ပုဂံမှာ ရှိတဲ့ စေတီ၊ပုထိုးတွေထဲမှာ ဉာဏ်တော် အမြင့်ဆုံး ဖြစ်တဲ့ သဗ္ဗညုစေတီတော် အနီး မှာ လူသူ အရောက် အပေါက်နည်းလှတဲ့ နတ်လျောင်းကျောင်း တည်ရှိနေပါတယ်။လူအများစုက နာမည် ကျော်ကြားလှတဲ့ သဗ္ဗညု စေတီတော်ကြီးကိုဖူးမြော်ပြီး ပြန်လည်ထွက်ခွာသွားကြသလို သိရှိသူအချို့ကတော့ နတ်လျောင်းကျောင်း ကို အဝေး ကနေသာ လှမ်းမျှော်ကြည့်ရှုရင်း ပြန်သွားကြလေ့ရှိပါတယ်။အဲဒီထဲက တချို့တလေသာ နတ်လျောင်း ကျောင်းကို သွားရောက် လေ့ရှိကြပါတယ်။
အဲဒီကျောင်းကို ၁၀ ရာစုနှောင်းပိုင်းဖြစ်တဲ့ ညောင်ဦးစောရဟန်း လို့ဆိုတဲ့ တောင်သူကြီးမင်းလက်ထက်မှာ တည်ဆောက်ခဲ့တယ်လို့ဆိုသူတွေရှိပါတယ်။
၁၁ ရာစုဖြစ်တဲ့ အနော်ရထာမင်းလက်ထက်မှာ ထေရဝါဒ ဗုဒ္ဓသာသနာ ပျံ့ပွားရေး ဆောင်ရွက်တဲ့ အနေနဲ့ နတ်ကိုးကွယ်သူတွေကို နတ်ကိုးကွယ်ယုံကြည်မှု အယူဝါဒ ပပျောက်စေဖို့ နတ်ရုပ်တွေကို အဲဒီအဆောက် အဦးအတွင်း လက်ထိပ် သံကြိုးခတ်ကာ ထည့်သွင်းခဲ့တယ်လို့ ရာဇဝင်အချို့ကဆိုပါတယ်။
ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် ပြုလုပ်ခဲ့သူ အနော်ရထာမင်းကြီး က နတ်တွေကိုလှောင်ပိတ်ချုပ်နှောင်ခဲ့တဲ့ အတွက် နတ်လှောင်ကျောင်းလို့ ခေါ်တွင်သူတွေလည်းရှိပါတယ်။
အမှန်တကယ်တော့ နတ်လျောင်းကျောင်း ဆိုတာ ပုဂံ မှာတည်ဆောက်ခဲ့ပြီး တစ်ခုတည်းကျန်ရှိတဲ့ ဟိန္ဒူ (ဗြဟ္မဏ) ဘုရား ကျောင်းဖြစ်ပြီး မြန်မာမှာကျန်ရှိနေဆဲ အစောဆုံးဟိန္ဒူဘုရားကျောင်းလို့လည်းဆိုရမှာ ဖြစ်ပါတယ်။
အနော်ရထာမင်းလက်ထက်မှာ တည်ခဲ့တယ်လို့ ဆိုကြမယ်ဆိုရင် အနော်ရထာမင်းဟာ ထေရဝါဒဗုဒ္ဓ သာသနာကို ဖော်ဆောင်ခဲ့တဲ့ အတွက် သူကိုယ်တိုင်ဆောက်လုပ်တယ်ဆိုတာ မေးခွန်းထုတ်စရာဖြစ်ပြီးတော့ ဟိန္ဒူ ဘာသာ ဝင်တို့အတွက် သီးသန့်ကိုးကွယ်ခွင့်ပြု ခဲ့သလားဆိုတာ တွေးစရာဖြစ်သလို နတ်တွေကို ပိတ်လှောင်ခဲ့တယ်ဆို တာကလည်းတွေးတောစရာဖြစ်ပါတယ်။
ပုဂံကောင်းစားစဉ် ဘုရင့်ရဲ့ အမှုတော်ထမ်းတွေဖြစ်တဲ့ ကုန်သည်တွေ၊ပုဏ္ဏားတွေ စတဲ့ ဟိန္ဒူဘာသာ ကိုးကွယ် သူတွေအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီးပုဂံခေတ်မှာ တမီလ်လူမျိုးတွေကို အခွင့်အရေးပေးခဲ့ပြီး ကိုးကွယ်ရာ ဟိန္ဒူဘာသာနဲ့ နတ်ကိုးကွယ်မှုစတာတွေကို သူ့ခေတ်သူ့အခါက လိုက်လျောခွင့်ပြုခဲ့ပုံရပါတယ်။ ပုဂံခေတ်မှာ ဗုဒ္ဓ ဘာသာအပြင် ဗြာဟ္မဏဟိန္နူဝါဒလည်း ရှိခဲ့တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပြီး ဟိန္ဒူတို့ရဲ့ ထုံးတမ်းအစဉ်အလာ တွေကို ပုဂံခေတ် ဗုဒ္ဓဘာသာဝင်တို့က လေးစားကြတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
