ထိုင်းနိုင်ငံဆိုတာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုပါ။ စတုရန်းကီလိုမီတာ ၅၁.၃ သန်း ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်း သန်း ၆၀ ကနေ သန်း ၇၀ ကြားနေထိုင်ကြတဲ့အထဲကမှ ၉၀ ရာခိုင်နှုန်းကျော်က ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူတွေများတဲ့အလျောက် ဘုရားကျောင်းကန်နဲ့ဆိုင်တဲ့ အဆောက်အအုံအများအပြားလည်း ထိုင်းနိုင်ငံမှာရှိနေပါတယ်။ ဝက်ဖရာကဲ ဆိုတာက ထိုင်းမှာရှိတဲ့ ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်ပြီး ဒီကျောင်းတော်ကို “မြဘုရားကျောင်းတော်” ဒါမှမဟုတ် “ဝက်ဖရာစီရတ္တနာစက်စာဒရမ်” လို့ လူသိများပါတယ်။ ကျောင်းတော်ထဲမှာ အဆောက်အအုံအများအပြားရှိနေပြီး ထိုင်းနိုင်ငံရဲ့ သမိုင်းဝင်နေရာ တော်ဝင်နန်းတော်ကလည်း အဲဒီနေရာမှာ တည်ရှိနေသလို မြဘုရားဗုဒ္ဓရုပ်ပွားတော်ကလည်း ဒီကျောင်းတော်ရှိရာနေရာမှာပဲ သီတင်းသုံးတော်မူနေပါတယ်။ ကမ္ဘာလှည့် ခရီးသွားတွေအတွက် သွားရောက်လည်ပတ်လေ့လာချင်စရာနေရာတွေက ထိုင်းနိုင်ငံထဲမှာ ရှိနေသလို အဲဒီနေရာတွေထဲမှာ ဗုဒ္ဓဆင်းတုတော် မြဘုရားကိန်းဝပ်စံပယ်တော်မူရာနေရာလည်း အပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဘုရားဖူးတချို့ကတောင် ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရင် မြဘုရားရှိရာဆီကို အရင်သွားရောက်ဖူးမြော်လေ့ရှိကြပါတယ်။ ဘုရားဖူးလာတဲ့သူတွေကတော့ ဘုရားကို အဂါရ၀ဖြစ်စေတဲ့ စကတ်တို၊ ဘောင်းဘီတိုလိုမျိုး ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခွင့် မရှိပါဘူး။အဲဒါမျိုးတွေ ဝတ်လာမိရင်တောင် ခွင့်ပြုချက်နဲ့ကိုက်ညီတဲ့အဝတ်အစားတွေကို ဘုရားပြင်ပ ပရဝဏ်အနီးဖွင့်လှစ်ထားတဲ့အရောင်းဆိုင်တွေကနေဝယ်ယူလို့ ပြန်လဲပြီးမှ ဘုရားဖူးမြော်ခွင့်ရကြတာဖြစ်ပါတယ်။ မြဘုရားက ထိုင်တော်မူသမာဓိမုဒြာဂေါတမမြတ်စွာဘုရားဆင်းတုတော်ဖြစ်ပြီး ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့အပြင် ရွှေသင်္ကန်းလည်း ကပ်လှူပူဇော်ထားပါတယ်။ ဉာဏ်တော်က၂၆လက်မ ရှိပြီး ဗုဒ္ဓမဟာမဏီ ရတနပဋိမာကရဘုရားလို့လည်း ခေါ်ကြပါတယ်။ ရွှေနဲ့ပြုလုပ်ထားတဲ့ ပုံစံမတူတဲ့သင်္ကန်းသုံးစုံကို ရာသီအလိုက် မြဘုရားကို