Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
Back to Blog
“ အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာကြီး မင်းယုဝေ ”
February 21, 2024
အမျိုးသားစာပေတစ်သက်တာဆုဆိုတာ ဘဝတစ်သက်တာလုံး စာပေရေးသားခြင်း၊စာပေ သုတေသန ပြုခြင်း တွေကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပြီး မြန်မာစာပေတိုးတက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ခဲ့သူတွေကိုသာ ချီးမြှင့်တဲ့ နိုင်ငံတော်အဆင့် ထူးချွန်ဆုတစ်မျိုးဖြစ်ပါတယ်။ ဒီလိုမျိုး တစ်သက်တာထူးချွန်ဆုကို ထိုက်ထိုက် တန်တန်ရရှိခဲ့သူ ဆရာကြီး မင်းယုဝေကတော့ နုနယ်စဉ်အရွယ်ကစလို့ ဘဝနိဂုံးချုပ်ချိန်အထိ စာပေနယ်ပယ်မှာပဲ ကျင်လည် မွေ့လျော်သွားသူတစ်ဦးဖြစ်ပါတယ်။
ဆရာကြီး မင်းယုဝေကို ၁၉၂၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှာမွေးဖွားခဲ့ပါတယ်။ ဖခင် က ကုန်သည်ကြီး ဦးထွန်းဆိုင် ဖြစ်ပြီး မိခင်က ဒေါ်သင် ဖြစ်ပါတယ်။မွေးချင်းမောင်နှမ ရှစ်ဦးထဲမှာ အငယ်ဆုံး ဖြစ်ပါတယ်။ အမည်ရင်းက ဦးဝင်းမောင်ဖြစ်ပြီး အထက်တန်း ကျောင်းသားဘဝမှာတော့ ‘ဝင်းမောင်ဆိုင်’ လို့ အမည်တွင်ခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်မှာ ကန်ကြီးထောင့်မြို့ရှိ မင်းကုန်းကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပါတယ်။အဲဒီနောက် ကန်ကြီးထောင့်မြို့ကနေ ပုသိမ်မြို့ကို အသက်ခုနစ်နှစ်သားအရွယ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၁၉၃၅ ခုနှစ်မှာ ပုသိမ်မြို့ အမျိုးသား အထက်တန်းကျောင်းမှာ ပညာဆက်လက်သင်ကြားခဲ့ပါတယ်။
ဆရာကြီးဟာ ငယ်စဉ်ကတည်းက စာပေဝါသနာကြီးသူတစ်ယောက်ဖြစ်ပြီး အသက် ၁၄နှစ် အရွယ်ကစလို့ အသင်းအဖွဲ့နဲ့ ကျောင်းသားရေးရာစာစောင်တွေမှာ စာပေများ စတင်ရေးသားခဲ့ပါတယ်။ အမျိုးသားအထက်တန်းကျောင်းတက်ရောက်စဉ် ကျောင်းသားဘဝမှာကတည်းက အမျိုးသားကျောင်းဆရာကြီး ဦးထွန်းရင်ဟာ ဆရာကြီး မင်းယုဝေရဲ့ စာပေဝါသနာကို မြေတောင်မြှောက်ပေးခဲ့သူဖြစ်ပါတယ်။ ခေတ်သစ်တန်းမြင့်ကျောင်းမှာ ခုနစ်တန်းမှ ကိုးတန်းအထိ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီနောက် ကန်ကြီးထောင့်မြို့ရဲ့ ကင်းထောက်လူငယ် လက်ရေးစာစောင်ထုတ်ဝေရာမှာ ဆရာကြီးက အယ်ဒီတာလုပ်ခွင့် ရခဲ့ပါတယ်။ ကျောင်းတွင်းပြုလုပ်တဲ့ စာပေပြိုင်ပွဲတွေမှာလည်း ထူးချွန်ဆုတွေရရှိခဲ့ပါတယ်။ ခေတ်စမ်းကဗျာစာအုပ်များနဲ့ အခြား ကဗျာစာအုပ်တွေကို စံနမူနာယူပြီး ခုနစ်တန်းကျောင်းသားအရွယ်မှာ ကဗျာတွေစတင်ရေးသားပါတယ်။
