မြန်မာလူမျိုးတို့ရဲ့ ကိုးကွယ်ယုံကြည်မှုတွေထဲမှာ ချန်လှပ်ထားလို့မရတာကတော့ နတ်ကိုးကွယ်မှုပဲဖြစ်ပါတယ်။ နတ်ဆိုတဲ့ ဝေါဟာရဟာ ‘နာထ’ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာပြီး ‘သတ္တဝါတို့ကိုးကွယ်ရာ ပုဂ္ဂိုလ်’ ရယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ နတ်ကိုးကွယ်မှုဟာ ကမ္ဘာဦးကတည်းက မီးနတ်၊ လေနတ်၊ ရေနတ်၊ မိုးနတ်၊ မြေနတ်၊ နေနတ်၊ လနတ်ဆိုပြီး သဘာဝကဖန်တီးပေးတဲ့ အရာတွေကို နတ်တစ်ပါးအဖြစ် ကိုးကွယ်ရာက အစချီတယ်လို့ ပြောရမှာပါ။ လူမျိုးတိုင်းမှာ နတ်ကိုးကွယ်ယုံကြည်မှုတွေရှိကြပါတယ်။ နတ်တို့ဟာ လူတို့ရဲ့ အကျိုးစီးပွား ဖြစ်ထွန်းအောင် စောင်မကြတယ်ဆိုတဲ့ အယူအဆနဲ့ ယနေ့တိုင် ကိုးကွယ်နေကြဆဲဖြစ်ပါတယ်။
မြန်မာလူမျိုးတို့ရဲ့ နတ်ကိုးကွယ်မှုအကြောင်း ပြောမယ်ဆိုရင်တော့ အတွင်း ၃၇ မင်းနဲ့ အပြင် ၃၇ မင်း ဆိုပြီး ခွဲခြားထားတာကို သိပြီးဖြစ်ကြမှာပါ။ အမျိုးသားပညာဝန် ဦးဖိုးကျားရေးသားတဲ့ ‘၃၇ မင်း’ စာအုပ်ထဲမှာတော့ မြန်မာတို့မှာ ဗုဒ္ဓဘာသာ ၃၇ မင်း၊ အတွင်း ၃၇ မင်းနဲ့ အပြင် ၃၇ မင်းဆိုပြီး သုံးမျိုးရှိတယ်လို့ ရေးသားထား ပါတယ်။ ဗုဒ္ဓဘာသာ ၃၇ မင်းဆိုတာ ဗုဒ္ဓဘာသာကျမ်းစာ၊ မဟာသမယသုတ်၊ အာဋာနာဋိယသုတ်တို့မှာ ပါဝင်တဲ့ နတ်မင်းကြီး ၉ ပါး၊ နတ်စစ်သူကြီး ၂၈ ပါးတို့ကို ဆိုလိုတာဖြစ်ပါတယ်။ အတွင်း ၃၇ မင်းဆိုတာကတော့ အနော်ရထာမင်းလက်ထက်ကစလို့ ရွှေစည်းခုံဘုရား တံတိုင်းအတွင်းဘက်မှာ ရုပ်ပုံနဲ့တကွ ထားတာကြောင့် အတွင်း ၃၇ မင်းလို့ခေါ်တာပါ။ စတုမဟာရာဇ် နတ်မင်းကြီး ၄ ပါး၊ ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာ ရောနှောထားတဲ့ နတ်တွေနဲ့ ပုဂံခေတ်က နတ်တွေအပါအဝင် အတွင်း ၃၇ မင်းဆိုပြီး သတ်မှတ်ခဲ့ဟန်တူပါတယ်။
