ယနေ့ကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်သူတွေ၊ စာပေ နဲ့ ဆေးပညာရပ်တွေမှာ ထူးချွန်သူတွေအများအပြားကို မြင်ဖူးတွေ့ဖူးကြမှာပါ။ အဲဒီလိုထူးချွန်သူ တွေကို ဂုဏ်ပြုပြီး နှစ်စဉ်ချီးမြှင့်နေတဲ့ နိုဘယ်လ်ဆုအကြောင်းကိုလည်း လူတော်တော်များများ သိနှင့်ပြီးသားဖြစ်မှာပါ။ နိုဘယ်လ်ဆုဆိုတာ လူအများကောင်းကျိုးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ထမ်းဆောင်နေသူတိုင်းကို ပေးအပ် ဂုဏ်ပြုနေတဲ့ ကမ္ဘာ့ထိပ်တန်းဆုလို့ ဆိုရမှာပါ။ ဒါပေမဲ့ အဲဒီလိုလူထုအကျိုးပြုနိုဘယ်လ်ဆုကို ချီးမြှင့် နိုင်စေဖို့ စီစဉ်ညွှန်ကြားခဲ့သူဟာ ဖောက်ခွဲရေးပစ္စည်းဖြစ်တဲ့ ဒိုင်းနမိုက်ကို တီထွင်ခဲ့တဲ့ အဲလ်ဖရက် နိုဘယ်လ်ဖြစ် တယ်ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
သူ့ရဲ့ အမည်အပြည့်အစုံက အဲလ်ဖရက် ဘန်းနာ့ထ် နိုဘယ်လ်(Alfred Bernhard Nobel) ဖြစ်ပြီး ဆွီဒင် လူမျိုး ဓာတုဗေဒပညာရှင်နဲ့ တီထွင်ဖန်တီးသူတစ်ယောက်ဖြစ်တဲ့အပြင် ပရဟိတသမားတစ်ဦးလည်း ဖြစ်ပါ တယ်။ ဖခင်ဖြစ်သူက ဆွီဒင်လူမျိုး တီထွင်ဖန်တီးသူနဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အမ်မန်နျူရယ် နိုဘယ်လ် (Immanuel Nobel)ဖြစ်ပြီး မိခင်ဖြစ်သူကတော့ ကယ်ရိုလိုင်းနား အန်ဒရက်တီ နိုဘယ်လ်(Karolina Andriette Nobel) ဖြစ်ပါတယ်။ အဲလ်ဖရက်နိုဘယ်လ်ကို ၁၈၃၃ ခုနှစ်၊ အောက်တိုဘာလ(၂၁) ရက်နေ့က ဆွီဒင် နိုင်ငံ၊ စတော့ဟုမ်းမ်မြို့မှာမွေးဖွားခဲ့ပါတယ်။ရောဘတ်နိုဘယ်လ် နဲ့ လစ်ဒ်ဗစ်နိုဘယ်လ်လို့ခေါ်တဲ့ အစ်ကို နှစ်ယောက်ရှိပြီးတော့ အမ်မယ်လ် အော်စကာနိုဘယ်လ်လို့ခေါ်တဲ့ ညီတစ်ယောက်လည်းရှိပါတယ်။ နိုဘယ်လ်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ တီထွင်ဖန်တီးမှုတွေနဲ့ ဓာတုဗေဒနဲ့သက်ဆိုင်တဲ့ လုပ်ငန်းအချို့ကို အထူး စိတ်ဝင်စား ခဲ့သူဖြစ်ပါတယ်။သူဟာ ဖခင်ကြီးဆီကနေ စူးစမ်းလေ့လာလိုစိတ်တွေနဲ့ တီထွင်ကြံဆလိုစိတ်တွေ အမွေ ရထားသူ တစ်ယောက်လို့ ဆိုရမှာပါ။
