ရှင်ဘုရင်ရဲ့ နှစ်သက်မြတ်နိုးမှုကိုအရယူပြီး ရာဇပလ္လင်ကို စိတ်ကြိုက်ခြယ်လှယ်ခဲ့တဲ့ မိဖုရားတွေ၊ မျိုးရိုးစဉ်ဆက် အာဏာစက် ထက်ခဲ့တဲ့ မိဖုရားတွေအကြောင်းကိုတော့ ရာဇဝင်သမိုင်းဇာတ်လမ်းတွေထဲမှာ မရိုးနိုင်အောင်ဖတ်ခဲ့ကြဖူးမှာပါ။ ဒါပေမဲ့ အဲဒီလိုမိဖုရားတွေနဲ့ သူမတူဘဲ ရှင်ဘုရင်ထံကနေ တရားဝင်ကွာရှင်းခွင့်တောင်းပြီး သာမန်ကုန်သည်တစ်ဦးနဲ့ လက်ထပ်ခဲ့တဲ့ မိဖုရားတစ်ပါးလည်း ကုန်းဘောင်ရာဇဝင်မှာရှိခဲ့ပါတယ်။ အဲဒီသူကတော့ ဘဝရှင် မင်းတုန်းမင်းတရားကြီးရဲ့ နှမတော် နန်းဆွယ်မိဘုရားကြီးသုံးပါးထဲက တစ်ပါးဖြစ်တဲ့ မြစ်ကွေး ( မကွေး) မြို့စား မိဖုရားကြီး သီရိမဟာ သုမင်္ဂလာ စန္ဒာဒေဝီ ပဲ ဖြစ်ပါတယ်။
မကွေးမိဖုရားကြီးကို ခမည်းတော် သာယာ၀တီမင်းနဲ့ မယ်တော် ဘဏ္ဍာစိုး ကျပင်းမိဖုရားတို့က မွေးဖွားခဲ့တာဖြစ်ပြီး ငယ်နာမည် က ခင်မင်းကောက်ဖြစ်ပါတယ်။ မိဖုရားကြီးဟာ ခမည်းတော်လက်ထက်ကာလမှာ တောင်သာမြို့ကို အပိုင်စား ရရှိခဲ့တာကြောင့်လည်း တောင်သာမင်းသမီး ခင်မင်းကောက်လို့ အမည်တွင်ခဲ့ပါသေးတယ်။ မှတ်သားထားရမှာ တစ်ခုက မကွေးမိဖုရားကြီးရဲ့ မယ်တော်ဖြစ်သူက မျိုးဆက်လေးဆက်တိုင် မိဖုရားခေါင်ဖြစ်ခဲ့တဲ့ ကျပင်းမိဖုရားခေါင်ကြီး မဟုတ်ဘဲ သာယာဝတီမင်းရဲ့ အိမ်တော်ပါ ကိုယ်လုပ်တော် ဘဏ္ဍာစိုး မမှော် ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမဲ့လည်း ကျပင်းမိဖုရားခေါင်ကြီးနဲ့ မကွေးမိဖုရားကြီးရဲ့ မယ်တော်တို့ကို မကြာခဏဆိုသလို မှားယွင်းတတ်ကြတာကြောင့် ဒီနေရာမှာ ထည့်သွင်းရှင်းပြ ပေးချင်ပါတယ်။
သာယာဝတီမင်း နန်းတက်ပြီးချိန်မှာတော့ ဘဏ္ဍာစိုး မမှော်ကို ကျပင်းမြို့ အပိုင်စားပေးပြီး နန်းဆွယ်မိဖုရား အဖြစ် တင်မြှောက်ခဲ့တာကြောင့် နောက်ပိုင်းမှာ ဘဏ္ဍာစိုး ကျပင်းမိဖုရား မမှော် ဆိုပြီးဖြစ်လာခဲ့ပါတယ်။ ကျပင်းမိဖုရားကြီးကတော့ ကျပင်းမြို့ကို မင်းသမီးဘ၀ကတည်းက အပိုင်စားရရှိခဲ့တာကြောင့် သူ့ကို ကျပင်းမင်းသမီး လို့ခေါ်ဝေါ်သတ်မှတ်ကြပြီး သာယာဝတီမင်း နန်းတက်တဲ့အခါမှာ သူက မိဖုရားခေါင်ကြီးနေရာကို ရရှိခဲ့ပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် ကျပင်းမိဖုရားခေါင်နဲ့ ဘဏ္ဍာစိုး ကျပင်းမိဖုရားတို့က တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ အပိုင်စားရတဲ့မြို့နာမည်တွေ ဆင်တူနေခြင်းသာဖြစ်ပြီး ဒီလိုမျိုးအခေါ်အဝေါ်တွေ ဆင်တူနေတဲ့အတွက်လည်း နှောင်းခေတ်လူတွေအကြားမှာ ရောထွေးမှုတွေရှိနေခဲ့ပါတယ်။
