ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်တော်မူရာ “လင်ကွမ်းကျောင်းတော်”
===================================
တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရဲ့ တောင်ကုန်းတစ်ခုပေါ်၊ ပါ့တာ့ချူးတောင်ပေါ်မှာတည်ရှိတဲ့ လင်ကွမ်းကျောင်းတော် သို့မဟုတ် လင်ကွမ်းဘုရားကျောင်းဆိုတာ တရုတ်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဖြစ်ပါတယ်။ လျောင်ထန်မင်းဆက် လက်ထက်မှာ စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၂၀၀ ကျော် သမိုင်းရှိပြီ:ထူထောင်ခဲ့တာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းများအရ လေ့လာဖတ်ရှုရပါတယ်။ ၂၀၀၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှာ တရုတ်ဘုန်းတော်ကြီး ဆရာတော် Xuecheng က ပြန်လည်ပြုပြင်မွမ်းမံမှုတွေ ပြုလုပ် ခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာတော့ တရုတ်ဘုန်းတော်ကြီး ရာနဲ့ချီကာ သီတင်းသုံးနေထိုင်လျက်ရှိပါတယ်။
ပေကျင်းမြို့ကို အပေါ်စီးကနေတွေ့မြင်နိုင်တဲ့ ဒီတောင်ကုန်းပေါ်မှာ (၁၃)ထပ်မြင့်တဲ့ ရှစ်ထောင့်ပုံသဏ္ဍာန် ဗုဒ္ဓစွယ်တော်တိုက်စေတီကို တည်ထားကိုးကွယ်ထားပါတယ်။ ရှေးတရုတ်ဘုံကျောင်းပုံစံရှိပြီး အဆောက်အဦး ရဲ့ ဟိုးထိပ်မှာ ရွှေရောင်အတိပြီးတဲ့ စေတီငယ်တစ်ဆူကို တွေ့ရပါတယ်။ စေတီရဲ့ရင်ပြင်တော်ပေါ်မှာလည်း ပန်း၊ ရေချမ်းနဲ့ ဆီမီးကပ်လှူပူဇော်နေကြတဲ့သူတွေ၊ အမွှေးနံ့သာတိုင်ထွန်းညှိကပ်လှူနေကြတဲ့သူတွေ၊ ဝတ်ပြု ဆုတောင်းနေကြသူတွေအပြင် အမှတ်တရဓာတ်ပုံရိုက်ကူးနေတဲ့ ခရီးသွားဧည့်သည် အမြောက်အမြားကို တွေ့ရမှာဖြစ်ပါတယ်။ စေတီတော်ထဲမှာ ရွှေအစစ်နဲ့တည်ထားခဲ့တဲ့ စေတီက အင်ပါယာချန်းလုံရဲ့ မွေးနေ့လက်ဆောင်ဖြစ်တယ်လို့ မှတ်တမ်းတွေထဲမှာ ရေးသားဖော်ပြထားပါတယ်။
ကြေးဆင်းတုတော် ဘုရားသုံးဆူရဲ့အရှေ့မှာ ဗုဒ္ဓမြတ်စွယ်တော်ထည့်ထားတဲ့ ဖန်ကြုတ်ကို ဖူးမြော် တွေ့ရှိရမှာဖြစ်ပါတယ်။ သစ်သီးမျိုးစုံ ဆက်ကပ်လှူဒါန်းထားကြပြီး ဒူးထောက်ဝတ်ပြု ကန်တော့နိုင်ဖို့အတွက် ဖော့တုံးတွေ ချထားပေးတာကိုလည်းတွေ့ရပါတယ်။ ဝတ်ပြုဆုတောင်းပြီးပြီဆိုတာနဲ့ ထွက်ပေါက်ကနေ အောက်ကိုပြန်ဆင်းကြရပါတယ်။ စေတီအတွင်းမှာရှိတဲ့ ဗုဒ္ဓမြတ်စွယ်တော်ကိုတော့ လူတိုင်း ဖူးမြော်ခွင့်မရသလို ဓာတ်ပုံ ရိုက်ခွင့်လည်း