အဋ္ဌမတန်းတက်ရောက်စဉ် ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း အာရှလူငယ် ကင်းထောက်အဖွဲ့ဝင် တစ်ယောက်ဖြစ်လာပြီး ပုသိမ်ခရိုင် အာရှလူငယ်ညီလာခံက ကျင်းပတဲ့ လူငယ်စာပေပြိုင်ပွဲမှာ ‘ ပြုပြင် သွန်သင်ကြလော့’ ဆောင်းပါးနဲ့ ပထမဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် ညီလာခံကိုတက်ရောက်ခွင့်ရခဲ့ပါတယ်။ စစ်ပြီးခေတ်မှာတော့ ပုသိမ်မြို့ရှေ့နေကြီး ဦးပုက ဆရာ မင်းယုဝေ တို့လို စာပေဝါသနာပါတဲ့ လူငယ်တွေကို စုစည်းပြီး ကဗျာရေးဖွဲ့နည်းပညာကို သင်ကြားပေးပါတယ်။ ၁၉၄၆ ခုနှစ်မှာ ဆရာမင်းယုဝေဟာ ပုသိမ်မြို့ အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။
တက္ကသိုလ်မှာ ပညာသင်ကြားနေစဉ် ဆရာကြီးဟာ ဝါသနာပါတဲ့ စာပေအလုပ်တွေကို တစိုက်မတ်မတ် ဆက်လက်လုပ်ကိုင်ပါတယ်။ စာနယ်ဇင်းတွေမှာလည်း စာတွေ၊ ကဗျာတွေ စတင်ရေးသားပေးပို့ နေပြီဖြစ် ပါတယ်။ ၁၉၄၈ ခုနှစ် က ရူမဝမဂ္ဂဇင်းမှာ ‘ မိခင်အသို့နေမည်နည်း’ ကဗျာကို စတင်ဖော်ပြခြင်းခံရပါတယ်။ အဲဒီနောက် တာရာမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၅ မှာ ပါဝင်ခဲ့တဲ့ ‘နှုတ်ခမ်းနီ’ ဝတ္ထုတိုဟာ ဆရာကြီးရဲ့ ပထမဆုံး ဝတ္ထုတို ဖြစ်ပါတယ်။ ဆရာကြီးဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးစဉ် ခေတ်စမ်းကဗျာဆရာ တွေဖြစ်ကြ တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့နဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့ပြီး နောက်ပိုင်းမှာတော့ ကဗျာရေးသား လိုတဲ့ ဆန္ဒတွေ ပိုမိုပြင်းထန်လာပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ ကျေးဇူးကြောင့် ကဗျာစာပေလောကကို ခြေချခွင့်ရခဲ့ပြီး ကလောင်အမည်ကို ‘ မင်းယုဝေ’ လို့ ခံယူခဲ့ပါတယ်။
ဒုတိယနှစ် ဥပစာတန်းတက်ရောက်စဉ် ၁၉၄၉ ခုနှစ်မှာ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်တဲ့ ‘ဘဝမာလာ ကဗျာများ’ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ကို ဆရာမင်းသုဝဏ်က တည်းဖြတ်ပေးပြီး ဒဂုန်တာရာနဲ့ ငွေတာရီ တို့က မဂ္ဂဇင်းနဲ့ သတင်းစာတွေမှာ ဝေဖန်ချက်ရေးသားခဲ့ကြပါတယ်။ဆရာကြီး မင်းယုဝေနဲ့ ဆရာမ ငွေတာရီ တို့ဟာ ခင်မင်ရင်နှီးလာပြီး ၁၉၅၀ ပြည့်နှစ်မှာ ‘ ရတနာကဗျာများ’ စာအုပ်ကိုတွဲဖက် ထုတ်ဝေခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိပါတယ်။ ဘွဲ့ရရှိပြီးနောက် ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးဝန်ရုံး မှာ အထက်တန်းဘာသာပြန်အရာရှိအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ အင်းစိန်ခရိုင် ပညာအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီနှစ်မှာပဲ ဆရာမငွေတာရီနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။
