“ဂရိဒဏ္ဍာရီထဲက ခေါင်းသုံးလုံးရှိတဲ့ ငရဲခွေးကြီး”

မြေအောက်ကမ္ဘာဖြစ်တဲ့ ငရဲပြည်မှာ ခေါင်းသုံးလုံးနဲ့ငရဲခွေးကြီး (Cerberus) ဆဲဘရပ်စ်က စောင့်ကြပ် နေတယ်လို့ ရှေးခေတ်ဂရိသမိုင်းကြောင်းတွေထဲမှာ မကြာခဏဖော်ပြခဲ့တာကို တွေ့ရပါတယ်။ မြစ်ကြီးငါးစင်းကို ဖြတ်ကျော်ပြီးတဲ့နောက်မှာမှ အကြမ်းတမ်း အရက်စက်ဆုံးသော ခေါင်းသုံးလုံးငရဲခွေးကြီး စောင့်ကြပ်နေတဲ့ ငရဲတံခါးပေါက်ကို ရောက်ရှိမှာဖြစ်ပါတယ်။ ငရဲပြည်ကိုဝင်ရောက်ခွင့်ရမယ့် တံခါးပေါက်ကနေ လွန်မြောက် နိုင်မှသာလျှင် လှပခမ်းနားတဲ့နန်းတော်ကြီးထဲက မြေအောက်တိုင်းပြည်ရဲ့ဘုရင်လို့ မှတ်ယူခဲ့ကြတဲ့ ဂရိနတ်ဘုရား‌ ဟေးဒီးစ် (Hades)နဲ့ တွေ့ဆုံခွင့်ရနိုင်လိမ့်မယ်လို့ ဒဏ္ဍာရီပုံပြင်တွေထဲမှာ ရေးသားဖော်ပြထားကြပါတယ်။ ခေါင်းသုံးလုံးငရဲခွေးကြီးက ဟေးဒီးစ်ရဲ့ လက်စွဲတော်အစောင့်ခွေးအဖြစ်နဲ့ ထင်ရှားခဲ့တာလည်းဖြစ်ပါတယ်။ ခေါင်းသုံးလုံးရှိတဲ့ ငရဲခွေးကြီးက Typhon နတ်မိစ္ဆာကြီးနဲ့ Echidna မြွေတစ်ပိုင်းလူတစ်ပိုင်းမိန်းမတို့ကနေ မွေးဖွားလာခဲ့တဲ့ အမျိုးအနွယ်ဖြစ်ပါတယ်။ ခေါင်းသုံးလုံးရဲ့အဓိပ္ပာယ်က အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုတဲ့ အချိန်ကာလ အပိုင်းအခြားသုံးခုကို ကိုယ်စားပြုတယ်လို့ ဆိုကြသလို မွေးဖွားခြင်း၊ လူငယ်ဘဝနဲ့ သက်ကြီး ကာလကို ရည်ညွှန်းတာ ဖြစ်တယ်လို့လည်း ယူဆကြပါတယ်။
ဆဲဘရပ်စ်ဆိုတဲ့အမည်က ဂရိဘာသာစကားကနေဆင်းသက်လာခဲ့တာဖြစ်ပြီး အသားစားသူ ဒါမှမဟုတ် တွင်းထဲကနတ်ဆိုးလို့ သဘောသက်ရောက်ပါတယ်။ ကြောက်စရာကောင်းတဲ့ ခေါင်းသုံးလုံးနဲ့ငရဲခွေးကြီးရဲ့ လည်ဆံမွေးတွေမှာ ဓားသွားလိုထက်ရှပြီး အဆိပ်တွေပြည့်နေတဲ့သွားတွေနဲ့ ကိုက်သတ်ပစ်နိုင်တဲ့ အဆိပ်ပြင်း မြွေတွေ ရာနဲ့ချီပြီးတော့ရှိနေကြတယ်။ အမြီးကတော့ မြွေတစ်ကောင်ရဲ့ ပုံသဏ္ဌာန်ရှိပြီး လက်သည်း၊ ခြေသည်း တွေက ခြင်္သေ့နဲ့တူပါတယ်။ ဆဲဘရပ်စ်ကလည်း မြွေမိစ္ဆာမကြီး Medusa လိုပဲ သူ့ရဲ့အကြည့်တွေနဲ့ ဆုံလိုက်တဲ့ သူတိုင်းက ကျောက်ရုပ်ဖြစ်သွားတတ်တယ်လို့ ဆိုကြပါတယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ ခေါင်းသုံးလုံး ငရဲခွေးကြီးက မြေအောက်ကမ္ဘာမှာ ရှင်သန်နေထိုင်ခဲ့ပြီး ငရဲပြည်အဝင်အဝနဲ့ မြေအောက်ကမ္ဘာကိုသွားတဲ့လမ်းကို ကာကွယ်စောင့်ကြပ်ပေးရမယ့်အဓိကတာဝန်ကို ယူထားပါတယ်။ သေလွန်သူ တို့ရဲ့ ဝိညာဉ်တွေကို ကြိုဆိုဖို့အတွက် ဆဲဘရပ်စ်က လုပ်ဆောင်ရပါတယ်။ ငရဲဘုရင် ဟေးဒီးစ်ရဲ့အမိန့်ကို မနာခံဘဲ ထွက်ပြေးဖို့ကြိုးစားတဲ့ဝိညာဉ်တွေကို ခေါင်းသုံးလုံးငရဲခွေးကြီးက ကြောက်မက်ဖွယ် အသွင်သဏ္ဌာန်ပြောင်းလဲကာ ဝါးမြိုပစ်လေ့ရှိပါတယ်။ အဲဒီထဲကမှ ဆဲဘရပ်စ်ကို လှည့်စားနိုင်ခဲ့တဲ့သူ တစ်ယောက်ရှိပါတယ်။ အဲဒီလူကတော့ ဂန္ထဝင်ဂီတပညာရှင်ဖြစ်သလို ပရောဖက်တစ်ဦးဖြစ်တဲ့ Orpheus ဖြစ်ပြီး သူ့ရဲ့ချစ်သူ Eurydice ကို ရှာဖွေဖို့အတွက် မြေအောက်ကမ္ဘာကို ဆင်းလာတဲ့အခါမှာ အန္တရာယ်ကနေ ရှောင်တိမ်းနိုင်ဖို့အတွက် သူ့ရဲ့လင်းတကို အသုံးချကာ ခေါင်းသုံးလုံး ငရဲခွေးကြီးကို အိပ်မွေ့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် ထရိုဂျန်သူရဲကောင်းတစ်ဦးဖြစ်တဲ့ Aeneas ကလည်း ငရဲပြည်မှာ ခေါင်းသုံးလုံး ငရဲခွေးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့အချိန်က ပျားရည်ကိတ်မုန့်တစ်ခုပစ်ကျွေးပြီး လွတ်မြောက်သွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
(Eurystheus) အီရူသီးယပ်စ်ဘုရင်က (Heracles) ဟာကြူလီသူရဲကောင်းကို Twelve Labours လို့ လူသိများတဲ့ စိန်ခေါ်မှု (၁၂)ရပ်ကို ဆက်တိုက်လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တဲ့အထဲက အခက်အခဲဆုံးနဲ့ နောက်ဆုံး တာဝန်ကတော့ မြေအောက်ကမ္ဘာမှာရှိတဲ့ ခေါင်းသုံးလုံးငရဲခွေးကြီးကို ဖမ်းဆီးခေါ်ဆောင်လာဖို့ဖြစ်ပါတယ်။ ဦးခေါင်းသုံးလုံးရှိတဲ့ ငရဲခွေးကြီးဆဲဘရပ်စ်က သူ့ရဲ့မြေအောက်ကမ္ဘာကို ရောက်ရှိလာတဲ့ ဘယ်သက်ရှိကိုမဆို ကိုက်ဖြတ် စားသောက်လေ့ရှိတာကြောင့် သူရဲကောင်းဟာကြူလီအနေနဲ့လည်း လွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ အီရူသီးယပ်စ်ဘုရင်က တထစ်ချတွက်ချက်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ခေါင်းသုံးလုံးငရဲခွေးကြီးကို အရှင်ရအောင်ဖမ်းပြီး သူ့ရဲ့ရှေ့တော်မှောက်မှာ လာရောက်ပြသရမယ်လို့ အမိန့်ပေးခိုင်းစေလိုက်တာဖြစ်ပါတယ်။
