“ပါဒမင်းတို့ အစောဆုံး တည်ထားကိုးကွယ်ခဲ့တဲ့ ကျိုက်ပါဒကြီး ဆံတော်ရှင်စေတီတော်”

ပါဒမင်းတို့၊ ပါဒနိုင်ငံတော်တို့ဆိုတာကတော့ ရာဇဝင်သမိုင်းကြောင်း လေ့လာသူတွေနဲ့ မစိမ်းတဲ့ နာမည်တွေဖြစ်မှာပါ။ အဲဒီလိုပဲ သန်လျင်မြို့မှာတည်ရှိတဲ့ ကျိုက်ပါဒကြီးဆံတော်ရှင်စေတီတော်ကိုလည်း လူတိုင်းနီးပါး ရောက်ဖူးကြမယ် ထင်ပါတယ်။ သန်လျင်မြို့က ထင်ရှားတဲ့ ဘုရားပုထိုးစေတီတော်တွေထဲမှာ ကျိုက်ပါဒကြီး စေတီတော်လည်း တစ်ဆူအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ လူသိနည်းနေသေးတဲ့ ကျိုက်ပါဒကြီးဆံတော်ရှင်စေတီတော်ရဲ့ သမိုင်းကြောင်းနဲ့ ပါဒကြီးငါးထပ်ကြီး ရုပ်ပွားတော်တို့ရဲ့ အကြောင်းကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။
ရှေးဦးစွာ ပါဒနိုင်ငံတော်ဖြစ်ပေါ်လာပုံကို အနည်းငယ်ပြောပြချင်ပါတယ်။ ဂေါတမဘုရားမပွင့်မီ နှစ်ပေါင်း ၅၀ ခန့် မဟာသက္ကရာဇ် ၉၄ ခုနှစ်မှာ ပဲခူးရိုးမဆုံဆည်းရာ စစ်တောင်းမြစ်ဝတွင် သုဝဏ္ဏဘူမိနိုင်ငံတော်ကို တည်ထောင်ခဲ့ကြပါတယ်။ မွန်လူမျိုးတို့ အကြီးအကဲအနေနဲ့ တင်မြှောက်ထားတဲ့ စောဗညားကို တိဿဓမ္မသီဟရာဇာဆိုတဲ့ ဘွဲ့အမည်နဲ့ မင်းမြှောက်ကြပါတယ်။ နန်းစံပြီး လေးနှစ်မြောက်မှာတော့ သားတော်တွေဖြစ်တဲ့ တိဿဘောဂသေန၊ တိဿနရသေန၊ တိဿနရသီဟတို့နဲ့အတူ သမီးတော် နန်းစောတို့ကို နောက်ပါလူ ၃၀၀၀၀ နဲ့အတူ တိုင်းပြည်သစ်ထူထောင်ဖို့လွှတ်လိုက်ပါတယ်။ မင်းသားသုံးဦးတို့နဲ့ နောက်ပါတို့က ယခုပါဒကြီး နေရာကို ရောက်တဲ့ အခါမှာတော့ မြို့တည်ဖို့သင့်တော်တယ်လို့ယူဆပြီး နောက်ပါ မွန်ပညာရှိတို့နဲ့ တိုင်ပင်ကာ မြို့တည်ခဲ့ပါတယ်။ ခရီးလမ်းတစ်လျှောက်မှာလည်း မြို့ငယ် ၃၈ မြို့တည်ထားခဲ့တာကြောင့် နောင်မှာ ပါဒနိုင်ငံတော်ရဲ့ နယ်နိမိတ်အပါအဝင်မြို့တွေဖြစ်လာပါတယ်။ ဒီလိုနဲ့ ပါဒနိုင်ငံတော်ကြီး ပေါ်ပေါက်လာပါတယ်။