ဆက်လက်ပြောပြပေးမှာကတော့ ရွှေစည်းခုံဘုရား တံတိုင်းအပြင်ဘက်မှာ ထားရှိတဲ့ အပြင် ၃၇ မင်းအကြောင်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ကိုးကွယ်နေကြတဲ့ နတ်တွေဟာ အပြင် ၃၇ မင်းပဲဖြစ်ပါတယ်။ ‘အပြင် ၃၇ မင်းအစ အိမ်တွင်းက’လို့ ဆိုသလိုပဲ ပုဂံခေတ် သေဉ်လည်ကြောင်မင်းလက်ထက်က ပန်းပဲမောင်တင့်တယ်တို့ မောင်နှမ သေဆုံးခြင်းက အစပြုပါတယ်။ အပြင် ၃၇ မင်း နတ်စာရင်းကတော့ ခေတ်အဆက်ဆက်၊ ပြုစုသူအဆက်ဆက်နဲ့ အမျိုးမျိုးကွဲပြားနေပါတယ်။ အချို့နာမည်ကျော်ကြားတဲ့ နတ်တွေဟာ အပြင် ၃၇ မင်း စာရင်းမှာ မပါဝင်တာကိုလည်း တွေ့ရပါတယ်။ ဥပမာအနေနဲ့ ဝါဝင်ဝါထွက် ပင့်ဖိတ်ပူဇော်တတ်ကြတဲ့ ရေငန်ပိုင် ဦးရှင်ကြီးဟာ အပြင် ၃၇ မင်းစာရင်းဝင်မဟုတ်သလို ဖျာလိပ်နတ်လို့ သိကြတဲ့ ရှင်မအောင်ဖြူနတ်လည်း မပါဝင်ပြန်ပါဘူး။ ဒါ့အပြင် ရွှေဖျဉ်းညီနောင်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ မရွှေဥကလည်း အပြင် ၃၇ မင်း နတ်စာရင်းဝင်မဟုတ်ပါဘူး။
အပြင် ၃၇ မင်းရဲ့ အဦးအစဖြစ်တဲ့ ပန်းပဲမောင်တင့်တယ်လို့ခေါ်တဲ့ အိမ်တွင်းမင်းမဟာဂီရိကိုတော့ လူကြီးတွေတင်မက ကလေးတွေလည်း သိကြမှာပါ။ ညနေမှောင်ရီပျိုးပြီဆိုတာနဲ့ အိမ်ရဲ့ လူကြီးတစ်ဦးဦးက အိမ်တွင်းနတ်စင်က ကန့်လန့်ကာအနီလေးကို ပိတ်ပစ်ဖို့ ဆော်ဩတတ်ကြတာကြောင့်ပါ။ အကြောင်းကတော့ အိမ်တွင်းနတ်ဟာ မီးလောင်ခံရပြီး အသက်ပျောက်ခဲ့တာကြောင့် ဘယ်မီးရောင်ကိုမဆို မပြသင့်ဘူးလို့ ယူဆကြလို့ပါ။
တကောင်းပြည်ကြီး ထင်ရှားစဉ်က ပန်းပဲဆရာကြီး ဦးတင့်တော်နဲ့ ဇနီး ဒေါ်နော်တို့မှာ သားသမီးသုံးဦးရှိပါတယ်။ မောင်တင့်တယ်၊ မမြတ်လှနဲ့ မထွေးလှ(သုံးပန်လှ) တို့ပဲဖြစ်ပါတယ်။ သားအကြီးဆုံးဖြစ်တဲ့ မောင်တင့်တယ်က ခွန်အားဗလကြီးမားပြီး ပန်းပဲဖိုထုတဲ့ နေရာမှာ သူမတူအောင် အရည်အချင်းရှိသလို မဟာပထဝီမြေကြီး တုန်ဟီးရလောက်အောင် လက်သံပြောင်သူဖြစ်ပါတယ်။ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ မောင်တင့်တယ်ရဲ့ ပန်းပဲလက်သံကြောင့် တကောင်းပြည့်ရှင်ကိုယ်တိုင် တုန်လှုပ်လာပြီး မှူးကြီးမတ်ရာတို့ကလည်း မောင်တင့်တယ်ဟာ ဘုရင့်ထီးနန်းကို လုနိုင်တဲ့ အရည်အချင်းရှိသူလို့ပြောကြပါတယ်။ ဒါကြောင့် မနှေးအမြန်ပဲ လက်စွမ်းထက်နေတဲ့ မောင်တင့်တယ်ကို မင်းအမိန့်နဲ့ ဖမ်းဆီးခိုင်းပါတယ်။
