ကိုလိုနီခေတ်က ငယ်ရွယ်တဲ့ စွယ်စုံရ မြန်မာ့ဂီတပညာရှင် ဂီတနက်သန် ကိုစောညိန်း

ကမ္ဘာ့ဂီတ နဲ့ ခေတ်ပြိုင် ပေါ်ပေါက်ခဲ့တဲ့ မြန်မာ့ဂီတ ဟာ ခေတ်အဆက်ဆက်ကိုဖြတ်သန်းရင်း မပျောက်မကွယ်ပဲ လက်ရှိအချိန်အထိ ရပ်တည်လျှက်ရှိပါတယ်။အဲဒီလို ဖြတ်သန်းခဲ့တဲ့ ခေတ်သမိုင်းတစ်လျှောက်မှာအနုပညာရှင် တွေအများ အပြားပေါ်ထွန်းခဲ့ပြီး သူတို့ရဲ့ ဘဝဖြစ်စဉ်တွေက ပုံစံအမျိုးမျိုးဘဝအထွေထွေ။ မြန်မာ့ဂီတ လောကမှာ ထူးခြာဆန်းသစ်တဲ့ မြန်မာ့သံစဉ်သီချင်းတွေကို ရေးစပ်ခဲ့သူ ကိုစောညိန်းရဲ့ ဘဝဇာတ် ကြောင်းတွေကလည်း အထူးထူးအထွေထွေဖြစ်ပါတယ်။ ကိုစောညိန်းကို ၁၉၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၄ ၊ ၅ နှစ် အရွယ်လောက် ကစ ပြီး သီချင်းဆိုဝါသနာပါခဲ့တယ်။ငယ်စဉ်က တစ်ယောက်တည်းငေးငိုင်ကာ သီချင်းတွေ ညှဉ်းတွား နေတတ်ပါတယ်။ အသက် ၁၂ နှစ်သားအရွယ်မှာ လက်ဖက်ခြောက်ရောင်းတဲ့ သုံးထပ်သား သေတ္တာကို တစ်ဖက်ရှူး အောင်လုပ်ပြီး ဘင်ဂျိုကြိုးတွေ တပ်ပြီး တီးခတ်ခဲ့ပါတယ်။ဂီတကို ဝါသနာ ကြီးလွန်းပြီး ဂီတပညာရှင်တွေထံမှ လေ့လာသင်ယူ ခဲ့တဲ့အတွက် ငယ်စဉ်ကတည်းက ဘင်ဂျို၊မယ်ဒလင်၊ တယောတွေကို တီးခတ်တတ် နေပြီဖြစ် ပါတယ်။ ပန်းချီပညာကို စိတ်ဝင်စားတဲ့အတွက် ငယ်စဉ်ကတည်းက ပုံတူပန်းချီနဲ့ ရှူခင်း ပန်းချီတွေကို ရေးဆွဲတတ်နေပြီ ဖြစ်ပါတယ်။အသက် ၁၄ နှစ်အရွယ်မှာ ကာတွန်းပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆုကို ၃ နှစ်ဆက် ရရှိပါတယ်။ ရန်ကုန်မြို့ ၂၁ လမ်းမှာရှိတဲ့ ဦးဘိုအေးရဲ့ မြန်မာကျောင်းမှာ သတ္တမတန်းအောင်မြင်တဲ့အထိ စာပေသင်ကြား ခဲ့ပါတယ်။ အဲဒီလိုသင်ကြားနေစဉ် ခင်ဆိုတဲ့အမျိုးသမီး တစ်ယောက်ကို စွဲလမ်းနှစ်သက် ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါ ခရမ်းဘက်ကို မိသားစုအလိုက် စစ်ရှောင်ရင်း ဦးငွေစိုးဆိုသူထံမှ ဟွန်းတယော ပညာကိုသင်ကြားခဲ့ပါတယ်။ ဦးငွေစိုး ဆိုတာ ကျားပါးစပ်ထောင်ပြီး ငါးဖမ်းတဲ့ တံငါသည်တစ်ယောက်ဖြစ်ပါတယ်။ကိုစောညိန်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ နေလာသူပီပီ ကံငါးပါးကို လုံအောင်ထိန်းသူဖြစ်ပြီး ငါးဖမ်းတဲ့ အလုပ်ကို စိတ်မပါပေမဲ့ ဂီတပညာကို လိုချင်လွန်းတဲ့အတွက် ဆင်းရဲဒုက္ခခံကာ သွားရောက်သင်ယူခဲ့ပါတယ်။ အခြေအနေ အေးချမ်းသွားတဲ့အခါမှာ ရန်ကုန်မြို့ ကို တက်လာခဲ့ပြီး အစ်မဖြစ်သူရဲ့ နေအိမ်မှာနေထိုင်ခဲ့ပါတယ်။ အဲဒီအိမ်မှာ နေထိုင်သူ အဒေါ်က သီချင်းသီဆိုတာတွေကို ကြိုက်နှစ်သက်မှုမရှိ တဲ့အတွက် သူငယ်ချင်းတွေစုပြီး ဘုန်းကြီးကျောင်းမှာနေထိုင်ခဲ့ပါတယ်။အဲဒီလို နေထိုင်နေစဉ်မှာ ကမ်းနားဈေးရှေ့ ဘတ်စ်ကားဂိတ်မှာ ကွမ်းယာ၊ ဆေးလိပ်တွေ ကို ဗန်းနဲ့လွယ်ပြီး ရောင်းချခဲ့ပါတယ်။အဲဒီလိုလုပ်ကိုင်ရင်း ကြည့်မြင်တိုင် အာရှလူငယ် အစည်းအရုံး ထဲ ဝင်ရောက်ခဲ့သလို ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ သိုင်းဆရာကြီးတစ်ဦးကိုပင့်ဖိတ်ပြီး သိုင်းပညာသင်ကြားခဲ့ပါတယ်။အဲဒီနောက် ဆရာဦးပြေသိမ်း၊ဆရာဦးချစ်သန်းတို့ထံမှာ သိုင်းပညာဆက် လက်သင်ကြားခဲ့ပြီး ဆရာဖြစ်လက်မှတ်ရရှိခဲ့ပါတယ်။ အင်္ဂလိပ်ခေတ်ရောက်လာတဲ့အခါ ကမ်းနားလမ်းမှာ လမ်းလျှောက်နေစဉ် မယ်ဒလင်တီးနေတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံရင်းနှီးခဲ့ပါတယ်။အဲဒီနောက်မှာတော့ သိုင်းဆရာအဖြစ်နဲ့ ငှက်ကြီးတောင်ကို လွယ်ကာ ခင်မင်ရင်းနှီးသူ နေထိုင်တဲ့ ဒေးဒရဲ အပိုင် လေးရွာ ကို လိုက်သွားခဲ့ပါတယ်။တီးတတ်ဆိုတတ်တဲ့ ကိုစောညိန်းတစ်ယောက် ရွာက လူတွေနဲ့ ခင်မင်ရင်းနှီးသွားခဲ့ပေမဲ့ အင်္ဂလိပ်သူလျှိုလို့ထင်မှတ်တဲ့အတွက် ဖျောက်ဖျက် လိုသူတွေလည်း ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ချောင်းကြီးရွာမှာရှိနေတဲ့ ရန်ကုန်ဘဆွေ ထံခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ စောညိန်းက သူဟာ ဂီတသမားတစ်ဦး ဖြစ်ကြောင်း၊ စာရေးဝါသနာပါကြောင်း၊ကာတွန်းဆွဲကြောင်း၊ သမာဓိ ဦးညီညီ၊ မြို့မ ဘုန်းကြွယ်တို့ နဲ့ ရင်းနှီးကြောင်း ပြောလိုက်တဲ့အခါမှာတော့ သံသယတွေကင်းစင်သွား ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရန်ကုန်ဘဆွေ ဒါရိုက်တာလုပ်တဲ့ ပြဇာတ်တွေမှာ ကိုစောညိန်း ကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။အဲဒီအချိန်မှာ စန္ဒရားတီးသူက မောင်ကိုကို(ဂီတလုလင်မောင်ကိုကို) ဖြစ်ပါတယ်။ ဒေးဒရဲမှ ဖျာပုံ၊ဖျာပုံမှ ရန်ကုန်မြို့အထိ ပြဇာတ်တွေမှာ ပါဝင်ခဲ့ပါတယ်။ စစ်ပြန်ကဇာတ် ကပြပြီးတဲ့နောက် ခရမ်းကို မပြန်တော့ဘဲ သမာဓိသတင်းစာတိုက်မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ကိုစောညိန်းတစ်ယောက် ရန်ကုန်မြို့ ၂၁ လမ်းမှာရှိတဲ့ ဦးဘိုအေးရဲ့ကျောင်းမှာ ပညာသင်ယူနေစဉ်မှာ ခင် ဆိုတဲ့ အမျိုးသမီးကို စွဲလန်း နှစ်သက်ခဲ့ပါတယ်။ဒုတိယ ကမ္ဘာစစ်ကြောင့် ခင်ဆိုတဲ့ အမျိုးသမီးနဲ့ ကွဲကွာသွားခဲ့ပြီး အဲဒီအတောအတွင်းမှာ ခင်ဆိုတဲ့အမျိုးသမီး အိမ်ထောင်ကျခဲ့ပြီလို့ သတင်းရခဲ့ပါတယ်။အဲဒီ သတင်းဟာ သူစိတ်ကူးခဲ့သမျှတို့ အရည်ပျော်ခဲ့ပါတယ်။ အမှန်က ခင်ဆိုတဲ့ အမျိုးသမီးကလက်မထပ်ဖြစ်။စစ်ကြီးပြီးတဲ့အခါ ခင်ဆိုတဲ့အမျိုးသမီးက ရန်ကုန် သမာဓိ သတင်းစာတိုက်ကိုလိုက်လာပြီး ကိုစောညိန်းကိုလာရောက်တွေ့ဆုံပါတယ်။ အဲဒီအချိန်မှာ ကိုစောညိန်းက ခင်ကို မချစ်နိုင်တောပြီ။ခင့်အတွက် ပွင့်ဖူးလာတဲ့ ချစ်ပန်းပွင့်တို့က ကြွေကျမြေခသွားခဲ့ပြီ။ ခြောက်သွေ့နေပေပြီ။ ပြန်လည်မလန်းဆန်းနိုင်တော့။အဲဒီအတွက် ကိုစောညိန်းက ပွင့်ဦးဆိုတဲ့ သီချင်းတစ်ပုဒ်ကိုရေးစပ်ခဲ့ပါတယ်။ “ အသည်းလွှာမြေဝယ်၊ အမြစ်ဖြာယှက်သွယ်၊ အချစ်ညှာခက်ခါနွယ်၊ မာလာပင်နန်း၊ချစ်ပန်းပွင့်ဦးစအရွယ်၊ ချူတော်မူလာနိုး မျှော်ကိုးကာပူဗျာပါကြွယ်၊ရည်ရွယ်သွယ်ညွှတ်ပျောင်း၊ ကြာလေ ညှာကြွေ ညောင်းမျှရယ်၊ အရိုင်းစပယ်မို့ ပစ်ပယ်၊ပန်တော်မဝင်တယ်၊ ငွေသဇင်ကြူမွှေး၊ သူရွေးပြီထင် အားငယ်၊ တွက်ရေသော် ရက်တွေခြား၊ စောင့်စားယင်းမြေမှာ၊ ကြွေကြွေကာ နွမ်းလေပြီကွယ်၊ ငွေချပ်လွှာဆွေး မာလာမွှေးရနံ့ပြယ် စပယ်ဖြူတုံးကာမှ ခင်ဖုန်းသက်ဝေရယ်၊ ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ်၊ လှောင်တာလေလားနော်ကွယ်၊ ဖန်လာပုံ ခုမှဆန်းကြယ်၊ အချစ်ဖြင့် ဆိတ်သုဉ်း၊ ဆုံးရှုံးခြောက်ခန်း၊လောင်ကျွမ်းခဲ့ရ မောင့်ဘဝအစဉ်ဝယ်၊ ဆက်သွယ် သန္တတိ မမြဲသောရုပ်နာမ်ပြောင်းလွဲသည့်နှယ်၊ ဖြစ်ပြန်ပျက်ပြန် အချစ်မှန်တရားရယ်၊ မူလွန်းခဲ့သူရယ်၊ ပွင့်ဦးကြွေမှဖြင့်ကွယ်၊ မပန်စေချင် ရက်တော့တယ်” ဒီသီချင်းက ကိုစောညိန်းနဲ့ ခင်တို့ ရဲ့ အတိတ်က ပုံရိပ်တွေကို ပြတ်ပြတ်ထင်ထင်မြင်ယောင်စေပါတယ်။ ခင် တို့က ကြွယ်ဝချမ်းသာသူ ။ ဓနဂုဏ် အင်အားတောင့်တင့်တဲ့ အသိုင်းအဝိုင်းမှာ နေထိုင်ကြီးပြင်းခဲ့သူ။ ကိုစောညိန်းက ဓနဂုဏ်ချို့တဲ့ပေမဲ့ ဂီတ၊ စာပေ၊အနုပညာ ရပ်တွေမှာ ဝါသနာထုံသူ။အနေအေး သလို ရည်ရည် မွန်မွန် ရှိတဲ့အတွက် လူတိုင်းက ချစ်ခင်သူ။သူတို့နှစ်ဦးက တစ်နဲ့တစ်ဦး တွယ်တာ သံယောဇဉ်ရှိကြပေမဲ့ လက်တွေ့မှာ ဖွင့်မပြောဖြစ်။ မပွင့်လင်းတဲ့ သူတို့ကို တစ်နယ်တစ်ကျေးဆီ ခွဲပစ်ခဲ့တာက ဒုတိယကမ္ဘာစစ်ဖြစ်ပါတယ်။စစ်အတွင်းမှာ ခင်တစ်ယောက် လက်ထပ်သွားပြီဆိုတဲ့သတင်းက ကိုစောညိန်းကို တုန်လှုပ်စေခဲ့ပါတယ်။ ရင်နင့်အောင် ချစ်ခဲ့ရသူအတွက် ပူလောင်မှုဒဏ်တွေကို အလူးအလဲ ခံခဲ့ရတဲ့အတွက် သူ့ရဲ့ အချစ်ပန်းပွင့်ဖူး ကလေးက ကြွေနွမ်းခြောက်သွေ့သွားခဲ့ပါပြီ။လောင်ကျွမ်းစရာတွေ အားလုံးလောင်ကျွမ်းသွားပြီဖြစ်တဲ့အတွက် သူ့မှာ လောင်ကျွမ်းစရာမကျန်ရှိတော့။ မြေမှာခခဲ့ရတဲ့ ပွင့်ခြောက်ကလေး ကိုတစ်ဖန်ပြန်ကောက်ပြီးလည်း မပေးချင်တော့။ကိုစောညိန်းရဲ့ သဘောထားအမှန်ကို သိရတဲ့ခင် တစ်ယောက် မျက်ရည်သုတ် လို့ပြန်သွား ခဲ့ရပါတယ်။ အဲဒီနောက်မှာ‌တော့ ကိုစောညိန်းတစ်ယောက် သူငယ်ချင်းကိုလှမြင့်ရဲ့ မိတ်ဆက်ပေးမှုကြောင့် ရီရီမေ (မြေလတ်မေ) ဆိုသူ အမျိုးသမီးတစ်ဦး နဲ့ မိတ်ဆွေ ဖြစ်ခဲ့ပါတယ်။ မြေလတ်မေက ဂီတဝါသနာပါသူဖြစ်ပြီး ကိုစောညိန်း သီချင်းတွေကိုနှစ်သက်သူဖြစ်ပါတယ်။ကိုစောညိန်းထံ စားနဲ့ဆက်သွယ်ပြီး ကဗျာအကြောင်း၊ဂီတအကြောင်းတွေကို မေးမြန်းလေ့ရှိသလို ဓာတ်ပုံလေးတွေလည်း ထည့်ပေးတတ်ပါတယ်။ အသက် ၂၆ နှစ်ရှိလာပြီ ဖြစ်တဲ့ ကိုစောညိန်းတစ်ယောက် အသက်အရွယ်ရလာတဲ့ မိဘတွေကို ပြန်လည်ကြည့်ရှု ရဦးမှာဆိုပေမဲ့ အလုပ်တွေက အဆင်မပြေဖြစ်လာခဲ့ပါတယ်။သမာဓိ သတင်းစာက အခြေအနေမကောင်း တဲ့အတွက် အလုပ်မှ နှုတ်ထွက်လိုက်ရသလို ဂီတနက်သန် တီးဝိုင်းကလည်း တစ်နှစ်ခွဲခန့် အားစိုက် ကြိုးပမ်း ခဲ့ပေမဲ့ အဆင်ကမပြေ။မပြည်စုံတဲ့ဘဝမှာ စိတ်ကူးထဲက ရည်မှန်းထားသူ မြေလတ်မေတစ်ယောက် ရန်ကုန်လာချင် တယ်လို့ပြောပေမဲ့ သူမှာ တွေ့ဖို့ခက်နေခဲ့ပါတယ်။မလာပါနဲ့ပြောဖို့ကလည်း မဝံ့ တဲ့အတွက် လာချင်ရင်လာခဲ့ပါလို့ဆိုလိုက်ပါတယ်။ မြေလတ်မေ တစ်ယောက် ရန်ကုန်မြို့ကို အလုပ်ကိစ္စတစ်ခုအတွက်ကြောင့်ရော ကိုစောညိန်းမှာ ကြားလိုက်တဲ့ အတွက် တွေ့ဆုံရအောင် ဝမ်းပန်းတသာနဲ့လာခဲ့ပါတယ်။ ရန်ကုန်ရောက်ပေမဲ့ ၁၀ ရက်လောက်ဖျားလိုက်တဲ့ အတွက် ကိုစောညိန်းနဲ့ တွေ့ခွင့်မရဘဲရှိခဲ့ပါတယ်။နေပြန်ကောင်းလာတဲ့အခါမှာ‌တော့ ၅၁ လမ်းမှာ ရှိတဲ့ ဂျာနယ် တိုက်တစ်ခုမှာ သွားရောက်ရှာဖွေခဲ့ပါတယ်။အဲဒီဂျာနယ်တိုက်မှာ ကိုစောညိန်းတစ်ယောက် နေ့လယ် ၁၂ နာရီ အထိရှိခဲ့ပြီး မြေလတ်မေ ရောက်လာချိန်မှာတော့ ပြန်သွားခဲ့ပြီဖြစ်တဲ့အတွက် သူတို့နှစ်ယောက် တွေ့ဆုံခွင့် မရခဲ့ပါဘူး။ မြေလတ်မေ တစ်ယောက် ဂျာနယ်တိုက်ကို သူမ လာသွားတဲ့အကြောင်းနဲ့ တည်းခိုရာလိပ်စာ တွေပေးခဲ့ပြီး ပြန်လာခဲ့ပါတယ်။အိမ်အရောက်မှာတော့ ကိုစောညိန်းတစ်ယောက် သူ့ကိုလာရောက် တွေ့ဆုံမယ် အထင်နဲ့ စောင့်မျှော်နေခဲ့ပါတယ်။အဲဒီနေ့က ၁၉၅၂ ခုနှစ် အောက်ဆိုဘာလ ၂၉ ရက် ဖြစ်ပါတယ်။ အဲဒီ အောက်တိုဘာလ ၂၉ ရက် ည မှာတော့ ကိုစောညိန်းရဲ့ ညီဖြစ်သူ ရုပ်ရှင်သွားကြည့်ခဲ့ပါတယ်။ ပြန်အလာမှာ ရန်ဖြစ်လာပြီး အိမ်ကိုရောက်တဲ့အခါဝတ်ထားတဲ့ကုတ်အင်္ကျီကိုချွတ်ခဲ့ပြီး သံတုတ်ကိုင်ကာ ပြန်ထွက်သွား ပါတယ်။ အဲဒီအချိန်မှာ ကိုစောညိန်း ဝတ်ထားတဲ့ ကုတ်အင်္ကျီက ညီဖြစ်သူ ဝတ်တဲ့ကုတ်အင်္ကျီနဲ့ ဆင်တူနေခဲ့ပြီး ညီဖြစ်သူကို စိတ်မချတဲ့အတွက် နောက်က လိုက်သွားခဲ့ပါတယ်။ လမ်းထိပ်ရောက်တဲ့အခါမှာတော့ ရန်ဖြစ်နေကြတာကို ဝင်ရောက်ဖြန်ဖြေရာမှာ တစ်ဖက်မှ ရန်ဖြစ်တဲ့ မူးနေသူ မြင်းလှည်းသမားတွေက လူမှား