ကပ်လှူပူဇော်လေ့ရှိကြပါ တယ်။ ရာသီအလိုက်ရွှေသင်္ကန်းလဲလှယ်တဲ့အခမ်းအနားကို ၄ လပိုင်း၊ ၈ လပိုင်းနဲ့ ၁၂လပိုင်း လဆုတ်ရက်တွေမှာ ပြုလုပ်ကြတာဖြစ်ပါတယ်။ ချက္ကရီမင်းဆက်ရဲ့ ပထမဆုံးမင်းဖြစ်တဲ့ ဘုရင်ရာမ ၁ က ဗီယက်ကျန်းကို ၁၇၇၉ ခုနှစ်မှာ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ကာလတစ်ခုကနေ ဒီကနေ့ထိတိုင် မြဘုရားဆင်းတုတော်ကို ဘန်ကောက်မြို့ တော်ဝင်နန်းတော်မှာရှိတဲ့ မြဘုရားဗိမာန်တော်မှာ အပူဇော်ခံထားရှိတာလို့ အထောက်အထားတချို့က ဆိုပါတယ်။ မြဘုရားသီတင်းသုံးတော်မူရာ ကျောင်းတော်ကိုတော့ ဘုရင်ရာမ ၁ အမိန့်နဲ့ ၁၇၈၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ အဲဒီကာလတွေမတိုင်ခင် ဟိုးအရင်အချိန်တွေတုန်းကဆိုရင် လာအို၊ ထိုင်းနဲ့ ဗီယက်နမ် တို့က နှစ်ပေါင်းများစွာ တစ်လှည့်စီ ကိုးကွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ မြဘုရားနဲ့ပတ်သက်တဲ့ သမိုင်းမှတ်တမ်းတွေမှာတော့ အခုလိုဖော်ပြပါတယ်။ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ၁၄၃၄ခုနှစ်က ဇင်းမယ်ပြည် တည်ရှိခဲ့ပြီး အဲဒီနိုင်ငံမှာ ဆင်းတုတော်တစ်ဆူ ထွက်ပေါ်လာခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ ဝတ်ဖရခရုမ်လို့အမည်ပြောင်းခဲ့တဲ့ တစ်ချိန်တုန်းက ဝတ်ဖရယိုင်ဝါးတောကျောင်းမှာ မိုးကြိုးထိမှန်တဲ့ဒဏ်နဲ့ စေတီတစ်ဆူ ပြိုပျက်ခဲ့ပါတယ်။အဲဒီနေရာကနေ ဘုရားတစ်ဆူကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရှာဖွေတွေ့ရှိခဲ့စဉ် က အဲဒီဘုရားကို ရွှံ့စေးမြေတွေက ဖုံးအုပ်နေတာပါ။အဲဒီနောက်ပိုင်းမှာ ကျောင်းထိုင်ဆရာတော်က ဆင်းတုတော်ကို မြင့်မြတ်တဲ့နေရာမှာ ပူဇော်ထားခဲ့ပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ ဆင်းတုတော်ပေါ်က ရွှံ့စေးမြေတချို့ကွာကျလာပါတယ်။ရွှံ့စေးမြေတွေလည်း ကွာကျလာရော အတွင်းပိုင်းက အစိမ်းရောင် ပေါ်ထွက်လာပါတယ်။ ကျောင်းထိုင်ဆရာတော်က ကွာကျနေတဲ့ ရွှံ့စေးမြေတွေကို ဖယ်ရှားလိုက်တော့ ကျောက်စိမ်းနဲ့ထုလုပ်ထားတဲ့ မြဆင်းတုတော်ကို အထဲမှာ တွေ့လိုက်ရပါတယ်။ မြဘုရားကိုထုလုပ်ပူဇော်ထားတဲ့လက်ရာဟာ ချေသျှမ်းခေတ်လက်ရာဖြစ်တယ်လို့ ပညာရှင်တချို့က ဆိုကြပြီး အချိန်ကာလအားဖြင့်တော့ ၁၅ ရာစုကဖြစ်သလို