မြန်မာနိုင်ငံဟာ အာရှတိုက်မှာ ယဉ်ကျေးမှု ဦးစွာဖန်တီးခဲ့ကြတဲ့ နိုင်ငံကြီးတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် အဲဒီနိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေကလည်း အနည်းနဲ့ အများဆိုသလို လွှမ်းမိုးမှု ရှိနေပါတယ်။
နိုင်ငံရဲ့ အဓိကကိုးကွယ်တဲ့ ဗုဒ္ဓအယူဝါဒနဲ့ တကွ အခြားယဉ်ကျေးမှု ဓလေ့ထုံးစံတွေက ဟိန္ဒူယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ ရောထွေးကာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။
အဲဒီလို ဝင်ရောက်လာမှုတွေထဲမှာ ဗေဒင်၊လက္ခဏာ၊နက္ခတ် ပညာရပ်တွေလည်းပါဝင်ပါတယ်။ ဗေဒင်နက္ခတ် ပညာရှိ ပုဏ္ဏားတို့က မြန်မာဘုရင်တွေ လက်အောက် ဝင်ရောက် အမှုထမ်းခဲ့ကြသလို နှစ်သစ်ကူးအတွက် ရိုးကျမ်း၊ ဝေဒင်္ဂကျမ်း၊ အသီတိဓာတ်ကျမ်း တွေနဲ့ မဟာသင်္ကြန်စာတွေထုတ်ဝေကာ စီးပွားရှာခဲ့ကြပါတယ်။ အဲဒီလို ပြုလုပ်ခဲ့ကြတဲ့ အတွက် သင်္ကြန်စာဆိုတာ ပေါ်ပေါက်လာခဲ့ပြီး အစောဆုံးအနေနဲ့ ရတနာပုံခေတ်မှာ ပုံနှိပ်စက်တွေ စတင်ရောက်ရှိလာချိန်ကတည်းက လို့ဆိုပါတယ်။
ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက စတင်ခဲ့တဲ့ သင်္ကြန်စာ ယဉ်ကျေးမှုက သက်တမ်းကြာပြီဖြစ်သလို သူ့ရဲ့ ဩဇာက ကြီးမားလှပါတယ်။
မြန်မာလူမျိုးတို့ ခေတ်အဆက်အဆက် ယုံကြည်ခဲ့ကြတာက သင်္ကြန်ကာလမှာ သိကြားမင်းက တာဝတိံသာမှ လူ့ပြည်ကို ဆင်းလာလေ့ရှိပြီး လူ့ပြည်မှာ ကောင်းမှုကုသိုလ်ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားဖို့အတွက် ဆောင်ရွက်လေ့ရှိတယ်လို့ဆိုပါတယ်။အဲဒီလို ဆင်းလာပြီးတဲ့နောက်မှာ မှတ်တမ်း တွေကို လည်းရေးသွား လေ့ရှိပါတယ်။ကုသိုလ် ကောင်းမှုပြုသူတွေကို ရွှေပေလွှာမှာ ရေးမှတ်လေ့ရှိပြီးတော့ အကုသိုလ် အမှုပြုသူတွေ ကိုတော့ ခွေးသားရေမှာ ရေးမှတ်လေ့ရှိတယ်လို့ အစဉ်အဆက် ပြောဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ သင်္ကြန်ကာလ လူပြည့်ဆင်းလာတဲ့သူဟာ သိကြားမင်းမဟုတ်ဘဲ “ ဘာဏုရာဇာ ” လို့အမည်ရတဲ့ တနင်္ဂနွေဂြိုဟ် မင်းသာဖြစ်တယ်လို့ နက္ခတ်ဗေဒင် ကျွမ်းကျင်သူတွေက ဆိုပါတယ်။
သင်္ကြန်စာမှာ တနင်္ဂနွေဂြိုဟ်မင်း က ဘာကိုစီးပြီး လူ့ပြည်ဆင်းသလဲ။ ဘယ်ဘက်လက်က ဘာကိုင်ပြီး ညာဘက်လက်က ဘာကိုင်ထား တာလဲ။ သိကြားမင်းကိုင်တဲ့ ပစ္စည်းပေါ်မူတည်ပြီး လူ့အဖွဲ့အစည်း ပေါ်သက်ရောက်မှုရှိမယ် လို့ ဟောချက်တွေလည်းရှိပါတယ်။
