“လောကလှိုင်းဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူ အမေရိကန် ဂန္ထဝင်စာရေးဆရာကြီး ဂျက်လန်ဒန်” 💁‍♂️✨

‘အသက်တစ်ရာမနေရ ၊အမှုတစ်ရာတွေ့ရ ’ ဆိုတဲ့စကားအတိုင်း လူ့ဘဝကြီးမှာ အသက်ရှည်ရှည်နေရဖို့က မသေချာပေမဲ့ လောကဓံမျိုးစုံကိုတော့ ခါးဆီးခံကြရပါတယ်။ အဲဒီလောကဓံမုန်တိုင်းတွေကြားမှာ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်သူတွေရှိသလို လက်မြှောက်အရှုံးပေးလိုက်သူတွေလည်း ဒုနဲ့ဒေးပါ။ အခုဖော်ပြပေးမဲ့ ဂျက်လန်ဒန်လို့ခေါ်တဲ့ အမေရိကန်စာရေးဆရာကြီးဟာ လောကလှိုင်းဒဏ် တွေရဲ့ ရိုက်ပုတ်မှုတွေကို အတတ်နိုင်ဆုံး ကြိုးစား ရင်ဆိုင်ရင်းကနေပဲ ဘဝနိဂုံးကို ကိုယ်တိုင်အဆုံးသတ်ပစ် လိုက်သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
ဂျက်လန်ဒန်ဆိုတဲ့ နာမည်ကိုကြားရုံနဲ့တင် အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ ဂန္ထဝင်စာရေးဆရာကြီးတစ်ယောက်ဖြစ်သလို ရေးသားခဲ့တဲ့ ဝတ္ထုတိုင်းလိုလိုကလည်း ကိုယ်တိုင် ကျင်လည် ဖြတ်သန်းခဲ့ဖူးတဲ့ နယ်ပယ်ပတ်ဝန်းကျင်အကြောင်းတွေကိုပဲ အဖွဲ့အနွဲ့ကောင်းကောင်းနဲ့ လေးနက်သက်ဝင် အောင် ရေးဖွဲ့တာကြောင့် လူကြိုက်များတဲ့ နာမည်ကြီးသူတစ်ယောက်လည်းဖြစ်ပါတယ်။ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား စာအုပ်တွေကတော့ ဆရာညွန့်ကြူး ဘာသာပြန်ဆိုခဲ့တဲ့ ‘ပင်လယ်ဝံပုလွေ(The Sea Wolf )’နဲ့ ဆရာဂုဏ်ဝင်းဘာသာပြန်ထားတဲ့ ‘ အရိုင်းခေါ်သံ (The Call of the Wild)’ တို့ပဲဖြစ်ပါတယ်။ သူဟာ ထိထိမိမိနဲ့ အရေးအသားကောင်းကောင်း ရေးဖွဲ့နိုင်ပေမဲ့ ငယ်စဉ်က စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘဲ ဘဝဇာတ်ခုံပေါ်မှာ ကျရာဇာတ်ရုပ်ကို ထမ်းဆောင်ရင်းနဲ့မှ စာဖတ်ဝါသနာပါလာပြီး စာရေးတဲ့ အလုပ်ကို ဇွဲရှိရှိနဲ့အကြိမ်ကြိမ် ကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။
ဂျက်လန်ဒန်လို့ မခေါ်ခင်က ဂျွန်ဂရစ်ဖစ်ချာနီ(John Griffith Chaney)လို့ မိခင်ဖြစ်သူက မှည့်ခေါ်ခဲ့ပါတယ်။ ဂျက်ရဲ့ လူ့ဘဝထဲစတင် ဝင်ရောက်လာပုံကလည်း ပန်းခင်းလမ်းလို မချောမွေ့ခဲ့ပါဘူး ။ ဂျက်ရဲ့ မိခင်ဖြစ်တဲ့ ဖလော်ရာဝဲလ်မန်း(Flora Wellman)ဟာ ဆန်ဖရန်စစ္စကိုမြို့မှာ အိမ်ငှားနေတဲ့ ဂီတဆရာမတစ်ယောက် ဖြစ်ပါတယ်။ ဖလော်ရာဟာ အခန်းချင်း ကပ်ရပ်ဖြစ်တဲ့ ပါမောက္ခ ဝီလီယံ ချာနီ(William