ဇင်းမယ်ခေတ်အမွေအနှစ် လက်ရာတစ်ခုလို့လည်း ဆိုပါတယ်။ ဒဏ္ဍာရီမှတ်တမ်းတွေမှာတော့ အခုလို ဆိုပါတယ်။ အဲဒီဆင်းတုတော်ကို ဇင်းမယ်ပြည် ပြည့်ရှင် ဆမ်ဖန်ကင်းက ချင်းမိုင်မှာရှိတဲ့ သူ့ရဲ့နေပြည်တော်မှာ တည်ထားကိုးကွယ်ချင်ခဲ့တာပါ။ဒါပေမဲ့လည်း ဘုရားကိုပင့်ဆောင်လာတဲ့ဆင်တော်က နိမိတ်လက္ခဏာပြလာပါတယ်။အဲဒီနိမိတ်ကတော့ လန်ပန်ကို သုံးကြိမ်တောင် ဦးတည်သွားရောက်ခဲ့တာပါ။ ဒါနဲ့ မြဘုရားဟာ လန်ပန်မြို့မှာ သီတင်းသုံးလိုတာကြောင့် အဲဒီလို နိမိတ်ပြတာပဲလို့ ယူဆလိုက်ပါတယ်။အဲဒီနောက် လန်ပန်မြို့မှာရှိတဲ့ ဘုရားကျောင်းတစ်ခုမှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။အဲဒီဘုရားကျောင်းက နှစ်ပေါင်း ၃၂နှစ်တိုင်အောင် အထူးဆောက်လုပ်ထားတဲ့ဘုရားကျောင်းဖြစ်ပြီး ဒီကနေ့ခေတ်မှာတော့ ဝပ်ဖရာ့ကဲအိုတောင်လို့ ခေါ်ပါတယ်။ ဒီလိုနဲ့ ၁၄၆၈ ခုနှစ်ရောက်ချိန်မှာတော့ မြဘုရားကို ချင်းမိုင်မြို့ကို ပြောင်းရွှေ့တည်ထားကိုးကွယ်ဖို့အကြောင်းဖန်လာပါတယ်။အဲဒီအကြောင်းကတော့ တီလိုကရာဇ်ဘုရင်က ချင်းမိုင်မြို့မှာရှိတဲ့ စေတီကြီးတစ်ခုထဲမှာ မြဘုရားကို ပြောင်းရွှေ့တည်ထား ကိုးကွယ်လိုတာကြောင့်ဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ ၁၅၅၂ ခုနှစ်ထိတိုင်အောင် မြဘုရားက ချင်းမိုင်မှာပဲရှိနေခဲ့ပါတယ်။ အဲဒီနောက် မြဘုရားကို လာအိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ လွမ်ပရာဘွမ်ကိုပင့်ဆောင်ခဲ့ချိန်မှာ လောပြည်ရဲ့မြို့တော်က လင်းဇင်း ဖြစ်ပါတယ်။ အဲဒီအချိန်မတိုင်ခင်အစောပိုင်းမှာ လင်းဇင်းရဲ့ အိမ်ရှေ့မင်းသား ဆထ္ထသီရတ်ကို ဇင်းမယ်ပြည်ရဲ့ လစ်လပ်နေတဲ့ ထီးနန်းကို သိမ်းယူဖို့ မင်းသားရဲ့ မယ်တော်က ဖိတ်ကြားခဲ့ပါတယ်။ဒီမယ်တော်က နတ်ရွာစံသွားတဲ့ ချင်းမိုင်ဘုရင်ရဲ့ ညီမတော်ဖြစ်ပြီး ထီးနန်းဆက်ခံမယ့်သူ မရှိပါဘူး။ဒါပေမဲ့ ခမည်းတော် ဖိုတီဆာရပ်မင်း နတ်ရွာစံပြီးတဲ့နောက် မင်းသားဆထ္ထသီရတ်လည်း လင်းဇင်းပြည် ပြည့်ရှင်မင်းဖြစ်လာခဲ့သလို မွေးရပ်မြေကို ပြန်တော့ မြဘုရားကိုပါ တစ်ပါတည်း ပင့်ဆောင်လာခဲ့တာဖြစ် ပါတယ်။ အဲဒီနောက်ပိုင်း ဗမာတို့က ၁၅၆၄ခုနှစ်မှာ လာရောက်ကျူးကျော်ခဲ့ကြပါတယ်။အဲဒီလိုကျူးကျော်ခံရတာကြောင့် ဘုရင်ဆထ္ထသီရတ်လည်း