သူရဲကောင်းဟာကြူလီက မကြောက်မရွံ့နဲ့ မြေအောက်ကမ္ဘာထဲကိုဝင်ရောက်သွားကာ တိုက်ခိုက်လာသမျှ သားရဲတိရစ္ဆာန်တွေ၊ မကောင်းဆိုးဝါးတွေကို ရင်ဆိုင်သတ်ဖြတ်ရင်း နောက်ဆုံးမှာတော့ မြေအောက်ကမ္ဘာရဲ့ ဘုရင် နတ်ဘုရားဟေးဒီးစ်ရဲ့ နန်းတော်ထဲရောက်ရှိလို့သွားခဲ့ပါတယ်။ မြေအောက်ကမ္ဘာရဲ့ အရှင်သခင်ဟေးဒီးစ်ဟာ ဟာကြူလီက သူ့ရဲ့အစောင့်အကြပ် ခေါင်းသုံးလုံးငရဲခွေးကြီးကို ဖမ်းဆီးတဲ့အချိန်မှာ လက်နက်အသုံးပြုခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် ဟာကြူလီသူရဲကောင်းက လက်နဲ့သာတိုက်ခိုက်ဖမ်းဆီးခဲ့ရပါတယ်။ သူ့ရဲ့ခြင်္သေ့အရေခွံကို ဒိုင်းအဖြစ်နဲ့ အသုံးပြုပြီး ဆဲဘရပ်စ် အညံ့မခံမချင်း ခေါင်းကိုဆွဲပြီးညှစ်ထားခဲ့တယ်။ ခေါင်းသုံးလုံးငရဲခွေးကြီးကို လက်ရဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ကမ္ဘာမြေပြင်ပေါ်ကို ခေတ္တခဏခေါ်ဆောင်သွားခွင့်ပြုပါလို့ နတ်ဘုရား ဟေးဒီးစ်ထံမှာ သူရဲကောင်းဟာကြူလီက တောင်းဆိုခဲ့ပါတယ်။ နတ်ဘုရားဟေးဒီးစ်က ခွင့်ပြုပေးလိုက်တာ ကြောင့် ငရဲခွေးကြီး ဆဲဘရပ်စ်ကို ဘုရင်အီရူသီးယပ်စ်ရဲ့နန်းတော်ဆီ ခေါ်ဆောင်သွားခဲ့ပါတော့တယ်။
မြေအောက်ကမ္ဘာကနေ ထွက်ခွာလာချိန် နေ့ရဲ့အလင်းရောင်ကိုမြင်မြင်ချင်းမှာ ဆဲဘရပ်စ်က ဒေါသတကြီး ရုန်းကန်ခဲ့ပါတယ်။ သူရဲကောင်းဟာကြူလီကတော့ ခေါင်းသုံးလုံး ငရဲခွေးကြီးကို အောင်မြင်စွာ ဖမ်းဆီး နိုင်ခဲ့ကြောင်း ဂရိနိုင်ငံရဲ့နေရာအနှံ့မှာ အောင်ပွဲခံခဲ့ပါသေးတယ်။ အဲဒီအချိန်က မြေအောက်ကမ္ဘာမှာ သူရဲကောင်းနှစ်ဦးဖြစ်တဲ့ Theseus နဲ့ Pirithous တို့ဟာ ငရဲဘုရင် ဟေးဒီးစ် ရဲ့ဇနီးသည်ကို ခိုးယူခေါ်ဆောင်ဖို့ကြိုးပမ်းခဲ့တဲ့အတွက် ဟေးဒီးစ်က ဖမ်းဆီးအကျဉ်းချထားခဲ့ချိန်ဖြစ်ပါတယ်။ ဟာကြူလီက ခေါင်းသုံးလုံးငရဲခွေးကြီးကို ဖမ်းဆီးခေါ်ဆောင်ဖို့လာရင်းနဲ့ အဖမ်းခံထားရတဲ့ သူရဲကောင်းနှစ်ဦး ကိုပါ အတူကယ်ထုတ်သွားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဟေးဒီးစ်ရဲ့ ငရဲတံခါးဝမှာ မြွေကြိုးတွေနဲ့ ချည်နှောင်ထားတဲ့ သူရဲကောင်းနှစ်ဦးအနက် Theseus ကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ Pirithous ရဲ့အလှည့်မှာ မြေပြင်က တုန်ဟီးလာတာကြောင့် လက်လျှော့လိုက်ရတာဖြစ်တယ်လို့ ဂရိဒဏ္ဍာရီတွေထဲ ရေးသားထားပါတယ်။
နောက်ဆုံးတာဝန် ပြီးမြောက်ခဲ့တဲ့ ဟာကြူလီကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးပြီး ခေါင်းသုံးလုံးငရဲခွေးကြီးရဲ့ ပုံပန်းသဏ္ဌာန်ကိုတွေ့မြင်လိုက်ရတာကြောင့် ထိတ်လန့်ကြောက်ရွံ့သွားခဲ့တဲ့ ဘုရင်အီရူသီးယပ်စ်က ဆဲဘရပ်စ်ကို သေခြင်းရဲ့ကမ္ဘာဆီ ချက်ချင်းပဲ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။ ငရဲကိုပြန်ရောက်လာတဲ့ ဆဲဘရပ်စ်အတွက် အရသာရှိတဲ့တာဝန်က မျက်စိရှေ့မှာအဆင်သင့်စောင့်ကြိုလို့နေပါတယ်။ အဲဒါကတော့ ဂရိနတ်ဘုရား ဟေးဒီးစ်ရဲ့ ဇနီးသည်ကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့တဲ့ Pirithous ကို ခေါင်းသုံးလုံးငရဲခွေးကြီးရဲ့ အစာအဖြစ်နဲ့ ပြစ်ဒဏ်စီရင်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။
ဆဲဘရပ်စ်ကို ဖမ်းယူတဲ့ပုံစံက ရှေးခေတ်ဂရိသမိုင်းကြောင်းနဲ့ ရောမရဲ့ အနုပညာပြခန်းတွေမှာ အတော်လေးရေပန်းစားခဲ့တဲ့ ပုံရိပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဘီစီ ၆ ရာစု အစောပိုင်းကာလလောက်က သရုပ်ဖော်ပုံတွေထဲမှာ ဟေးဒီးစ်ရဲ့ ပလ္လင်ရှေ့မှာရပ်နေတဲ့ နတ်ဘုရားမ Athenaနဲ့ ဟာကြူလီတို့ တိုက်ခိုက်နေတဲ့ ပုံရိပ်တွေအပြင် မြှားအစား ကျောက်တုံးတွေနဲ့ ဟေးဒီးစ်ကိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ပုံရိပ်တွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။ နောက်ထပ်ပုံတစ်ခုမှာတော့ ဟာကြူလီက ခေါင်းသုံးလုံးငရဲခွေးကို ဖမ်းမိသွားပြီ ဖြစ်တဲ့အတွက် သံကြိုးအကြီးကြီးနဲ့ ချည်နှောင်ပြီး ဆွဲကိုင်ထားတာကိုတွေ့ရပါတယ်။ တချို့ ရောမအနုပညာ လက်ရာတွေမှာတော့ ဆဲဘရပ်စ်ကို အလယ်ဗဟိုမှာ ကြီးမားတဲ့ခြင်္သေ့ခေါင်း၊ဘေးတစ်ဖက်တစ်ချက်မှာ ခွေးခေါင်းအသေးနှစ်လုံးနဲ့ ပုံဖော်ပြီး ပြသထားတတ်ကြပါတယ်။
