တရုတ်ယဥ်ကျေးမှုအထွန်းကားဆုံးအချိန်ကာလ ထန်မင်းဆက်အုပ်စိုးစဥ် ပထမဆုံးပေါ်ပေါက် လာခဲ့တဲ့နှစ်ကြိုးတပ်တယောက ရှေးကျတဲ့ဂီတတူရိယာတစ်မျိုးဖြစ်ပါတယ်။ မွန်ဂိုနွယ်ဝင်တူရိယာ တွေကနေ ပြန်လည်ထွက်ပေါ်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။နှစ်ကြိုးတပ်တယောတစ်မျိုးဖြစ်တဲ့ jinghu ကို သက်တမ်းရင့်ပြီး လေအခြောက်ခံထားတဲ့ဝါးနဲ့ အဓိကပြုလုပ်ကြပြီး တူရိယာရဲ့အရွယ်အစားက အရှည် ၅၀ စင်တီမီတာ (လက်မ ၂၀ ခန့်)ရှိပါတယ်။ ကြိုးနှစ်ကြိုးသာ တပ်ဆင်ထားပြီး ဘိုးတံတင်ကာ တီးခတ်ရတဲ့ ဂီတတူရိယာ အမျိုးအစားတစ်ခုပါ။ များသောအားဖြင့် အသံညှိတဲ့အတံနှစ်ချောင်းနဲ့ ကြိုးတစ်ချောင်းစီအတွက် တံစို့တစ်ခုစီ ပါရှိတတ်တာကိုလည်း တွေ့ရပါတယ်။
တံစို့တွေကိုတော့ တူရိယာရဲ့ အလယ်နားမှာရှိတဲ့ အပေါက်တွေကတစ်ဆင့် အလျားလိုက်ချိတ်ဆက်ပေးထားပါတယ်။ ရှေးယခင်က ပိုးသားနဲ့ ကျစ်ထားတဲ့ကြိုးတွေကို အသုံးပြုခဲ့ကြပေမဲ့ ဒီနေ့ခေတ်အချိန်မှာတော့ ကြာရှည်ခံပြီး ပိုမိုကြည်လင်တဲ့အသံကို ဖန်တီးနိုင်ဖို့အတွက် သံမဏိကြိုး ဒါမှမဟုတ် နိုင်လွန်ကြိုးတွေကို ပြောင်းလဲအသုံးပြုလာခဲ့ကြပါတယ်။ တူရိယာရဲ့ အောက်ခြေပိုင်းမှာ အဝိုင်း၊ ဆဋ္ဌဂံ ဒါမှမဟုတ် အဋ္ဌဂံပုံသဏ္ဍာန် အသံထွက်တဲ့ဘူးတစ်ခုပါဝင်ပြီး ပုံမှန်အားဖြင့် ပျော့ပျောင်းတဲ့ ရေမြွေရဲ့အရေခွံနဲ့ ဖုံးအုပ်ပေးထားလေ့ရှိပါတယ်။ တချို့ကတော့ ပါးလွှာတဲ့သစ်သားကို အသုံးပြုပြီး ဖုံးအုပ်တတ်ကြပါတယ်။
ကျန်တဲ့အပိုင်းကို ကြည့်လိုက်မယ်ဆိုရင် တင်းတင်းကျပ်ကျပ် စည်းနှောင်ထားတဲ့ ဗုံတစ်လုံးနဲ့ အလားသဏ္ဍာန် တူပါတယ်။ အသံအိုးရဲ့အောက်ခြေမှာ တံစို့နဲ့ ချိတ်ဆက်ပေးထားတာကြောင့်လည်း တီးခတ်လိုက်တဲ့အသံနဲ့ ကြိုးတွေရဲ့ကြားမှာ အကောင်းဆုံးထိန်းညှိပေးနိုင်တာဖြစ်ပါတယ်။ တီးခတ်ဖျော်ဖြေပေးမဲ့သူက ဘယ်ဘက် လက်နဲ့ကိုင်ကာ ဘယ်ဘက်ပေါင်ပေါ်တင်ထားရပြီး အသံအိုးကို ညာဘက် ကို မျက်နှာမူထားပေးရမှာ ဖြစ်ပါတယ်။ ညာဘက်လက်က တီးခတ်ဖို့ ဘိုးတံကိုကိုင်ပြီး လက်ချောင်းလေးတွေက အသံကြိုးကို ထိန်းညှိ ကစားပေးရမှာဖြစ်ပါတယ်။
တရုတ်ရိုးရာဂီတတူရိယာတစ်မျိုးဖြစ်တဲ့ jinghu ကို ဆူးတယော လို့ခေါ်ဆိုကြသလို တောင်ပိုင်းတယောလို့လည်း ခေါ်ဝေါ်လေ့ရှိကြပါတယ်။ အနောက်တိုင်းနိုင်ငံ အတော်များများမှာတော့ တရုတ်တယော ဒါမှမဟုတ် တရုတ်ရိုးရာနှစ်ကြိုးတပ်တယော ဆိုပြီး လူသိများထင်ရှားတဲ့ ဂီတတူရိယာတစ်ခုဖြစ်ပါတယ်။ တစ်ကိုယ်တော်တီးခတ်ဖျော်ဖြေတဲ့ တူရိယာတစ်ခုအနေနဲ့ အသုံးပြုကြသလို အသေးစားနဲ့ အကြီးစား ဂီတသံစုံ တီးဝိုင်းတွေမှာလည်း ဖျော်ဖြေမှုအားတစ်ခုအနေနဲ့ ထည့်သွင်းအသုံးပြုလာကြပါတယ်။ တရုတ်လူမျိုးအတော် များများ နှစ်သက်ခုံမင်စွာ တီးခတ်အသုံးပြုလေ့ရှိပြီး လူကြိုက်များတဲ့ ဂီတတူရိယာထဲမှာပါဝင်ပါတယ်။ စွယ်စုံ ဘက်စုံအသုံးပြုနိုင်တဲ့ တူရိယာတစ်ခုအနေနဲ့လည်း jinghu နှစ်ကြိုးတပ်တယောက ပေါ့ပ်၊ ရော့ခ် နဲ့ ဂျက်ဇ် ဂီတတွေလိုမျိုး ခေတ်ပေါ်ဂီတအမျိုးအစားတွေမှာ ပေါင်းစပ်ဖန်တီးမှုတွေ ပြုလုပ်နိုင်တာကို အံ့ဩဖွယ် တွေ့မြင်ခဲ့ရပြန်ပါတယ်။