ဒါ့အပြင် ကျပင်းမိဖုရားခေါင်နဲ့ ဘဏ္ဍာစိုး ကျပင်းမိဖုရားတို့ဆိုတာက လူမတူရုံတင်မကဘဲ ရန်ငြိုးရှိခဲ့တဲ့သူတွေလည်း ဖြစ်တယ်လို့သိရပါတယ်။ အကြောင်းကတော့ ဘဏ္ဍာစိုး ကျပင်းမိဖုရားရဲ့ ရာထူးအရိုက်အရာကြောင့်ပါပဲ။ ရှေးဘုရင်တွေ လက်ထက်တော်တုန်းက တိုင်းပြည်ရဲ့ ဘဏ္ဍာရေးကိစ္စအရပ်ရပ်တွေနဲ့ တော်ဝင်မိသားစုတွေရဲ့ အသုံးစရိတ်ကို အလယ်အလတ်အဆင့်ရှိတဲ့ မိဖုရားတစ်ပါးကို တာဝန်ပေးလေ့ရှိပါတယ်။ ဒီနေရာမှာ ဘာကြောင့် ဒီလိုကြီးမားတဲ့တာဝန်ကို နန်းရတဲ့မိဖုရားကြီးတွေထံမပေးကြသလဲဆိုတဲ့ မေးခွန်းလည်းပေါ်လာကောင်းပေါ်လာနိုင်ပါတယ်။ နန်းရမိဖုရားကြီးတွေကို ဘဏ္ဍာစိုးအဖြစ်တာဝန်မပေးရတဲ့အကြောင်းကတော့ အဲဒီလိုမိဖုရားကြီးတွေဟာ သူတို့ရဲ့ မြင့်မားတဲ့ရာထူးအခွင့်အာဏာကို အသုံးပြုပြီး ဘဏ္ဍာတော်တွေကို စိတ်ကြိုက်ဆိုသလို ခြယ်လှယ်မှာစိုးတဲ့အတွက်ပါပဲ။ ဒါကြောင့်လည်း အလယ်အလတ် အဆင့်ရှိတဲ့ သာမန်မိဖုရားတွေကိုသာ ဒီတာဝန်ခန့်အပ်တာဖြစ်ပြီး ဒါကိုမကျေနပ်တဲ့ ကျပင်းမိဖုရားခေါင်ကြီးက ဘဏ္ဍာစိုး ကျပင်းမိဖုရား မမှော်ကို အငြိုးထားပါတော့တယ်။
ဒါတင်မက မိဖုရား မမှော်ကလည်း ကျပင်းမိဖုရားခေါင်ရဲ့ သားတော် အိမ်ရှေ့စံ ပုဂံမင်းသားကို အသုံးအဖြုန်းကြီးတာနဲ့ ပတ်သက်လို့ အသုံးစရိတ်ကို စနစ်တကျကန့်သတ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိဖုရားနှစ်ပါးအကြားမှာ တစ်ဦးနဲ့ တစ်ဦး အငြိုးထားလာခဲ့ရာကနေ သာယာ၀တီမင်းကြီး စိတ္တဇဝေဒနာစွဲကပ်တဲ့အချိန်မှာတော့ ကျပင်းမိဖုရားခေါင်ကြီးက ဘုရင့်အာဏာ ကိုသုံးပြီး မမှော်နဲ့တကွ သူနဲ့မသင့်မြတ်တဲ့သူအချို့ကို ကွပ်မျက်ခဲ့ပါတော့တယ်။ တချို့မှတ်တမ်းတွေမှာတော့ သာယာ၀တီမင်း နတ်ရွာစံပြီးတဲ့နောက် ပုဂံမင်းလက်ထက်မှာ ပုဂံမင်းရဲ့ ထီးနန်းလုဘက်ဖြစ်တဲ့ ပြည်မင်းသားကို အားပေးကူညီမှုနဲ့ ကျပင်းမိဖုရား၊ သားတော် တရုတ်မြှော်မင်းသား၊ ဘွားတော်ကြီး မိစံမယ်နဲ့ နောက်လိုက်နောက်ပါ ၈၀ ကျော်တို့ဟာ ကွပ်မျက် စီရင်ခံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ကျပင်းမိဖုရား မမှော်ရဲ့ သမီးတော် ခင်မင်းကောက် (မကွေးမိဖုရားကြီး) ကတော့ စကြာဒေဝီမင်းသမီးရဲ့ ကယ်တင်မှုကြောင့် အသက်ရှင်ခွင့်ရခဲ့ပေမဲ့ ရွှေနန်းတော်ကြီးထဲမှာ အမိမဲ့၊ အဖမဲ့စွာနဲ့ မျက်နှာငယ်ခဲ့ရပါတယ်။ ဒါကြောင့် မကွေးမိဖုရားကြီးရဲ့ ငယ်ဘ၀ဟာ အမှီအတွယ်မရှိဘဲ တစ်ယောက်တည်း အထီးကျန်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
ဒီလိုနဲ့ မင်းတုန်းမင်းကြီး ထီးနန်းရတဲ့အခါမှာတော့ အဖေတူ အမေကွဲ နှမတော်ဖြစ်တဲ့ ခင်မင်းကောက်ကို မကွေးမြို့ အပိုင်စားပေးပြီး နန်းရမိဖုရားကြီးလေးပါးအောက်ရှိ နန်းဆွယ်မိဖုရားကြီးအဖြစ် ချီးမြှင့်မြှောက်စားခဲ့ပါတော့တယ်။ မကွေးမိဖုရားကြီးဟာ မင်းတုန်းမင်းကြီးနဲ့ သားတော် လယ်ကိုင်းမြို့စားမင်းသား၊ သမီးတော် မင်းခင်းမြို့စားစုဖုရားနဲ့ ပြင်စည်မြို့စားစုဖုရားတို့ ထွန်းကားခဲ့ပေမဲ့ သမီးတော်နှစ်ပါးကို မွေးဖွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ဇာတာတော်ကို မိဖုရားခေါင်ကြီး စကြာဒေဝီထံမှာ စစ်ဆေးတွက်ချက်ခဲ့ပါတယ်။ မင်းတုန်းမင်းရဲ့ မိဖုရားခေါင်ကြီးဖြစ်တဲ့ စကြာဒေဝီ မိဖုရားကြီးဟာဆိုရင် သာယာ၀တီမင်းနဲ့ ကျပင်းမိဖုရားခေါင်တို့ရဲ့ သမီးတော်ဖြစ်ပြီး မင်းသမီးဘဝကတည်းက တစ်ပင်တိုင်နန်းဆောင်မှာ သီးသန့်စံမြန်းခွင့်ရတဲ့ ပင်တိုင်စံမင်းသမီးဖြစ်ပါတယ်။ ဒါတင်မက ခမည်းတော်လက်ထက်ကနေ ခင်ပွန်းဖြစ်သူ မင်းတုန်းမင်းလက်ထက်အထိ ရာဇဝတ်သင့်သူကို အသက်ဘေးမှကယ်တင်ပေးနိုင်တဲ့ ဇီဝိတဒါနဆုကို ရရှိခဲ့သူဖြစ်ပြီး လောကီ၊ လောကုတ္တရာ စာပေကျမ်းဂန်တွေကိုလည်း နှံ့စပ်ကျွမ်းကျင်သလို သိပ္ပံနဲ့ နက္ခတ်ပညာပိုင်းကိုလည်း အထူးစိတ်ဝင်စားသူဖြစ်ပါတယ်။
စကြာဒေဝီမိဖုရားခေါင်ကြီးရဲ့ စစ်ဆေးတွက်ချက်မှုတွေအရဆိုရင် မကွေးမိဖုရားကြီးဟာ နောင်တက်မယ့်မင်းလက်ထက်မှာ မင်းပြစ်မင်းဒဏ်သင့်နိုင်ကိန်းရှိနေတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ ဒါကြောင့် ဒီလိုဟောချက်အစုံအလင်ကို မင်းတုန်းမင်းထံ လျှောက်တင်ပြီး တရားဝင်ကွာရှင်းပေးဖို့အတွက် တောင်းဆိုတဲ့အခါမှာတော့ မင်းတုန်းမင်းကြီးကလည်း ကြည်ဖြူစွာနဲ့ လိုက်လျောခဲ့ပြီး မိဖုရားအဆောင်အယောင်တွေကို