တိဿဘောဂသေနမင်းကြီး မင်းပြုပြီး သုံးနှစ်အကြာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်မှာတော့ မဇ္ဈိမဒေသမှာ ဂေါတမဘုရားပွင့်တော်မူပါတယ်။ ဒီအခါ လူ့စည်းစိမ်ကို ခံယူနေတာထက် ဗုဒ္ဓအဆုံးအမကို နာကြားခံယူ သင့်တယ်လို့ ယူဆကာ ညီတော် နရသေနကို ထီးနန်းလွှဲအပ်ပြီး ရသေ့ပြုသွားပါတယ်။ အဲဒီနောက် တိဿဘောဂသေနမင်းက ရသေ့အဖြစ်နဲ့ မြတ်စွာဘုရားရှင်ကို သွားရောက်ဖူးမြော်ပြီး ဆံတော်မြတ်တစ်ဆူကို တောင်းပန်တာကြောင့် ရရှိခဲ့ပါတယ်။ ညီတော် မင်းကြီးနဲ့တကွ တိုင်းသူပြည်သားတွေကလည်း ရတနာတွေနဲ့ စီခြယ်ပြီး ကျောက်စာကမ္ပည်းထိုးကာ စေတီအဖြစ် တည်ထားကိုးကွယ်ခဲ့ကြပါတယ်။ နရသေနမင်းကြီး နန်းစံသက် ၂၀ နဲ့ နတ်ရွာစံပြီးနောက် သားတော် မြစောနောင်မင်းနန်းတက်ပါတယ်။ ဒီအခါ ပဒေသရာဇ်ခေတ်တို့ ထုံးစံအတိုင်း ပုန်ကုန်မှုတွေစတင်ပါတော့တယ်။ နရသေနမင်းရဲ့ ညီတော် နရသီဟမင်းက တူတော်ကို ပုန်ကန်တာကြောင့် နှိမ်နင်းခံခဲ့ရပါတယ်။ အဲဒီနောက် မြစောနောင်မင်း နန်းစံသက် ၁၀ နှစ်မှာ သားတော် ဟံသာသေနပုန်ကန်လေရာ မြစောနောင်မင်း နတ်ရွာစံခဲ့ပါတယ်။ ဟံသာသေနမင်း နန်းစံသက် ၁၂ နှစ်မှာ မြစောနောင်မင်းရဲ့ သားတော် ရာဇစောနောင်မင်းက နောင်တော်လတ်ဖြစ်တဲ့ ဟံသာသေနမင်းကို သားမယားနဲ့တကွဖမ်းဆီးကာ ကွပ်မျက်ပြီး နန်းတက်ခဲ့ပါတယ်။
မဟာသက္ကရာဇ် ၁၄၈ ခုနှစ်က ပါဒနေပြည်တော်မှာ ရာဇစောနောင်မင်းနန်းတက်ပြီး တစ်ချိန်တည်းမှာပဲ ဂေါတမမြတ်စွာဘုရားရှင်လည်း အဲဒီသက္ကရာဇ်မှာ ပရိနိဗ္ဗာန် ပြုတော်မူပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတဲ့ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်ကစတင်ပြီး ရာဇဂြိုဟ်ပြည်ရှင်ဘုရင် အဇာတသတ်မင်းနဲ့ အရှင်မဟာကဿပတို့တိုင်ပင်ကာ သာသနာသက္ကရာဇ် ၁ ခုနှစ်ကိုစတင်သတ်မှတ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မဟာသက္ကရာဇ် ကုန်ဆုံးကာ သာသနာသက္ကရာဇ်ကို စတင်ရေတွက်ခဲ့ပါတယ်။ ပါဒဆံတော်ရှင်စေတီအဖြစ် တည်ထားကိုးကွယ်ရမဲ့ အကြောင်းအရင်းကတော့ ပါဒနေပြည်တော်သား ရဟန္တာနှစ်ပါးက စတင်တာ ဖြစ်ပါတယ်။