ဖခင်ဖြစ်သူရဲ့ စီးပွားရေးနယ်ပယ်မှာ ဆုံးရှုံးမှုတွေနဲ့ မအောင်မြင်သေးတဲ့ တီထွင်မှုတွေကြောင့် နိုဘယ်လ် မိသားစု ဟာ ရုရှားနိုင်ငံ၊ စိန့်ပီတာဘက်ကိုပြောင်းရွှေ့ခဲ့ရပါတယ်။ နိုဘယ်လ်ဟာ ငယ်စဉ်ကတည်းက ဘာသာစကား တွေ ဓာတုဗေဒပညာရပ်တွေ လေ့လာရတာ ဝါသနာပါခဲ့သူဖြစ်ပါတယ်။ဖခင်ဖြစ်သူ စိန့်ပီတာဘက် ရောက်လာတဲ့အခါ မှာ သူ့ရဲ့တီထွင်ဖန်တီးမှုတွေ တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီး မိသားစုစီးပွားရေး အဆင်ပြေလာပါတယ်။ မိုင်းတွင်းလုပ်ငန်းတွေအပြင် လှည်းဘီးတွေ၊ဗောလ်ဂါ မြစ်ကြောင်းသွား မီးသင်္ဘောတွေအတွက် လိုအပ်တဲ့ ရေနွေးငွေ့အင်ဂျင်လိုမျိုး ရှုပ်ထွေးတဲ့ စက်ပစ္စည်းတွေကို ဖခင်ဖြစ်သူ အမ်မန်နျူရယ်ရဲ့ ကုမ္ပဏီက တီထွင်ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ဒါကြောင့် နိုဘယ်လ်တို့ညီအစ်ကိုတွေဟာ ရုရှားမှာပဲ ဆရာတွေငှားပြီး ပညာသင်ကြားခဲ့ရပါတယ်။နိုဘယ်လ်ဟာ ဆွီဒင်စကားအပြင် အင်္ဂလိပ်၊ပြင်သစ်၊ဂျာမန်၊ရုရှားနဲ့ အီတလီစတဲ့ ဘာသာစကားတွေကိုလည်း ပြောဆိုလာနိုပါတယ်။သူဟာ လူငယ်တစ်ယောက်အနေနဲ့ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို ဓာတုဗေဒပညာရှင်တွေ၊ အချို့တီထွင်ဖန်တီးသူ သိပ္ပံပညာရှင်တွေထံမှာ သင်ကြားရင်း လေ့လာပါတယ်။
နိုဘယ်လ်ရဲ့ အစ်ကိုတွေကတော့ နောက်ပိုင်းမှာ အင်ဂျင်နီယာဘွဲ့တွေ့ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ သူကတော့ စိတ်ဝင် စားတဲ့ ဓာတုဒေဗဒပညာရပ်ကိုသာ အပတ်တကုတ် လေ့လာခဲ့ပါတယ်။ သူ့ရဲ့ ဓာတုဗေဒ ဆရာကတော့ ပါမောက္ခ နီကိုလိုင်းဇီနင်ဖြစ်ပါတယ်။နိုဘယ်လ်ရဲ့ ဆရာခေါ်သင်တဲ့ပညာရေးဟာ ၁၈၅၀ ခုနှစ်မှာပဲ အဆုံးသတ် သွားရပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ပြင်သစ်နိုင်ငံ၊ပါရီကို သွားရောက်ပြီး ပညာရပ်တွေကို ဆက်လက် လေ့လာပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ နိုဘယ်လ်ဟာ ပါရီရှိ ပါမောက္ခဂျူးပယ်လူစီရဲ့ ဓာတ်ခွဲခန်းမှာ အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီနောက်တော့ နိုက်ထရိုဂလစ်စထရင်းကို ၁၈၄၇ ခုနှစ်တည်းက ရှာဖွေတွေ့ရှိခဲ့တဲ့ အီတလီလူမျိုး၊ ဓာတုဗေဒပညာရှင် အက်စကာနီယို ဆိုဘရီယိုနဲ့ ဆက်သွယ်မိပြီး လမ်းစကိုတွေ့ရှိခဲ့ပါတယ်။ ဆိုဘရီယိုက အန္တရာယ်များပြီး မတူညီတဲ့ ဖိအားနဲ့ အပူချိန်တွေမှာဆိုရင် ပေါက်ကွဲတတ်တဲ့ နိုက်ထရိုဂလစ် စထရင်း ရဲ့ သဘာဝကြောင့် အဲဒါတွေအသုံးပြုတာကို လုံးဝဆန့်ကျင်ထားတဲ့လူတစ်ယောက်ဖြစ် ပါတယ်။ ဒါပေမဲ့ နိုဘယ်လ်ကတော့ နိုက်ထရိုဂလစ်စထရင်းကို ထိန်းချုပ်ကိုင်တွယ်ပြီး စီးပွားရေးနည်းလမ်းကျကျနဲ့ ဖောက်ခွဲရေး ပစ္စည်း တစ်ခု ပြုလုပ်ဖို့ အားသန်ခဲ့ပါတယ်။
၁၈၅၁ ခုနှစ်၊အသက် ၁၈ နှစ်အရွယ်မှာတော့ အမေရိကန်ပြည်ထောင်စုကိုသွားရောက်ခဲ့ပါတယ်။ ဆွီဒင်-အမေရိကန် လူမျိုး တီထွင်ဖန်တီးသူ ဂျွန်အဲရစ်ဆန်ဆီမှာ ခဏတာမျှ အလုပ်လုပ်ရင်း ပညာဆက်လက် သင်ကြား ခဲ့ပါတယ်။၁၈၅၇ ခုနှစ်မှာတော့ သူ့ရဲ့ပထမဆုံး တီထွင်မှု မူပိုင်ခွင့်ကို ဓာတ်ငွေ့မီတာတီထွင်မှုကနေ ဗြိတိန်မှာ စတင် တင်သွင်းနိုင်ခဲ့ပါတယ်။ မိသားစုပိုင် စက်ရုံကိုလည်း ဖခင်ဖြစ်သူက ဒုတိယမြောက်သားဖြစ်တဲ့ လစ်ဗစ် ကိုလွှဲပြောင်းပေးခဲ့ပြီး တစ်မိသားစုလုံး ရုရှားကနေ ဆွီဒင်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ကြပါတယ်။ နိုဘယ်လ်ကတော့ သူ့ရဲ့ဖောက်ခွဲရေးပစ္စည်း စမ်းသပ်ချက်တွေကို တစ်ဦးတည်း တစ်ခုပြီးတစ်ခု ဆက်လက်တီထွင် လုပ်ဆောင်ခဲ့ပါတယ်။
နိုက်ထရိုဂလစ်စထရင်းကို အသုံးပြုပြီး ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့အတွက် စက်ရုံ တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အန္တရာယ်များတဲ့ စမ်းသပ်မှုတွေ၊ ပေါက်ကွဲမှုတွေကလည်း ဆက်တိုက်လိုလို ဖြစ်လာ ခဲ့ပါတယ်။ ၁၈၆၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်မှာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြိုရဲ့ ဟယ်လန်ဗော့ ပြည်နယ်မှာ နိုက်ထရိုဂလစ်စထရင်းကိုသုံးပြီး စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ရာ မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ သူ့ရဲ့ညီအငယ် အမ်မယ်လ်နဲ့အတူ လူအချို့ရဲ့ အသက်ကို စတေးလိုက်ရပါတယ်။ ပေါက်ကွဲမှုကြောင့် သူလည်း တုန်လှုပ် ခြောက်ခြားသွားပေမဲ့ တီထွင်မှုကိုတော့ လက်မလျှော့ခဲ့ပါဘူး။ ၁၈၆၅ ခုနှစ်မှာတော့ သူဟာ စတော့ဟုမ်း တောင်ပိုင်းမှာရှိတဲ့ ဗင်တာဗီကန်ဒေသကို သီးခြားပြောင်းရွှေ့ပြီး နိုက်ထရိုဂလစ်စထရင်းနဲ့ တီထွင်မှုတွေ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
