ရင်သပ်ရှုမောစရာအလှအပြည့်နဲ့ အိန္ဒိယသမုဒ္ဒရာထဲက မောရစ်ရှ ကျွန်းနိုင်ငံ ===============================================ကမ္ဘာ့နိုင်ငံအတော်များများမှာ အံအားသင့်ဖွယ်ကောင်းတဲ့ တောင်တန်းတွေ၊ ကျွန်းဆွယ်တွေ၊ ရေတံခွန်တွေနဲ့ သန္တာကျောက်တန်းတွေရှိတယ်ဆိုတာတော့ လူတိုင်းသိကြမှာပါ။ ဒါပေမဲ့ မျက်စိနဲ့မြင်ရင်တောင် မယုံကြည်နိုင် လောက်စရာကောင်းတဲ့ အရာတစ်ခုကတော့ မောရစ်ရှလို့ခေါ်တဲ့ ကျွန်းနိုင်ငံလေးမှာ ရှိနေပါတယ်။ အဲဒါကတော့ သမုဒ္ဒရာရေအောက်မှာ စီးဆင်းနေတဲ့ ရေအောက်ရေတံခွန်ပဲဖြစ်ပါတယ်။ ဒါ့အပြင် လှပလွန်းတဲ့ ကမ်းခြေတွေ၊ သန္တာကျောက်တန်းတွေနဲ့ ထူးဆန်းလွန်းတဲ့ ကမ္ဘာ့မြေခုနစ်ရောင်ဖုံးလွှမ်းထားတဲ့နေရာတွေ စတဲ့ အံ့အားသင့်ဖွယ် နေရာများစွာရှိနေတဲ့ မောရစ်ရှကျွန်းနိုင်ငံလေးအကြောင်းကို လေ့လာလို့ရအောင် ရှာဖွေတင်ဆက်ပေးလိုက် ပါတယ်။ မောရစ်ရှဆိုတာကတော့ အာဖရိကတိုက်အတွင်းမှာတည်ရှိနေတဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပြီး လူနေထူထပ်တဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ အရှေ့တောင်ဘက်ကမ်းရိုးတန်း၊ အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ရှိပြီး မာဒါဂတ်စကာ(Madagascar)ကျွန်းရဲ့ အရှေ့ဘက် မိုင်ပေါင်း ၁၁၀၀ ခန့်(ကီလိုမီတာ ၂၀၀၀ ခန့်) အကွာမှာရှိနေတာဖြစ်ပါတယ်။အဓိကအားဖြင့် မောရစ်ရှကျွန်းအပါအဝင် ရိုးဒရစ်ဂျ်ကျွန်း(Rodrigues)၊ အာဂါလီဂါကျွန်း(Agaléga)၊ ကာဂါဒို ကာရာဂျိုကျွန်း(Cargados Carajos)လို့ခေါ်ကြတဲ့ စိန့်ဘရန်တန်ကျွန်း (St.Brandon) တို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ မောရစ်ရှသမ္မတနိုင်ငံ(the Republic of Mauritius) လို့သိကြပါတယ်။ နိုင်ငံရဲ့ ဧရိယာအကျယ်အဝန်းကတော့ စတုရန်းမိုင်ပေါင်း ၇၉၀( စတုရန်းကီလိုမီတာ ၂၀၄၀ )ရှိပြီး လူဦးရေ ၁.၃ သန်းနီးပါးလောက်နေထိုင်ကြပါတယ်။ နိုင်ငံရဲ့ တစ်မိုင်ပတ်လည်အတွင်းနေထိုင်သူ ဦးရေ ၁၆၀၀ ခန့်ရှိပါတယ်။ မြောက်ပိုင်း လွင်ပြင်ဒေသ၊ အလယ်ပိုင်းကုန်းမြင့်ဒေသတို့နဲ့ ဖွဲ့စည်းထားပြီး ကျွန်းတွေရဲ့ ကမ်းရိုးတန်းမှာလည်း သန္တာ ကျောက်တန်းတွေ ဝန်းရံထားပါတယ်။ နိုင်ငံရဲ့ ရုံးသုံးဘာသာစကားအဖြစ် တရားဝင်သတ်မှတ်ထားတာမျိုး မရှိပေမဲ့ ၉၀ ရာခိုင်နှုန်းလောက်ကတော့ ပြင်သစ်ဘာသာစကားကို အခြေခံတဲ့ မောရစ်ရှကျွန်းသား ဘာသာ စကားကို သုံးကြပါတယ်။ မောရစ်ရှနိုင်ငံရဲ့ မြို့တော်မှာ နိုင်ငံရဲ့ အကြီးဆုံးဖြစ်တဲ့ ပေါ့တ်လူးဝစ်(Port