ကချနာပူရီရဲ့ နာမည်ကြီး 𝐄𝐫𝐚𝐰𝐚𝐧 ရေတံခွန် 💦💦

ထိုင်းနိုင်ငံ၊ ကချနာပူရီမှာရှိတဲ့ အီရာဝမ်အမျိုးသားဥယျာဉ်ကြီးထဲမှာ ၇ ဆင့်ရေတံခွန်အဖြစ် လူသိများ ထင်ရှားလှပြီး လာရောက်လည်ပတ်သူ များပြားတဲ့ အီရာဝမ်ရေတံခွန် တည်ရှိပါတယ်။ ဆွဲဆောင်မှုအားကောင်းလွန်းလှတဲ့ အီရာဝမ်ရေတံခွန်ကတော့ ကျောပိုးအိတ် တစ်လုံးလွယ်ရင်း ခရီးဆန့်ကြမဲ့ သူတွေအတွက် တကယ်ကိုရွေးချယ်သင့်တဲ့နေရာတစ်ခုလို့ ဆိုပါရစေ။ မီတာ ၁၅၀၀ လောက်ရှည်လျားတဲ့ ရေတံခွန်ကြီးစီးဆင်းရာတစ်လျှောက်မှာ ပြင်းထန်တဲ့မိုးသစ်တောနဲ့အတူ စွန့်စားမှုတချို့ကိုလည်း တွေ့ကြုံ ခံစားရမှာပါ။
အီရာဝမ်ရေတံခွန်ကြီးဟာ အဆင့် ၇ ဆင့်ရှိပြီး ရေတံခွန်စီးဆင်းရာ အဆင့်တစ်ခုချင်းစီတိုင်းမှာလည်း နာမည်သတ်မှတ်ချက်နဲ့ ထူးခြားချက်တွေကိုယ်စီရှိလို့နေပါတယ်။
ဒီရေတံခွန်ရဲ့ စီးဆင်းမှုပုံစံက လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် ဆိုသလိုပါပဲ။တစ်ဆင့်ပြီးတစ်ဆင့် အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ရေတံခွန်စီးဆင်းရာလမ်းကြောင်းက အဖြေရှာရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ကို တွက်ရသလိုဖြစ်နေမှာသေချာပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်က ဟိန္ဒူဘာသာစကားနဲ့ “ဆင်ဖြူတော် ဦးခေါင်းသုံးလုံး”လို့ အဓိပ္ပာယ်သက်ရောက်တဲ့ နာမည်ကို ပေးခဲ့တာပဲဖြစ်ပါတယ်။
ဒါဟာ ဘာကြောင့်ပါလဲ။ အီရာဝမ်ရေတံခွန်ရဲ့ ဟိုးထိပ်ဆုံးအဆင့်က ဆင်ဦးခေါင်းနဲ့သဏ္ဍာန်တူနေတာကြောင့် အခုလို အစွဲပြုပြီး နာမည်ပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ ထူးခြားဆန်းကြယ်မှုတွေနဲ့အတူ လှပတဲ့ အီရာဝမ် ရေတံခွန်ကို ကချနာပူရီရောက်တဲ့သူတိုင်း သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုလို့ပြောပါရစေ။
အီရာဝမ်ရေတံခွန် ၇ ဆင့်ရဲ့ တောင်တက်ခရီးစဉ်လေးအကြောင်းကိုလည်း ဝေမျှပေးချင်ပါတယ်။ အစော ပိုင်း မှာပြောခဲ့သလိုပဲ ရေတံခွန်အဆင့်တစ်ခုစီတိုင်းမှာ နာမည်သတ်မှတ်ချက်ကိုယ်စီနဲ့ ထူးခြားချက်လေး တွေရှိပါတယ်။ ပထမဆုံးအဆင့်ဖြစ်တဲ့ Hlai Keun Lang က တက်ရလွယ်ကူပြီး ပြေပြစ်တဲ့ အဆင့်တစ်ခု ဖြစ်သလို ကားရပ်နားတဲ့နေရာကနေ တစ်ဆက်တည်း လမ်းလျှောက်သွားလိုက်ရုံနဲ့တင် ရောက်နိုင် ပါတယ်။ တသွင်သွင်စီးဆင်းနေတဲ့ရေထဲမှာ လွတ်လပ်ပေါ့ပါးစွာ ကူးခတ်နေတဲ့ ငါးလေးတွေကို မြင်ရမှာပါ။ အဲဒီရေထဲကို ခြေထောက်လေးချပြီးရေစိမ်ရင်း ငါးလေးတွေနဲ့ ထိတွေ့ဆော့ကစားရတာ ကလည်း ကြည်နူးစရာ အခိုက်အတန့်တစ်ခုပါပဲ။