Chaney)နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး မပေါ့မပါးဖြစ်လာတဲ့အခါမှာ သူမကို တာဝန်ယူပေးဖို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ ချာနီဟာ တာဝန်မယူနိုင်သလို ကလေးအဖေနာမည်လည်း မခံယူနိုင်ဘူးလို့ ငြင်းဆိုလိုက်တာကြောင့် ဖလော်ရာအနေနဲ့ ရှေ့ဆက်ရပ်တည်ဖို့ အင်အားပျောက်ခဲ့ရပါတယ်။ ဒါကြောင့် ဖလော်ရာဟာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ပြီး လောကကြီးကနေ အပြီးတိုင် ပျောက်ကွယ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကံကောင်းထောက်မစွာပဲ ပြင်းပြင်းထန်ထန်ထိခိုက်မှုမရှိခဲ့တာကြောင့် ဂျက်တစ်ယောက် လူ့လောကကိုရောက်ရှိ လာခဲ့ပါတယ်။ ဂျက်ကို ၁၈၇၆ ခုနှစ်၊ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒါဟာ ဂျက်ဘဝအတွက် တကယ်ပဲ ကံကောင်းတာလား၊ ကံဆိုးတာလား ဆိုတာတော့ ဘယ်သူမှ အသေအချာမပြောနိုင်ပါဘူး။ ဖလော်ရာဟာ ကိုယ်တိုင်ပဲ နာမည်ကို မစ္စစ်ဖလော်ရာချာနီ လို့ပြောင်းခဲ့ပြီး သားဖြစ်သူကိုလည်း ဂျွန်ဂရစ်ဖစ်ချာနီလို့ပေးခဲ့ပါတယ်။ မီးဖွားပြီးနောက် ဖလော်ရာဟာ သွေးသား နုနယ်နေတဲ့ အချိန်မှာ ကြုံဆုံရတဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ထိခိုက်ကာ စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ ရပါတယ်။ဒါကြောင့် ဂျွန်ဂရစ်ဖစ်လေးကို စောင့်ရှောက်ဖို့အတွက် ကလေးထိန်းအနေနဲ့ရော နို့ထိန်းအနေနဲ့ပါ အိမ်နီးချင်းဖြစ်တဲ့ အမေရိကန်-အာဖရိကန်လူမျိုး အမျိုးသမီးတစ်ယောက်ကို ငှားခဲ့ပါတယ်။ သူမနာမည်ကတော့ ဗာဂျီးနီးယား ပရန်းတစ်( Virginia Prentiss) ဖြစ်ပြီး ကလေးကိုလည်း ဂျက်ဆိုပြီး ချစ်စနိုးနဲ့ အမည်စပေး ခဲ့သူဖြစ်ပါတယ်။
အဲဒီနောက် ဖလော်ရာဟာ ဂျွန်လန်ဒန်ဆိုသူနဲ့ အိမ်ရာထပ်မံထူထောင်ခဲ့ကာ ရှစ်လသားအရွယ် ကလေးလေး ကလည်း ဂျက်လန်ဒန်ဖြစ်လာပါတယ်။ ဂျက်ဟာ လူမှန်းသိတတ်စအရွယ်ကတည်းက ပရန်းတစ်ကို မာမီဂျင်းနီလို့ ခေါ်ပြီး သူတို့မိသားစုနှစ်စုကြားမှာတော့ အတော်လေးရင်းနှီးချစ်ခင်တဲ့ ဆက်ဆံရေးရှိကြပါတယ်။ ဂျက်ဟာ ဆယ်ကျော် သက်အရွယ်လောက်အထိကို ပရန်းတစ်တို့မိသားစုနဲ့ အနေများခဲ့ပါတယ်။ ဂျက် ကလေးဘဝ အရွယ်မှာပဲ အလုပ်သမားအများစုအလုပ်လက်မဲ့ဖြစ်ကြကာ လုပ်ခလစာနည်းနည်းပဲရတဲ့ စီးပွားပျက် ကပ်ဘေးကြီးနဲ့ ကြုံခဲ့ရပါတယ်။ ဂျက်တို့မိသားစုကလည်း အလုပ်သမားဝန်ထမ်းမိသားစုဖြစ်တာကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် ဖခင်(ပထွေး)ဖြစ်တဲ့ ဂျွန်ရွှေ့ပြောင်းတဲ့ ဒေသတော်တော်များများကို လိုက်ပါရွှေ့ပြောင်း နေထိုင်ရပြီး ရုန်းကန်ရင်ဆိုင်ခဲ့ရပါတယ်။
