တတိယမြန်မာနိုင်ငံတော်ကြီးတည်ထောင်သူ အလောင်းမင်းတရားကြီးရဲ့ လက်ရုံးသဖွယ် အားကိုးခဲ့ရတဲ့ ရဲဘက်တော်စစ်သူကြီး “မင်းခေါင်နော်ရထာ”

တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ ကုန်းဘောင်မင်းဆက် အလောင်းမင်းတရားကြီးရဲ့ လက်ရုံးသဖွယ် အားကိုးခဲ့ရတဲ့ ရဲဘက်တော်စစ်သူကြီး မင်းခေါင်နော်ရထာအကြောင်းကို လက်လှမ်းမီသလောက် လိုက်လံ ဖတ်ရှုရင်း စိတ်ဝင်စားစရာအကြောင်းအရာတချို့ကိုတွေ့ရှိခဲ့ရပါတယ်။ မင်းခေါင်နော်ရထာရဲ့ အမည်ရင်း က ဗိုလ်တွန် ဖြစ်ပါတယ်။ အင်းဝပျက်သုဉ်းတော့မယ့် နောက်ဆုံးအချိန်ကာလတွေမှာ ဘုရင်ဖြစ်လာဖို့ ကြိုးပမ်းသူတွေထဲမှာ အလောင်းမင်းတရားဖြစ်လာမဲ့ ဦးအောင်ဇေယျနဲ့အပြိုင် ဗိုလ်တွန်ကလည်း သူ့နယ် တစ်ဝိုက်မှာ လူစွမ်းကောင်းအဖြစ် နာမည်ကြီးနေခဲ့သူတစ်ဦးလို့ဆိုရမှာပါ။ ဦးအောင်ဇေယျနဲ့တွေ့ဆုံပြီးတဲ့ နောက်မှာတော့ ဘုရင်ဖြစ်ထိုက်တဲ့ ကြန်အင်လက္ခဏာ တွေနဲ့ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်တယ်လို့ ဗိုလ်တွန် ကိုယ်တိုင်က သတ်မှတ်ပြီး သူ့ရဲ့အရှင်သခင်အဖြစ်နဲ့ ဦးအောင်ဇေယျထံမှာ သစ္စာတော်ခံပါတယ်။ စစ်မှုရေးရာ လိမ္မာကျွမ်းကျင်ပြီး တပ်ဦးကနေ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နိုင်စွမ်းရှိတာကြောင့်လည်း တိုက်ပွဲ တိုင်းမှာ အလောင်းမင်းတရားကြီးနဲ့အတူတူ အောင်ပွဲတွေအကြိမ်ကြိမ်ရရှိခဲ့ပါတယ်။ ၁၇၅၈ ခုနှစ်မှာ ကသည်းပြည်ကို သွားရောက်တိုက်ခိုက်စဉ်အချိန်ကလည်း မင်းခေါင်နော်ရထာကိုယ်တိုင် သောင်သွပ်ကနေ ဦးဆောင်ချီတက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ယိုးဒယားနဲ့တိုက်ပွဲတွေဆင်နွှဲဖို့ အရေးကြုံလာတဲ့အခါ အလောင်းမင်းတရားကြီး ဦးဆောင်ကာ မြေဒူးမင်း၊ မင်းလှနော်ရထာတို့ နဲ့အတူ ရှေ့ချီတပ်မှူး အဖြစ် သွားရောက်တိုက်ခိုက်ခဲ့ကြပေမဲ့ အရေးမလှခဲ့ တာကြောင့် တပ်တော် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။စစ်ဆုတ်ချိန်မှာ အရေးကြီးတဲ့ နောက်ခံတပ်ကို ဦးဆောင်ကွပ်ကဲသူက မင်းခေါင်နော်ရထာ ဖြစ်ပါတယ်။ ကုန်ဘောင်တပ်တွေ ဆုတ်ခွာသွားကြောင်း ယိုးဒယားတပ်တွေ သိသွားတဲ့အခါမှာ တစ်မြို့လုံးထွက်ပြီး အင်အားအပြည့်နဲ့ တိုက်ခိုက်လာကြပါတော့တယ်။အဲဒီလို တိုက်ခိုက်မှုတွေကို နောက်ချန်တပ်ဖြစ်တဲ့ မင်းခေါင်နော်ရထာ ရဲ့ တပ်တွေက အသေအကြေခုခံတိုက်ခိုက်ကြပါတယ်။ အထပ်ထပ် ဝန်းရံ တိုက်ခိုက်လာတဲ့ ယိုးဒယားတပ်တွေ ကို အချိန်ကြာကြာတောင့်ခံနိုင်မှာမဟုတ်တဲ့အတွက် အလျင်အမြန်ထိုးဖောက်ထွက်ခွာဖို့ တပ်မှူးတွေက တိုက်တွန်းခဲ့ကြပါတယ်။ဒါပေမဲ့ တစ်ဖက်မှာလည်း မင်းတရားကြီးတို့တပ်တွေက နှစ်စခန်း၊ သုံးစခန်း မျှသာ ခရီးရောက်သေးတာကြောင့် နောက်ချန်တပ်အနေနဲ့ အလျင်အမြန် ဖောက်ထွက်သွားမယ်ဆိုရင် မင်းတရားကြီးတို့ အန္တရာယ်ကင်းကင်းနဲ့ မဆုတ်ခွာနိုင်မှာကို စိုးရိမ်တဲ့အတွက် မိမိရဲ့အသက်ကို ပဓာနမထားဘဲ မဆုတ်မနစ် ခုခံတိုက်ခိုက်ခဲ့ပါတယ်။ ရက်အတန်ငယ်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ယိုးဒယားတပ်တွေကို အနိုင်ရရှိခဲ့ပြီး မင်းခေါင်နော်ရထာက သူ့ရဲ့ တပ်အင်အားပြန်လည်စုစည်းကာ ဆုတ်ခွာလာခဲ့ပါတယ်။ အဲဒီအချိန်ကာလတွေမှာ ရှေ့တပ်ဗိုလ်ချုပ် ဆင်ဖြူရှင်နဲ့ မသင့်မမြတ်ဖြစ်ခဲ့ကြပြီး တစ်ဦးပေါ်တစ်ဦး မယုံမကြည်ဖြစ်ကာ ဆင်ဖြူရှင်ကလည်း မင်းခေါင်နော်ရထာ ကို ပုန်ကန်ရန် ကြံစည်နေတယ်လို့ ထင်မှတ်ခဲ့သလို မင်းခေါင်နော်ရထာ ကလည်း သူ့အပေါ် ဆင်ဖြူရှင်က အပြစ်ရှာတယ်လို့ မှတ်ထင် ခဲ့ပါတယ်။ တင်းမာတဲ့အခြေအနေတစ်ခုကိုရောက်ရှိလာခဲ့ပြီး အလောင်းမင်းတရားကြီးရဲ့ ဒုတိယသားတော် ဆင်ဖြူရှင်မင်း ခေါ် မြေဒူးမင်းသားက ခမည်းတော်မင်းတရားကြီးကိုယ်တိုင် အပ်နှင်းထားတဲ့ ယိမ်းနွဲ့ပါးဓားကို မင်းခေါင်နော်ရထာထံမှ ပြန်လည်သိမ်းယူလိုက်ပါတယ်။ အဲဒါအပြင် မင်းခေါင်နော်ရထာ ရဲ့တပ်တွေ ကိုလည်း ရိက္ခာထောက်ပံ့ခြင်း ကို ဆိုင်းငံ့လိုက်ပါတယ်။ မုတ္တမနယ်၊ ကင်းရွာမှာ အလောင်းမင်းတရားကြီး ကံတော်ကုန်ခဲ့တာကြောင့် မြေဒူးမင်းနဲ့ တပ်မှူးအချို့ကဘယ်သူ့ ကိုမှအသိမပေးဘဲ အလောင်းတော်ကိုမပုပ်မသိုးအောင် စီရင်ကာ ရန်ကုန်သို့ဆက်လက်ချီတက်ပါတယ်။ ရန်ကုန်ရွှေမြို့တော်ကြီးဆီကိုရောက်ရှိမှ အလောင်း မင်းတရားကြီး နတ်ရွာစံကြောင်း အများပြည်သူကိုအသိပေးပြီး မင်းနေပြည်တော်မှာရှိတဲ့ နောင်တော်ကြီး မင်းထံ ထီးနန်းလွှဲပြောင်းပေးအပ်ဖို့ ခြေမြန်တော်တပ်တွေစေလွှတ် လျှောက်ထားစေပါတယ်။ ဒီသတင်းတွေကြားသိပြီးနောက် တောင်ငူကို စစ်ကြောင်းပြန်လှည့်သွားခဲ့တဲ့ ဗိုလ်တွန်ကို နန်းတက်လာတဲ့ နောင်တော်ကြီးမင်းက အကြိမ်ကြိမ်အခေါ်တော်လွှတ်ခဲ့ပေမဲ့ ရွှေဘိုနန်းတော်သို့ လုံးဝရောက်ရှိလာခဲ့ခြင်း မရှိဘဲ မြေဒူးမင်းက တခြားသောတပ်မှူးတို့နဲ့ မုတ္တမ မြသိန်းတန်ဘုရားမှာ သွေးသစ္စာရေ သောက်ခဲ့ကြကြောင်း၊ မိမိထံမှလည်း ယိမ်းနွဲ့ပါးဓားကို ပြန်လည်သိမ်းယူသွားခဲ့ကြောင်း၊ နောက်ခံတပ်တွေကို ရိက္ခာဖြတ်တောက် ခဲ့ကြောင်း၊ စစ်တောင်းမြို့သူကြီးကို ဆင့်ဆိုခဲ့ကြောင်း၊ ထွတ်ချာဒေဝီနဲ့လည်း အပြောအဆိုရှိကြောင်းကိုသာ နောင်တော်ကြီးမင်းထံ ပြန်လည်လျှောက်ထားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ညီတော်မြေဒူးမင်းက မင်းခေါင်နော်ရထာဟာ ယိုးဒယားမှအပြန် ရည်ရွယ်ချက်ရှိရှိ တမင် နောက်မှာချန်ရစ်၍ နေခဲ့ကြောင်း၊ လူသူလက်နက်အင်အားစုဆောင်းနေကြောင်း၊ စစ်တောင်းသို့ အရောက်လူလွှတ်ခေါ်သော်လည်း လိုက်ပါလာခဲ့ခြင်းမရှိဘဲ တောင်ငူဘက်သို့ စစ်ကြောင်းချီသွားခဲ့ ကြောင်း၊ ခမည်းတော်မင်းတရားကြီး နတ်ရွာစံပြီးသည့်နောက်ပိုင်းကာလ တွေမှာ မင်းခေါင်နော်ရထာရဲ့ စိတ်နှလုံးက ငြိမ်သက်ဟန်မရှိကြောင်း နောင်တော်ကြီးမင်းကို လျှောက်တင်ခဲ့ပါတယ်။ ညီတော်ရဲ့လျှောက်တင် ချက်ကို နောင်တော်ကြီးမင်းအနေနဲ့ အပြည့်အဝယုံကြည်တော်မူခဲ့ခြင်းမရှိပေ။ ခမည်းတော်မင်းတရားကြီးနဲ့ အတူတူ ပြည်ထောင်ဖက်သူရဲကောင်းတစ်ဦးဖြစ်ခဲ့တာကြောင့် အကြောင်းတစ်စုံတစ်ရာကြောင့်သာ စိတ်ထောင့် ခဲ့ခြင်းဖြစ်မယ်လို့ တွေးတောယူဆကာ တောင်ငူကိုစစ်ကြောင်းပြန်သွားခဲ့တဲ့ မင်းခေါင်နော်ရထာကို အရှင်ဖမ်းပြီး ဆက်သဖို့ ဘထွေးတော် တောင်ငူစား သတိုးသိင်္ခသူကို အမိန့်ပေးခဲ့ပါတယ်။ သတိုးသိင်္ခသူက တောင်ငူကိုရောက်လာတဲ့ မင်းခေါင်နော်ရထာကို တရားနာဖို့အတွက် အိမ်ကိုဖိတ်ခေါ် ကာ ကောင်းစွာခရီးဦးကြိုပြုခဲ့ပါတယ်။ တရားနာနေတဲ့အချိန်မှာ ဖမ်းဆီးဖို့အတွက် ကြံစည်ထား ပေမဲ့ မင်းခေါင်နော်ရထာက လက်မှဓားကိုမချဘဲ ခုခံဖို့အသင့်အနေအထားနဲ့ ရှိနေတာကြောင့် တောင်ငူမင်း အခက်တွေ့ခဲ့ ရပါတယ်။ အခြေအနေကိုရိပ်စားမိတဲ့ မင်းခေါင်နော်ရထာက ခရီးဆက်ရဦးမှာ ဖြစ်တဲ့အတွက် တရားပြီးဆုံး သည်အထိ မနာနိုင်တော့ကြောင်းပြောကာ ခါးတောင်းကိုကျိုက်လျက် စီးတော်ဆင်ကိုအမြန်ဆင့်ခေါ်ပြီး တောင်ငူမင်းရဲ့အိမ်တော်ကနေ အပြင်းထွက်ခွာခဲ့ပါတော့တယ်။ မင်းခေါင်နော်ရထာတစ်ယောက် သူချီပိုးခဲ့တဲ့ ပြည်ထောင်ဖက် ဦးအောင်ဇေယျရဲ့ သားတွေက သူ့ကို မယုံကြည်တော့တဲ့ အခါမှာတော့ ပုန်ကန်လိုစိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။လာရောက်ခေါ်ယူသူတွေကိုလည်း အကြိမ်ပေါင်းများစွာ ငြင်းပယ်ပြီး သူ့ရဲ့တပ်သားတွေနဲ့အတူ အင်းဝ ကိုသိမ်းပိုက်လိုက်ပါတော့တယ်။အင်းဝကို သိမ်းပိုက်လိုက်ပေမဲ့ ထူထောင်ခါစ ကုန်းဘောင်နိုင်ငံတော် ပြန်လည်ပြိုကွဲ သွားမဲ့အရေးကို လူအများက မလိုလားခဲ့ကြတာကြောင့် ဗိုလ်တွန်သိမ်းပိုက်ထားတဲ့ အင်းဝကလွဲပြီး အခြားနယ်မြေတွေက လက်အောက်ခံ အဖြစ်နဲ့ ဝင်ရောက်မလာခဲ့ကြပါဘူး။ အခြေအနေကိုရိပ်စားမိတဲ့ နောင်တော်ကြီးမင်းက ပြည်ထောင်ဖက်သူရဲကောင်းကြီးကို မသေစေလိုတာကြောင့် မင်းလှနော်ရထာကိုတစ်ကြိမ်၊ စစ်ကိုင်းဇေတဝန်ဆရာတော်ဘုရားကိုတစ်ကြိမ်နဲ့ ကျော်ထင်နော်ရထာကို တစ်ကြိမ် စေလွှတ်ပြီး သုံးကြိမ်တိတိ ဖျောင်းဖျ ပြောဆိုကာ အခေါ်တော်လွှတ်ခဲ့ပါတယ်။ မင်းခေါင်နော်ရထာ က မိမိစကားထက် ညီတော်မြေဒူးမင်းသားစကားကိုသာ နောင်တော်ကြီးမင်းက ပိုယုံကြည်ပေလိမ့်မည် ငါ့အားကယ်တင်ပေးနိုင်မဲ့ မင်းတရားကြီးလည်းမရှိတော့တာကြောင့် အင်းဝမှာပင် အသေခံတော့မယ်လို့ ပြတ်ပြတ်သားသားပြောဆို တုံ့ပြန်လိုက်ပါတယ်။ မတတ်သာတဲ့အဆုံးမှာတော့ နောင်တော်ကြီးမင်းက ဆင်မြင်းဗိုလ်ပါအလုံးအရင်းနဲ့ အင်းဝကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်စေပါတယ်။ မင်းခေါင်နော်ရထာကိုတော့ အသက်မသေဘဲ အရှင်ဖမ်းပြီးခေါ်လာဖို့ မိန့်မှာလိုက်ပါတယ်။ အင်အားချင်းမမျှတဲ့ အတွက် မင်းခေါင်နော်ရထာနဲ့ နောင်တော်ကြီးမင်းရဲ့တပ်တွေ တိုက်ပွဲက တစ်ဖက်စောင်းနင်းဖြစ်ခဲ့ပါတယ်။ မြို့ကို ဝန်းရံထားခဲ့တာ အချိန်ကြာမြင့်လာတာနဲ့အမျှ မြို့သူမြို့သားတွေ ရိက္ခာပြတ်လပ်လာပါတယ်။ဗိုလ်တွန်တစ်ယောက် အရှည်ကို မျှော်တွေးကာ ညသန်းခေါင်အချိန်မှာတော့ တောင်မျက်နှာတံခါးမှ မိမိရဲ့တပ်တွေနဲ့အတူ ကျောက်ဆည်သို့ ထွက်ခွာ ခဲ့ပါတယ်။ ကျောက်ဆည်တောင်၊ လေးခရိုင်၊ ဒိုင်းလေးရွာ အရှေ့ဘက် ဝက်လဲတောင်အနီး တပ်တွေချဥ်းကပ်ရောက်ရှိ လာချိန်မှာတော့ တောင်ကြားလမ်းအတွင်း လမ်းပျောက်လို့နေခဲ့ပါတယ်။ နောက်က လိုက်လာတဲ့ ဘုရင့်တပ် တွေကို ပြန်လည်တိုက်ခိုက်ရင်း ဖောက်ထွက်နိုင်ဖို့ ကြိုးစားခဲ့ရာ မင်းခေါင်နော်ရထာရဲ့ တပ်တွေ အထိအခိုက် များခဲ့သလို သေနတ်လုလင်တစ်ယောက် ပစ်လိုက်တဲ့ကျည်ဆန်ကလည်း မင်းခေါင်နော်ရထာရဲ့ ဆီးစပ်ကို ထိမှန်ခဲ့ပါတယ်။ ချောင်းတစ်ခုအနီးရောက်တဲ့အခါမင်းခေါင်နော်ရထာ တစ်ယောက် သူ့ရဲ့ဒဏ်ရာကြောင့် နာကျင်စွာညည်းညူနေ တာကို မြေဒူးသားငချစ်ကောင်းဆိုသူ မြင်သွား ပြီး နောက်ဘက်ကိုတိတ်တဆိတ်ချဥ်းကပ်ရင်း ချောင်းထဲသို့ ရုတ်တရက်တွန်းချလိုက်ပါတယ်။ မင်းခေါင် နော်ရထာက သတိကြီးကြီးနဲ့ ပြန်လည်ခုခံလုံးထွေးသတ်ပုတ်ပေမဲ့ သေနတ်သမားအများအပြားရောက်ရှိလာကာ ဝိုင်းဝန်းပစ်ခတ်ကြ တဲ့အတွက် ကုန်းဘောင်တည်ထောင်သူ အလောင်းမင်းတရားရဲ့ ရဲဘော်ရဲဘက် မင်းခေါင်နော်ရထာ ဘဝ ဇာတ်သိမ်း ခဲ့ရပါတယ်။ အလောင်းမင်းတရားကြီး၏ ပြည်ထောင်ဖက် ကုန်းဘောင်ခေတ်သူရဲကောင်းကြီး မင်းခေါင်နော်ရထာ သို့မဟုတ် မုဆိုးချုံဗိုလ် ဗိုလ်တွန်အနေနဲ့ သူပုန်ဘဝသို့ရောက်ရှိကာ နောက်ဆုံးအသက်ပါဆုံးရှုံးခဲ့ရခြင်းက ထူထောင် ကာစ ကုန်းဘောင်မင်းဆက်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။ တိုက်ပွဲတိုင်းမှာ တိုက်ရည် ခိုက်ရည်အပြည့်နဲ့ အစွမ်းပြနိုင်ခဲ့တဲ့ စစ်သူကြီး မင်းခေါင်နော်ရထာအတွက်လည်း မင်းတရားကြီးနတ်ရွာစံ သွားပြီးတဲ့ နောက်ပိုင်း အားကိုးရာမဲ့ဖြစ်ကာ စိတ်နှလုံးတို့ရှုပ်ထွေးခဲ့ရပြီး ပုန်ကန်သည်အထိဖြစ်လာခဲ့သည်က ကြေကွဲဝမ်းနည်းစရာအဆုံးသတ်တစ်ခုဖြစ်ခဲ့ရပါတော့တယ်။ ===========================================

YouTube ❤: https://www.youtube.com/@zlann_podcast

Podcast ❤: https://podcasters.spotify.com/pod/show/z-lann

Facebook Group ❤: https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #တတိယမြန်မာနိုင်ငံတော် #ကုန်းဘောင်မင်းဆက်

#အလောင်းမင်းတရား #ယိမ်းနွဲ့ပါးဓါး #မင်းခေါင်နော်ရထာ

More Interesting Blogs from Zlann