၁၈၆၇ ခုနှစ်မှာတော့ နိုဘယ်လ်ဟာ သူရှာဖွေနေခဲ့တဲ့ အရာကိုတွေ့ရှိခဲ့ပါတော့တယ်။ ဒိုင်းနမိုက်လို့ခေါ်တဲ့ ယမ်းဘီလူးကို တီထွင်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ နိုဘယ်လ်ဟာအောင်မြင်လာခဲ့ပါတယ်။ ၁၈၆၇ ခုနှစ်မှာ ဗြိတိန်မူပိုင်ခွင့်ကိုတင်ခဲ့ပြီး ၁၈၆၈ ခုနှစ်မှာတော့ အမေရိကန်မှာ မူပိုင်ခွင့်တင်နိုင်ခဲ့ပါတယ်။ ဒိုင်းနမိုက်ဆိုတာ ကတော့ ဂရိစကားကိုယူသုံးထားခြင်းဖြစ်ပြီးတော့ ပါဝါလို့ အဓိပ္ပာယ်ရပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ နိုဘယ်လ်ရဲ့ ဒိုင်းနမိုက်ကို တူးမြောင်းတွေ တူးဖော်ဖို့၊ ကျောက်တောင်တွေမှာ မီးရထားသွား လိုဏ်ခေါင်းတွေ ဖောက်လုပ်ဖို့ အတွက် တွင်ကျယ်ကျယ်အသုံးပြုလာကြပါတယ်။ ဒါကြောင့် သူ့ရဲ့ ဒိုင်းနမိုက်ဟာ အလွန်အသုံး ဝင်တဲ့ မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်လာပါတယ်။
နိုဘယ်လ်ဟာ ဂုဏ်ပြုခံရခြင်းနဲ့ နာမည်ဂုဏ်သတင်းကျော်ကြားခြင်းတို့ကို ရရှိပြီးနောက်မှာတော့ စက်မှု အင်ပါယာ တစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်လာပါတော့တယ်။နောက်ပိုင်းမှာတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေ တဖြည်းဖြည်းတိုးလာတဲ့အပြင် တီထွင်ဖန်တီးမှုနဲ့ စက်မှုလုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်လာပါတယ်။ ဒါအပြင် သူကျွမ်းကျင်တဲ့ဘာသာစကားတွေကို သုံးပြီးလည်း ကမ္ဘာတစ်လွှားနဲ့ဆက်သွယ်ကာ စီးပွားရေးအလုပ်တွေချဲ့ထွင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုဘယ်လ်ဟာ သူရဲ့ တီထွင်မှု ကို တဖြည်းဖြည်းနဲ့ နောင်တရလာခဲ့ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ ဒိုင်းနမိုက်ကို စစ်ခင်းနိုင်ငံတွေက စစ်ပွဲတွေမှာ အသုံးပြုလာကြပြီး လူအများ သေကြေပျက်စီးကြ ရတာကြောင့်ဖြစ်ပါတယ်။ ၁၈၉၅ ခုနှစ်၊ နိုဘယ်လ်မသေဆုံးမီ တစ်နှစ်ခန့်အလိုမှာတော့ သေတမ်းစာတစ်ခုကိုရေးခဲ့ပါတယ်။
