Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
Back to Blog
“သီလရှင်အဖြစ်ကူးပြောင်းပြီး ဘဝနေဝင်ချိန်ကိုကုန်ဆုံးခဲ့သူ စိန်တုံးမိဖုရားကြီး”
April 2, 2024
မြန်မာ့ရာဇဝင်သမိုင်းတွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာဖြစ်ရပ်တွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့အကြောင်းကို ထုတ်နုတ် ဖော်ပြကြတဲ့အခါမှာ မန္တလေးရတနာပုံရွှေမြို့တော်ကြီးကို ပထမဆုံးတည်ခဲ့တဲ့ မြို့တည်နန်းတည်မင်း (ဒါမှမဟုတ်) ပဉ္စမသင်္ဂါယနာ တင်မင်းအဖြစ် ပြောစမှတ်တွင်လူသိများတဲ့ မင်းတုန်းမင်းတရားကြီးရဲ့ များစွာသော မိဖုရားတွေထဲက တစ်ပါးဖြစ်သူ စိန်တုံး မိဖုရား အကြောင်းကိုလည်း ချန်ရစ်ထားခဲ့လို့မရပါဘူး။ ဒါကြောင့် အခုတစ်ခါမှာတော့ ခင်ပွန်းဖြစ်သူ မင်းတုန်းမင်းကြီးအတွက် ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်သလို အလှူအတန်းနဲ့ပတ်သက်လာရင်လည်း အင်မတန်မှကို ရက်ရောလွန်းလှတဲ့ ‘စိန်တုံးမိဖုရားကြီး’ အကြောင်းကို ကျွန်တော်တို့ ဇာတ်လမ်း Z-Lann ကနေ လက်လှမ်းမီသလောက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
စိန်တုံးမိဖုရားကို ဖခင် ‘လေးဦးဗိုလ်ဆိုင်’ နဲ့ မိခင် ‘အာလကပ္ပမြို့စား’ တို့က မွေးဖွားခဲ့တာဖြစ်ပြီး ‘အာလကပ္ပမြို့စား’ ဟာဆိုရင်တော့ မင်းတုန်းမင်းရဲ့ မယ်တော်ဖြစ်သူ တောင်ဆောင်တော်မိဖုရား ကျောက်မော်မြို့စား “သီရိသုစန္ဒာမလ္လာမဟေ” နဲ့ ညီအစ်မတော်စပ်သူဖြစ်ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းနဲ့ စိန်တုံးမိဖုရားတို့ဟာ မောင်နှမတစ်ဝမ်းကွဲတော်စပ်ကြပါတယ်။ စိန်တုံးမိဖုရားနဲ့ မောင်နှမအရင်းတော်စပ်သူကတော့ ‘စလေ ဦးပုည’ ကို စီရင်ကွပ်မျက်ခဲ့ရာမှာ အဓိကတရားခံအဖြစ် သတ်မှတ် သမုတ်ခံထားရတဲ့ ‘တပယ်မင်းသား’ ဖြစ်ပါတယ်။
