ဝူရှူးကစားနည်းဟာ ကျော်ကြားတဲ့ တရုတ်ရိုးရာကိုယ်ခံပညာရပ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက စတင်တည်ရှိခဲ့တဲ့ တရုတ်လူမျိုးတို့ရဲ့ ရိုးရာသိုင်းပညာတစ်မျိုးလည်းဖြစ်ပါတယ်။ ဝူရှူးကစားခြင်းအားဖြင့် သွေးလည်ပတ်မှုကောင်းမွန်စေကာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရုံသာမကပဲ သက်လုံ ကောင်းပြီး မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်နိုင်တဲ့ အကျိုးကျေးဇူးကိုလည်းရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတစ်လွှားမှာ ကျင်းပနေတဲ့ အားကစားပြိုင်ပွဲတွေမှာ ဝူရှူးကို ထည့်သွင်း ကစားလာကြ တာပါ။
ဝူရှူးဆိုတာကတော့ ကိုယ်ခံပညာလို့ ခေါ်တဲ့ တိုက်ခိုက်ရေးပညာရပ်အားလုံးကို ဆိုလိုတာပါ။ တရုတ်စကား ဝူ (Wu) ဆိုတာ ‘ တိုက်ခိုက်ရေး (သို့) ကိုယ်ခံပညာ’ လို့ အဓိပ္ပာယ်ရပြီး ရှူး(Shu) ဆိုတာကတော့ ‘ အတတ်ပညာ’ လို့ခေါ်ပါတယ်။ ဒါကြောင့် ဝူရှူးဟာ ကိုယ်ခံပညာရပ်အားလုံးကို ကိုယ်စားပြုပါတယ်။ တရုတ်နိုင်ငံရဲ့ နှစ်ပေါင်းရှည်ကြာစွာ တည်ရှိလာခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တာကြောင့် လူအများရဲ့ ထောက်ခံ အားပေးမှုကို ရရှိထားပြီး ခေတ်အဆက်ဆက်တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။
တရုတ်နိုင်ငံကို အရှေ့တိုင်း သိုင်းပညာရပ်တို့ရဲ့ မိခင်ကြီးအနေနဲ့ တင်စားကြပါတယ်။ သိုင်းပညာအစ တရုတ်က လို့လည်း သုတေသီအချို့က ပြောစမှတ်ရှိကြပါတယ်။ ဒါပေမဲ့ သိုင်းပညာကို စတင်တီထွင်ခဲ့တဲ့ နိုင်ငံဆိုပြီးတော့ တိတိကျကျ ခြေရာကောက်ဖို့ ခက်ခဲပါတယ်။ အချို့ပညာရှင်တွေကတော့ သိုင်းပညာအစ အိန္ဒိယကလို့ ပြောကြ ပြန်ပါတယ်။
ရှေးကတရုတ်လူမျိုးဘိုးဘေးတွေဟာ တောရိုင်းတိရစ္ဆာန်တွေရဲ့ အန္တရာယ်နဲ့ ခက်ခက်ခဲခဲရှင်သန်နေထိုင်ကြရတဲ့ အခြေအနေတွေမှာ မိမိကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သိုင်းပညာကို စိတ်ဝင်စားပြီး လိုက်စားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ခေတ်အဆက်ဆက် ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲဖွံ့ဖြိုးလာခဲ့ပါတယ်။ ဘီစီ ၂၆၉၈ မှာ ထီးနန်းဆက်ခံခဲ့တဲ့ ဧကရာဇ် ဟွမ်ဒီလက်ထက်မှာ တော့ သိုင်းပညာရပ်ရဲ့ အစောဆုံးဖြစ်တည်မှုအနေနဲ့ ဦးချိုပုံစံ ဦးထုပ်တွေဆောင်းပြီး နပန်းသတ်သလို အတိုက်အခိုက် အသတ်အပုတ်နည်းလမ်းတစ်ခုကို စစ်သည်တော်တို့ သင်ကြားခွင့်ခဲ့ရပါတယ်။