မရှိပါဘူး။ အထူးဧည့်သည်တွေနဲ့ နေ့ကြီးရက်ကြီးတွေမှသာ ဖူးခွင့်ရရှိတယ်လို့သိရပါ တယ်။ စွယ်တော်တိုက်အတွင်းကို ဝင်ရောက်ရာမှာလည်း စနစ်တကျနဲ့ တစ်ယောက်ချင်း တန်းစီပြီးဝင်ရပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ပြီးနောက် တေဇောဓာတ်လောင်ကျွမ်းရာမှ ကျန်ရစ်ခဲ့တဲ့ စွယ်တော်လေးဆူ အနက် တရုတ်နိုင်ငံ၊ လင်ကွမ်းကျောင်းတော်မှာ မူရင်းအတိုင်းစံပယ်လျက်ရှိတဲ့စွယ်တော်က အထက်လက်ဝဲ စွယ်တော်ဖြစ်ပါတယ်။ အောက်လက်ဝဲစွယ်တော်ကို သီရိလင်္ကာနိုင်ငံ၊ ကန္နီမြို့ စွယ်တော်တိုက်သို့ ပင့်ဆောင်သွား ခဲ့ပြီး အထက်လက်ယာစွယ်တော်ကတော့ တာဝတ္တိံသာနတ်ပြည်၊ စူဠာမဏိစေတီမှာ ဌာပနာထားတယ်လို့ ဆိုကြ ပါတယ်။ အောက်လက်ယာစွယ်တော်ကို နဂါးပြည်မှာ ပင့်ဆောင်ပူဇော်ထားတယ်လို့ ဆိုပါတယ်။
တရုတ်မင်းဆက် ၅ ဆက်တိုင်တိုင် ဗုဒ္ဓမြတ်စွယ်တော်ကို နေရာတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ပူဇော်လာခဲ့ကြရာ လျောင်မင်းဆက်လက်ထက်မှာတော့ ပေကျင်းမြို့သို့ရောက်ရှိခဲ့ပြီး ကျောင်းရှန်စေတီမှာ ကိန်းဝပ်စံပယ်ခဲ့ ပါတယ်။ ၁၉၀၀ ပြည့်နှစ်အချိန်ကာလခန့်က ကျူးကျော်သိမ်းပိုက်မှုတွေကြောင့် ကျောက်ဆစ်ပန်းချီ လက်ရာတွေနဲ့ ဘုရားစေတီပုံတော်တွေ မွမ်းမံထားတဲ့ ပုံတော်တစ်ထောင် ပန်းချီကားဘုရားလို့ ထင်ရှားတဲ့ ကျောင်းရှန်စေတီရဲ့က ရှေးဟောင်းအမွေအနှစ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဘေးရန်များကင်းဝေးပြီးနောက် စေတီအနီးတစ်ဝိုက်ကိုရှင်းလင်းကြရင်း ဗုံးဒဏ်ကြောင့်ပြိုကျသွားတဲ့ ကျောင်းရှန်စေတီတော်ရဲ့ ဌာပနာတိုက် ထဲကနေ ဗုဒ္ဓမြတ်စွယ်တော်ကိုပြန်လည်တွေ့ရှိခဲ့တာကြောင့် ပေကျင်းမြို့ အနောက်ဘက်မှာရှိတဲ့ ပါ့တာ့ချူး တောင်ပေါ်က လင်ကွမ်းကျောင်းတော်မှာ စွယ်တော်တိုက်တစ်ခုကို မြန်မာနိုင်ငံက လှူဒါန်းခဲ့တဲ့ ကျွန်းသစ်ရတနာ တန် ၃၀၀ နဲ့ မွမ်းမံတည်ဆောက်ကာ ခမ်းနားထည်ဝါတဲ့ ဂန္ဓကုဋီတိုက်အတွင်း တင့်တယ်စွာ ပူဇော် ထားရှိပါတယ်။ ပြိုကျသွားတဲ့စေတီနေရာမှာ ဒီကနေ့ထက်တိုင် ကျန်ရှိနေတဲ့အရာက ဘုရားအောက်ခြေပလ္လင် ဖြစ်ပါတယ်။ သံဇကာနဲ့ခတ်ထားပြီး အုတ်ရိုးအုတ်သားတွေက အကောင်းပကတိအတိုင်းရှိနေဆဲဖြစ်ပါတယ်။ စေတီဟောင်းနဲ့ လက်ရှိစွယ်တော်တိုက်စေတီကြားမှာ ကျယ်ပြန့်လှတဲ့ ဘုရားရင်ပြင်ကြီးတစ်ခုရှိနေပြီး ထင်းရှူး