Louis) မြို့ဖြစ်ပြီးအခြားထင်ရှားတဲ့ မြို့တွေကတော့ ဗာဂိုအက်စ် ဖီးနစ်(Vacoas-Phoenix)နဲ့ ဗို့ဗက်စင် ရိုစ်ဟေး(Beau Bassin-Rose Hill) တို့ပဲဖြစ်ပါတယ်။ မောရစ်ရှကျွန်းနိုင်ငံလေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ သန်းနီးပါးလောက်ကတည်းက ရှိခဲ့တဲ့မီးတောင်ကျွန်း ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထားကြပါတယ်။ ကျွန်းကို စတင်တွေ့ရှိခဲ့တာတော့ အေဒီ ၁၀ ရာစုခန့်က အာရပ်သင်္ဘောသားတွေပဲဖြစ်ပါတယ်။ လူသူမရှိတဲ့ ကျွန်းကို ဒီနာအာရိုဘီ(Dina Arobi) လို့အမည်ပေးခဲ့ ကြပါတယ်။ အဲဒီနောက် ၁၆ ရာစုမှာတော့ ပေါ်တူဂီသင်္ဘောသားတွေက ကျွန်းကိုလှည့်ပတ်ရောက်ရှိလာကြပြီး ပေါ်တူဂီရေကြောင်းခရီးသွားသူ ဒီရိုဂို ဖာနန်ဒတ်စ် ပယ်ရီရာ(Diogo Fernandes Pereira) က အဲဒီကျွန်းကို ပေါ်တူဂီဘာသာစကားအရ ‘Ilha do Cisne’ လို့အမည်ပေးခဲ့ပြီး အဓိပ္ပာယ်ကတော့ ငန်းကျွန်း(Island of Swan)ပဲဖြစ်ပါတယ်။ ၁၆ ရာစုနှောင်းပိုင်း ရောက်တဲ့အခါမှာတော့ အဲဒီကျွန်းလေးဟာ ဒတ်ချ်တို့ရဲ့ လက်အောက်ကို ရောက်ရှိသွား ရပါတယ်။ အဲဒီနောက် ဒတ်ချ်တွေဟာ သူတို့ရဲ့ ပိုင်နက်အနေနဲ့ သတ်မှတ်လိုက်ပြီး မာဒါဂတ်စကာ (Madagascar)ကျွန်းက ကျွန်းသား ၃၀၀ ကျော်ကို ကျွန်တွေအဖြစ်နဲ့ ဖမ်းဆီးခေါ်ဆောင်ပါတယ်။ နောက်တော့ ကျွန်းပေါ်မှာ ကြံစိုက်ခင်းတွေကို အကြီးအကျယ်စိုက်ပျိုးကြပါတယ်။ ဒတ်ချ်ဘုရင်ဖြစ်တဲ့ မောရစ်(Maurice of Nassau)ကို ဂုဏ်ပြုတဲ့အနေနဲ့ မောရစ်ကျွန်းလို့ ခေါ်ခဲ့ကြပါတယ်။ ဒါ့အပြင် ၁၇၅၅ ခုနှစ်က ထုတ်ဝေခဲ့တဲ့ အင်္ဂလိပ်ဆောင်းပါးတစ်ပုဒ်မှာတော့ အဲဒီကျွန်းကို မျောက်ကျွန်းလို့ခေါ်တယ်လို့ ရေးသားထားပါတယ်။ အကြောင်းကတော့ ဒတ်ချ်တို့မရောက်ခင်က ပေါ်တူဂီသင်္ဘောသားတွေဟာ အမြီးရှည်မျောက်တွေကို ယူဆောင်လာခဲ့တာကြောင့်ပါ။ နောက်ပြီး အဲဒီမျောက်တွေဟာ ကျွန်းပေါ်ကရှိရှိသမျှ အရာတွေအကုန်လုံးကို ဖျက်ဆီးပစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ နောက်တော့ ပြင်သစ်တို့ဟာ မောရစ်ကျွန်းရဲ့ အနီးက ယခု ရီယူနီယမ်ကျွန်း(Réunion)လို့ခေါ်တဲ့ ဘော်ဘွန်ကျွန်း(Île Bourbon)ကို ထိန်းချုပ်ပြီးတဲ့နောက်တော့ တစ်ဆက်တည်း မောရစ်ကျွန်းကို ပါ ကိုလိုနီပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း သိပ်မကြာခင် ဗြိတိသျှတို့နဲ့ပါရီစာချုပ်ချုပ်ဆိုရတဲ့ အခါမှာတော့ မောရစ်ကျွန်းရဲ့ ပိုင်ရှင်ကပြောင်းသွားခဲ့ပြန်ပါတယ်။ ဗြိတိသျှတို့လက်ထက်ရောက်မှ ကျွန်းနိုင်ငံကိုမောရစ်ရှလို့ ပြောင်းခဲ့တာဖြစ်ပါတယ်။ ဗြိတိသျှတို့ကတော့ ကျွန်စနစ်ကို ဖျက်သိမ်းပြီး အိန္ဒိယနဲ့ အာဖရိကတိုက်သား အမြောက်အမြားကို ခေါ်ယူကာ စိုက်ပျိုးရေးကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ခဲ့ကြပါတယ်။ မောရစ်ရှကျွန်းလေးဟာ နှစ်ပေါင်း ၁၀၀ ကျော်လာက် ဗြိတိသျှတို့လက်အောက်မှာ သကြားအဓိကထုတ်တဲ့ နယ်မြေတစ်ခုအဖြစ် ရပ်တည်ခဲ့ရပါတယ်။ ၁၉၆၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာတော့ မောရစ်ရှကျွန်းနိုင်ငံလေးဟာ ဗြိတိသျှတို့လက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့ပါတယ်။ မောရှစ်ရှသမ္မတနိုင်ငံအဖြစ်တော့ ၁၉၉၂ ခုနှစ်၊ မတ်လ ၁၂ ရက်ရောက်မှ ပြောင်းလဲ နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တစ်ပြည်ထောင်ရွေးကောက်ခံ သမ္မတစနစ်ကို ကျင့်သုံးပါတယ်။ နိုင်ငံလူဦးရေရဲ့ ၆၇%က အိန္ဒိယအနွယ် အင်ဒို-မောရစ်လူမျိုးတွေဖြစ်ပြီး အာဖရိကအနွယ်ဝင် မောရစ်ရှန် ခရိအို(Mauritian Creoles)လူမျိုးက ၂၈%နဲ့ အခြားလူမျိုး အနည်းငယ်လည်းနေထိုင်ကြပါတယ်။ ကိုးကွယ်ရာ ဘာသာကတော့ ဟိန္ဒူဘာသာ ၄၈.၅ ရာခိုင်နှုန်း၊ ခရစ်ယာန် ၃၃ရာခိုင်နှုန်း၊ အစ္စလာမ် ၁၇.၃ရာခိုင်နှုန်း နဲ့ အခြားဘာသာဝင် ၁.၄၅% တို့ဖြစ်ကြတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပေမယ့်လည်း စီးပွားရေးအသင့်အတင့်ကောင်းမွန်ပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှ GDP အရဆိုရင်တော့ အာဖရိကတိုက်ရဲ့ ဒုတိယအချမ်းသာဆုံးနိုင်ငံ လည်းဖြစ်ပါတယ်။ နိုင်ငံရဲ့ အဓိကစီးပွားရေးအနေနဲ့ စိုက်ပျိုးရေး၊ အစားအစာနဲ့ သကြားထုတ်လုပ်ရေး၊ အဝတ်အထည်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေအပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြပါတယ်။ သုံးစွဲတဲ့ ငွေကြေးယူနစ်ကတော့ မောရစ်ရှန်ရူပီး(Mauritian rupee) MUR ကိုသုံးစွဲကြပါတယ်။ ရာသီဥတုကတော့ ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ အပူပိုင်းဇုန်ထဲမှာရှိတာကြောင့် အပူပိုင်းရာသီဥကို ရရှိပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကသတ်မှတ်ပေးခဲ့တဲ့ လေထုအရည်အသွေး စိစစ်သတ်မှတ်ပေးတဲ့ စံညွှန်းကိန်းအဆင့်( Air quality index) ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ သစ်တောဖုံးလွှမ်းမှုပမာဏကို တိုင်းတာတဲ့ စံညွှန်းကိန်း(Forest Landscape Integrity Index)အရ စုစုပေါင်း အညွှန်းကိန်း ၁၀ မှာ ၅.