ကျောင်းနေအရွယ်မှာ ဂျက်ဟာ မပြည့်စုံတာကြောင့် ကျောင်းဝတ်စုံနှစ်စုံလောက်သာရှိပြီး နေရာအစုံကို လှည့်လည် နေထိုင်ခဲ့ရတဲ့အတွက် ကစားဖော်သူငယ်ချင်းလည်း မရှိခဲ့ပါဘူး။ အတန်းဖော်တွေနဲ့ နေ့လယ် စာစားချိန် တိုင်းမှာ အသားငါးနဲ့ဟင်းအမယ် စုံစုံလင်လင်တွေကြား ပေါင်မုန့်၊ အားလူးပြုတ်တို့နဲ့ သိမ်ငယ်စွာ ဝင်မစားဝံ့တာကြောင့် တစ်ယောက်တည်းပဲစားလေ့ရှိပါတယ်။ တစ်ခါတော့ ဂျက်ဟာ ကျောင်းစာမေးပွဲတစ်ခုမှာ ပထမရရှိခဲ့ပေမဲ့လည်း ဆုပေးပွဲမှာ ဆုမယူခဲ့ပါဘူး။ တောက်တောက်ပြောင်ပြောင် ထည်ထည်ဝါဝါဝတ်ရမဲ့ အဝတ်အစားမရှိတာကြောင့်ပဲဖြစ်ပါတယ်။ မနက်စောစောထကာ သတင်းစာပို့တဲ့ အလုပ်ကို ကျောင်းမသွားခင် လုပ်ရပြီး ကျောင်းဆင်းချိန်မှာတော့ မိသားစုအလုပ်တွေကို ဝိုင်းလုပ်ပေးပါတယ်။ အဲဒီလို ကျောင်းတစ်ဖက်နဲ့ ရုန်းကန်နေရစဉ်မှာပဲ ဖခင်ဖြစ်တဲ့ ဂျွန်ဟာ မတော်တဆထိခိုက်မှုဖြစ်ပြီး အိပ်ရာထဲလဲသွားပါတယ်။ အဲဒီအချိန်ကစပြီး မိသားစုတာဝန်တွေဟာ ဂျက်ရဲ့ပခုံးပေါ် ကို ရောက်ရှိခဲ့ပါတယ်။
အသက် ၁၃ နှစ်အရွယ်သာရှိသေးတဲ့ ဂျက်ကတော့ မိသားစုစားဝတ်နေရေးအတွက် တစ်နေ့ကို အလုပ်ချိန် ဆယ်နာရီနဲ့ (Oakland) အော့က်လန်အနောက်ပိုင်းမှာရှိတဲ့ စည်သွပ်ဘူးစက်ရုံတစ်ခုမှာ အလုပ်ဝင်ခဲ့ပါတယ်။ တစ်နာရီကို ဆယ်ဆင့်နဲ့ မနက်နေထွက်ချိန်ကနေ ညနေ နေဝင်ချိန် အထိ ပင်ပင်ပန်းပန်း ရုန်းကန်ရပါတယ်။ ဒါပေမဲ့ လည်း ဂျက်တို့မိသားစုရဲ့ မီးဖိုချောင်လေးကတော့ မီးခိုးမှန်မှန် မထွက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဂျက်ဟာ အလုပ်ချိန် ဆယ်နာရီကနေ ရှစ်နာရီထပ်တိုးပြီး တစ်နေ့ကို တစ်ဆယ့်ရှစ်နာရီ မနားမနေအလုပ်လုပ်ကာ လောကဓံကို ရင်ဆိုင်အံတုခဲ့ပါတယ်။ ဘတ်စ်ကားစီးဖို့ အဆင်မပြေတာကြောင့် အလုပ် အသွားအပြန်ကို လမ်းလျှောက် ခဲ့ရပါတယ်။ အချိန်ကြာလာတော့ စိတ်ရောကိုယ်ပါ ပင်ပန်းလာပြီး မျက်ကွင်းတွေညိုကာ နားထင်တွေပါ ချိုင့်လာတာကြောင့် သူ့ရဲ့ဘဝတစ်ခုလုံးကို စက်ရုံမှာပဲ မြှုပ်နှံမထားတော့ဘဲ ပိုမိုကောင်းမွန်တဲ့ နေရာသစ်တစ်ခုကို ရှာဖွေပါတော့တယ်။