မင်းတုန်းမင်းဟာ မယ်တော် “သီရိသုစန္ဒာမလ္လာမဟေ” နတ်ရွာစံပြီးနောက်ပိုင်းမှာ ကြီးတော်ဖြစ်တဲ့ ‘အာလကပ္ပမြို့စား’ ကို အထူးဂရုစိုက်ခဲ့တဲ့အပြင် ကြီးတော်ရဲ့ သားနဲ့ သမီးဖြစ်သူတို့ကိုလည်း နန်းတော်အတွင်းမှာ အလေးပေးမှုတွေရှိခဲ့ပါတယ်။ ဒီအခါမှာ နှမဝမ်းကွဲတော်စပ်သူကို “သီရိပုဗ္ဗာရတနာဒေဝီ” ဆိုတဲ့ ဘွဲ့နာမည်နဲ့ မိဖုရားအရာမြှောက်ခဲ့သလို စိန်တုံးတိုက်ကိုလည်း စားစေခဲ့တာကြောင့် သူမဟာ“စိန်တုံးမိဖုရား” ဆိုတဲ့ အမည်နဲ့ ပိုမိုလူသိများထင်ရှားခဲ့တာဖြစ်ပါတယ်။ စိန်တုံးမိဖုရားရဲ့ စားကြေးစားမြို့ဖြစ်တဲ့ ‘စိန်တုံးတိုက်’ ဆိုတာကတော့ ဒီကနေ့ခေတ်ရဲ့ စစ်ကိုင်းတံတားအဟောင်းအနီးမှာတည်ရှိခဲ့ပေမဲ့ အင်္ဂလိပ်လက်ထက်ကာလမှာ တံတားဆောက်လုပ်ဖို့အတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖယ်ရှားခံခဲ့ရတာကြောင့် ရာဇဝင်မှာ မှတ်တမ်းတင်ဖို့ အခွင့်အရေးမရခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ရပါတယ်။
စိန်တုံးမိဖုရားဟာ စိန်တုံးတိုက်အပြင် စလေမြို့နဲ့ တလုပ်မြို့တို့ပါ အပိုင်စားရရှိခဲ့ပြီး ရှေ့မီ နောက်မီ ပုဂ္ဂိုလ်တို့ရဲ့ ပြောပြချက်တွေ အရဆိုရင် မိဖုရားကြီးရဲ့ အသွင်အနေအထားက ပြည့်ဖောင်းတဲ့ပါးပြင်အစုံရှိသလို ခန္ဓာကိုယ်ကလည်း မင်းတုန်းမင်းရဲ့ အခြားသော မိဖုရားတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ အနည်းငယ်ပြည့်ဖြိုးမှုရှိတယ်လို့ ဆိုပါတယ်။ မိဖုရားကြီးဟာ မင်းတုန်းမင်းရဲ့ သားသမီး မထွန်းကားတဲ့ မိဖုရား (၇) ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တယ်ဆိုပေမဲ့လည်း ဘာသာရေးကို အလွန်တရာ ရိုသေကိုင်းရှိုင်းပြီး စိတ်သဘောထားကလည်း ရိုးရှင်းသူဖြစ်တာကြောင့် သာသနာကိုချီးမြှောက်တတ်တဲ့ မင်းတုန်းမင်းကြီးရဲ့ ချစ်မြတ်နိုးမှုကိုရရှိခဲ့တဲ့ မိဖုရားတစ်ပါးဖြစ်ပါတယ်။
စိန်တုံးမိဖုရားကြီး စံစားနေထိုင်ခဲ့ရတဲ့ ရာထူးအဆင့်အတန်းကိုဖော်ပြရမယ်ဆိုရင် သူမဟာ နန်းရမိဖုရားကြီး (၄) ပါးထက် တစ်ဆင့်နိမ့်ကျပေမဲ့ ဆောင်ရမိဖုရားကြီး (၄) ပါးရဲ့ အထက်မှာ “နန်းဆွယ်မိဖုရား” အနေနဲ့ရှိနေခဲ့တာပါ။ ဒီရာထူးဟာဆိုရင် မင်းတုန်းမင်း လက်ထက်ရောက်တော့မှသာ အသစ်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး မင်းတုန်းမင်းရဲ့ တခြားသောဝမ်းကွဲညီမ မိဖုရားတွေဖြစ်တဲ့ မကွေးမိဖုရားကြီးနဲ့ လောင်းရှည်မိဖုရားကြီးတို့ဟာလည်း