၄၆ ရှိပြီး နိုင်ငံပေါင်း ၁၇၂ နိုင်ငံအတွင်း အဆင့် ၁၀၀ မှာရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ပူနွေးစိုစွတ်တဲ့ နွေရာသီနဲ့ အေးမြခြောက်သွေ့တဲ့ ဆောင်းရာသီဆိုပြီး ဥတုနှစ်ခုရှိပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ စီးပွားရေးတွေထဲက တစ်ခုဖြစ်တဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှာလည်း ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်တဲ့နေရာ အတော်များများရှိပါတယ်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ နေရာနှစ်ခုရှိပြီး အဲဒါတွေကတော့ အာပရာဗာစီ ဂတ်(Aapravasi Ghat) နဲ့ လိမော်နေ ဘရာဘန့် ( Le Morne Brabant) တို့ပဲဖြစ်ပါတယ်။ အာပရာဗာစီ ဂတ်(Aapravasi Ghat) အဆောက်အအုံ ဟာဆိုရင် ၁၈၄၉ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၇၀ အတွင်း ကြံစိုက်ပျိုးရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် အိန္ဒိယလုပ်သား ၅သိန်းကျော်လောက် ဝင်ရောက်ခဲ့ကြတဲ့နေရာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ UNESCO ကသမိုင်းဝင်နေရာတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့တာပါ။ နောက်ထပ်အမွေအနှစ်နေရာတစ်ခုကတော့ မောရစ်ရှကျွန်းရဲ့ အနောက်ဘက်မှာရှိတဲ့ လီမော်နေ ဘရာဘန့် ( Le Morne Brabant)ကျွန်းဆွယ်ပဲဖြစ်ပါတယ်။ ကျွန်းပေါ်မှာဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၂၄ ပေမြင့်တဲ့ ကျောက်တောင်တစ်ခုရှိပြီး ဂူအမြောက်အများရှိပါတယ်။ ဒါ့အပြင် စိမ်းလန်းသာယာတဲ့ ပတ်ဝန်းကျင် အခြေအနေကြောင့်လည်း နာမည်ကျော်ပြီး လူသိများပါတယ်။ အဲဒီကျောက်တောင်ကြီးဟာ လိမော်နေ ဘရာဘန့် ကျွန်းကိုမြင်လိုက်ရဲ့ ကျက်သရေဆောင်အဖြစ်နဲ့ ခန့်ခန့်ညားညားရှိနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အဲဒီကျွန်းဆွယ်ရဲ့ အနီးမှာ အံ့အားသင့်ဖို့ကောင်းတဲ့ ရေအောက်ရေတံခွန်လည်းရှိပါတယ်။ အိန္ဒိယသမုဒ္ဒရာရေပြင်အတွင်းမှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ရေအောက်ရေတံခွန်ကတော့ အမွေအနှစ် နေရာဖြစ်တဲ့ လိမော်နေ ဘရာဘန့်ကျွန်းကို စိတ်ဝင်စားသူတွေပိုများလာအောင် ဆွဲဆောင်ပေးနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ တကယ်လို့များ မောရစ်ရှနိုင်ငံရဲ့ ရေအောက်ရေတံခွန်ကို အင်တာနက်မှာ မြင်လိုက်ရတယ်ဆိုရင် ဒါဟာဘယ်နည်းနဲ့မှ အစစ်မဖြစ်နိုင်ဘူး။ အမြင်အာရုံလှည့်စားဖို့သက်သက် ဖန်တီးထားတယ်လို့ ပြောရလောက်အောင် ကောင်းကင်ပြာပြာအောက်က