ရေတံခွန်ရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ Wung Macha လို့ အမည် ရတဲ့ နေရာက ပထမအဆင့်ထက် အနည်းငယ်ပိုမို မတ်စောက် ပါတယ်။အေးမြတဲ့ရေတံခွန်ရဲ့အောက်မှာ နွေရာသီဆိုရင် လာရောက်ရေကူးတဲ့သူ အတော်လေးများပြားတာကိုတွေ့ရလေ့ရှိပါတယ်။ ရေတံခွန်ကျတဲ့အောက်မှာ လိုဏ်ဂူငယ်လေးတစ်ခုရှိပြီး အဲဒီနေရာက ရှုခင်းတွေကတော်တော်ကိုလှပပါတယ်။
ဒုတိယအဆင့်ကနေ မီတာ ၅၀ လောက် ထပ်သွားလိုက်မယ်ဆိုရင် Pha Nam Tok ဆိုတဲ့ ရေတံခွန် တတိယအဆင့်ကိုရောက်ပါလိမ့်မယ်။ ဒီအဆင့်က ရေတံခွန်ကျတဲ့နေရာ နည်းနည်းလေးပိုပြီးတော့ ရှည်လျားတာကိုတွေ့ရတယ်။ အမြင့်ပေ မီတာ ၂၀ လောက်ရှိပါမယ်။ ရေထဲမှာလည်း ငါးအများအပြားကို တွေ့မြင်ရမှာပါ။ ကြည်လင်တဲ့ရေတံခွန်ဘေးမှာ ထိုင်ရင်း အနားယူရတာ တကယ်ကိုစိတ်လက် အမောတွေပြေသွားစေမှာပါ။
ဆက်ပြီးတော့ တက်ရောက်မယ်ဆိုရင်တော့ ရေတံခွန်ရဲ့ ၄ ဆင့်မြောက်နေရာ ဖြစ်တဲ့ Oke Nanh Phee Suar လို့ခေါ်တဲ့နေရာကို ရောက်ရှိမှာပါ။ ဒီနေရာက တတိယအဆင့်နဲ့ မီတာ ၂၀၀ ဝေးပါတယ်။ ကြီးမားတဲ့ ကျောက်စိုင် ကျောက်တုံးတွေ ဝိုင်းရံထားပြီး သစ်ပင်ပန်းမန်နဲ့ အပင်အမျိုးအစား တော်တော်လေး ကိုစုံစုံ လင်လင်ပေါက်ရောက်နေတာ တွေ့ရမှာပါ။ အတက်လမ်းက တော်တော် လေးမတ်စောက်တာကြောင့်လည်း လူအတော်များများ ဆက်သွားလေ့မရှိကြတော့ဘူး။
ရေတံခွန် ၅ ဆင့်မြောက်ဖြစ်တဲ့ Buea Mai Long ကို သွားတဲ့ တောင်တက်လမ်းက ပိုမိုခက်ခဲလာပါလိမ့်မယ်။ ခက်ခက်ခဲခဲ တက်ရတဲ့နေရာတစ်ခုဆိုပေမဲ့လည်း ရေတံခွန်သေးသေးလေးတွေအများကြီးနဲ့စုဖွဲ့ထားတဲ့ အလှဆုံးနေရာတစ်ခု အရိပ်အရဆုံးနေရာတစ်ခုလို့ ပြောနိုင်ပါတယ်။
Dong Prucksa လို့အမည်ရတဲ့ ရေတံခွန်ရဲ့ ၆ ဆင့်မြောက်နေရာကတော့ ခရီးအစနဲ့ ၁၇၅၀ မီတာလောက် ဝေးကွာပါတယ် ။ ရေတံခွန်ကနေ ကျလာတဲ့ရေတွေက အထပ်ထပ်ဖြစ်ကာ လှပလွန်းတာကြောင့် ဘာကိုမှစဉ်းစားနေချိန်တောင်မရလိုက်ဘဲ ရေထဲကို ခုန်ဆင်းမိမှာအသေအချာပါပဲ။ ဒီအဆင့်ကို ခဲရာ ခဲဆစ်ဖြတ်ကျော်နိုင်မှသာ အီရာဝမ်ရေတံခွန်ကြီးရဲ့ ဟိုးထိပ်ဆုံးနေရာဖြစ်တဲ့ အဆင့် ၇ ကို