အဆိုပါရာထူးကိုရရှိခဲ့ကြတယ်လို့ သိရပါတယ်။ စိန်တုံးမိဖုရားကြီးရဲ့ ရာထူးအဆင့်က နန်းရမိဖုရားကြီး (၄) ပါးနဲ့ ယှဉ်လိုက်တဲ့အခါမှာ တစ်ဆင့်နိမ့်ကျတယ်ဆိုပေမဲ့ သူမ နေထိုင်ခဲ့ရတဲ့ နန်းဆောင်တော်ကတော့ နန်းရမိဖုရားကြီးတွေရဲ့ အဆောင်တော်တွေလိုမျိုးဖြစ်ပြီး အလယ်နန်းမိဖုရားကြီး (ဆင်ဖြူမရှင်) ရဲ့ အဆောင်တော်နဲ့ ကပ်လျက် နေရာမှာတည်ရှိခဲ့တယ်လို့ အဆိုရှိကြပါတယ်။
စိန်တုံးမိဖုရားကြီးနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ်အချက်တစ်ချက်ကတော့ သူမရဲ့ စည်းစိမ်ဥစ္စာ ကြွယ်၀မှုပါပဲ။ သူမဟာ ‘စိန်တုံးမိဖုရား’ ဆိုတဲ့နာမည်နဲ့ လိုက်ဖက်လှစွာ စိန်ရွှေရတနာတွေပေါများလှသူဖြစ်ပြီး ဒီလိုမျိုး သူမရဲ့ ဂုဏ်သတင်းကလည်း မန္တလေးရတနာပုံနန်းတွင်းထဲမှာ ထင်ရှားကျော်ကြားခဲ့ပါတယ်။ အဲဒီရတနာပစ္စည်းတွေကိုတော့ သူမဟာ အဒေါ်ဖြစ်သူ ကျောက်မော်မြို့စား “သီရိသုစန္ဒာမလ္လာမဟေ” (မင်းတုန်းမင်းရဲ့ မယ်တော်ဖြစ်သူ) ထံကနေ အမွေအဖြစ်နဲ့ ဆက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမက လင်တော်မောင် ဘ၀ရှင်မင်းတရားကြီးနဲ့ တခြားသောမိဖုရားတစ်ပါး (ဒါမှမဟုတ်) ကိုယ်လုပ်တော်တို့ အိပ်ဆောင်ဝင်ကြတဲ့အခါမှာ စီမံခန့်ခွဲပေးရတဲ့မိဖုရားကြီးနှစ်ပါးထဲက တစ်ပါးလည်းဖြစ်တာကြောင့် ဘုရင်နဲ့အတူ အိပ်စက်ခွင့်ရဖို့အတွက် အခြားသူတွေက ပေးအပ်လာတဲ့ လက်ဆောင်ပဏ္ဍာတွေကိုလည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလှူအတန်းမှာ သဒ္ဒါတရားရက်ရောထက်သန်လွန်းလှတဲ့ စိန်တုံးမိဖုရားကြီးဟာ မန္တလေးမြို့အရှေ့မြောက်ဘက်မှာရှိတဲ့ ‘၀ဇီရာ ရာမကျောင်းတိုက်’ ကို သင်္ဂဇာဆရာတော်ကြီးထံလှူဒါန်းခဲ့ပြီး တပည့်ရင်းအဖြစ် ခံယူခဲ့ပါတယ်။ သင်္ဂဇာဆရာတော်ကြီးက အဲဒီကျောင်းတိုက်ကို သူ့ရဲ့ တပည့်ရင်းဖြစ်တဲ့ ‘အရှင်ပညာသီရိ’ ထံ လက်ဆင့်ကမ်းလွှဲအပ်ခဲ့တာကြောင့် အရှင်ပညာသီရိ ဟာ ‘၀ဇီရာရာမဆရာတော်’ ဆိုတဲ့နာမည်တွင်ခဲ့ပါတော့တယ်။ ဒါကြောင့် စိန်တုံးမိဖုရားကြီးဟာ သင်္ဂဇာဆရာတော်နဲ့ ၀ဇီရာ ရာမဆရာတော် ၂ ပါးစလုံးရဲ့ ကျောင်းအစ်မတစ်ဦးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
