“ကန်းနေးတိုက်ပွဲသူရဲကောင်းနဲ့ ကာသေ့ဂျ်နိုင်ငံ”

ကန်းနေးဆိုတာက အီတလီ အရှေ့တောင်ပိုင်းမှာရှိတဲ့ ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပါတယ်။ ဘီစီ ၂၁၆ မှာဖြစ်ပွားခဲ့တဲ့ ကန်းနေး တိုက်ပွဲကြီးက ကမ္ဘာကျော်တိုက်ပွဲကြီးတစ်ခုပါ။ဒါဆိုရင် ဒီတိုက် ပွဲကြီးရဲ့ သူရဲကောင်းက ဘယ်သူများဖြစ်မလဲ။ဒီမေးခွန်းက ဖြေနေစရာတောင်မလိုပါဘူး။ကန်းနေး တိုက်ပွဲကြီးကိုသိသူတိုင်းက ဒီတိုက်ပွဲကြီးရဲ့ အဓိကသူရဲကောင်းဟာ ဟန်နီဘောဖြစ်တယ်ဆိုတာကို သိနှင့်ကြပြီး ဖြစ်ပါလိမ့်မယ်။ ဟန်နီဘောရဲ့ တိုက်ပွဲကြီးတွေထဲမှာ ကန်းနေးတိုက်ပွဲကြီးက သူ့ရဲ့ စွမ်းစွမ်းတမံစွမ်းဆောင်မှုတွေနဲ့အတူ အောင်ပွဲရခဲ့တဲ့ ပြောင်မြောက်ထင်ရှား အကျော်ကြားဆုံး တိုက်ပွဲကြီးဖြစ်ပါတယ်။ဒီတိုက်ပွဲကြီးမှာ ဟန်နီဘောက သူရဲ့ရှေ့တန်းတပ်ဖွဲ့တွေရဲ့ အလယ်ဗဟိုရှိရာနေရာကို ရောမခြေလျင် စစ်သည်တော်တွေရောက်လာဖို့ အရင်ဆုံး စစ်မြူဆွဲဆောင်ခဲ့ပါတယ်။ အဲဒီနောက်တော့ အနောက်ကိုဆုတ်ပေးရင်း ဘယ်ညာနှစ်ဖက်ကနေ သူရဲ့ မြင်းစီး စစ်သည်တပ်ခွဲ ကြီးတွေနဲ့ ဝိုင်းပတ်ပိတ်ဆို့ပြီး ထောင်ချောက်ဆင်ခဲ့ပါတယ်။သူ ထောင်ချောက်ဆင်တဲ့အကွက်ထဲဝင်ခဲ့တာမို့ အခွင့်အရေးကို အမိအရအသုံးချလို့ ရောမခြေလျင် စစ်သည်တော်တွေကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။ဒီလိုနဲ့ ရောမတပ်ဖွဲ့တွေ ဘာမှမလုပ်နိုင်တော့ဘဲ အရေးနိမ့် အရှုံးပေးခဲ့ကြရပါတယ်။ “ကန်းနေး တိုက်ပွဲကြီး” အတွင်း အဲဒီနေ့ တစ်နေ့တည်းမှာပဲ ဟန်နီဘော တပ်မကြီးရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ရောမစစ်သည်ပေါင်း ငါးသောင်းလောက် သေဆုံးခဲ့ကြရပါတယ်။ စစ်သူရဲကောင်း ဟန်နီဘောရဲ့တိုက်ပွဲကြီးတွေအကြောင်း ပြောမယ်ဆိုရင် ပျူးနစ်စစ်ပွဲအကြောင်းကလည်း မပါမဖြစ်ထည့်ပြောရပါမယ်။ ပျူးနစ်စစ်ပွဲနဲ့ပတ်သက်တဲ့သမိုင်းကြောင်းက ဟန်နီဘောရဲ့ဖခင် ဟာမီလ်ကားဘာကာလက်ထက်ကနေစတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဟာမီလ်ကားဘာကာအနေနဲ့ ရောမတို့အပေါ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဆိုသလို ရန်လိုပြီး တစ်သက်တာအတွက်အခဲမကျေနိုင်လောက်တဲ့ ရန်ငြိုးက ရှိနေခဲ့ပါတယ်။အဲဒီရန်ငြိုးကို စတင်စေခဲ့တာက ပထမအကြိမ် ဖြစ်ပွားတဲ့ ပျူးနစ်စစ်ပွဲပါ။ ရောမနိုင်ငံဟာ ပထမအကြိမ်ပျူးနစ်စစ်ပွဲမှာ ကာသေ့ဂျ်နိုင်ငံအပေါ် အနိုင်ရခဲ့ပြီး စစ္စလီကျွန်း၊ ဆာဒီးနီးယားကျွန်းနဲ့ ကော်ဆီကာကျွန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီပထမ ပျူးနစ်စစ်ပွဲကာလ ဘီစီ ၂၆၄ ကနေ ၂၄၁ အတွင်းမှာပဲ မြောက်အာဖရိက မြေထဲပင်လယ် ကမ်းခြေမှာရှိတဲ့ ကာသေ့ဂျ်” နိုင်ငံ ဖိုနီးရှင်း မြို့တော်ကြီးမှာ ဟန်နီဘောကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမွေးဖွားတဲ့ အချိန်အတိအကျကိုပြောမယ်ဆိုရင်တော့ ဘီစီ ၂၄၇ ကပါ။ပထမ ပျူးနစ်စစ်ပွဲမှာ စစ်ရှုံးခဲ့တဲ့အကျိုးဆက်အမုန်းတရားက ဟန်နီဘောကိုမွေးဖွားပြီး (၉)နှစ်ကြာတဲ့အထိ သက်ရောက်နေပါတယ်။ဘာကြောင့်လဲဆိုတော့ ပျူးနစ်စစ်ပွဲမှာ စစ်ရှုံးလို့ ရောမတို့အပေါ် အငြိုးထားနေတဲ့ ဟာမီလ်ကားဘာကာဟာ ကိုးနှစ်သားအရွယ်ပဲရှိသေးတဲ့ သူရဲ့သားဟန်နီဘောကို သစ္စာဆိုခိုင်းခဲ့ပါတယ်။ တစ်နေ့ကျရင် ရောမတို့ကို ပြန်ပြီးလက်စားချေဖို့ပေါ့။ အဲဒီနောက်ပိုင်းမှာ ဟာမီလ်ကားဘာကာနဲ့ဟန်နီဘောတို့ဟာ စပိန်ကျွန်းဆွယ်ကို ပြောင်း ရွှေ့သွားပြီး ကာသေ့ဂျ် အင်ပါယာသစ်ကို ထူထောင် လိုက်ကြပါတယ်။ ဖခင်ဖြစ်သူ ဟာမီလ်ကားဘာကာ နဲ့ယောက်ဖတော်တို့နှစ်ဦး ရှေ့ဆင့် နောက်ဆင့် ဆိုသလို စပိန်မှာ ကွယ်လွန်သွားခဲ့ကြပါတယ်။အဲဒီနောက်ပိုင်း ဟန်နီဘောက စပိန်ရဲ့တပ်ပေါင်းစု သေနာပတိချုပ် (Supreme Commander) ဖြစ်လာခဲ့တဲ့အပြင် ဘားစစ် (ဘာကာ မိသားစု) ရဲ့ ခေါင်းဆောင်အကြီး အကဲလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မရှေးမနှောင်းမှာပဲ ရောမတို့ရဲ့စိုးရိမ်မှုရေချိန်လည်း အထွတ်အထိပ်ကိုရောက်လာခဲ့ပါတယ်။ရောမတို့ကို စိုးရိမ်စေခဲ့တဲ့အဓိကအကြောင်းရင်းက ဟန်နီဘောတစ်ယောက် စပိန်မှာ ဘုန်းတန်ခိုးဩဇာကြီးမားလာရုံသာမက အင်အားလည်း ကြီးထွားလာလို့ဖြစ်ပါတယ်။ဒါနဲ့ ဘီစီ ၂၁၈ မှာ ရောမတို့က ဟန်နီဘောရဲ့ ဒုတိယ ကာသေ့ဂျ် နိုင်ငံအပေါ် စစ်ကြေညာခဲ့တာကြောင့် ဒုတိယမြောက်ပျူးနစ်စစ်ပွဲကြီး စတင်ဖြစ်ပွားခဲ့ရပါတယ်။ ရာနဲ့ချီအရေအတွက်ရှိတဲ့ တိုက်ဆင်တွေနဲ့ စစ်သည်အင်အား သုံးသောင်းငါးထောင် ပါဝင်တဲ့ တပ်မကြီးကို ဟန်နီဘောက ဦးဆောင်ညွှန်ကြားခဲ့တာပါ။ဟန်နီဘောနဲ့သူ့ရဲ့တပ်မကြီးက ပိုင်းရင်းနီးစ် တောင်တန်းနဲ့ အဲ့လ်ပ် တောင်တန်းကြီးတွေကို ဖြတ်ကျော်ရင်း ခရီးရှည်ချီတက်ခဲ့ကြရာက အဲ့လ်ပ် တောင်းတန်းဒေသအရောက်မှာ သူ့ရဲ့တိုက်ဆင်တွေနဲ့စစ်သည်တွေ အများအပြား သေဆုံးခဲ့ကြပါတယ်။အဲဒီလိုသေဆုံးခဲ့ကြရတာဟာ ရောမတပ်တွေကြောင့်မဟုတ်ဘဲ ချမ်းအေးလွန်းတဲ့ ရာသီဥတုနဲ့ နှင်းထူထပ်တဲ့ဒဏ်ကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဟန်နီဘောဟာ သူ့ရဲ့စစ်တပ်ကို အင်အားဖြည့်တင်းဖို့နည်းလမ်းရှာခဲ့ပါတယ်။ သူ့ရဲ့နည်းလမ်းကတော့ အဲဒီဒေသအနီးအနားမှာရှိတဲ့ ဂေါလစ် လူမျိုးစုတွေကို စည်းရုံးသိမ်းသွင်း တပ်သားစုဆောင်းပြီး သူ့ရဲ့တပ်မကို အင်အားဖြည့်တင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွဲမလျှော့ဘဲ ခဲရာခဲဆစ်နဲ့ ရောမကို ဆက်လက်ချီတက်ပြီး သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုနဲ့ ဟန်နီဘောနဲ့အပေါင်းအပါစစ်သည်တွေဟာ တီစီနပ်စ်မြစ်ဝှမ်း ဒေသနဲ့ ထရီ ဘီယာမြစ်ဝှမ်း ဒေသတို့မှာ ရောမတပ်တွေကို အနိုင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အဲဒီဒေသနှစ်ခုမှာ တိုက်ခိုက်အနိုင်ရခဲ့တဲ့အချိန်က ဘီစီ ၂၁၈ ကဖြစ်ပြီး အဓိကစစ်အောင်ပွဲဒေသဖြစ်တဲ့ထရာဆီမီနီရေအိုင်ဒေသကိုတော့ ဘီစီ ၂၁၇ မှာ တိုက်ခိုက်အနိုင်ရရှိခဲ့ပါတယ်။ ရောမတပ်တွေက ပထမပျူးနစ်စစ်ပွဲမှာ ကာသေ့ဂျ်ကို အနိုင်ရရှိခဲ့ဖူးတာကြောင့် ဒီတစ်ခေါက် ဒုတိယမြောက်ပျူးနစ်စစ်ပွဲကြီးမှာလည်း ဟန်နီဘောဦးဆောင်တဲ့ ကာသေ့ဂျ်တပ်တွေအပေါ် ထပ်မံအနိုင်ရရှိမယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ရောမတပ်တွေဘက်က မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ လွဲချော်ခဲ့ရတာကတော့ သူတို့ မယုံကြည်နိုင်လောက်အောင် အင်အားကြီးမားနေတဲ့ကာသေ့ဂျ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဘီစီ ၂၁၆ ရောက်ချိန်မှာ “ကန်းနေး တိုက်ပွဲကြီး” အတွင်း ဟန်နီဘောဦးဆောင်တဲ့ တပ်ကြီးရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ရောမစစ်သည်သောင်းနဲ့ချီ သေဆုံးခဲ့ကြရပါတယ်။ အဲဒီကာလအတောအတွင်းမှာပဲ ပတ်ဘလိယာစ် ကွန်နဲလိယာ့စ် ယှိပီးအိုး ဦးဆောင်ကွပ်ကဲတဲ့ ရောမ တပ်တွေက စပိန်မှာရှိတဲ့ကာသေ့ဂျ်တွေဆီကို သွားရောက်တိုက်ခိုက်အနိုင်ရခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ဟန်နီဘောရဲ့ညီဖြစ်သူ ဟာ့စ်ဒရူဘောက သူရဲ့ စစ်သည်တစ်သောင်းနဲ့အတူ စပိန်ကနေ ထွက်ပြေးခဲ့ရပါတယ်။ ဟာ့စ်ဒရူဘောနဲ့ သူရဲ့စစ်သည်တို့ လွတ်မြောက်လာခဲ့ပြီးတဲ့နောက် ဟန်နီဘောရဲ့ စစ်ချီတဲ့လမ်းကြောင်းအတိုင်း လိုက်ခဲ့ကြပါတယ်။ဒီလိုနဲ့ အဲ့လ်ပ် ဟောင်တန်းကို ဖြတ်ကျော်ပြီး အီတလီ မြောက်ဘက်ပိုင်းဒေသကို ရောက်ရှိချိန်မှာ ရောမတပ်ကြီးနှစ်ခုတို့က ဟာ့စ်ဒရူဘောတို့ကို ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်လိုက်တာကြောင့် တပ်ပျက်သွားတဲ့ဟာ့စ်ဒရူဘောတစ်ယောက် ရောမတို့လက်အောက်ကျရောက်ပြီး ခေါင်းဖြတ် အသတ်ခံခဲ့ရပါတယ်။ ဟန်နီဘောရဲ့ တပ်စခန်းကို ဟာ့စ်ဒရူဘောရဲ့ ဦးခေါင်းပြတ်ရောက်ရှိလာချိန်မှပဲ ဟန်နီဘောလည်း အဖြစ်မှန်ကို သိရှိခဲ့ရပါတယ်။ အဲဒီနောက် စိုင်းပီယို ဦးဆောင်တဲ့ ရောမတပ်ကြီးရဲ့ တိုက်ခိုက်မှုကိုခံနေရတဲ့ ကာသေ့ဂျ် မြို့တော်ကြီးကို ကာကွယ်ဖို့အတွက် ဘီစီ၂၀၃ မှာ ကာသေ့ဂျ်မြို့တော်ရှိရာဆီကို ဟန်နီဘောကိုပြန်လည်ခေါ်ယူ ခဲ့ကြပါတယ်။ ဒီလိုနဲ့နောက်တစ်နှစ်အကြာ ဘီစီ ၂ဝ၂ မှာ ဖြစ်ပွားခဲ့တဲ့ ဇာမားတိုက်ပွဲကြီးမှာ ယှိပီးအိုးနဲ့ သူ့ရဲ့ ရောမ စစ်သည်တွေက ဟန်နီဘောရဲ့စစ်ဗျူဟာတွေကို အတုယူပြီး ဟန်နီဘောတို့ကို အနိုင်တိုက်ခိုက်ခဲ့ကြ ပါတယ်။ ဒီတစ်ခါတော့ ရောမခြေလျင် တပ်ကြီးနဲ့ မြင်းစီးတပ်တွေအကြား ပိတ်ဆို့ တိုက်ခိုက်ခံလိုက်ရတဲ့ ဟန်နီဘောနဲ့ ကာသေ့ဂျ်တပ်တွေ ဟာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဟန်နီဘောတစ်ယောက် စစ်မြေပြင်ကနေလွတ်မြောက်သွားခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ အတိုက်အခိုက် ရပ်စဲရေးအတွက် ရောမတို့နဲ့ညှိနှိုင်းဖို့ အားထုတ်ခဲ့ပါတယ်။ဟန်နီဘောက ကာသေ့ဂျ်ရဲ့ ခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်တွေထံ တိုက်တွန်းဖျောင်းဖျရင်း ရောမတို့နဲ့ညှိနှိုင်းဖို့ အားထုတ်ခဲ့တာပါ။ စစ်ပွဲကြီးပြီးတော့ ဟန်နီဘောလည်း စစ်မှုရေးရာလုပ်ငန်းတာဝန်တွေကနေ အနားယူပြီး သာမန်ဘ၀နဲ့ နေထိုင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း ဘီစီ ၁၉၆ မှာ ကာသေ့ဂျ် မြို့တော်ရဲ့ ရာဇဝတ်တရားသူကြီးအဖြစ် ထမ်းဆောင်နေတုန်း ကာသေ့ဂျ် မြို့တော်မှာရှိတဲ့ သူ့ကိုမလိုလားသူတွေက ရောမကို လျှို့ဝှက်သတင်း ပေးပို့ပြီး ချောက်တွန်းခဲ့ကြပါတယ်။ သူတို့ချောက်တွန်းရာမှာ ဟန်နီဘောက ရောမကို နောက်တစ်ကြိမ် လက်စားချေတိုက်ခိုက်ဖို့ စစ်ပြင်ဆင်နေတယ်ဆိုပြီး သတင်းပေးပို့ခဲ့ကြတာပါ။ ဟန်နီဘောကို သူတို့လက်ကို အပ်နှံရမယ်လို့ ရောမတို့က ကာသေ့ဂျ်အာဏာပိုင်တို့ထံ ရာဇသံပို့ခဲ့တဲ့နောက် ဟန်နီဘောလည်း ဆီးရီးယားနိုင်ငံ တတိယမြောက် အင်တီယိုခပ်စ်ဘုရင်” ရဲ့ နန်းတွင်းမှာ ခိုလှုံတိမ်းရှောင်နေခဲ့ရပါတယ်။ဒီလိုနဲ့ ရောမကို သွားတိုက်ဖို့ ဆီးရီးယားဘုရင် အင်တီယိုခပ်စ်ကို ဟန်နီဘောက တိုက်တွန်းခဲ့တာကြောင့် ဘီစီ ၁၉၂ ကနေ ၁၈၉ အတွင်း ရောမနဲ့ ဆီးရီးယားတို့ကြား စစ်ပွဲကြီးဖြစ်ပွားခဲ့ရပါတယ်။ အဲဒီစစ်ပွဲကို ရောမတို့ အောင်နိုင်ခဲ့တာမို့ ဟန်နီဘောတစ်ယောက် ဘိုင်သိုင် နီးယားဘုရင် ပရူးဆီးယာ့စ်ရဲ့ နန်းတွင်းမှာ ထပ်မံခိုလှုံတိမ်းရှောင်နေခဲ့ရပြန်ပါတယ်။အဲဒီလို တိမ်းရှောင်နေတုန်းမှာပဲ ရောမတို့ရဲ့ဖမ်းဆီးတာခံရမှာကို မလိုလားတဲ့ ဟန်နီဘောဟာ အဆိပ်သောက်ပြီး သတ်သေသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အာဖရိကတိုင်းရင်းသားရန်သူတွေကို ကာကွယ်ဖို့ စစ်တပ်ဖွဲ့စည်းတဲ့ ကာသေ့ဂျ်တို့ကို ရောမတို့က အပြစ်ရှာပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ဒီလိုနဲ့ တတိယ ပျူးနစ်စစ်ပွဲက ဘီစီ ၁၄၉ ကနေ ၁၄၆ ခုနှစ်အကြား ၃ နှစ်ကြာဖြစ်ပွားခဲ့ပါတယ်။ ဘီစီ ၁၄၆ မှာ ရောမတို့လက်ချက်နဲ့ ကာသေ့ဂျ်မြို့ကြီး ပျက်စီးခဲ့ရပါတယ်။။ ဘီစီ ၄၅ လောက်မှာ ရောမဘုရင် ဆီဇာဟာ ကာသေ့ဂျ်ကို ရောမဆင်းရဲသားတွေ လာရောက်နေထိုင်ရာ နယ်မြေသစ်အဖြစ် သတ်မှတ်ခဲ့တာကြောင့် ကာသေ့ဂျ် ပြန်လည်စည်ကားလာပြီး ရောမပိုင် အာဖရိကနယ်ပယ်တွေရဲ့ အချက်အချာမြို့ကြီး ဖြစ်လာပါတယ်။ ဒါပေမဲ့ အေဒီ ၄၃၉ ခုနှစ်မှာ ဗင်းဒေါ လူမျိုးတို့ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့လို့ ကာသေ့ဂျ်ရဲ့ အရှိန်အဝါတွေ ပြန်လည်မှေးမှိန်သွားပြီး ပင်လယ်ဓားပြစခန်းအဖြစ်ရောက်ရှိခဲ့ပါတယ်။ အေဒီ ၅၅၃ ခုနှစ်ကစလို့ ဗိုင်ဇင်းတိုက် အင်ပါယာရဲ့ လက်အောက်ခံနယ်တစ်ခုဖြစ်ခဲ့ပြီး အေဒီ ၆၉၈ ခုနှစ်မှာ အာရပ်လူမျိုးတို့ရဲ့ ချေမှုန်းဖျက်ဆီးတာကို ခံခဲ့ရပြန်ပါတယ်။ ၁၈၈၁ ခုနှစ်ရောက်ချိန်မှာတော့ တျူးနစ်ပြည်က ပြင်သစ်အစိုးရရဲ့ စောင့်ရှောက်ခံနယ်မြေတစ်ခု ဖြစ်လာတဲ့အခါ ကာသေ့ဂျ်က ဗရင်ဂျီဂိုဏ်းအုပ်တစ်ပါးရဲ့ ဌာနချုပ်ဖြစ်လာပါတယ်။ဒီလိုနဲ့ တစ်ချိန်က ဟန်နီဘောနဲ့အတူ အင်အားကြီးခဲ့တဲ့ ကာသေ့ဂျ်ဟာ လက်ရှိမှာတော့ ရှေးဟောင်းအဆောက်အအုံအပျက်အစီးတွေရှိတဲ့ မြို့ဟောင်းအဖြစ်ပဲ ရှိနေပါတော့တယ်။

===========================

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast

Podcast ❤: https://podcasters.spotify.com/pod/show/z-lann

Facebook Group ❤: https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast

#ကမ္ဘာ့သမိုင်း #ရောမ #အီတလီ

#Hannibal # ကာသေ့ဂျ်မြို့ဟောင်း

More Interesting Blogs from Zlann