ပင်အိုကြီးတွေအောက်က ထိုင်ခုံလေးတွေမှာ အပန်းဖြေအနားယူနေကြတဲ့ ခရီးသွားဧည့်သည်တွေ၊ ပုတီး စိပ်နေကြတဲ့ ဘုရားဖူးတွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ စေတီရဲ့ပရဝုဏ်အတွင်းမှာ လျောင်းတော်မူ ရုပ်ပွားတော်နဲ့ မြန်မာနိုင်ငံက လှူဒါန်းထားတဲ့ ကျောက်စိမ်းဘုရားကိုလည်း ဖူးမြော်ခွင့်ရမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ ၁၉၅၅ ခုနှစ်မှာ ပထမဆုံးအကြိမ် ပင့်ဆောင်ခဲ့ပြီး ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီးမှာ (၈)လကြာ အပူဇော်ခံခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဒုတိယအကြိမ်မြောက် ပင့်ဆောင်ခဲ့ရာမှာတော့ ရန်ကုန်၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဥ်းမနား၊ မိတ္ထီလာ နဲ့ မန္တလေးအစရှိတဲ့မြို့တွေကိုလှည့်လည်အပူဇော်ခံခဲ့ပြီး အချိန်(၁)လခွဲနီးပါးကြာမြင့်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ တတိယအကြိမ်မြောက်အဖြစ် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးနှစ်မြို့မှာ (၃)လခန့် ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ စတုတ္ထအကြိမ်မြောက်အနေနဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ ပင့်ဆောင်အပူဇော်ခံခဲ့ ပါတယ်။
ကမ္ဘာမှာ ပွင့်တော်မူပြီးတဲ့ ဂေါတမမြတ်စွာဘုရားရှင်ရဲ့ စွယ်တော်လေးဆူအနက်က တစ်ဆူဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ စွယ်တော်မြတ်အစစ်ကို ဖူးမြော်ခွင့်ရခြင်းက ပီတိသောမနဿဖြစ်ရသလို စွယ်တော်တိုက်ရဲ့ တည်ထားတဲ့ပုံစံ၊ ကိုးကွယ်ယုံကြည်မှုနဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်းတွေက စိတ်အစဥ်ကို လွှမ်းမိုးလို့ထားနိုင်ခဲ့ပါတယ်။ ကြည်ညိုသဒ္ဒါစိတ်နဲ့ လေ့လာစူးစမ်းလိုတဲ့စိတ်တွေကလည်း ဖြစ်ပေါ်လို့နေပါတယ်။ ခေတ်သစ်ယဥ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းတွေကို ပေါင်းစပ်ဖော်ထုတ်ကာ တရုတ်ရိုးရာယဥ်ကျေးမှုကို ကမ္ဘာကသိအောင် မြှင့်တင်ပေးနိုင်ခဲ့တာကြောင့်လည်း ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်လျက်ရှိတဲ့ လင်ကွမ်းကျောင်းတော်ကို နှစ်စဉ် လာရောက်ဖူးမြော်သူ ခရီးသွားဧည့်သည်တွေနဲ့ ပြည့်နှက်လို့နေပါတယ်။
===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