ဒီအခါ မောင်တင့်တယ်ခမျာ အပြစ်မလုပ်ထားဘဲ အဖမ်းခံရမဲ့ အရေးကြောင့် တခြားအရပ်ကို ထွက်ပြေး တိမ်းရှောင်သွားပါတယ်။ ‘အကြံကုန် ဂဠုန်ဆားချက်’ဆိုသလို တကောင်းဘုရင်ကလည်း ကျန်ခဲ့တဲ့ နှမဖြစ်သူ မမြတ်လှကို မိဖုရားမြှောက်ကာ အယုံသွင်းလိုက်ပါတယ်။ ခွန်အားဗလကြီးမားသူဖြစ်တဲ့ အစ်ကိုတော် မောင်တင့်တယ်ကို တကောင်းနေပြည်တော်ဆီ ပြန်လာစေပြီး မြို့ဝန်ရာထူး ပေးသနား လိုတယ်လို့ ဥပါယ်တံမျဉ်နဲ့ ခေါ်ခိုင်းပါတယ်။ မမြတ်လှကလည်း အစ်ကိုဖြစ်သူ ကောင်းစားမယ့် အရေးကြောင့် အလျင်အမြန်ပဲ ဆင့်ခေါ်လိုက်ပါတယ်။ တကောင်းဘုရင်ရဲ့ အကြံကို မရိပ်စားမိတဲ့ မောင်တင့်တယ်က နှမဖြစ်သူ မိဖုရားမြှောက်ခံရတဲ့ သတင်းနဲ့ မိမိကိုမြို့ဝန်ခန့်မယ် ဆိုတဲ့ သတင်းတွေကြောင့် တကောင်းနေပြည်တော်ကို ပြန်လည် ရောက်ရှိလာပါတယ်။
မောင်တင့်တယ် ရောက်လာတာနဲ့ တကောင်းဘုရင်က ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဖမ်းဆီးလိုက်ပြီး စကားပင်မှာ ချုပ်နှောင်ထားလိုက်ပါတယ်။ အဲဒီနောက် အလျှံတညီးညီး တောက်လောင်နေတဲ့ မီးပုံထဲမှာ ဖိုကျင်ထိုးပြီး သတ်ပါတယ်။ နှမငယ် မမြတ်လှမှာ အစ်ကိုဖြစ်သူ မိမိကြောင့် ရက်ရက်စက်စက် အသတ်ခံရတာကို မြင်ပြီး တစ်ပါတည်း မီးပုံထဲခုန်ဆင်းသွားပါတယ်။ အရှင်လတ်လတ်မီးရှို့သတ်ခံရတာကြောင့် မောင်တင့်တယ်တို့ မောင်နှမက အဲဒီစကားပင်မှာပဲ ကပ်တွယ်ပြီး နတ်စိမ်းဖြစ်သွားပါတယ်။
