ကျောက်ခေတ်လူသားတို့နေထိုင်ခဲ့ရာအရပ်အဖြစ် ယုံကြည်ထားကြတဲ့ ‘ပုပ္ပါးတောင်’ 🌄

“သိုးကလေ၊ ပုပ္ပားနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့် ယိုးမှား၊ ပန်းစံကား” ဆိုတဲ့ကဗျာစာသားလေးကိုတော့ စာဖတ်သူ ပရိသတ်တို့အနေနဲ့ အထိုက်အလျောက် ရင်းနှီးထားပြီး ဖြစ်မယ်လို့ ထင်ပါတယ်။ ပုပ္ပါးတောင်ဒေသတစ်ဝိုက်ဟာဆိုရင် စံကားဝါပန်းတွေလှိုင်လှိုင်ဖူးပွင့်တဲ့ အချိန်ရောက်တိုင်း ရွှေတောင်ကြီးတစ်ခုအလား ဝါဝင်းထိန်လင်းနေတာကြောင့် ရှေးစာဆိုတို့က ပုပ္ပါးကို “စကားဝါမြေရွှေပုပ္ပါး” လို့ တင်စားခေါ်ဝေါ်ခဲ့ကြပြီး ပုပ္ပားဆိုတဲ့စကားလုံးကတော့ “ပန်း” လို့ အဓိပ္ပာယ် သက်ရောက်တဲ့ “ပုပ္ပ” ဆိုတဲ့ ပါဠိစကားကနေဆင်းသက်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းမှာတည်ရှိတဲ့ ပုပ္ပါးတောင်ဟာဆိုရင် ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြားထိုးထွက်လျက်ရှိနေတဲ့ မီးတောင်ဟောင်းကြီးတစ်ခုဖြစ်ပြီး အမြင့်အားဖြင့်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေအမြင့်ရှိပါတယ်။ လူတွေအများစုကတော့ ပုပ္ပါးတောင်လို့ဆိုလိုက်တာနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စေတီဘုရားပုထိုးတွေ၊ နတ်ကွန်းတွေရှိနေတဲ့ တောင်ကလပ်ကိုသာ အရင်ဆုံးပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ပုပ္ပါးတောင်ကလပ်ဆိုတာက ပုပ္ပါးတောင်မကြီး မီးတောင်အဖြစ်ရှိနေစဉ်အချိန်တုန်းကတည်ရှိခဲ့တဲ့ ချော်ရည်တိုင်သာဖြစ်တယ်လို့ ဆိုထားကြပြီး တချို့တွေကလည်း တောင်မကြီးပေါက်ကွဲရာကနေ ပဲ့ထွက်လာတဲ့အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်လို့ပြောစမှတ်ပြုထားကြပါတယ်။ အဲဒီတောင်ကလပ်ရဲ့အမြင့်က ၂၄၁၇ ပေ ရှိတယ်လို့ဆိုပါတယ်။
ပုပ္ပါးတောင်ရဲ့ မီးတောင်ထိပ်၀ဟာဆိုရင် တစ်မိုင်ခွဲခန့်အကျယ်ရှိပြီး ပေ ၂၀၀၀ ကနေ ၃၀၀၀ ခန့်အထိ နက်ရှိုင်းတဲ့ချောက်ကမ်းပါးကြီးဖြစ်ပါတယ်။ အဲဒီချောက်ကြီးကိုတော့ “ချုံမတွင်းချောက်” လို့လည်းခေါ်ကြပါတယ်။ မီးတောင်ကတော့ထိပ်၀ဟာ တောင်ရဲ့မြောက်ဘက်အခြမ်းမှာ အနောက်ဘက်ကို အနည်းငယ်ယွန်းကာ နိမ့်ဆင်းလျက်ရှိပြီး တောင်ဘက်၊ အနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းတို့မှာတော့ မြင့်မားမှုရှိပါတယ်။ ဒါကြောင့် ပုပ္ပါးတောင်ကို အနောက်ဘက်ကနေကြည့်ရင် တောင်ထွတ်နှစ်ခုကို မြင်ရမှာဖြစ်ပြီး မြောက်ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ တောင်ထွတ်တစ်ခုတည်းကိုသာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုပ္ပါးတောင်မှာ တောင်ထွက်ကတစ်ခုတည်းရှိတာမဟုတ်ဘဲ စပါးပုံတောင်၊ ရေတွင်းတောင်၊ ဆေးပွင့်တောင်၊ လပို့တောင်၊ မှန်တောင်၊ မောင်းတောင်ငုတ်တိုတောင်၊ စိန်တောင်၊ မာလာတောင်၊ ကင်ပွန်းတောင်ဆိုတဲ့ တောင်စွယ်တွေလည်း များစွာရှိတယ်ဆိုတာကို မှတ်သားထားသင့်ပါတယ်။ ပုပ္ပါးတောင်ရဲ့ တည်နေရာဟာ မြေပြန်ဒေသဖြစ်တဲ့အလျောက် တောင်ထူထပ်မှုလည်း အများအပြားမရှိတဲ့နေရာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရာသီဥတုသာသာယာယာနဲ့ ကောင်းမွန်တဲ့အချိန်မျိုးတွေမှာဆိုရင် ပုပ္ပါးတောင်ကို ၃၇ မိုင်အကွာ မှာရှိတဲ့ ဧရာ၀တီမြစ်ကနေ တွေ့မြင်ရတတ်တယ်လို့ဆိုကြပါတယ်။
ပုပ္ပါးတောင် စတင်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးဖော်ပြထားချက်တွေမှာတော့ ဘူမိဗေဒပညာရှင်တွေရဲ့ ခန့်မှန်းသုံးသပ်မှုတွေလည်းရှိသလို ရှေးလူကြီးတို့လက်ဆင့်ကမ်းပြောခဲ့ကြတဲ့ ဒဏ္ဍာရီရာဇဝင်တွေလည်း ရှိလို့နေပါတယ်။ ဘူမိဗေဒပညာရှင်တို့ရဲ့ ဆိုစကားအရဆိုရင် ပုပ္ပါးတောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ သန်း လောက်ကတည်းက စတင်ပေါ်ထွန်းခဲ့တာဖြစ်ပြီး ရာဇဝင်ဆရာတို့ကတော့ ဂေါတမမြတ်စွာဘုရားရဲ့ ဗျာဒိတ်တော်နဲ့ပေါ်ထွန်းလာခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဦးကုလား ရေးသားခဲ့တဲ့ မဟာရာဇဝင်ကြီးထဲမှာဆိုရင် ဂေါတမမြတ်စွာဘုရားဟာ ဘုရားအဖြစ်ကိုရောက်ရှိတော်မူပြီးနောက် သုနာပရန္တတိုင်းနဲ့ တမ္ပဒီပတိုင်းတို့ဆီ ကြွချီတော်မူခဲ့ပြီး ဖိုဦးတောင်ထိပ်မှာ ရပ်တော်မူကာ “သာသနာနှစ် (၁၀၁) ခုတွင် ပုပ္ပါးတောင်မြေမှစုန့်စုန့်ပေါ်မည်” လို့ ဗျာဒိတ်ပေးတော်မူခဲ့ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီဖော်ပြချက်ဟာ ဘူမိဗေဒပညာရှင်တို့ရဲ့အဆိုနဲ့ နှစ်ပေါင်းများစွာ ကွာဟမှုတွေ ရှိတယ်ဆိုပေမဲ့လည်း ပုပ္ပါးတောင်ပေါ်ပေါက်လာပုံနဲ့ သဘောသဘာ၀ချင်းတူညီမှုရှိတယ်လို့ ဆိုကြပါတယ်။
ပုပ္ပါးတောင်နဲ့ပတ်သက်လို့ သမိုင်းသုတေသီတွေရဲ့ကောက်ချက်ချမှုကတော့ အထက်ဖော်ပြပါအချက်တွေနဲ့ အနည်းငယ်မျှကွဲလွဲမှုတွေရှိလို့နေပါတယ်။ အဲဒါကတော့ ပုပ္ပါးတောင်ဟာ ကျောက်ခေတ်ဦး အညာသား ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ချောက်၊ ရေနံချောင်းတို့နဲ့ ရေမြေတစ်ဆက်တည်းစပ်ဆက်လျက်ရှိနေတာကြောင့် ကျောက်ခေတ် အချိန်ကတည်းက လူသားတို့နေထိုင်လာခဲ့တဲ့နေရာဖြစ်တယ်ဆိုတာပါပဲ။ ကျောက်ခေတ်တုန်းက အသုံးပြုခဲ့တဲ့ လက်နက်တွေကိုလည်း အဲဒီနယ်ဒေသဝန်းကျင်အနှံ့မှာ တွေ့ရှိခဲ့ဖူးတာကြောင့် သမိုင်းသုတေသီ တွေအနေနဲ့ အခုလိုယုံကြည်ထားကြတာဖြစ်နိုင်ပြီး အမေရိကန်လူမျိုး သုတေသနပညာရှင်တစ်ယောက်ဖြစ်တဲ့ Movius ကတော့ ပုပ္ပါးနယ်ဒေသတစ်ဝိုက်မှာ ကျောက်ခေတ်လူနေထိုင်မှုရှိခဲ့ကြောင်းကို ကိုးကားချက်တွေနဲ့တကွ အခိုင်အမာဆိုထားခဲ့ဖူးပါတယ်။
ဒဏ္ဍာရီရာဇဝင်တွေမှာတော့ ခရစ်တော်မပေါ်မီ အနှစ် ၄၄၃ နှစ်အချိန်တုန်းက ဧရာ၀တီမြစ်ရိုးရဲ့အလယ်ပိုင်းမှာ တစ်ညတည်းနဲ့ အံ့ဖွယ်ငါးရပ်ဖြစ်ပေါ်ခဲ့တယ်လို့ ပုပ္ပါးတောင်ပေါ်ပေါက်လာပုံနဲ့ပတ်သက်ပြီး ဖော်ပြခဲ့ကြပါတယ်။ အဲဒီအံ့ဖွယ် ငါးရပ်ကတော့ –
(၁) အသံကြီးစွာမြည်လျက် မြေငလျင်လှုပ်ခဲ့သည်။
(၂) ဖိုးဥမောင်အရပ်မှ ရေအိုင်ကြီးတစ်အိုင်ပေါ်လာခဲ့သည်။
(၃) စမုံ၊ စမြိတ် မြစ်နှစ်စင်းစီးဆင်းလာသည်။
(၄) ပုပ္ပါးတောင် မြေကထွက်လာသည်။
(၅) သရေခေတ္တရာဒေသဝန်းကျင်က ပင်လယ်သည် ခမ်းခြောက်သွားသည် လို့ ဖော်ပြထားခြင်းဖြစ်ပါတယ်။