၁၉၅၃ ခုနှစ်မှာ စာပေဗိမာန် စာအုပ်တိုက် စာပြုအဖြစ်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနမှာလည်း လက်ထောက်စာတည်းအဖြစ် ၁၉၅၄ ခုနှစ်မှာ လုပ်ကိုင်ခဲ့ပါတယ်။ ဇနီးဖြစ်သူ ငွေတာရီနဲ့ပူးပေါင်းပြီး ဂရိနိုင်ငံ မှ ထင်ရှားတဲ့ ပုံပြင်တွေကို စုစည်းကာ ‘ကမ္ဘာကျော်အီစွတ်ပုံပြင်များ’ စာအုပ်ကို ဘာသာပြန်ခဲ့ရာ ၁၉၅၄ ခုနှစ်ရဲ့ စာပေဗိမာန်ဘာသာပြန်စာပေဆုကို ရရှိခဲ့ပါတယ်။ ဗြိတိသျှကောင်စီပညာသင်ဆု ကိုလည်း ရရှိခဲ့ပြီး လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနဲ့ အာဖရိကဘာသာရပ်များ လေ့လာရေးကျောင်းမှာ အဘိဓာန် ပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။ ပညာသင်ယူနေစဉ်မှာ မြန်မာအဘိဓာန်ပြုစုရေးလုပ်ငန်းကို ကူညီ လုပ်ဆောင် ပေးခဲ့ပြီး လန်ဒန်မှပြန်ရောက်တဲ့အခါမှာ လက်ထောက်စာတည်းတာဝန်ကို ဆက်လက် လုပ်ကိုင် ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာတော့ ဇနီးဖြစ်သူ ဆရာမ ငွေတာရီကွယ်လွန်ခဲ့ပါတယ်။
၁၉၅၉ ခုနှစ်မှာ လက်ထောက်စာတည်းအလုပ်မှ ထွက်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှာ မာလာမြိုင်စာအုပ်တိုက်ကို တည်ထောင်ပါတယ်။ တာဝန်ခံ အယ်ဒီတာအဖြစ် ငွေတာရီမဂ္ဂဇင်းနဲ့ ငွေတာရီစာအုပ်တွေကို ဖြန့်ဝေခဲ့ပါတယ်။ ငွေတာရီမဂ္ဂဇင်းဟာ အဲဒီအချိန်က အအောင်မြင်ဆုံးမဂ္ဂဇင်းတွေအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး စောင်ရေ နှစ်သောင်းကျော် အထိ အောင်မြင်စွာထုတ်ဝေနိုင်ခဲ့ပါတယ်။ ငွေတာရီမဂ္ဂဇင်းဟာ စာပေအရအောင်မြင်မှုရခဲ့ပေမဲ့ စီးပွားရေးအရကြည့်မယ်ဆိုရင် စက္ကူဈေးကြီးလွန်းတာကြောင့် ငွေကြေးအခက်အခဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၁ ခုနှစ်မှာ မြဝတီစာပေတိုက်ကို လွှဲပြောင်းပေးခဲ့ပြီး တာဝန်ခံအယ်ဒီတာအနေနဲ့ ဆက်လက်လုပ်ကိုင် ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာတော့ အယ်ဒီတာချုပ်ဖြစ်လာပြီး မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း၊ လူငယ်ဂျာနယ်၊ တေဇရုပ်စုံနဲ့ တို့ကျောင်းသားစာအုပ်တို့ကို တည်းဖြတ်ထုတ်ဝေခဲ့ပါတယ်။