ဦးခေါင်းအရေအတွက်ပေါ်မူတည်ပြီး ဆဲဘရပ်စ်ရဲ့ ပုံသဏ္ဌာန်ကလည်း အမျိုးမျိုးကွဲပြားသွားလေ့ရှိပါတယ်။ များသောအားဖြင့် ခေါင်းသုံးလုံးနဲ့ဖော်ပြကြပြီး ဆဲဘရပ်စ်မှာ ခေါင်းတွေအများကြီးပါတဲ့ ဆွေမျိုးတွေလည်း ရှိပါတယ်။ မြွေဦးခေါင်းတွေနဲ့ Orthrus ၊ ခွေးခေါင်းနှစ်လုံးနဲ့နွားတွေကိုစောင့်ရှောက်တဲ့ Geryon နဲ့ ခြင်္သေ့၊ ဆိတ်၊ မြွေအစရှိတဲ့ ဦးခေါင်းသုံးမျိုးနဲ့ Chimera တို့က ဆဲဘရပ်စ်နဲ့ မကောင်းဆိုးဝါးညီအစ်ကိုတွေဖြစ်ကြပါတယ်။ အစောပိုင်းကာလတွေမှာ ဆဲဘရပ်စ်ကို ဦးခေါင်း ၅၀ ရှိတဲ့သူလို့ သတ်မှတ်ခဲ့ကြပြီး ကြားကာလတွေမှာတော့ ဦးခေါင်း ၁၀၀ အထိရှိတယ်လို့ ဆိုခဲ့ကြပြန်ပါတယ်။ နောက်ပိုင်း စာရေးဆရာတွေလက်ထက်မှာမှ ဆဲဘရပ်စ်ကို ခေါင်းသုံးလုံးရှိတဲ့ ငရဲခွေးလို့ ရေးသားဖော်ပြလာခဲ့ကြတာဖြစ်ပါတယ်။
ရှေးခေတ်ဂရိတွေရဲ့ ဒဏ္ဍာရီလာသတ္တဝါကြီး ဆဲဘရပ်စ်ကို ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ဇာတ်ကောင်တစ်ခု အနေနဲ့ ထည့်သွင်းရိုက်ကူးခဲ့ကြတာတွေ့ရပါတယ်။အနီးစပ်ဆုံး ပြောရမယ်ဆိုရင် Harry Potter ရဲ့ ပထမဆုံးဇာတ်လမ်းဖြစ်တဲ့ Harry Potter and the Sorcerer’s Stone ထဲက ခေါင်းသုံးလုံးငရဲခွေးကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့ဇာတ်ဝင်ခန်းမှာ ဂရိဒဏ္ဍာရီထဲက ကြောက်မက်ဖွယ် ဆဲဘရပ်စ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ တွေ့မြင်နိုင်ပါတယ်။ရက်စက်ကြမ်းကြုတ်သူတွေကို ဆဲဘရပ်စ်နဲ့ ခိုင်းနှိုင်းပြောဆိုလာကြတဲ့အထိ ကိုယ်စားပြုစကားလုံးတစ်ခုလို ဖြစ်လာခဲ့တဲ့ ခေါင်းသုံးလုံးငရဲခွေးကြီးအကြောင်းကို ရှေးခေတ်ဂရိသမိုင်းကြောင်းတွေထဲက အကြောင်းအရာ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
=====================================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

More Interesting Blogs from Zlann