သိကြားမင်း မီးဒုတ်ကိုင်ဆင်းတဲ့ နှစ်တွေမှာ မီးလောင်မှုတွေ ဖြစ်ပွားမှု များနိုင်တယ်လို့ ဟောပြောမှုတွေရှိသလို စစ်လက်နက် ပစ္စည်းတွေ ဖြစ်တဲ့ ဓား၊ လှံ၊ လေး၊ မြား၊ သံလျက်တွေ ကိုင်ပြီး ဆင်းမယ်ဆိုရင်တော့ စစ်မက် ထူပြောလိမ့်မယ်လို့ ဆိုကြပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ တနင်္ဂနွေဂြိုဟ်မင်းက နဂါး ကိုစီးပြီး လက်တစ်ဖက်က မြား ကျန်လက်တစ်ဖက်က လွှား ကိုကိုင်ထားတယ်လို့ သင်္ကြန်စာမှာ ဖော်ပြထားပါတယ်။
သင်္ကြန်စာ မှာ ဖော်ပြချက်တွေအရ အတာ စားတဲ့နေ့၊ နံတွေက ညံ့တယ်လို့အယူရှိကြပါတယ်။အတာ ဆိုတာက ” နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ”ကို ဆိုလိုခြင်း ဖြစ်ပြီး သင်္ကြန်အတတ်နေ့နဲ့ မွေးနေ့တိုက်ဆိုင်သူတွေကို အတာသင့်တယ်လို့ ဆိုပါတယ်။အဲဒီနေ့နံတွေကို အတာစား တယ်လို့ဆိုပြီး ၂၀၂၄ ခုနှစ်မှာတော့ အတတ်နေ့က အင်္ဂါ နေ့ဖြစ်တဲ့အတွက် အခုနှစ်မှာတော့ အင်္ဂါသားတွေ အတာစားတယ်လို့ဆိုပါတယ်။
သင်္ကြန်စာမှာ မိုးဦး၊မိုးလယ်၊ မိုးနှောင်း အချိန်တွေမှာ မိုးရွာသွန်းမဲ့ အချိန်တွေကို ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။ ရှေးယခင် ဘိုးဘွားတွေခေတ်က သင်္ကြန်စာကို ယုံလည်းယုံကြည်ကြသလို သင်္ကြန်စာကို ကြည့်ပြီး စိုက်ပျိုး ၊ ရိတ်သိမ်းဖို့ ပြင်ဆင်ကြပါတယ်။ ပေါကုန်၊ ရှားကုန် တွေကိုကြည့်ပြီးတော့လည်း အရောင်းအဝယ် ပြုလုပ်ကြ ပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ မိုးဦး၊မိုးလယ်ကောင်းအံ့၊မိုးနှောင်းတုံ့အံ့ လို့ သင်္ကြန်စာမှာ ဖော်ပြထားပါတယ်။
သင်္ကြန်စာထဲမှာ တစ်စုံတစ်ဦးမျှ ကြိုတင်မသိရှိနိုင်တဲ့ ငလျင်လှုပ်ခတ်နိုင်မှု အခြေအနေတွေကိုလည်း ထည့်သွင်း ဖော်ပြထားသလို (၇)ရက်သားသမီးတွေ တစ်နှစ်တာကာလအတွင်း တွေ့ကြုံနိုင်တာတွေကိုလည်း ကြိုတင် ဟောကိန်းထုတ်ထားပါတယ်။
မြို့ပြတွေမှာထက် ကျေးလက်တောရွာတွေမှာ သင်္ကြန်စာက ပိုလွှမ်းမိုးမှုရှိသလို ကျေးလက်ဒေသ နေအိမ်တွေက တစ်အိမ်ကို တစ်စောင်နီးပါးလောက် ဝယ်ယူဖတ်ရှုလေ့ရှိပါတယ်။လက်ရှိ အချိန်မှာတော့ သင်္ကြန်စာရဲ့ အခန်း ကဏ္ဍ က မှေးမှိန်လာသလို ဝယ်ယူဖတ်ရှုမှုတွေလည်းနည်းပါးလာပါတယ်။အဲဒီလို ဝယ်ယူဖတ်ရှုမှုနည်းပါး လာမှုနဲ့အတူ သင်္ကြန်စာ ရောင်းချသူတွေလည်း နည်းပါးလာပါတယ်။
ယခင်က ရထားတွေပေါ်၊ဘတ်စ်ကားတွေပေါ်၊လမ်းမတွေပေါ် အော်ဟစ်ရောင်းချ နေကြတဲ့ “ သင်္ကြန်စာ တွေ သင်္ကြန်စာ တွေ လာပြီဗျို့ ”ဆိုတဲ့ အသံတွေက တဖြည်းဖြည်း ဆိတ်သုဉ်း ပျောက်ကွယ်လာပြီဖြစ်ပါတယ်။