ဒီလိုနဲ့ ဂျက်ဟာ ပင်လယ်ပျော်တစ်ယောက်ဖြစ်လာဖို့အတွက် လမ်းစတွေ့ခဲ့ပါတော့တယ်။ အဲဒါကတော့ အော့က်လန် ဆိပ်ကမ်းမှာ လှည့်လည်ကျက်စားကာ သင်္ဘောသားတွေရဲ့ ခိုင်းစေသမျှကို မငြီးမငြူ လုပ်ပေးရင်း ကောင်းမွန်တဲ့ အရာတွေကို မျှော်လင့်နေခဲ့တာပါ။ ဆန်ဖရန်စစ္စကို ပင်လယ်အော်ထဲမှာ ကမာကွင်း ကောင်း ကောင်း တွေရှိသလို အများစုကလည်း ပုဂ္ဂလိကပိုင်တွေဖြစ်တာကြောင့် ကနုကမာ ဓားပြတွေက လုယက် ခိုးဝှက်ကြပြီး မှောင်ခိုဈေးမှာရောင်းချကြပါတယ်။ မကြာမီမှာပဲ ဂျက်လည်း အဲဒီဓားပြတွေနဲ့ ရင်းနှီးသွားပြီး ကမာတွေခိုးထုတ်ဖို့အတွက် ရွက်လှေတစ်စင်းလိုအပ်လာပါတယ်။ ဒါကြောင့် ဂျက်ဟာ နို့ထိန်း မိခင်ဖြစ်တဲ့ မာမီဂျင်းနီဆီက ဒေါ်လာသုံးရာချေးပြီး ရက်ဇယ်ဒက်ဇယ်ဆိုတဲ့ ရွက်သင်္ဘောလေးကို ပိုင်ဆိုင်လာခဲ့ပါတယ်။ သူ့အတွက် ကမာခိုးထုတ်တဲ့အလုပ်က စက်ရုံမှာ အလုပ်လုပ်တာထက် ငွေပိုရတာကြောင့် သဘောကျလာပြီး အပေါင်းအသင်းတွေလည်း ရလာပါတယ်။ ကမာခိုးဝှက်လုယူလို့ရတဲ့ တစ်ညစာဝင်ငွေဟာ အရင်က သုံးလစာလောက်နဲ့ ညီမျှပါတယ်။ သိပ်မကြာတော့တဲ့အချိန်မှာပဲ ဂျက်ဟာ ကမာဓားပြတွေထဲမှာ အကြမ်းဆုံးအဖြစ်ထင်ရှားလာပြီး လုပ်ဖော်ကိုင်ဖက်တွေထဲမှာဆိုရင် အထက်မြက်ဆုံးဖြစ်လာတယ်လို့ လည်းပြောလို့ရပါတယ်။ လောကဓံကပေးတဲ့ ဒုက္ခတွေထဲမှာလည်း ဂျက်တစ်ယောက်ပျော်ပျော်နေတတ်နေပါပြီ။
ဒါပေမဲ့ ဂျက်ဟာ ပင်လယ်ခရီးကြမ်းကပြန်လာပြီး အားလပ်ချိန်ရတိုင်းမှာ စာဖတ်ခြင်းကို အလေ့အကျင့်တစ်ခုလို ကျင့်သုံးလာပါတယ်။ ဆယ်ကျော်သက်အရွယ်မှာတင် သူဟာ အခြားလူတွေလိုမဟုတ်ဘဲ အတွေ့အကြုံ ခပ်များများနဲ့ ရင့်ကျက်နေပြီလည်းဖြစ်ပါတယ်။ ကစ်ပလင်၊ အီမယ်၊ ဇိုလာ၊ ဘားနတ်ရှောတို့ရဲ့ စာတွေကို အတော်လေးနှစ်သက်ပြီး ဒူရှေလူရဲ့ ဗိုလ်ကင်းခေတ်စာအုပ်ဟာ သူအကြိုက်ဆုံးစာအုပ်လည်း ဖြစ်ပါတယ်။ စာအုပ်တွေဖတ်ရင်းကနေ ကမာခိုးထုတ်တဲ့အလုပ်ဟာ မဟန်မှန်းသိလာတာကြောင့် ကနေဒါက ရာသီဥတု ကြမ်းတမ်းပြီး နှင်းကန္တာရအတွင်းရှိတဲ့ ကလွန်ဒိုက်(Klondike Gold Rush) မှာရွှေရှာတဲ့အလုပ်ကို ထပ်မံ လုပ်ကိုင်ခဲ့ပါတယ်။ စာတွေဖတ်ရင်း အသိပညာတွေ ကြွယ်ဝလာတဲ့ အချိန်မှာတော့ ဘဝကို လက်ရှိအခြေအနေ ထက်ပိုပြီး မြင့်မားအောင် ကြိုးစားသင့်တယ်လို့ ယူဆတာကြောင့် စာပေအနုပညာတွေကို စတင်ဖန်တီး ပါတော့တယ်။