အဲဒီနောက် စကားပင်ဟာ လူသူ၊ မြင်း၊ ကျွဲ၊ နွား အစရှိတဲ့ သတ္တဝါတွေကို ဖမ်းစားတတ်တယ်လို့ သတင်းမွှေး လာပါတယ်။ ဒါကြောင့် ခြောက်လှန့်နေတဲ့ စကားပင်ကို အမြစ်ကနေ ခုတ်လှဲပြီး ဧရာဝတီမြစ်အတိုင်း မျှောလိုက်ပါတယ်။ ပုဂံပြည့်ရှင် သေဉ်လည်ကြောင်မင်းကို နတ်မောင်နှမက အိပ်မက်ပေးတာကြောင့် ရှာဖွေဆယ်ယူကာ စကားပင်ကို နတ်ရုပ်တု ပြုလုပ်ပြီး ပုပ္ပါးတောင်ပေါ်မှာ နတ်ကွန်းနတ်နန်း ဆောက်လုပ် ပေးလိုက်ပါတယ်။ မင်းနဲ့တကွ မှူးမတ်၊ပြည်သူအများက သက်ဝင်ယုံကြည်ပြီး တစ်နှစ်တစ်ကြိမ် ‘ပုပ္ပါးတောင် နတ်ပူဇော်ပွဲကြီး’ ကို စည်စည်ကားကားနဲ့ ပြုလုပ်ကြပါတယ်။ ပြည်သူတွေရဲ့ အိမ်ရှေ့မှာလည်း နတ်နန်းတွေ ဆောက်လုပ်ကာ ကိုးကွယ်ကြပါတယ်။
ပုပ္ပါးတောင်ဟာ မြင့်မြတ်တဲ့ တောင်ကြီးဖြစ်တာကြောင့် ‘မဟာဂီရိ’ တောင်လို့ ခေါ်ကြပါတယ်။ ပန်းပဲမောင်တင့်တယ် နတ်မောင်နှမရဲ့ နတ်ကွန်းဟာ ပုပ္ပါးတောင်တော်မြတ်ပေါ်မှာ ရှိတာကြောင့် ‘မဟာဂီရိနတ်’ လို့ အစွဲပြုခေါ်ဆိုကြပါတယ်။ နောက် မင်း၊ မှူးမတ်တို့က နှစ်စဉ် လာရောက်ဦးခိုက်ကြတာကြောင့် ‘မင်းမဟာဂီရိနတ်’ ရယ်လို့ အခေါ်ရှိခဲ့ကြတာပါ။ အနော်ရထာမင်းလက်ထက်မှာတော့ အများသိတဲ့ အတိုင်း အရည်းကြီး အယူဝါဒကိုတွန်းလှန်ပြီး ရှင်အရဟံရဲ့ ဟောကြားမှုနဲ့ ဗုဒ္ဓသာသနာလွှမ်းခြုံဖို့ ကြိုးပမ်းပါတယ်။ ဒီအခါ ပြည်သူအများကလည်း နတ်မောင်နှမကို အိမ်ရှေ့မှာ နတ်ကွန်းနဲ့ ကိုးကွယ်ခွင့်မရတော့ပါဘူး။ ဒါကြောင့် အိမ်ထဲကို သွင်းလိုက်ပြီး အုန်းသီးချိတ်ဆွဲကာ ပူဇော်ကြတာဖြစ်လို့ ‘အိမ်တွင်း မင်းမဟာဂီရိ’ လို့ခေါ်တွင်တာဖြစ်ပြီး ‘တောင်ကြီးရှင် နတ်မောင်နှမ’ လို့လည်း ခေါ်ကြပါသေးတယ်။
ရှေးယခင်က မီးလောင်သူတို့ကို အုန်းရည်နဲ့ ကုသခြင်းဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ ယူဆတာကြောင့် အိမ်တွင်းမောင်နှမအတွက် အုန်းသီးချိတ်ဆွဲကြတာဖြစ်ပါတယ်။ ဒါ့အပြင် အိမ်တွင်းမောင်နှမကို အိမ်စောင့်နတ် အဖြစ်လည်း မှတ်ယူကြပါသေးတယ်။ အိမ်တွင်းနတ်ကို မပျက်မကွက် ပူဇော်ပသထားမယ်ဆိုရင် နေအိမ်ကို စောင့်ရှောက်ရုံသာမကပဲ သူခိုး၊ သူဝှက်တို့ရဲ့ ရန်က တားဆီးပေးပြီး နှောင့်ယှက်သူတွေကိုလည်း