ဒါဟာ ကွန်ဖူးလို့ ခေါ်တဲ့ တစ်နည်းအားဖြင့် ဝူရှူးရဲ့ ခြေလှမ်းအစလို့လည်း ပြောလို့ရပါတယ်။ အဲဒီ နောက် မင်မင်းဆက်လက်ထက်မှာ စတင်ပြီး သိုင်းကွက်အမျိုးမျိုးကို အခြေခံတဲ့ ဂိုဏ်းကွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။
ကွမ်တုန်းနဲ့ ကွမ်ရှီး ဒေသတွေမှာတော့ ကွန်ဖူးလို့ ခေါ်ဆိုကြပြီး နောက်ပိုင်းမှာတော့ လူသိများလာ ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ဝူရှူးပညာရပ်မှာ သိုင်းကွက်တွေနဲ့ ဂိုဏ်းကွဲတွေလည်း အလွန်များပြားပြီး ဒေသကွဲပြားမှု၊ အသွင်စုံလင်မှုနဲ့ လက်ဆင့်ကမ်းအမွေဆက်ခံမှုဆိုပြီး ဝိသေသလက္ခဏာတွေလည်း ရှိပါတယ်။ ဝူရှူးမှာဆိုရင် ပြင်ပအားသုံးပြီးတိုက်ခိုက်တဲ့ ပညာ ‘အမာ’ လို့ခေါ်ပြီး ‘အပျော့’ လို့ခေါ်တဲ့ ချိ (အတွင်းအား) ကိုသုံးတဲ့ ပညာဆိုပြီး နှစ်မျိုးရှိပါတယ်။ ဥပမာဆိုရရင် မြန်မာလက်ဝှေ့တို့ ကရာတေး တို့ဟာ အမာသိုင်းတွေဖြစ်ကြပြီး ထိုက်ကျိချွမ်၊ ရှင်းယီနဲ့ ပါးကွ တို့ကတော့ အပျော့သိုင်းတွေဖြစ်ပါတယ်။ အဖိုနဲ့ အမလိုပဲ အပျော့နဲ့ အမာဟာ တွဲနေမှ သဘာဝကျပါတယ်။ အမာသိုင်းသက်သက်လေ့ကျင့်ပြီး အပျော့ဓာတ်နည်းနည်းမှ မပါဘူးဆိုရင်တော့ အသက်ကြီးလာရင် ကိုယ်လက်နာကျင်ပြီး ဒဏ်သဘောမျိုးခံစားကြရမှာဖြစ်ပါတယ်။ ဒါကြောင့် တချို့လက်ဝှေ့သမားတွေမှာဆိုရင် အသက်ကြီးလာတာနဲ့အမျှ နာကျင်မှုဝေဒနာတွေကို ခံစားလာကြရပြီး အပျော့ဓာတ်ရှိသူတွေကတော့ ကျန်းမာကြတာကိုတွေ့ရပါတယ်။
၁၉၄၉ ခုနှစ် ကစတင်ပြီး တရုတ်ရိုးရာကိုယ်ခံပညာရပ်တွေကို စံနှုန်းမီ ပညာရပ်တွေဖြစ်လာစေဖို့ တိုးမြှင့် လုပ်ဆောင် ခဲ့ကြပါတယ်။ ၁၉၅၈ ခုနှစ်မှာတော့ တရုတ်အစိုးရက ကိုယ်ခံပညာသင်ကြားတဲ့ သင်တန်းကျောင်း အဖွဲ့အစည်းတွေကို ဖွဲ့စည်းခဲ့ပြီး အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်အဆင့် ကျောင်းတွေမှာပါ စတင် သင်ကြား စေခဲ့ပါတယ်။ အဲဒီကနေ ရှောင်လင်၊ ထိုက်ကျိနဲ့ ဝူတန်တို့လိုမျိုး သိုင်းပညာကျောင်း တွေပေါ်ထွက် လာခဲ့ကြပါတယ်။ တရုတ်ပြည်ဟောင်းအစိုးရက သိုင်းပညာနဲ့ ပညာရှင်တွေကို အရေးမပေးခဲ့ပေမဲ့ တရုတ်ပြည် သစ်အစိုးရလက်ထက်မှာတော့ ထိထိရောက်ရောက် အားပေးမြှောက်စားမှုတွေကြောင့် တစ်ရှိန်ထိုး တိုးတက်လာခဲ့ပါတယ်။