မင်းတုန်းမင်းကြီး နတ်ရွာစံခါနီးအချိန်မှာလည်း စိန်တုံးမိဖုရားဟာ တောင်ဆောင်တော်မိဖုရား၊ လက်ပံစဉ်မိဖုရား၊ သရစိမ်းမိဖုရား၊ လဲချားမိဖုရား၊ ငါန်းဇွန်မိဖုရားတို့နဲ့အတူ မင်းကြီးရဲ့အနားမှာရှိနေခဲ့ပြီး အနီးကပ်ပြုစုခစားခွင့်ရခဲ့ပါတယ်။ ဒီလိုနဲ့ မင်းတရားကြီး နတ်ရွာစံပြီးနောက်မှာတော့ ရွှေနန်းတော်ကြီးထဲမှာ အဆောင်အယောင်၊ အခြွေအရံများစွာနဲ့ စံမြန်းခဲ့ရတဲ့ မိဖုရားကြီးရဲ့ ဘ၀ဟာ ဆန့်ကျင်ဘက်ဆိုသလိုပြောင်းလဲသွားတဲ့ အခြေအနေတွေနဲ့ကြုံခဲ့ရပါတော့တယ်။ ဒီလိုပြောင်းလဲခဲ့ရတဲ့ အဓိကအကြောင်းကတော့ အထက်မှာဖော်ပြခဲ့တဲ့ သူမရဲ့ ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာတွေကြောင့်ပါပဲ။
ဖြစ်ပုံကတော့ ဒီလိုပါ။
မိဖုရားကြီးမှာက အဲဒီအချိန်တုန်းက အဒေါ်ဖြစ်သူထံကနေ ဆက်ခံရရှိခဲ့တဲ့ လက်ဝတ်ရတနာတွေအပြင် မင်းတုန်းမင်းတရားကြီး ပေးသနားချီးမြှင့်ခဲ့တဲ့ စိန်ရွှေငွေတွေလည်းရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သီပေါမင်း နန်းတတ်လာပြီးချိန်မှာ စိန်တုံးမိဖုရားကြီးရဲ့ နန်းစဉ်ရတနာတွေနဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို ရွှေတိုက်တော်ထဲပြန်အပ်ဖို့အတွက် အမိန့်ပေးခံခဲ့ရပါတယ်။ ဒါပေမဲ့ အပ်နှင်းရတဲ့နေ့မှာ မိဖုရားကြီးက သူ့မှာရှိသမျှကုန်စင်အောင် အချိန်မီ အပ်နှံဖို့အတွက် နောက်ကျခဲ့တာကြောင့် အနောက်ဝန်ဆီမှာ ဖမ်းဆီးချုပ်နှောင်အကျဉ်းချခံခဲ့ရပါတော့တယ်။ စိန်တုံးမိဖုရားရဲ့ သတင်းကို အောက်ပြည်အောက်ရွာကို ခရီးလွန်နေကြတဲ့ သင်္ဂဇာဆရာတော်နဲ့ ၀ဇီရာရာမဆရာတော်တို့ ကြားသိချိန်မှာတော့ ချက်ချင်းဆိုသလို ရတနာပုံနေပြည်တော်ကိုပြန်လာခဲ့ကြပြီး သီပေါမင်းဆီမှာ ‘မိဖုရားကြီး’ ရဲ့ အသက်ကို အလှူခံခဲ့ပါတယ်။
ဒီလိုနဲ့ ဆရာတော်ရဲ့ ကျေးဇူးကြောင့် အသက်ချမ်းသာရာရခဲ့တဲ့ စိန်တုံးမိဖုရားဟာ အဲဒီနောက်ပိုင်းမှာတော့ နန်းတော်အတွင်းမှာ နေထိုင်ခြင်းမရှိတော့ဘဲ သူမ လှူဒါန်းထားတဲ့ နန်းတော်ပြင်ပက ‘၀ဇီရာ ရာမကျောင်းတိုက်’ ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတော့တယ်။ ဒါပေမဲ့ သူမရဲ့ ကြမ္မာ ဆိုးတွေက အဲဒီနေရာမှာတင် အဆုံးသတ်ခြင်းမရှိသေးပါဘူး။