နတ်ကဖမ်းစားတယ်လို့ ယုံကြည်ကြတာကြောင့် အိမ်ကိုကာကွယ်စောင့်ရှောက်တဲ့ နတ်အဖြစ် သတ်မှတ်ထား ကြတာပါ။ အုန်းသီးကို ကြိမ်ခြင်းကလေးနဲ့ ဆွဲပြီး ဝါးနဲ့ ဆိုင်းထားကာ ခေါင်းပေါင်း ပေါင်းတဲ့ သဘောနဲ့ အဝတ်နီ ပတ်ပေးထားပါတယ်။ မြန်မာတို့ရဲ့ အယူအဆကတော့ အိမ်မှာတစ်စုံတစ်ယောက် နေမကောင်းဖြစ်ရင် အုန်းသီးကို စစ်ဆေးကြည့်ပါတယ်။ အုန်းဆံ၊ အုန်းမြီး မကျွတ်သင့်၊ သောက်ရေကိုလည်း မပြတ်ထားရှိပေးရမယ်။ အုန်းသီးမှာ တစ်စုံတရာ ချို့ယွင်းနေရင် အသစ်လဲပေးရမယ်။ အုန်းရည်ခန်းခြောက်ခြင်းကိုလည်း မခံရပဲ အသစ်လဲလှယ်ပေးရပါတယ်။ အမွှေးနံ့သာရည် ပက်ဖျန်းခြင်း၊ ယပ်ခတ်ခြင်းတွေကိုလည်း ပြုလုပ်ပေးရပါတယ်။ အုန်းတော်ရဲ့ ယာဘက်မှာ ယပ်နဲ့ ဝဲဘက်မှာ ဓား ဆက်ပေးရပြီး အုန်းတော်အနီးမှာ လင်စုံမယားဖက် အိပ်စက်လဲလျောင်းခြင်းမပြုရသလို ခေါင်ရမ်းပန်း၊ စကားပန်းနဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်တို့ကို ပူဇော်ထွန်းညှိတာတွေလည်း မလုပ်ရပါဘူး။
အိမ်တွင်းမင်းမဟာဂီရိ မောင်နှမအပြင် ဆွေတော်မျိုးတော်တွေကိုလည်း နတ်အဖြစ်ကိုးကွယ်ကြပါသေးတယ်။ ပန်းပဲမောင်တင့်တယ် ရဲ့ ဇနီးအဖြစ် သိကြတဲ့ ‘ရွှေနပေနတ်’၊ ညီမအငယ် ရှင်ထွေးလှကနေ ‘သုံးပန်လှနတ်’၊ မောင်တင့်တယ်ရဲ့ သားတော်နှစ်ပါးဖြစ်တဲ့ ‘တောင်မကြီး ရှင်ညို’ နဲ့ ‘မြောက်မင်း ရှင်ဖြူ’တို့အပြင် သုံးပန်လှရဲ့ နှစ်နှစ်အရွယ် သမီးဖြစ်တဲ့ ရှင်နှဲမိ ခေါ် ‘မနှဲလေးနတ်’ တို့ဖြစ်ကြပါတယ်။ နတ်ရာဇဝင်တွေကို လေ့လာမယ်ဆိုရင်တော့ စိတ်ဝင်စားဖို့ကောင်းသလို အချင်းချင်းဆက်စပ်နေကြတာကို မြင်တွေ့ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာလူမျိုးတွေ ယနေ့တိုင် ယုံကြည်နေကြတဲ့ နတ်သမိုင်းကြောင်းတွေကိုတော့ အသေးစိတ်မဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်းလောက်တော့ သိသင့်တယ်ထင်တာကြောင့် အခုလိုပဲ သိထားသမျှ မျှဝေပေးလိုက်ရပါတယ်။