ဒါပေမဲ့လည်း ဘဝဆိုတာ ဖြစ်ချင်တာတွေ အလွယ်တကူမဖြစ်တတ်တဲ့ ဓမ္မတာအတိုင်းပဲ သူရေးသားတဲ့ စာတွေကို စာအုပ်တိုက်တွေဆီပို့ရာမှာတော့ ပယ်ချခံရပါတယ်။ ဂျက်က ဇွဲမလျှော့ပဲ ထပ်ရေးပြီးထပ်ပို့ပါတယ်။ အကြိမ်ကြိမ်ရေးပြီး ပို့ပေမဲ့ လည်း အကြိမ်ကြိမ်ပယ်ချတာကို ခံခဲ့ရပါတယ်။ ကံကြမ္မာက မျက်နှာသာပေးလာတဲ့ အချိန်မှာတော့ ‘အရိုင်းခေါ်သံ (The Call of the Wild)’ အမည်ရှိတဲ့ စာအုပ်နဲ့ အောင်မြင်မှုရခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဂျက်ဟာ နေ့ချင်းညချင်း လူသိများထင်ရှားတဲ့ စာရေးဆရာကြီး တစ်ယောက်ဖြစ်လာ ပါတော့ တယ်။ သူ့ရဲ့စာတွေဟာ အနုအရွတွေမဟုတ်ဘဲ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ကြီးပြင်းလာခဲ့ရတဲ့ လူတစ် ယောက် ဖြစ်တာနဲ့အညီ လောကဓံတွေထူပြောလှတဲ့ ဘဝတိုက်ပွဲတွေအကြောင်းကို စေ့စေ့ငှငှ ပိုင်ပိုင် နိုင်နိုင် ရှုထောင့်အမျိုးမျိုးကနေ ရေးသားတင်ပြထားတာတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အများစိတ်ဝင်စားမှု ကိုရရှိကာ တစ်မုဟုတ်ချင်း လူထုကို ထိုးဖောက်နိုင်တာလည်း ဖြစ်ပါတယ်။
ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်မှာ ၂၄နှစ်အရွယ် ဂျက်ဟာ ဘက်စီမက်ဒ်ဒန်(Bessie Maddern) လို့ခေါ်တဲ့ အမျိုးသမီး တစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပြီး သားသမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ လေးနှစ်လောက်ပေါင်းပြီး ၁၉၀၄ ခုနှစ်မှာတော့ ကွာရှင်းခဲ့ကြပါတယ်။ ၁၉၀၅ ခုနှစ်မှာတော့ အမေရိကန်စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ချားမိန်း ကတ်ထရစ်(Charmian Kittredge) နဲ့ လက်ဆက်ခဲ့ပါတယ်။ ဂျက်ဟာ သူမနဲ့အတူ ရှေ့သွားနောက်လိုက်ညီစွာ ခရီးတွေအတော်များများထွက်ခဲ့ပြီး ရေးသားခဲ့တဲ့ ဝတ္ထုတွေမှာဆိုရင် အချို့က ဟာဝိုင်အီကို အခြေခံပြီး ရေးထားတာလည်းဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ ဝတ္ထုတွေကတော့ The Call of the Wild (1903), The Sea-Wolf (1904), White Fang (1906), The Iron Heel (1908), Martin Eden (1909), John Barleycorn (1913), The Star Rover (1915) တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဂျက်ရဲ့ အခြားနာမည်ကြီးတဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်နဲ့ ဆောင်းပါးတွေလည်း အများအပြား ရှိပါသေးတယ်။