နတ်လှောင်ကျောင်းနဲ့ ပတ်သက်ပြီး( ၁၃ ) ရာစုခန့်ကရေးထိုးခဲ့တယ်လို့ ယူဆရတဲ့ တမီလ် ကျောက်စာ မှာ “နာနာဒေ စိဗွင်နာဂရအလဝါ” ဘုရား ကျောင်းလို့ ဘွဲ့တော်ကိုထည့်သွင်း ဖော်ပြထားပါတယ်။
ကျောက်စာအရ ကျောင်းဒကာက မလိမန်ဒလမ်နယ် မှာ ရှိတဲ့ မကာဒယာပတ္တနမ်မြို့မှာ နေထိုင်သူ စရီကုလဆေခရစ် ရဲ့ တပည့် အိုင်ယာယီရန်စီရီယန် အမည်ရှိတဲ့ ဗိဿနိုးနတ် ကိုးကွယ်သူ သူတော်စင်တစ်ဦးက ဘုရားကျောင်း အရှေ့ဘက်ဆင်ဝင် ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ရေးထိုးထားပါတယ်။ကျောက်စာမှာ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက ဘုရားကျောင်းဆောက်လုပ်ရာ ဒေသကို `အရိဗတ္တ နပူရမ်´လို့ ဖော်ပြထားပြီး အဲဒီဒေသဟာ အရိမဒ္ဒနပူရ ဆိုတဲ့ ပုဂံမြို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။
နတ်လျောင်းကျောင်းက လေးထောင့်ကုလားကျောင်းကို အုတ်ခုံပေါ်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဘုရားကျောင်းအပြင်ဘေးပတ်လည်မှာ မုခ်ပေါက်ငယ်လေးတွေရှိပြီး အဲဒီမုခ်ပေါက်ငယ်လေးတွေမှာ ဗိဿနိုးနတ် ဘဝဖြစ်စဉ် ၁၀ပါးရဲ့ အရုပ်တွေကို ထားခဲ့တယ်လို့ ယူဆကြပေမဲ့ အချို့အရုပ်တွေကို မတွေ့ရတော့ပါ။
နတ်လျောင်းကျောင်းထဲ ကို ဝင်သွားတာနဲ့ စပြီးမြင်ရမှာက လှဲလျောင်းနေတဲ့ ဗိဿနိုးနတ်မင်း ရုပ်တုဖြစ်ပါတယ်။
အဲဒီကျောင်းတော်ထဲမှာ ရှိတဲ့ ဗိဿနိုးနတ်မင်းကြီး ရုပ်တု လဲလျောင်းနေပုံ ကြောင့် နတ်လျောင်းကျောင်းလို့ ခေါ်တွင်ခဲ့တာလို့ လည်းဆိုပါတယ်။
လှဲလျောင်းနေတဲ့ ဗိဿနိုးနတ်မင်း ရဲ့ ချက်နေရာကနေ ကြာပွင့်သုံးပွင့်ထွက်နေပြီး အဲဒီကြာပွင့်တွေက အခြားဗြဟ္မဏနတ်သုံးပါး တည်ရှိနေဟန် ထုဆစ်ထားပါတယ်။အဲဒီလက်ရာက မူလလက်ရာမဟုတ်ဘဲ ပြန်ပြီးပြုပြင်ထားတဲ့ လက်ရာတွေသာ ဖြစ်ပါတယ်။
နတ်လှောင်ကျောင်းထဲက ဂဠုန်စီးနေပုံဗိဿနိုးနတ်ရုပ်ကတော့ ဘာလင်ပြတိုက်ကို ရောက်ရှိနေပြီး လက်လေး ဘက်သီဝရုပ်ကိုတော့ ပုဂံပြတိုက်မှာထိန်းသိမ်းထားရှိပါတယ်။ ဌာပနာတိုက်ဖောက်သူတွေ၊ ရှေးဟောင်း လက်ရာနဲ့ ရုပ်တုခိုးယူသူတွေရဲ့ ဒဏ်တွေကြောင့် နတ်လျောင်းကျောင်းဟာ အတော်ပျက်စီးခဲ့ရပါပြီ။
နတ်လှောင်ကျောင်း မှာ ရှိနေတဲ့ ရုပ်တုတွေဟာ နောက်မှပြန် လည်ပြင်ဆင်ထားတဲ့ နောက်ပြင်လက်ရာတွေသာ ဖြစ်ပါတယ်။
နတ်လျောင်းကျောင်းဟာ ပုဂံခေတ်ဘာသာတရား လွတ်လပ်မှု ရဲ့ပြယုဂ် ဖြစ်ပြီး ပျက်ပြယ်စပြုနေတဲ့ နံရံပန်းချီ နဲ့ ကွာကျနေတဲ့အတွင်း အင်္ဂတေတွေက နတ်ဘုရားကျောင်းရဲ့ နှစ်ကာလ ကြာမြင့်မှုကို ဖော်ညွှန်းလို့နေပါတယ်။
===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