စိန်တုံးမိဖုရားကြီးအနေနဲ့ ဒီလိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့နေရချိန်မှာတော့ သူမရဲ့ သွေးသားအရင်းအချာဖြစ်တဲ့ မောင်ဖြစ်သူ တပယ် မင်းသားဟာလည်း အခြားမင်းသားတွေနည်းတူ စီရင်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် စိန်တုံးမိဖုရားဟာလည်း ဆင်ဖြူမရှင်ရဲ့ အန္တရာယ်ပြုခြင်းကို ရှောင်တိမ်းလိုတဲ့သဘောနဲ့ ဗြိတိသျှပိုင် မြန်မာနိုင်ငံအောက်ပိုင်းဆီကိုရုပ်ဖျက်ပြီး သင်္ဂဇာဆရာတော်ကြီးနဲ့အတူ ဆင်းလာခဲ့ပါတယ်။ အဲဒီလိုဆင်းလာတဲ့အခါမှာ တူမတော် မော်ကယ်မင်းသမီး၊ တောင်ဝင်းမယ်နဲ့ အပျိုတော် မယ်ပဘာ တို့လည်းလိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။
မော်လမြိုင်မြို့ကိုရောက်ရှိချိန်မှာတော့ အင်္ဂလိပ်အစိုးရက မိဖုရားကြီးကို ဒုတိယတန်းမင်းသမီးအဖြစ်သတ်မှတ်ခဲ့ပြီး နိုင်ငံရေးပင်စင်လစာ ၁၅၀ ကျပ်ပေးခဲ့ပါတယ်။ မိဖုရားကြီးက အဲဒီ ပင်စင်ငွေနဲ့ သူ့မှာကျန်ရှိတဲ့ငွေကိုပေါင်းပြီး မော်လမြိုင်မှာပဲ မြေနေရာကို ဝယ်ယူနေထိုင်ခဲ့ကာ အဲဒီအချိန်မှာဆိုရင် ‘မရွှေပွင့်’ လို့အမည်ရတဲ့ ကျောင်းအစ်မတစ်ဦးက မော်လမြိုင်မြို့ရဲ့ ရှေးဟောင်းလက်ရာ တစ်ခုဖြစ်တဲ့ ရတနာဘုံမြင့်ကျောင်းတိုက်ကို ဆောက်လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။
ဒီလို ဆောက်လုပ်တဲ့အခါမှာ ဗိသုကာပညာကို လေ့လာတီးခေါက်မှုရှိတဲ့ သင်္ဂဇာဆရာတော်နဲ့ မြန်မာ့နန်းတွင်းဓလေ့ အပြင်အဆင်တွေကို ရင်းနှီးကျွမ်းဝင်မှုရှိနေတဲ့ စိန်တုံးမိဖုရား တို့ဆီကနေ အကူအညီတွေယူခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အဲဒီရတနာဘုံမြင့်ကျောင်းတိုက်ကြီးမှာ ကုန်းဘောင်ခေတ်နန်းတွင်း ပန်းရံ၊ ပန်းပုနဲ့ မှန်စီရွှေချလက်ရာတွေကို ဒီနေ့အထိတိုင် တွေ့မြင်နေရတာဖြစ်ပါတယ်။ တချို့တွေကတော့ ဒီအချက်ကိုမူတည်ပြီး အဆိုပါကျောင်းကိုဆောက်လုပ်လှူဒါန်းမှုမှာ သဒ္ဓါ တရားရက်ရောထက်သန်လွန်းလှတဲ့ စိန်တုံးမိဖုရားရဲ့ ဒါနကုသိုလ်တွေကလည်း တစ်စိတ်တစ်ဒေသပါဝင်နိုင်တယ်လို့ ကောက်ချက်ချထားကြပါတယ်။ ဒါ့အပြင် မိဖုရားကြီးဟာ လင်တော်မောင် မင်းတုန်းမင်းတရားကြီးရဲ့ ဝတ်လဲတော်တွေကိုလည်း ပြာချကာ ကမ္မဝါပြုလုပ်ပြီး အဆိုပါ ရတနာဘုံမြင့်ကျောင်း မှာ လှူဒါန်းထားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိဖုရားကြီးက မော်လမြိုင်မြို့ပေါ်က အိမ်ခြံမြေတွေကိုဝယ်ယူစုဆောင်းခဲ့ပြီး ဝယ်ယူရာမှာလည်း ကျသင့်ငွေတန်ဖိုးကို ငွေသားနဲ့ရော ပတ္တမြားလုံးချောတွေနဲ့ပါ ပေးချေခဲ့တယ်လို့ ဆိုပါတယ်။
သူမ နေထိုင်ရာ အိမ်တော်ရာမှာတော့ သင်္ဂဇာဆရာတော်ကြီးအပါအဝင် သံဃာတော် အပါး ၄၀၊ မယ်သီလရှင် အပါး ၅၀၊ ဥပါသကာ အယောက် ၅၀တို့နဲ့အတူ ဗုဒ္ဓဂါယာနဲ့ သီဟိုဠ်ကို ဘုရားဖူးသွားရောက်စဉ်အချိန်တုန်းက တစ်ပါတည်းပင့်ဆောင်ခဲ့တဲ့ ဗောဓိညောင်ပင် ငယ်ကို စိုက်ပျိုးပူဇော်ထားရှိခဲ့ပါတယ်။ ခရစ်နှစ် ၁၈၉၂ ခု၊ မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်နောက်ပိုင်းမှာ မိဖုရားကြီးရဲ့ ကျန်းမာရေးအခြေအနေက တဖြည်းဖြည်း ချို့ယွင်း ဆုတ်ယုတ်လာခဲ့ပြီး မင်းတုန်းမင်းကြီး ခံစားခဲ့ရတဲ့ သွေးဝမ်းကျရောဂါဝေဒနာကို ရင်ဆိုင်ခံစားခဲ့ရပြန်ပါတယ်။ ဒီရောဂါကို ကုသပေး ဖို့အတွက် ရတနာပုံနေပြည်တော်မှာရှိနေတဲ့ နန်းတွင်းသမားတော်တွေကို ကြေးနန်းရိုက်ပြီးပင့်ဆောင်ခဲ့ပေမဲ့ သမားတော်တွေ အလွယ်တကူလာရောက်နိုင်ခြင်းမရှိခဲ့ကြပါဘူး။ ဒါကြောင့် မော်လမြိုင်မြို့အနီး ကျုံဒိုးရွာက သမားတော်ကြီး ‘ဦးဖိုးလေ’ ကပဲ တာဝန်ယူကုသပေးခဲ့ရပြီး ရောဂါပျောက်ကင်းတဲ့အခါမှာတော့ ငွေကြေးအင်အားချို့တဲ့နေပြီဖြစ်တဲ့ မိဖုရားကြီးဟာ သမားတော်ကြီးကို ပဝါတစ်ပိုင်းသာ ဆုကြေးအဖြစ်ချီးမြှင့်နိုင်ခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးအခြေအနေကလည်း အရင်တုန်းကလောက် ထူထူထောင်ထောင်မရှိတော့တဲ့ မိဖုရားကြီးဟာ အလှူအတန်းရက်ရောသူဖြစ်တဲ့အလျောက် သူ့ဘ၀ရဲ့ နေဝင်ချိန်တွေကိုလည်း အေးချမ်းစွာဖြတ်သန်းနိုင်ဖို့ စိတ်အားထက်သန်ခဲ့သူပါ။ ဒါကြောင့်လည်း ၁၈၉၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ မော်လမြိုင်မြို့က ဆရာကြီး