ရောက်မှာ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့် ၇ မှာ ရှိနေတာကတော့ Phu Phu Erawan လို့တင်စားခေါ်ဝေါ်ခဲ့ကြပြီး ရေတံခွန်ရဲ့ အမြင့်ဆုံးနေရာဖြစ်သလို အလှဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ ဆင်ဦးခေါင်းသုံးလုံးနဲ့ သဏ္ဍာန်တူတဲ့ အီရာဝမ်ရေတံခွန်ရဲ့ ထိပ်ဆုံးနေရာက တကယ်ကိုခမ်းနားလွန်းလှပါတယ်။ သဘာဝရှုခင်းတွေရဲ့အလှက ရင်သပ်ရှုမော စရာကောင်းလှသလို အန္တရာယ်လည်းများလွန်းလှတာကြောင့် အရေးပေါ်ကယ်ဆယ်ရေး အတွက် ကြိုးတွေ၊ အသုံးပြုရလွယ်ကူတဲ့လှေကားတွေ ထားရှိပေးထားပါတယ်။
အီရာဝမ်ရေတံခွန်ကို အလည်လာရောက်တဲ့အခါ ဂူတွေကိုစူးစမ်းလေ့လာဖို့လည်းမမေ့ဖို့ တိုက်တွန်း လိုက် ပါရစေ။ရေတံခွန်ကျတဲ့လမ်းကြောင်းတစ်လျှောက်မှာ ရှေးကျတဲ့လိုဏ်ဂူ တချို့ရှိပြီး အဲဒီထဲကမှ Mi လိုဏ်ဂူ, Phartat လိုဏ်ဂူ, Reua လိုဏ်ဂူ နဲ့ Ta Duang လိုဏ်ဂူတွေကတော့ ထင်ရှားပြီး သွားရောက်လေ့လာသင့်တဲ့ လိုဏ်ဂူ ၄ ခုပဲဖြစ်ပါတယ်။
ဒါ့အပြင် အီရာဝမ်ရေတံခွန်ဟာ တောနက်ထဲမှာရှိတာဖြစ်တဲ့အတွက် တောရိုင်းတိရစ္ဆာန်တွေရဲ့ အန္တရာယ် ကိုလည်း အထူးသတိထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။
အများအားဖြင့် ဒီလိုတောတွင်းနေရာတွေမှာ လင်းယုန်ငှက်၊ တောဝက်၊ ရေပုတ်သင်ကောင်နဲ့ အပြာရောင် မြေလူးငှက်လေးတွေ အပါအဝင် မျောက်တွေ၊ ငှက်သေးသေးလေးတွေနဲ့ ဆင်တွေ ကိုလည်းတွေ့ ရနိုင်ပါတယ်။ လမ်းတစ်လျှောက် မှတ်တမ်းအနေနဲ့ ရိုက်ကူးထားဖို့အတွက် ကင်မရာကိုလည်း အဆင်သင့်ပြင်ထားဖို့တော့လိုပါလိမ့်မယ်။
အများပြည်သူ ပိတ်ရက်တွေမှာဆိုရင်တော့ အီရာဝမ်ရေတံခွန်ကို လာရောက်လည်ပတ်တဲ့ ဒေသခံတွေရော ကမ္ဘာလှည့်ခရီးသွားတွေရော ပျားပန်းခတ် များပြားလှပါတယ်။ ဒါကြောင့် အေးအေးဆေးဆေး အချိန်ယူပြီး သွားရောက်လေ့လာစူးစမ်းချင်တဲ့သူတွေဆိုရင်တော့ ကြားရက်မနက်ပိုင်းစောစောလေး ရေတံခွန် တောင်တက် ခရီးကိုစတင်နိုင်တာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုလိုပါတယ်။ နောက်ပြီး မုတ်သုံရာသီ ဖြစ်တဲ့ စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်း သွားရောက်လည်ပတ်တာက စိမ်းစိမ်းစိုစိုနဲ့ သဘာဝ ရဲ့အလှတရားတွေကို ရင်သပ်ရှုမောလောက်အောင် တွေ့မြင်ခံစားရမှာ အသေအချာပဲမို့ အဲဒီအချိန် ကိုရွေးချယ်ပြီး သွားကြည့်ဖို့အကြံကောင်းပေးလိုက်ပါစေ။