ပါဒတိုင်းသားတွေဖြစ်တဲ့ နိုင်မွန်စနဲ့ နိုင်မွန်ပုအမည်ရှိ တပေါ-တဘော ညီနောင်လို့လည်း သိကြတဲ့ ကုန်သည်နှစ်ဦးဟာ ဘုရားရှင်ပရိနိဗ္ဗာန်မပြုမီ အနောက်မဇ္ဈိမဒေသကို ကုန်ရောင်းထွက်ရင်း ဘုရားရှင်နဲ့ တွေ့ခဲ့ကြပါတယ်။ အဲဒီနောက် ရဟန်းပြုပြီး ဗုဒ္ဓဉာဏနဲ့ ဓမ္မဉာဏ ရဟန္တာနှစ်ပါးအဖြစ် ထင်ရှားလာပါတယ်။ အဲဒီရဟန်းနှစ်ပါးက ပါဒနေပြည်တော်ရဲ့ ငါးဆက်မြောက် ရာဇစောနောင်မင်းကြီးကို ဘုရားရှင်ရဲ့ ဓမ္မကရိုဏ်းတော်နဲ့ ခါးပန်းတော်တို့ကို ပေးအပ်လိုက်ပါတယ်။ ဒီအခါမှာတော့ မင်းနဲ့တကွ ပြည်သူအပေါင်းတို့ အထူးအားရဝမ်းမြောက်ပြီး ပွဲလမ်းသဘင်တွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ရဟန်းနှစ်ပါးကိုလည်း နန်းတော်ရှေ့ တောင်ကုန်းမှာ ကျောင်းဆောက်လုပ်လှူဒါန်းလိုက်ပါတယ်။ အဲဒီနောက် မင်းကြီးက ဓာတ်တော်နှစ်ဆူကို ဘယ်လိုဘယ်ပုံ ဆက်လက် ဆောင်ရွက်ရမလဲ မေးရာမှာတော့ ရဟန်းနှစ်ပါးက နန်းတော်ရဲ့ တောင်ဘက် တာ(၅၀) အကွာမှာ ခမည်းတော်လက်ထက်က မြေလုသမားတွေရန်ကနေ အောင်မြင်ခဲ့တဲ့ ဇေယျာဒီပ ရန်အောင်မြင်ကုန်း ရှိကြောင်း၊ အဲဒီကုန်းရဲ့ အလယ်မှာ တိဿဘောဂသေနမင်း ရသေ့အဖြစ်နဲ ဘုရားရှင်ထံက ရရှိခဲ့တဲ့ ဆံတော်တစ်ဆူရှိကြောင်း၊ အဲဒီဆံတော်နဲ့ ဓာတ်တော်နှစ်ဆူတို့ကို အတူတကွ ဌာပနာပြီး စေတီပြုလုပ်ကိုးကွယ်ဖို့ မိန့်ကြားလိုက်ပါတယ်။
မင်းကြီးလည်း ရဟန်းတို့မိန့်ကြားချက်အတိုင်း တူးဖော်ရာ တွေ့ရှိရတဲ့ ဆံတော်နဲ့ ဓာတ်တော်တို့ကို ဌာပနာဖို့ ကြီးမားတဲ့ ရတနာမဏ္ဍပ်ဆောက်လုပ်ပြီး သုံးနှစ်တိုင်တိုင် ပူဇော်ခဲ့ပါတယ်။ သာသနာသက္ကရာဇ် ၃ ခုနှစ်မှာတော့ ပစ္စယံ ၅ ဆင့်၊ ဉာဏ်တော် အတောင် ခြောက်ဆယ်ရှိတဲ့ စေတီတော်ကို ဂဝံအုတ်ကျောက်၊ ကျောက်ညိုအုတ်တို့နဲ့ ကျောက်တံတိုင်း သုံးရပ်ကာရံပြီး ဓာတ်တော်သုံးဆူကို ကျောက်ညိုသေတ္တာ၊ ဂဝံကျောက်သေတ္တာတို့ အဆင့်ဆင့် ပြုလုပ်ကာ ဌာပနာခဲ့ပါတယ်။ စေတီတော်ရဲ့ ဘွဲ့အမည်ကိုတော့ ‘ကျိုက်ပါဒကြီး ဆံတော်ရှင်စေတီတော်’ လို့ သမုတ် ခဲ့ပါတယ်။ အဲဒီနောက် ကာလအတန်ကြာတဲ့ အခါ ပါဒဆံတော်ရှင်စေတီတော်မြတ်ကြီးဟာ ယိုယွင်းပြီး ချုံနွယ်ပိတ်ပေါင်းတွေ ဖုံးအုပ်လျက်ရှိပါတယ်။ ဒါကြောင့် ၁၉၉၉ ခုနှစ် မှာ စေတီတော်ကြီးအနီးရှိ ချုံနွယ်ပိတ်ပေါင်းတွေရှင်းလင်းပြီး ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြရာမှာ ယနေ့မြင်တွေ့ရတဲ့ ပုံစံအတိုင်းဖြစ်ပါတယ်။