အယ်ဒီတာချုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ်မှာလည်း စာပေဗိမာန် အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ကျောင်းသုံးစာအုပ် ကော်မတီဝင်နဲ့ ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင် တို့အဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။ ‘ ရေခပ်ချိန် ကဗျာများ’ စာအုပ်ကို ၁၉၇၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး အမျိုးသားစာပေဆု(ကဗျာဆု) ကိုရရှိခဲ့ပါတယ်။ မြဝတီအယ်ဒီတာချုပ်ဘဝမှ ၁၉၇၉ ခုနှစ်မှာ အနားယူခဲ့ပါတယ်။ ၁၉၈၀ မှ ၁၉၈၄ ခုနှစ်အထိ အံ့ဖွယ်သုတစာစောင်၊ မြစ်မခ စာပဒေသာနဲ့ မြစ်မခ အင်္ဂလိပ်စာဥယျာဉ်တို့မှာ အယ်ဒီတာချုပ် အဖြစ်ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။၁၉၈၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ မြတ်မင်္ဂလာ ဘာသာရေး စာစောင်နဲ့ ၁၉၈၈ ခုနှစ် မှာစတင်ထုတ်ဝေတဲ့ မင်္ဂလာမောင်မယ် ကျောင်းသားလူငယ်စာစောင်တို့မှာလည်း အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်သည့်အချိန်အထိ တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။
ဆရာကြီးမင်းယုဝေရဲ့ ထင်ရှားတဲ့ ကလောင်ခွဲတွေက ဂါမဏိ၊ နေဝင်းဝဏ်၊ ဝင်းမောင်ဆိုင်၊ ပုသိမ်ဖိုးကျား တို့ဖြစ်ပြီး အခြား ကလောင်ခွဲတွေ နဲ့လည်း စာပေတွေကိုရေးသားခဲ့ပါတယ်။
ခေတ်စမ်းစာပေ ဒုတိယမျိုးဆက် လို့ သတ်မှတ်ခံရသလို ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ရဲ့ တပည့်ရင်း ဖြစ်ပါတယ်။ ဂုဏ်ဝင်း၊ နောင်၊ ဗန်းမော်ညိုနွဲ့၊ ထွဏ်းနေနွယ်၊ တက္ကသိုလ်မင်းမော်တို့နဲ့ ခေတ်ပြိုင်လည်း ဖြစ်ပါတယ်။ ဆရာကြီးဟာ စာပေမျိုးစုံ ရေးသားခဲ့ပြီး လုံးချင်းစာအုပ်ပေါင်း ၄၂ အုပ် ထုတ်ဝေခဲ့ပါတယ်။
ထင်ရှားတဲ့ စာအုပ်တွေက ဆရာကြီးမင်းသုဝဏ်နဲ့ တွဲဖက်ရေးသားခဲ့တဲ့ ‘ကဗျာပရိယာယ်’၊ ဆရာတိုက်စိုးနဲ့ တွဲဖက်ရေးသားတဲ့ ‘မြန်မာစာမိတ်ဖွဲ့’စာအုပ်နဲ့ ‘စာဆိုနှင့်သုတေသီ’၊ မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်က အဦး အစတီထွင်သူတို့အကြောင်းကို ရေးဖွဲ့ထားတဲ့ ‘ ပထမမြန်မာများ’စာအုပ်တို့အပြင် စာလောက လူ့လောက၊ အိုမာခယမ်၊ပွင့်စ စံပယ် ကလေးကဗျာများ၊ရဲသုံးဘော်နှင့် အခြားပုံပြင်များ၊ သူတို့အစ သူတို့ပထမ၊ မြန်မာပြည်သား၊ သူတို့ရွာ သူတို့တံတား ဝတ္ထုကဗျာ၊ ၃၈ ဖြာမင်္ဂလာပုံပြင်များ၊ တို့ပြည်တို့ရွာ ကဗျာများ၊ စကားကြီးဆယ်မျိုးရုပ်ပြ၊ ဇာတ်ကြီးဆယ်ဘွဲ့အနှစ်ချုပ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာပုဂ္ဂိုလ်ကျော်၊ အနော်ရထာနှင့် တို့ဘိုးဘွားများ၊ ရာဇဂြိုဟ်၊ကျဉ်းထဲကျပ်ထဲ စတဲ့ စာအုပ်တွေပဲဖြစ်ပါတယ်။ ဆရာကြီးရဲ့ နောက်ဆုံးလက်ရာကတော့ ‘ချယ်ရီမြေမောင်တင်ထွန်း( မြန်မာစာချစ်သော ဂေါ်ရခါး)’ စာအုပ်ဖြစ်ပါတယ်။
ဆရာကြီးရရှိခဲ့တဲ့ ဆုတွေကတော့ ၂၀၀၅ ခုနှစ်မှာ နတ်ရေကန်ရွှေစောင်းစာပေဆု၊ ၂၀၀၆ ခုနှစ်မှာ တစ်သက်တာ ဓမ္မစာပေဆု၊ ၂၀၀၉ ခုနှစ်မှာ သုတစွယ်စုံ တစ်သက်တာစာပေဆု၊၂၀၁၁ ခုနှစ်မှာ အမျိုးသားစာပေ တစ်သက်တာဆု၊ ၂၀၁၅ ခုနှစ် မှာ ဆရာဝန်တင်ရွှေ တစ်သက်တာစာပေဆုတို့ဖြစ်ပါတယ်။
မြန်မာစာပေတိုးတက်ဖွံ့ဖြိုးစေဖို့ ဘဝတစ်သက်တာလုံး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဆရာကြီး မင်းယုဝေ ဟာ အသက် ၉၃ နှစ်အရွယ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၉ရက် နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
——————————————————————————————
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
https://forms.gle/d4L8YTEapA58Gho66
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …
#Zlann
#ZLann_Podcast
More Interesting Blogs from Zlann
နတ်တစ်ပါးအဖြစ် ထိုင်းလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကိုရရှိထားတဲ့ မိဖုရား ဆုပန်ကလျာ
နတ်တစ်ပါးအဖြစ် ထိုင်းလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကိုရရှိထားတဲ့ မိဖုရား ဆုပန်ကလျာ
November 13, 2023
Read More
“ မြန်မာရောက်တိုင်းတစ်ပါးသား ပေါ်တူဂီလူမျိုး ဒီပရစ်တို(ခေါ်) ငဇင်ကာ”
“ မြန်မာရောက်တိုင်းတစ်ပါးသား ပေါ်တူဂီလူမျိုး ဒီပရစ်တို(ခေါ်) ငဇင်ကာ”
January 9, 2024
Read More
ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရေပူစမ်းကျောင်းတော် ဗုဒ္ဓရုပ်ပွားတော်
“ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရေပူစမ်းကျောင်းတော် ဗုဒ္ဓရုပ်ပွားတော်”
March 4, 2024
Read More
စုန့်မင်းဆက်ခေတ် မှာ ထင်ရှားခဲ့တဲ့ တီထွင်ဖန်တီးမှုများ
စုန့်မင်းဆက်ခေတ် မှာ ထင်ရှားခဲ့တဲ့ တီထွင်ဖန်တီးမှုများ
November 13, 2023
Read More
လက်ရုံးရည်၊ နှလုံးရည် နှင့် သစ္စာတရားများ ပြည့်စုံသူ မွန်သူရဲကောင်း “လဂွန်းအိန်”
ရာဇာဓိရာဇ်ဘုရင်၏ သစ္စာတော်ခံ မွန်သူရဲကောင်း “လဂွန်းအိန်”
January 20, 2024
Read More
မင်းတုန်းမင်းကြီး၏ အချစ်ဆုံးဇနီး (သို့မဟုတ်) အဆင်းရော၊ အချင်းပါပြီးပြည့်စုံလေသူ စကြာဒေဝီမိဖုရားခေါင်ကြီး
မင်းတုန်းမင်းကြီး၏ အချစ်ဆုံးဇနီး (သို့မဟုတ်) အဆင်းရော၊ အချင်းပါပြီးပြည့်စုံလေသူ စကြာဒေဝီမိဖုရားခေါင်ကြီး
November 14, 2023
Read More