မြို့ပြနိုင်ငံတွေစတင်ထွန်းကားတဲ့ ပျူခေတ်ကာလတုန်းကတော့ ပုပ္ပားတောင်နဲ့ ရှေးဟောင်းမြို့ပြနိုင်ငံတွေရဲ့ တည်နေရာတွေက အလှမ်းကွာဝေးမှုရှိနေတာဖြစ်တဲ့အတွက် အဲဒီအချိန်တုန်းက ပုပ္ပားတောင်ဟာ ဘယ်လို အခြေအနေမျိုးနဲ့တည်ရှိနေတယ်ဆိုတာကို ခန့်မှန်းဖို့ခက်လှပါတယ်။ ဒါပေမဲ့ မြန်မာရာဇဝင်ကျမ်းတွေထဲမှာ ပါဝင်တဲ့ ပုဂံခေတ်ကာလအပိုင်းအခြားမှာတော့ ပုပ္ပါးတောင်ကို သာမန်ထပ်ပိုပြီး အလေးထားဖော်ပြထားတာ တွေ့ရတဲ့အတွက် အဲဒီဒေသတစ်ဝိုက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအချိန်ကတည်းက လူနေထိုင်မှု စဉ်ဆက်မပြတ် ရှိခဲ့တဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကို ခန့်မှန်းသိရှိနိုင်ပါတယ်။ ဒါ့အပြင် မြန်မာရာဇဝင်ကျမ်းတွေရဲ့အဆိုအရ ပုပ္ပါးတောင်ဟာ ပုဂံခေတ်မှာထင်ရှားတဲ့အချက်သုံးချက်ရှိခဲ့ပါတယ်။ အဲဒီအချက်တွေကတော့ (၁) ပျူမင်းထီး လက်ထက်မှစ၍ ပုဂံမင်းများ နှစ်စဉ်ပုပ္ပါးတောင်တက်ပွဲကျင်းပခဲ့ခြင်း၊ (၂) နတ်တောင်ဟု အတိအလင်း ဖော်ပြလာခြင်းနဲ့ (၃) နိုင်ငံရေးအရ ကျောထောက်နောက်ခံနယ်အဖြစ် အရေးပါလာခြင်းတို့ပဲဖြစ်ပါတယ်။
“အညာမြေရဲ့အိုအေစစ်” လို့လည်းတင်စားခံထားရတဲ့ ပုပ္ပါးတောင်မှာ သဘာ၀အတိုင်းစိမ့်ထွက်နေတဲ့ ရေထွက်ပေါက်အရေအတွက် ၂၀၀ ခန့်ရှိပြီး အဲဒီထဲကမှ မောင်တော်ရေထွက်၊ နှမတော်ရေထွက်၊ င၀စမ်းရေထွက်၊ ရေဆူရေထွက်နဲ့ ကြို့ချောင်းရေထွက်တို့ကတော့ လူသိများထင်ရှားပါတယ်။ ဒါ့အပြင် “စကားဝါမြေရွှေပုပ္ပါး” ဆိုတဲ့အတိုင်း တောင်ပတ်ဝန်းကျင်တစ်ခွင်မှာလည်း ရွှေဝါရောင်စံကားဝါပန်းတို့က ပွင့်လန်းလို့နေတာကြောင့် သဘာ၀အလှတရားကို နှစ်သက်မြတ်နိုးသူတွေအတွက်ကတော့ ပုပ္ပါးမြေဟာ သွားရောက်လည်ပတ်အနားယူဖို့ ကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ ပုပ္ပါးမြေဟာ သဘာ၀စိမ့်စမ်းရေပေါများတဲ့အပြင် နောက်ထပ်ထူးခြားချက် တွေအနေနဲ့လည်း သံသတ္တုမထွက်ခြင်း၊ မြေအိုး/မြေခွက်လုပ်ငန်းဖြင့် မကြီးပွားနိုင်ခြင်း၊ မြွေဆိုးမရှိခြင်းနဲ့ ဆေးဘက်ဝင်အပင်တွေပေါများစွာပေါက်ရောက်ရှင်သန်ခြင်း တို့လို အံ့ဖွယ်အချက်တွေရှိတယ်လို့ ဆိုပါတယ်။