သူ့ရဲ့နေပြည်တော်ကို ဗီယက်ကျန်းကို ပြောင်းရွှေ့ခဲ့သလို ဆင်းတုတော်ကိုပါဟော်ဖရခရုမ်မှာ ကိန်းဝပ်စံပယ်တော်မူစေခဲ့ပါတယ်။ အဲဒီကတစ်ဆင့် ဆင်းတုတော်လည်း နောက်ထပ်နှစ်ပေါင်း ၂၁၄ နှစ်အထိ ဗီယက်ကျန်းမှာပဲ ကိန်းဝပ်စံပယ်တော်မူခဲ့ပါတယ်။ အဲဒီနောက် ယိုးဒယား စစ်ဗိုလ်ချုပ် ချောင်ဖရားချက္ကရီက ၁၇၇၉ခုနှစ်မှာ တော်လှန်ပုန်ကန်ခဲ့ပြီး ဗီယက်ကျန်းကို သိမ်းပိုက်ခဲ့ပါတယ်။နောက်ပိုင်းမှာ မြဘုရားကို ယိုးဒယားတောင်ပိုင်းဆီ ပြန်လည်ပင့်ဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ မြဘုရားကို ယိုးဒယားမြို့တော်အသစ်ဖြစ်တဲ့ သွန်ဘူရီမှာရှိတဲ့ ဝပ်အာရန်အနီး နတ်ကွန်းတစ်ခုမှာ ကိန်းဝပ်စံပယ်စေပါတယ်။ ချောင်ဖရားချက္ကရီဟာ သူ့အတွက်ပဲ ရာဇပလ္လင်ကို သိမ်းယူခဲ့တာဖြစ်တဲ့အလျောက် ချက္ကရီမင်းဆက်ကိုလည်း တည်ထောင်ခဲ့ပါတယ်။ ချောင်ဖရားချက္ကရီကို ရာမ ၁ ဆိုပြီး နာမည်ပေးခဲ့ကြကာ နောက်ပိုင်းမှာ ချောင်ဖရားမြစ်ကိုဖြတ်လို့ ဒီကနေ့ ဘန်ကောက်မြို့ဖြစ်လာမယ့်နေရာကို ပြောင်းရွှေ့မြို့တည်ခဲ့ပါတယ်။ နောက်တော့ ဝပ်ဖရခရုမ်ကျောင်းပါဝင်တဲ့ မင်းနေပြည်တော်ကို တည်ဆောက်ခဲ့သလို ၁၇၈၄ ခုနှစ်မှာ ဝပ်ဖရာ့ခရုမ်ကျောင်းကို သန့်ရှင်းစေခဲ့ပါတယ်။ အဲဒီနှစ် မတ်လ ၂၂ ရက်နေ့မှာပဲ မြဘုရားကို ဝပ်ဖရာ့ခရုမ်သိမ်တော်ကို ပင့်ဆောင်ပြီး ကိန်းဝပ်စံပယ်တော်မူစေလိုက်တာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ နိုင်ငံအဆင့်နဲ့ တော်ဝင်အခမ်းအနားတွေကိုတောင် မြဘုရား သီတင်းသုံးတော်မူရာ ကျောင်းတော်ကြီးမှာ ကျင်းပခဲ့ကြပါတယ်။ကျောင်းတော်ဝင်းထဲမှာ တည်ဆောက်ထားတဲ့ ဘာသာရေးအဆောက် အအုံအများအပြားကလည်း ထိုင်းဓလေ့ထုံးစံ ဘာသာရေးဆိုင်ရာ ဗိသုကာလက်ရာတွေနဲ့အလှဆင်ထားတာမို့ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် လက်ရှိအချိန်ထိတည်ရှိနေတာပဲဖြစ်ပါတယ်။ ===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨
YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤: https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤: https://www.facebook.com/groups/zlann/
#ZLann #ZLann_Podcast #Thailand
#ဗုဒ္ဓမဟာမဏီရတနပဋိမာကရဘုရား #မြဘုရား
#พระพุทธมหามณีรัตนปฏิมากร