ပင်လယ်ရေပြာပြာမှာ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ရေတံခွန်ကြီးကို ပါးစပ်အဟောင်းသားကြည့်မိနေမှာပါ။ ဒါ့အပြင် နောက်ထပ်ထူးဆန်းတဲ့ နေရာတစ်ခုကတော့ ကျွန်းရဲ့ အနောက်တောင်ဘက်မှာ ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့မြေခုနစ်ရောင်စုံ(Seven Coloured Earth(s) )ရှိတဲ့ သဲသောင်ကုန်းပဲဖြစ်ပါတယ်။ Black River(Rivière Noire) ခရိုင်အတွင်းက ချာမာရယ်(Chamarel)ကုန်းပြင်မြင့်မှာဖြစ်ပေါ်နေတဲ့ အနီရောင်၊အညိုရောင်၊ခရမ်းရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မရမ်းရောင်နဲ့ အဝါရောင်တို့ ဟန်ချက်ညီညီယှဉ်တွဲတည်ရှိနေတဲ့ သဲသောင်အထပ်ထပ်ကတော့ ခရီးသွားတွေအဓိက စိတ်ဝင်စားတဲ့ နေရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ထပ်မံပြီး မောရစ်ရှကျွန်းမှာ ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ ရှေးအကျဆုံးရုက္ခဗေဒဥယျာဉ်တစ်ခုလည်း တည်ရှိနေပါသေးတယ်။ ပေါ့တ်လူးဝစ်မြို့အနီးက ဖန်းဖယ်မို့ဆက်စ်(Pamplemousses)ခရိုင်အတွင်းမှာ တည်ရှိနေတဲ့ ဖန်းဖယ်မို့ဆက်စ် ရုက္ခဗေဒဥယျာဉ်(Pamplemousses Botanic Garden) ဟာဆိုရင် ၁၈ရာစုကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ဧရိယာအကျယ်အဝန်း ၉ ဧက(၃၇ ဟက်တာ) ရှိပါတယ်။ နောက်ပြီး အဲဒီဥယျာဉ်ထဲမှာ ကြီးမားကျယ်ပြန့်တဲ့ ကြာကန်ကြီးလည်းရှိနေပါတယ်။ အခုလိုမျိုးစိတ်ဝင်စားစရာနေရာတွေအပြင်ကို သန္တာကျောက်တန်းတွေစီတန်းတည်ရှိနေတဲ့ ပင်လယ်ကမ်းခြေတွေ၊ ရေတံခွန်တွေနဲ့ အမျိုးသားဥယျာဉ်နယ်မြေတွေ၊ ဘုရားကျောင်းတွေ၊ ပြတိုက်တွေနဲ့ တခြားစိတ်ဝင်စားစရာနေရာ မျိုးစုံလည်း ရှိနေပါတယ်။ ဒီလိုမျိုး ဆွဲဆောင်အားကောင်းတဲ့ နေရာမျိုးတွေကို လာရောက်လည်ပတ်သူ များပြားတာကြောင့် မောရစ်ရှကျွန်းနိုင်ငံဟာဆိုရင် ခရီးသွားလာရေးဖွံဖြိုးမှုအရ အာဖရိကမှာ နံပါတ်တစ်နေရာမှာရှိနေပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက ခရီးသွားတွေစိတ်ဝင်တစားနဲ့ လည်ပတ်ကြတဲ့ ခရီးသွားနိုင်ငံတွေထဲမှာတော့ နိုင်ငံအဆင့် ၆၂ မှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ ========================================== ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨ YouTube ❤: https://www.youtube.com/@zlann_podcast Podcast ❤ https://podcasters.spotify.com/pod/show/z-lann Facebook Group ❤ https://www.facebook.com/groups/zlann/ #ZLann #ZLann_Podcast #Mauritius #island