တရုတ်သိုင်းပညာမှာ အလွတ်သိုင်းပညာနဲ့ လက်နက်စွဲကိုင်တဲ့ သိုင်းပညာဆိုပြီးနှစ်မျိုးရှိပါတယ်။ အလွတ်သိုင်းပညာမှာဆိုရင် ဆန်ချွင်းနဲ့ ထိုက်ကျိချွမ်တို့ဟာ လူအများပိုမိုစိတ်ဝင်စားကြတဲ့ ပညာရပ်တွေ လည်းဖြစ်ပါတယ်။ လက်နက်စွဲကိုင်တဲ့နည်းတွေမှာဆိုရင်တော့ ဓားရှည်နဲ့ (ရှေး)ဓားရွက်အပြားကြီးရှည်၊ တုတ်ရှည်နဲ့ လှံတံတွေကိုသုံးကြပါတယ်။ ဝူရှူးသိုင်းကွက်တွေထဲမှာဆိုရင် ထိုက်ကျိသိုင်းဟာ ချန်ပုံစံ(Chen)၊ ယန်ပုံစံ(Yang)၊ စွန်းပုံစံ(Sun)၊ ဝူးပုံစံ(Wu)နဲ့ ဝူပုံစံ(Woo)ဆိုပြီး ပုံစံ ၅မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ထိုက်ကျိသိုင်းဟာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းနဲ့ စိတ်နှလုံးကျန်းမာကြံ့ခိုင် ခြင်းတွေကို အဓိကထားတာကြောင့် ကိုယ်ကာယ အားကစားတစ်ခုအနေနဲ့ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားခဲ့ပါတယ်။
ဒါ့အပြင် ပါးကွသိုင်း(Bagua Zhang) ဆိုတာကလည်း ချင်းမင်းဆက်နှောင်းပိုင်းမှာ စတင်ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီသိုင်းမှာဆိုရင် လက်ဖဝါးအနေအထားပြောင်းလဲမှုနဲ့ ခြေလှမ်းအလှည့်အပြောင်းတွေကို အဓိကထားတာကြောင့် တစ်မူထူးခြားတဲ့ လေ့ကျင့်မှုပုံစံတွေကိုလည်း တွေ့မြင်ရပါတယ်။ ဒါတင်မကသေးပဲ ခေတ်အဆက်ဆက်က ပညာရှင်တွေရဲ့ လက်ဆင့်ကမ်းပြီး အဆင့်မြှင့်တင်မှုတွေကြောင့် တရုတ်ဝူရှူး သိုင်းပညာရပ် တွေထဲမှာတော့ မရှိမဖြစ်တဲ့ သိုင်းကွက်တစ်မျိုးလည်းဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်မှာဆိုရင် ဝူရှူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးမျိူးသော ကိုယ်ခံပညာရပ်ပေါင်းစုံကို ကြီးကြပ်ကွပ်ကဲဖို့အတွက် နိုင်ငံတကာဝူရှူးဖက်ဒရေးရှင်း(IWUF) ကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဝူရှူးဟာလည်း နိုင်ငံတကာအားကစားနည်းတစ်မျိုးဖြစ်လာခဲ့ပါတယ်။ အဲဒီ အဖွဲ့ကြီးက ကြီးမှူးပြီး ကမ္ဘာ့ဝူရှူး ချန်ပီယံရှစ် ပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပလာခဲ့ကြပါတယ်။ ဒါ့အပြင် ဝူရှူးကစားနည်းကို အာရှအားကစားပြိုင်ပွဲ၊ အရှေ့အာရှ လူငယ်အားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနဲ့ ကမ္ဘာ့အတိုက်အခိုက် အားကစားယှဉ်ပြိုင် ပွဲတွေမှာ တရားဝင်ထည့်သွင်းလာကြပါတယ်။
