများအတွက် အခြားသော လည်ပတ်စရာ နေရာလည်း များစွာရှိတာကြောင့် မင်းဘူးမြို့က ရွှေစက်တော်ဘုရားပွဲတော်ဟာဆိုရင် နှစ်စဉ်ဘုရားဖူးလာသူတွေနဲ့ စည်ကားနေတာလည်း ဖြစ်ပါတယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကို ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube
:
https://youtu.be/O1o-OWyRQvU
Podcast
:
https://podcasters.spotify.com/pod/show/z-lann
Facebook Group
:
https://www.facebook.com/groups/zlann/
#ZLann
#ZLann_Podcast
#ရွှေစက်တော်
More Interesting Blogs from Zlann
“ကိုးကွယ်ယုံကြည်မှုကို အခြေခံထားတဲ့ ရိုးရာ ဆယ်ပွင့်ပန်း”
August 21, 2025
Read More
ယွမ်မင်းဆက်ရဲ့နောက်ဆုံးဧကရာဇ်ဖြစ်သူ Hui Zong (ခေါ်) Toghon Temür
ယွမ်မင်းဆက်ရဲ့နောက်ဆုံးဧကရာဇ်ဖြစ်သူ Hui Zong (ခေါ်) Toghon Temür
November 13, 2023
Read More
“ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့တဲ့ ကင်းဝန်မင်းကြီး ဦးကောင်း”
“ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့တဲ့ ကင်းဝန်မင်းကြီး ဦးကောင်း”
March 11, 2024
Read More
“မိုးဒေဝါ ပတ်ပျိုးနဲ့ ထင်ရှားခဲ့သူ မေ (သို့မဟုတ်) မိုးဒေဝါ မလှရွှေ”
မိုးဒေဝါ ပတ်ပျိုးနဲ့ ထင်ရှားခဲ့သူ မေ (သို့မဟုတ်) မိုးဒေဝါ မလှရွှေ
August 1, 2025
Read More
မုတ္တမတိုက်ပွဲ
ငါသည် ဘုန်းကံအပြည့်နှင့်မွေးဖွားလာသူဖြစ်သည်။ ငါ့အားဘယ်သူယှဉ်တိုက်ဝံ့သနည်း
November 14, 2023
Read More
“ကုန်းဘောင်ခေတ်ရဲ့ စာဆိုတော် တောင်သမန်လယ်စား မောင်ဖေငယ်”
“ကုန်းဘောင်ခေတ်ရဲ့ စာဆိုတော် တောင်သမန်လယ်စား မောင်ဖေငယ်”
February 6, 2024
Read More