အီရာဝမ်ရေတံခွန်ကို သွားရောက်မဲ့ ခရီးသွားဧည့်သည်တွေကို ဒီနေရာမှာ တစ်ခုလောက်တော့ သတိပေး ချင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ မိမိတို့ရဲ့အမှိုက်တွေကို အလွယ်တကူ လွှင့်မပစ်ပါနဲ့။ စနစ်တကျ သတ်မှတ်ထားတဲ့နေရာများမှာသာ အမှိုက်ကိုစွန့်ပစ်ပေးပါ။ ရေသန့်ဘူးယူဆောင်သွားမယ်ဆိုရင်လည်း တစ်ဘူးကို ထိုင်းဘတ်ငွေ ၂၀ ပေးဆောင်ရမှာဖြစ်ပြီး ခရီးစဉ်ပြီးဆုံးလို့ ပြန်လာတဲ့အခါ ရေသန့်ဘူးခွံအလွတ်ကို တာဝန်ရှိသူတွေဆီမှာ ပြန်လည်ပေးအပ်ပြီး ပေးသွင်းထားတဲ့ငွေကိုပြန်ထုတ်ယူနိုင်ပါတယ်။ ပြီးတော့ ရေထဲဆင်းဖို့အတွက် ရေကူးအင်္ကျီ၊ ဘောင်းဘီ ယူဖြစ်အောင်ယူသွားပါ။ ခြင်ကိုက်မခံရအောင် လိမ်းဆေးတွေလည်း သတိတရနဲ့ထည့်သွားဖို့ လိုအပ်ပါတယ်။
ဒီခရီးစဉ်ကို ရထားနဲ့လည်း သွား ကြသလို ဘတ်စ်ကား ဒါမှမဟုတ် ကိုယ်ပိုင်အငှားကားတွေနဲ့လည်း သွားကြပါတယ်။ ရထားစီးပြီးသွားမယ်ဆိုရင်တော့ Thonburi ဘူတာကနေတစ်ဆင့် အငှားကားနဲ့ ရေတံခွန်တည်ရှိရာ အီရာဝမ်အမျိုးသားဥယျာဉ်ဆီကို ဆက်သွားရပါမယ်။ ဘတ်စ်ကား နဲ့သွားမဲ့ သူတွေအတွက် ကချနာပူရီကားဂိတ်နဲ့ အီရာဝမ်ရေတံခွန်ကို ပုံမှန်ပြေးဆွဲပေးနေတဲ့ ကားတွေရှိပါတယ်။ ခရီးစဉ်တစ်ကြောင်းစာကို ထိုင်းဘတ်ငွေ ၅၀ ကျသင့်မှာဖြစ်ပြီး နေ့စဉ် မနက် ၈ နာရီဆိုတာနဲ့ ကားတွေစထွက်ပါပြီ။ ရေတံခွန်ကနေ ကချနာပူရီကို ပြန်ဖို့အတွက် နောက်ဆုံးကားက ညနေ ၅ နာရီမှာ ထွက်ပါတယ်။ ကားငှားလာရင်ပဲဖြစ်ဖြစ် ဘတ်စ်ကားစီးလာရင်ပဲဖြစ်ဖြစ် ရေတံခွန်ကိုရောက်ဖို့အတွက် အချိန် ၂ နာရီဝန်းကျင်လောက်တော့ ကြာပါတယ်။
ကိုယ်ပိုင်အငှားကားတွေနဲ့လာတဲ့သူတွေကတော့ ထိုင်းနိုင်ငံရဲ့ကမ်းခြေလမ်းတစ်လျှောက်မောင်းလာခဲ့ရင် အကောင်းဆုံးရှုခင်းတွေကို တွေ့မြင်ခံစားရမှာပါ။ ဘန်ကောက်ကနေ ရေတံခွန်ကို ကားငှားမယ်ဆိုရင် အသွားအပြန်ခရီးစဉ်တစ်ခုလုံးအတွက် ထိုင်းဘတ်ငွေ ၃၆၀၀ လောက်ကျသင့်မှာဖြစ်ပါတယ်။
ကဲ ဒီတော့ လာရောက်လည်ပတ်သူတွေ တစ်နေ့ထက်တစ်နေ့ များလာတဲ့ ထိုင်းနိုင်ငံ၊ ကချနာပူရီက အီရာဝမ်အမျိုးသားဥယျာဥ်ထဲက အီရာဝမ်ရေတံခွန်ဆီကို အပန်းဖြေခရီးတစ်ခေါက်လောက် ထွက်ခဲ့ဖို့အတွက် ခရီးသွားဧည့်သည်တွေကို ဖိတ်ခေါ်လိုက်ပါရစေ။ 💗
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

More Interesting Blogs from Zlann