ဝူရှူးအားကစားနည်းမှာဆိုရင် အဓိကအားဖြင့် Taolu နဲ့ Sanda ဆိုပြီး နှစ်မျိုးရှိပါတယ်။ Taolu ဆိုတာကတော့ ကကွက်လိုမျိုး ကစားကွက်ကို ခင်းကျင်းပြသရတာဖြစ်ပြီး တစ်ဦးချင်းယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။ ကြာချိန်ကတော့ ကစားကွက် အမျိုးအစားပေါ်မူတည်ပြီး ပုံမှန်အားဖြင့် ၅၀ စက္ကန့်ကနေ ၆ မိနစ်အထိ ကြာတတ်ပါတယ်။ Sanda (Sanshou) ကတော့ ကစားသမားနှစ်ဦးအပြန်အလှန်ထိုးသတ်ရတဲ့ ပုံစံဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားတွေဟာ ဦးခေါင်းအကာ၊ ရင်ဘတ်အကာနဲ့ လက်အိတ်တို့အပြင် အခြားသော အကာအကွယ်ပစ္စည်းစုံစုံလင်လင်ကိုလည်း ဝတ်ဆင်ကြရပါတယ်။ ပြိုင်ပွဲဝင်တွေဟာ တစ်ချီကို နှစ်မိနစ်ကြာတဲ့ သုံးချီယှဉ်ပြိုင်ရပြီးတော့ တစ်ချီပြီးတိုင်း တစ်မိနစ်အနားရကြပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစည်းကမ်းအနေနဲ့ ဦးခေါင်း၊တံတောင်နဲ့ ဒူးတွေကိုသုံးပြီး တိုက်ခိုက်ခွင့်မရှိသလို ပြိုင်ဘက်လဲကျ နေချိန်မှာလည်း ဦးခေါင်းကို တိုက်ခိုက်တာမျိုးတွေ လုပ်လို့မရပါဘူး။ နောက်ပြီး ပြိုင်ဘက်ရဲ့ နောက်ကျောဘက်ကနေ ဦးခေါင်း၊လည်ပင်းနဲ့ ပေါင်ခြံနေရာတွေကို တိုက်ခိုက်တာမျိုးတွေကိုလည်း တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း ဝူရှူးကစားနည်းဟာ လက်ရုံးရည်၊ ကိုယ်ခန္ဓာပျော့ပျောင်းမှု၊ ဟန်ချက်ညီမှုတို့အပြင် သက်လုံကောင်းစေရုံသာမက အလိုအလျောက် တုံ့ပြန်နိုင်စွမ်းတွေကိုလည်း မြင့်မားစေတာကြောင့် ကျောင်းသားလူငယ်တွေအတွက် အထူးသင့်လျော်တဲ့ ကစားနည်းဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာဆိုရင် တရုတ်ရိုးရာသိုင်းပညာရပ်တွေကို အားကစားတစ်ခုအနေနဲ့ တရုတ်နိုင်ငံရှိ ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ ထည့်သွင်းလာကြပါတယ်။ ဒါ့အပြင် ကျန်းမာရေးရှုထောင့်ကနေ ကြည့်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကစားလာကြတာတွေလည်းရှိပါတယ်။ ဒါကြောင့် တရုတ်ရိုးရာသိုင်းပညာရပ်တစ်ခုဖြစ်တဲ့ ဝူရှူးဟာ နိုင်ငံတကာ အားကစားနည်းတစ်ခုအနေနဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူစရာအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ။
———————————————————————————————-
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….