ရုတ်သိမ်းကာ နန်းတော်အတွင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ မိခင်ဖြစ်သူ ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ သမီးလေး ၂ ပါးဖြစ်တဲ့ မင်းခင်းစုဖုရားနဲ့ ပြင်စည်စုဖုရားတို့မှာလည်း အမိမဲ့စွာနဲ့ နန်းတော်ကြီးထဲမှာ ကျန်နေရစ်ခဲ့ရပါတယ်။ မကွေးမိဖုရားကြီးဟာ မင်းတုန်းမင်းကြီးနဲ့ကွာရှင်းပြီးတဲ့နောက် သာမန်အရပ်သား ကုန်သည်တစ်ဦးကို လက်ထပ်ခဲ့ပြီး အဆိုပါကုန်သည်နဲ့လည်း သမီးတော်တစ်ပါးကို မွေးဖွားခဲ့ပြန်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီသမီးတော်ရဲ့ အကြောင်းကိုတော့ ရာဇဝင်မှတ်တမ်းတွေမှာ ရေးသားဖော်ပြထားခြင်းမရှိတာကြောင့် အတည်ပြုမှတ်သားဖို့ အတွက် ခက်ခဲခဲ့တယ်လို့ဆိုရမှာပါ။
သီပေါမင်းလက်ထက်ကာလကိုရောက်တဲ့အချိန်မှာတော့ မကွေးမိဖုရားရဲ့ သမီးတော်အကြီးဖြစ်တဲ့ မင်းခင်းစုဖုရားဟာ ‘ငတု’ ဆိုတဲ့ အစေခံတစ်ဦးနဲ့မှားယွင်းတယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်။ ဒီအခါမှာ မယ်တော် မကွေးမိဖုရားနဲ့ ညီမတော် ပြင်စည်စုဖုရားတို့ကလည်း တစ်ပါတည်းဆိုသလိုရောနှောဖမ်းဆီးခံခဲ့ရပြီး အမိန့်ထုတ်ပြန်တဲ့အချိန်မှာလည်း “သင်၏အမိ၊ အဘွားတို့သည်လည်း ထိုကဲ့သို့အကျင့်ရှိ၏” လို့ မှတ်ချက်ပြုရေးသားခံခဲ့ရပါတယ်။ ဒီလိုရေးသားမှုဟာဆိုရင် မင်းခင်းစုဖုရားတစ်ဦးတည်းကိုသာမကဘဲ မယ်တော် မကွေးမိဖုရားကြီးနဲ့ ဘွားတော် ဘဏ္ဍာစိုး ကျပင်းမိဖုရားတို့ကိုပါ ချိုးနှိမ်တဲ့သဘောသက်ရောက်နေတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းတော့ မကွေးမိဖုရားကြီးဟာ သမီးတော် ၂ ပါးနဲ့အတူ မာန်အောင်ရတနာ ဝါးခင်းကုန်းဘုရားရဲ့ ဘုရားကျွန်အဖြစ် လှူဒါန်းခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကုန်းဘောင်မင်းဆက်ရဲ့ ရာဇသွေးပါဝင်သူတွေကို ဒီလိုမျိုး ကျွန်အဖြစ် လှူဒါန်းတာက မသင့်တော်ကြောင်းကို တံဆိပ်တော်ရ ဆရာတော်တွေက လျှောက်တင်ပေးခဲ့တာကြောင့် မကွေးမိဖုရားကြီးသားအမိ သုံးယောက်လုံးမှာ မြို့ဝန်ပင်လယ်မြို့စားထံ အပ်ထားခံရပြီး အဲဒီအထဲမှာဆိုရင် မိဖုရားကြီးရဲ့ ဒုတိယအိမ်ထောင် ခင်ပွန်းသည် ဦးလှော်နဲ့ သမီးငယ်တို့ပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။