ဦးရန်၊ ဘုရားဒါယကာ ဦးစိတ္တ၊ ကျောင်းဒါယကာ ဦးပန်းနဲ့ စာရေးမောင်ထွန်းတို့ရဲ့ ရှေ့မှောက်မှာ သေတမ်းစာတစ်စောင်ရေးသားခဲ့ပြီး အဆိုပါသေတမ်းစာကို မန်ကျည်းတောကျောင်းဆရာတော်၊ ကော့လှာကျောင်းဆရာတော်၊ ကမာကျီကျောင်းဆရာတော်၊ ဇာတိပ္ဖိုလ်ကျောင်းဆရာတော်၊ ဒီပါရုံကျောင်းဆရာတော်၊ ရွှေတောင်ကျောင်းဆရာတော်၊ ကျောက်တန်းကျောင်းဆရာတော်နဲ့ သီဟိုဠ်ကျွန်းကနေ ရတနာဘုံမြင့်ကျောင်းဆီကို အဘိဓမ္မာသင်ကြားဖို့အတွက် ပြောင်းရွှေ့လာကြတဲ့ ဆရာတော်တို့ကို လျှောက်ထားတဲ့ပုံစံမျိုးနဲ့ ရေးသားခဲ့ပါတယ်။
အဲဒီသေတမ်းစာထဲမာဆိုရင် သူ မရှိတော့တဲ့နောက်ပိုင်းမှာ သူပိုင်ဆိုင်တဲ့ အရှေ့အနောက် ၁၅၇ တောင်၊ တောင်မြောက် ၁၁၄ တောင် ထဲက မြေပေါ်သစ်ပင်တွေကနေ ရရှိတဲ့ငွေကြေးတွေကို သင်္ဂဇာဆရာတော်ဘုရားကြီးရဲ့ ပြာသာဒ် စေတီ၊ ရတနာဘုံမြင့်ကျောင်းနဲ့ အိမ်တော်ရာကျောင်းအတွင်းမှာ သီတင်းသုံးနေကြတဲ့ ရဟန်းသံဃာတော်တွေရဲ့ ပစ္စည်းလေးပါးအတွက် လှူဒါန်းကြောင်း၊ မိမိ နေထိုင်စံမြန်းတဲ့ အိမ်တော်ရာကိုလည်း ကျောင်းအဖြစ်၊ အိမ်တွင်းပရိဘောဂတွေကိုလည်း ကျောင်းသုံးအဖြစ်၊ အိမ်ရဲ့တောင်ဘက်က အလျား ၁၉၇ တောင်ရှိတဲ့ ကျောက်တန်းတံတားကိုလည်း ဖြတ်လမ်းတိုအဖြစ်၊ အိမ်ဝင်းအတွင်းမှာရှိတဲ့ ရေတွင်း ၂ တွင်းကိုလည်း အများပြည်သူသုံးအဖြစ် လှူဒါန်းကြောင်းဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုလှူဒါန်းခွဲဝေမှုတွေအပြီးမှာတော့ မင်းတုန်းမင်းကြီးရဲ့ ချစ်မြတ်နိုးမှုကိုရရှိခဲ့တဲ့ မိဖုရားတွေထဲကတစ်ပါးဖြစ်သူ စိန်တုံးမိဖုရားကြီးက သူ့ရဲ့ ဘ၀နေဝင်ချိန်ကို အေးချမ်းစွာဖြတ်သန်းနိုင်ဖို့အတွက် သီလရှင်ဘ၀ကို ကူးပြောင်းဝင်ရောက်ခဲ့ပါတယ်။ သီလရှင်အဖြစ်နဲ့ ကျန်ရှိတဲ့ဘ၀လက်ကျန်အချိန်တွေကို တရားဘာ၀နာအားထုတ်ပြီး ကုန်ဆုံးခဲ့တဲ့ မိဖုရားကြီးဟာ ခရစ်နှစ် ၁၉၀၅ ခုနှစ် မတ်လမှာတော့ ကံတော်ကုန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာဆိုရင် မိဖုရားကြီးရဲ့ သက်တော်ဟာ ၆၉ နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။ မိဖုရားကြီး မကွယ်လွန်ခင် နောက်ဆုံးအချိန်ထိ ခေါင်းချနေထိုင်ခဲ့တဲ့ အိမ်တော်ရာကိုတော့ ဒီနေ့အချိန်မှာ “ဟေမာသီရိ သီလရှင်စာသင်တိုက်” အဖြစ်မြင်တွေ့နိုင်ပြီး မိဖုရားကြီးရဲ့ ရုပ်ကလာပ်ကို ထည့်သွင်းသင်္ဂြိုဟ်ထားတဲ့ အုတ်ဂူကလည်း အိမ်တော်ရာဝင်းအတွင်းမှာ တည်ရှိလို့နေဆဲဖြစ်ပါတယ်။