ဂျက်ဟာ သူ့ရဲ့ဘဝမှာ ပင်လယ်ပျော်အလုပ်နဲ့ ရွှေရှာတဲ့ အလုပ်သာမကပဲ ဖခင်သေဆုံးပြီးနောက်မှာဆိုရင် အဝတ်လျှော်လုပ်ငန်းက အလုပ် ၊ ပြတင်းပေါက်ရေဆေးတဲ့ အလုပ်၊ ကော်ဇောဖုန်ခါတဲ့ အလုပ်၊ စာပို့သမား၊ သတင်းစာပို့တဲ့ အလုပ် စသဖြင့် နယ်ပယ်အစုံကို နှံ့နှံ့စပ်စပ် ကျပန်းလုပ်ကိုင်ခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့်လည်း သူရေးသားတဲ့ စာပေတွေဟာ အမေရိကန်စာပေလောကမှာရှိတဲ့ အကောင်းဆုံးထုတ်ကုန်တွေထဲက တစ်ခုဖြစ်တာ လည်း ဖြစ်ပါတယ်။ သူရဲ့စာတွေကို ကမ္ဘာအနှံ့မှာ ဘာသာပြန်ပြီး လက်ဆင့်ကမ်းထုတ်ဝေ လာကြပါတယ်။ ဂျက်ဟာ ဘဝတစ်လျှောက်လုံး ပင်ပန်းခက်ခဲကြမ်းတမ်းလာခဲ့သမျှ သက်လတ်ပိုင်းအရွယ်ကို တဖြည်းဖြည်း ချဉ်းနင်း ဝင်ရောက်လာတဲ့အခါမှာတော့ ဘဝဟာ တည်ငြိမ်ကာ အခြေကျလာပြီလို့ ဆိုနိုင်ပါတယ်။
ဂျက်လန်ဒန် လို့ပြောလိုက်ရင်ကို မသိသူမရှိလောက်အောင် နာမည်ကျော်ကြားလာသူဖြစ်ပြီး ငွေကြေးခက်ခဲမှု တွေလည်း ဆိတ်သုဉ်းပျောက်ကွယ်သွားပါပြီ။ အဲဒီလို အရာရာအဆင်ပြေလာပြီး အေးချမ်းလာတဲ့ အချိန်အခါ ရောက်တော့မှ ဂျက်ဟာ သူ့ရဲ့ ဘဝကို ကိုယ်တိုင်နိဂုံးချုပ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ၁၉၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ ဂျက်ဟာ မော်ဖင်းနဲ့ ဘိန်းပါဝင်တဲ့ ဆေးတွေကို အလွန်အကြူးသောက်သုံးပြီး လူ့လောကကနေ အပြီးအပိုင်နှုတ်ဆက်ထွက်ခွာသွားပါတယ်။
အသက် ၂၇ နှစ်အရွယ်မှာ နာမည်ကြီးစာရေးဆရာ တစ်ယောက်ဖြစ်လာခဲ့ပြီး စာရေးသက်တမ်းတိုတောင်းစွာနဲ့ အသက် ၄၀ အရွယ်မှာ ဆုံးပါးခဲ့တာကြောင့် တော်တော်လေးကို နှမြောဖို့ကောင်းလွန်းပါတယ်။ လူသေပေမဲ့ နာမည်မသေဆိုတဲ့ အတိုင်း စာရေးဆရာကြီး ဂျက်လန်ဒန်သေဆုံးသွားခဲ့ပေမဲ့ သူ့ရဲ့ စာပေတွေကတော့ လက်ရှိအချိန်ထိ ရှင်သန်နေဆဲလည်းဖြစ်ပါတယ်။
===============================================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ ပြည့်စုံဖို့ရာဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ်။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တလော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမကအနာဂတ် ရောဂါဘယဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေညာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်။ ။
ဖောင့်ဖြည့်ရန် https://forms.gle/Q658N6QEVYxcegTi7

More Interesting Blogs from Zlann