သေတမ်းစာမှာဆိုရင် သူ့ရဲ့ငွေအရင်းအနှီးအချို့ကို မတည်ပြီး အဖွဲ့အစည်းတစ်ခုကို တည်ထောင်စေကာ လူမှု အကျိုးပြုနယ်ပယ်တွေမှာ ထူးချွန်တဲ့သူ အများစုကို နှစ်စဉ်ဆုကြေးငွေတွေ ထောက်ပံ့ချီးမြှင့်ဖို့ ဖြစ်ပါတယ်။ အဲဒီနယ်ပယ်တွေကတော့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ ရသစာပေနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူ စတဲ့ နယ်ပယ်တွေပဲဖြစ်ပါတယ်။ နိုဘယ်လ်ရဲ့ သေတမ်းစာဟာ အားလုံးကို အံ့အားသင့် စေခဲ့ပါတယ်။ အဲလ်ဖရက်နိုဘယ်လ်ဟာ ၁၈၉၆ ခုနှစ်၊ ဒီဇင်ဘာ (၁၀)ရက်နေ့မှာ အီတလီနိုင်ငံ၊ ဆန်ရီမိုမြို့မှာ ကွယ်လွန် ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၆၃ နှစ်ရှိပြီဖြစ်ပါတယ်။
နိုဘယ်လ်ရဲ့ဆန္ဒအတိုင်းချီးမြှင့်တဲ့ အဲဒီထူးချွန်ဆုတွေကိုတော့ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဘယ်လ်ဆုလို့ ခေါ်ဝေါ် သတ်မှတ်ခဲ့ကြပါတယ်။နိုဘယ်ဆုတွေကို (၁၉၀၁)ခုနစ်မှ စတင်ချီးမြှင့်ခဲ့ပြီး နော်ဝေနိုင်ငံ ပါလီမန် မှာချီးမြှင့် ရမယ်လို့ သေတမ်းစာမှာပါတဲ့အတိုင်း နော်ဝေနိုင်ငံရဲ့မြို့တော်၊ အော်စလိုမှာ အဲဖရက်နိုဘယ်လ် သေဆုံးတဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။၁၉၆၈ ခုနှစ်မှစတင်ပြီး ဆွီဒင်နိုင်ငံ ဗဟိုဘဏ်ကနေ မတည်ပြီး စီးပွားရေးသိပ္ပံဆိုင်ရာနိုဘယ်လ်ဆု တစ်ဆုကို တိုးချဲ့ချီးမြှင့်ခဲ့ပါတယ်။
‘လူသားမျိုးနွယ်အတွက် အကျိုးပြုသက်ရောက်မှု ပြုနိုင်သောသူများကို ဆုချီးမြှင့်ဖို့’ ရယ်လို့ ရေးသားခဲ့တဲ့ အဲဖရက်နိုဘယ်လ်ရဲ့ သေတမ်းစာအတိုင်း နှစ်စဉ်ထူးချွန်ဆုတွေ ပေးအပ်ဂုဏ်ပြုခဲ့ရာမှာ ၂၀၂၂ ခုနှစ်အထိ
၆၂၁ ဆု ချီးမြှင့်ပြီးဖြစ်ပါတယ်။ ရူပဗေဒထူးချွန်ဆု ၁၁၇ ဆု၊ ဓာတုဗေဒထူးချွန်ဆု ၁၁၅ဆု ၊ ဆေးပညာ ဆိုင်ရာ ၁၁၄ ဆု၊ စာပေနယ်ပယ်ဆိုင်ရာထူးချွန်ဆု ၁၁၆ ဆု၊ ငြိမ်းချမ်းရေးထူးချွန်ဆု ၁၀၄ ဆုနဲ့ စီးပွားရေး သိပ္ပံဆု ၅၅ ဆုတို့ ဖြစ်ပါတယ်။
နိုဘယ်လ်ဆု စိစစ်ရွေးချယ်တဲ့ အခါ ရံဖန်ရံခါ အငြင်းပွားဖွယ်ရာတွေ ကိုတော့ ကြုံရဆဲဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ရည်ရွယ်ချက်ကောင်းမွန်တဲ့ အဲဖရက်နိုဘယ်လ် ရဲ့ ဆောင်ရွက်မှုတွေ နဲ့ လှူဒါန်းမှုတွေကြောင့် နိုဘယ်လ် ဆု ရွေးချယ်ခြင်းနဲ့ ဆုချီးမြှင့်ခြင်း လုပ်ငန်းစဉ်တွေဟာ ယနေ့ထက်တိုင် အသက်ဝင်လှုပ်ရှား နေဆဲဖြစ်ပါတယ်။