jinghu နှစ်ကြိုးတပ်တယောက ပေါ့ပါးပြီး နူးညံ့တဲ့အသံထွက်ရှိတာကြောင့် ကြည်လင်တောက်ပတဲ့ တေးသွားသံစဥ်တွေကို တီးခတ်ဖန်တီးနိုင်တာဖြစ်ပါတယ်။ တရုတ်ရိုးရာ jinghu တူရိယာကို အတုယူပြီး ထိုင်းနိုင်ငံကလည်း ဆောဒွမ် တူရိယာကို ဖန်တီးအသုံးပြုခဲ့ကြတာတွေ့ရပါတယ်။ အလားတူ ဂီတတူရိယာတွေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ကိုရီးယား၊ ဂျပန် နဲ့ ဗီယက်နမ် တို့မှာလည်း ပုံစံကွဲလွဲချက် အနည်းငယ်ရှိရုံကလွဲလို့ ဂီတဓလေ့တစ်ခုအဖြစ်နဲ့ ထည့်သွင်းဖန်တီးလာကြပါတယ်။
နှစ်ကြိုးတပ်တယောအပြင် သုံးကြိုး၊ လေးကြိုးနဲ့ တစ်ခါတရံမှာတော့ ငါးကြိုးထက်ပိုတဲ့ ဂီတတူရိယာမျိုးကွဲ တွေကိုလည်း တွေ့ရတတ်ပါတယ်။ jinghu ကြိုးတပ်တူရိယာမျိုးကွဲပေါင်း ၈၀ ကျော်ရှိကြောင်း မှတ်တမ်းပြုစု ချက်တွေအရ လေ့လာတွေ့ရှိခဲ့ရပါတယ်။ အသံအနိမ့်အမြင့် ချိန်ညှိတဲ့အပေါ်မှာမူတည်ပြီး ကြိုးတပ်တူရိယာ အမျိုးအစားကို ခွဲခြားသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ ပေကျင်းအော်ပရာတွေမှာတော့ အသံအမြင့်ဆုံးဖြစ်တဲ့ jinghu ကို အဓိက အသုံးပြုကြပါတယ်။
jinghu ရဲ့ အကောင်းဆုံး အသံထွက်ကြောင့် ဖျော်ဖြေပွဲခန်းမအတွင်းမှာ အသံချဲ့စက်ကိုတောင် အသုံးပြုစရာ မလိုတော့လောက်တဲ့အထိ ဖြည့်စွမ်းပေးနိုင်တဲ့ ဂီတတူရိယာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အော်ပရာ ပြဇာတ်တွေကို လူကြိုက်ပိုများလာရခြင်း အကြောင်းရင်းတစ်ခုမှာ jinghu နှစ်ကြိုးတပ်တယောတွေရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ဂီတသံကြောင့်ဖြစ်တယ်ဆိုတာ မလွဲဧကန်ပါပဲ။ ပေကျင်းအော်ပရာပြဇာတ်တွေက တရုတ်နိုင်ငံရဲ့ဖျော်ဖြေတင်ဆက်မှုလောကမှာ လွှမ်းမိုးမှုအကြီးမားဆုံးဖြစ်သလို အမျိုးသား ရှေးဟောင်းရိုးရာ ယဥ်ကျေးမှုရဲ့ အနှစ်သာရတစ်ခုအနေနဲ့လည်း ကိုယ်စားပြုနိုင်ခဲ့ပါတယ်။ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေရဲ့ နှစ်သက်မြတ်နိုးမှုကို အပြည့်အဝရရှိပြီး လူသိများထင်ရှားတဲ့ အော်ပရာပြဇာတ်တွေမှာ jinghu နှစ်ကြိုးတပ် တယောကလည်း အရေးပါတဲ့ဂီတတူရိယာတစ်ခုအဖြစ်နဲ့ သတ်မှတ်ခြင်းခံရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဂီတတူရိယာအမွေအနှစ်တွေကို မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြတာ နှစ်ပေါင်းရာချီတိုင်ခဲ့ပြီဖြစ်သလို ကန်တုံဂီတနဲ့အများဆုံးဆက်စပ်နေပြီး ကန်တုံအော်ပရာတွေအတွက် ထိပ်တန်း တူရိယာတစ်ခုဖြစ်ပါတယ်။