ဒါ့အပြင် စေတီတော်ရဲ့ မြောက်ဘက် တစ်ဖာလုံခန့်အကွာမှာတော့ ပါဒကြီးကျေးရွာသူ၊ ကျေးရွာသားတို့ ပူဇော်ထားတဲ့ ငါးထပ်ကြီး ဆုတောင်းပြည့် ရုပ်ပွားတော်မြတ်လည်း ရှိပါသေးတယ်။
ဉာဏ်တော် အမြင့် ၄၀ ပေနဲ့ ၈ လက်မ၊ ပလ္လင်တော်အလျား ၃၃ ပေနဲ့ ၁၁ လက်မ၊ ပလ္လင်တော်အနံ ၂၀ ပေနဲ့ ၁၁ လက်မ၊ ပလ္လင်တော်အမြင့် ၄ ပေနဲ့ ၆ လက်မ ရှိတဲ့ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့တဲ့ ဆရာတော်ကတော့ ဦးကုသလပဲဖြစ်ပါတယ်။ ဆရာတော် ဦးကုသလဟာ ပါဒကြီးဒေသခံမဟုတ်ပဲ အထက်မြန်မာနိုင်ငံ အရာတော်မြို့ဇာတိဖြစ်ပြီး ပါဒကြီးရွာကို ဆရာတော် ဦးဝိသုဒ္ဓရဲ့ပင့်ဆောင်မှုကြောင့် ရောက်ရှိလာတာဖြစ်ပါတယ်။ ဆရာတော် ဦးဝိသုဒ္ဓလူထွက်သွားတဲ့ အခါ တစ်ပါးတည်းကျန်ခဲ့ရာကနေ ဒကာ၊ဒကာမတို့က နေရပ်မပြန်ပဲ ဆက်လက်သီတင်းသုံးဖို့ တောင်းပန် လျှောက်ထားမှုကြောင့် ပါဒကြီးရွာမှာပဲ ဆက်လက်သီတင်းသုံးခဲ့ပါတယ်။
ဆရာတော်သီတင်းသုံးရာ ကျောင်းတိုက်မှာ ကျောင်းကန်ဇရပ် အကုန်ပြည့်စုံနေပေမယ့် ကိုးကွယ်ဖို့ ရုပ်ပွားတော်တစ်ဆူ လိုအပ်နေသေးတာကြောင့် ရွာလူကြီးတွေနဲ့ တိုင်ပင်ပြီး ဘုရားတည်ဖို့ဖြစ်လာပါတယ်။ ၁၂၆၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်နေ့က တောကျီးကန်းတစ်ကောင်ချီလာတဲ့ ညောင်ရွက်ကျရာနေရာမှာ မင်္ဂလာပန္နက်ရိုက်ပြီး ရွာသူရွာသားတွေရဲ့ လုပ်အားနဲ့ တက်ညီလက်ညီ တည်ခဲ့ကြတာဖြစ်ပါတယ်။ ၁၂၆၉ ခုနှစ်၊ ကဆုန်လပြည့်နေ့မှာတော့ အောင်မြင်ပြီးစီးခဲ့ပါတယ်။ ဘုရားရှင်က ဗောဓိညောင်ပင်ရင်းမှာ မာရ် ငါးပါး အောင်မြင်တော်မူတာကို အစွဲပြုပြီး ရုပ်ပွားတော်မြတ်ကြီးကို ငါးထပ်ကြီး ဆုတောင်းပြည့် ရုပ်ရှင်တော်မြတ်လို့ သမုတ် ခဲ့ပါတယ်။ဒါကြောင့် ရန်ကုန်မြို့နဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ သန်လျင်မြို့ကို ဘုရားဖူးလာတော့မယ်ဆိုရင်တော့ ကျိုက်ပါဒကြီးဆံတော်ရှင် စေတီတော်မြတ်နဲ့ ပါဒကြီး ငါးထပ်ကြီး ရုပ်ပွားတော်မြတ်တို့ကို အလည်အပတ် သွားရောက်သင့်ပါတယ်။
===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

More Interesting Blogs from Zlann