=================================================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ ပြည့်စုံဖို့ရာဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ်။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တလော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမကအနာဂတ် ရောဂါဘယဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်။ ။
ဖောင့်ဖြည့်ရန်
https://forms.gle/Q658N6QEVYxcegTi7
#ZLann
#ZLann_Podcast
#စိန်တုံးမိဖုရားကြီး
More Interesting Blogs from Zlann
“ကမ္ဘာ့အမွေ မဟာတူးမြောင်းကြီး”
“ကမ္ဘာ့အမွေ မဟာတူးမြောင်းကြီး”
July 14, 2024
Read More
“မြန်မာ့စာပေပညာရှင် ဆရာကြီးပီမိုးနင်း”
"မြန်မာ့စာပေပညာရှင် ဆရာကြီးပီမိုးနင်း"
September 12, 2024
Read More
နတ်တစ်ပါးအဖြစ် ထိုင်းလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကိုရရှိထားတဲ့ မိဖုရား ဆုပန်ကလျာ
နတ်တစ်ပါးအဖြစ် ထိုင်းလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကိုရရှိထားတဲ့ မိဖုရား ဆုပန်ကလျာ
November 13, 2023
Read More
“ သက်တမ်း ၁၂၀ ခန့်ရှိပြီဖြစ်တဲ့ မြို့ပြရေပေးဝေရေးစနစ်ရဲ့ လှော်ကားရေလှောင်ကန်🌅”
“ သက်တမ်း ၁၂၀ ခန့်ရှိပြီဖြစ်တဲ့ မြို့ပြရေပေးဝေရေးစနစ်ရဲ့ လှော်ကားရေလှောင်ကန်🌅"
January 9, 2024
Read More
“ဇော်ဂျီဖိုလ်ဝင်စားတဲ့ ပုဂံသူရဲကောင်းညီနောင်နှစ်ပါး”
"ဇော်ဂျီဖိုလ်ဝင်စားတဲ့ ပုဂံသူရဲကောင်းညီနောင်နှစ်ပါး"
November 14, 2023
Read More
ကလောင်ဓါးသွားနဲ့ မြန်မာအမျိုးသမီးတို့ကို ဆုံးမပဲ့ပြင်ခဲ့သူ ဂျာနယ်ကျော် မမလေး
ကလောင်ဓါးသွားနဲ့ မြန်မာအမျိုးသမီးတို့ကို ဆုံးမပဲ့ပြင်ခဲ့သူ ဂျာနယ်ကျော် မမလေး
January 13, 2024
Read More