ပြီးဝိုက်ရိုက်လိုက်ကြပါတယ်။အဲဒီဒဏ်ရာတွေကြောင့် ကိုစောညိန်းကိုဆေးရုံတင်ပို့လိုက်ရပြီး အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ ကွယ်လွန်အနိစ္စရောက်ပါတယ်။ ကိုစောညိန်း တစ်ယောက် လာလိမ့်နိုးနဲ့မျှော်နေသူ မြေလတ်မေ တစ်ယောက် အောက်တိုဘာ ၃၀ ရက်နေ့ မှာတော့ သတင်းတစ်ခုရခဲ့ပါတယ်။ကိုစောညိန်း တစ်ယောက် အရိုက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတက် နေရတယ်တဲ့။ဒီသတင်းကြားတဲ့နောက်မှာတော့ ဆေးရုံကို လိုက်သွားခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့။ အဲဒီနောက်မှာတော့ ကိုစောညိန်းကွယ်လွန်ကြောင်း ကြားသိလိုက်ရပါတယ်။ အသုဘချမဲ့နေ့မှာ‌တော့ မြေလတ်မေ တစ်ယောက် ငါ့ဆရာလို အစ်ကိုကြီးကို ခင်မင်တဲ့လူတစ်ယောက် မြေထဲ မြှုပ်မှာ ငါမကြည့်ရက်ဘူး လို့ဆိုကာ ထိုင်ငိုနေမိပါတယ်။နောက်ဆုံးမှာတော့ ကိုစောညိန်းတို့အိမ်ကို သွားရောက် ခဲ့ပေမဲ့ အိမ်ကိုရောက်သွားတဲ့အချိန်မှာတော့ အသုဘ ပို့ဆောင် ပြီးဖြစ်နေပါတယ်။ကိုစောညိန်းနဲ့ မြေလတ်မေ တို့ အသက်ရှင်စဉ်မှာတွေ့ဆုံခွင့်မရခဲ့သလို ကိုစောညိန်း ကွယ်လွန်သွား တဲ့အချိန်မှာလည်း တွေ့ဆုံခွင့်မရခဲ့ပါဘူး။ ကိုစောညိန်း နောက်ဆုံးရေးစပ်ခဲ့တဲ့ သီချင်းက “ မိုးသက်လေနှင် ” တဲ့ “ နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်၊ လွမ်းအောင်ဖော်ပြ အာကာဝေဟင်၊ ဘယ်ရှေးဝဋ်ကြွေးတုံ့တင်၊ ချေပြီထင်ခဲ့ ခိုမှီရာမဲ့၊ ရှုလှဲ့မြင်လှဲ့စေချင်၊ ချစ်တဲ့သူရဲ့ရင်ခွင်၊ သည်မိုးမှောင်တုန်းမောင်ပုန်းပါရစေခင်၊ တကိုယ်ရေအား… နွဲ့နွဲ့တုန်ပြီရွှေဘဝင်၊ ငြိုးရက်တဲ့ဒေဝါဆွေနတ်သခင်၊ အော်… မိုးသက်လေနှင်”

===============================================

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast

Podcast ❤: https://podcasters.spotify.com/pod/show/z-lann

Facebook Group ❤: https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #မြန်မာ့ဂီတ

#ကိုလိုနီခေတ် #ဂီတနက်သန်ကိုစောညိန်း

More Interesting Blogs from Zlann