နို့တိုက်သတ္တဝါ ၁၀ မျိုး၊ ငှက်မျိုးစိတ် ၁၈၅ မျိုး၊ လိပ်ပြာမျိုးပေါင်း ၁၀၀၊ အပင်မျိုးစိတ် ၃၀၀၊ သစ်ခွမျိုးစိတ် ၈၆ မျိုးနဲ့ ဆေးဖက်ဝင်အပင်ပေါင်း ၃၆၃ မျိုးတို့ ရှင်သန်လျက်ရှိနေတဲ့ ပုပ္ပါးတောင်ကိုတော့ ၁၉၈၉ ခုနှစ်မှာ ဘေးမဲ့တောဥယျာဉ်အဖြစ် သစ်တောဦးစီးဌာနမှ သတ်မှတ်ခဲ့ပါတယ်။ မီးတောင်ဝကြီးထဲမှာရှိတဲ့ လျှိုမြောင်၊ ချိုင့်ဝှမ်းတွေထဲမှာဆိုရင်တော့ ကမ္ဘာပေါ်က‌နေ မျိုးသုဉ်းပျောက်ကွယ်တော့မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါးမျောက်မျက်ကွင်းဖြူ အကောင် ၅၀၀ ခန့် နေထိုင်ကျက်စားလျက်ရှိ ပါတယ်။ ဒါကြောင့် ပုပ္ပါးတောင်မှာ မျောက်မျက်ကွင်းဖြူတွေရဲ့ နေထိုင်စားသောက်မှုကို လေ့လာခြင်း၊ မြန်မာ့ရွှေသမင်ခြံဆီကို လည်ပတ်ခြင်း၊ မြင်းစီးလည်ပတ်ခြင်းနဲ့ ရှားပါးစန္ဒကူးခြံတွေ၊ ပရဆေးဥယျာဉ်တွေ၊ ဒေသခံတွေရဲ့ မိရိုးဖလာ သယံဇာတအသုံးပြုမှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို လွတ်လပ်စွာကြည့်ရှုလေ့လာခြင်းတို့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုတေသနပြုလုပ်လိုသူတွေအနေနဲ့လည်း မျောက်မျက်ကွင်းဖြူတို့ရဲ့ ဂေဟဗေဒနဲ့ ဇီဝဗေဒ ဆိုင်ရာအချက်အလက်တွေ၊ ပျံ့နှံ့နေတဲ့လိပ်ပြာမျိုးစိတ်တွေ၊ ဆေးဖက်ဝင်အပင်နဲ့ သစ်ခွပန်းပင်တွေ၊ ပင်လယ်ရေ မျက်နှာပြင်အမြင့်အလိုက်တောပြောင်းလဲမှုအခြေအနေနဲ့ သဘာဝရေထွက်စမ်းတွေကို လေ့လာနိုင်ဦး မှာဖြစ်ပါတယ်။
ပုပ္ပါးတောင်တည်ရှိရာအရပ်က ရာသီဥတုအပူရှိန်ပြင်းလွန်းတဲ့ အညာဒေသဖြစ်တယ်ဆိုပေမဲ့လည်း တောင်မကြီး ရဲ့ ကြီးမားလွန်းတဲ့အရိပ်အာဝါသကြောင့် နွေရာသီအချိန်မှာတောင် အပူလွန်ကဲမှု မရှိဘူး လို့ဆိုပါတယ်။ ဒီလိုမျိုး ရာသီဥတုမှန်ကန်တဲ့အတွက်လည်း ပုပ္ပားနယ်တစ်ဝိုက်ဟာ ဥယျာဉ်ခြံမြေပေါများပြီး အလှသစ်ပင်ပန်းမန်တွေနဲ့ သီးပင်စားပင်တွေ ပေါကြွယ်၀တဲ့ဒေသဖြစ်တာကိုတွေ့ရပါတယ်။ ဒါကြောင့် ပုပ္ပါးတောင်ဆိုတာဟာ မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ လွတ်မြောက်ရာနေရာ၊ သဘာ၀အလှတရားတွေကို မြင်တွေ့ခံစားလို့ရနိုင်တဲ့ “အညာမြေရဲ့အိုအေစစ်” တစ်ခုဖြစ်တယ်လို့ဖော်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

More Interesting Blogs from Zlann