Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
Back to Blog
“ ကမ္ဘာကျော် နိုဘယ်လ်ဆုရ စာရေးဆရာကြီး ဟာမန်ဟက်စ် ”
February 5, 2024
ဂျာမန်နဲ့ ဆွစ်ဇာလန် စာရေးဆရာတစ်ယောက်အဖြစ် ထင်ရှားတဲ့ ဟာမန်ဟက်စ် (Hermann Hesse) ဟာ ကဗျာဆရာ၊ ပန်းချီဆရာနဲ့ ၀တ္ထုရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ ဟာမန်ဟက်စ်ဆိုသူဟာ ဆရာကြီး ပါရဂူ မြန်မာဘာသာပြန်ဆိုရေးသားထားတဲ့ ‘ သိဒ္ဓတ္ထ’ (Siddhartha) အမည်ရှိတဲ့ မူရင်းဝတ္ထုကို ရေးသားသူဖြစ်သလို ၁၉၄၆ ခုနှစ်မှာ စာပေနယ်ပယ်ရဲ့ နိုဘယ်လ်ဆုကို ရရှိခဲ့သူပါ။ ဟာမန်ဟက်စ်ရဲ့ ဘဝအချိုးအကွေ့များဟာ အလွန်စိတ်ဝင်စားစရာကောင်းပြီး လေးစားဖွယ်အဖြစ်အပျက် တွေကိုလည်း တွေ့ရပါတယ်။
ဟာမန်ဟက်စ်ကို ၁၈၇၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှာ ဂျာမနီတောင်ပိုင်းမှာရှိတဲ့ ဝါတင်ဘာ့ခ်(Württemberg) ပြည်နယ်ရဲ့ မြို့လေးတစ်မြို့ဖြစ်တဲ့ ကောလ်( Calw) မှာမွေးဖွားခဲ့ပါတယ်။ မျိုးရိုးကတော့ လူမျိုးပေါင်းစုံ ရောနှောနေတာပါ။ အဘိုးအဘွားတွေကတော့ ပရိုတက်စတင့် ခရစ်ယာန်သာသနာပြုအဖွဲ့ရဲ့ လက်အောက် မှာရှိတဲ့ သာသနာပြုလုပ်ငန်းတွေကို အိန္ဒိယနိုင်ငံမှာလုပ်ဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။ အဘိုးဖြစ်သူဟာ ဂျာမန်-ရုရှား ကပြားတစ်ယောက်ဖြစ်ပြီးတော့ အဘွားကတော့ ပြင်သစ်စကားပြော ဆွစ်ဇာလန်လူမျိုး ပဲဖြစ်ပါတယ်။ အမေဖြစ်သူ မာရီဂျန်းဒါ့( Marie Gundert) ဟာ အိန္ဒိယနိုင်ငံမှာပဲမွေးဖွားခဲ့ပြီး သာသနာပြုလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သူဖြစ်ပါတယ်။ မာရီမှာ ပထမအိမ်ထောင်ရှိခဲ့ပြီး သီအိုဒေါနဲ့ ကားလ်ဆိုတဲ့ သားသမီးနှစ်ယောက်လည်းရှိပါတယ်။ ပထမအိမ်ထောင် သေဆုံးပြီးနောက်မှာမှ ဟက်စ်ရဲ့ အဖေဖြစ်သူ ဂျိုဟန်းဟက်စ် ( Johannes Hesse) နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဟတ်စ်ရဲ့ အမေ မာရီဟာ ကဗျာရေးတာနဲ့ စာဖတ်တာတွေကို နှစ်သက်တဲ့ ကဗျာဆရာမ တစ်ယောက်လည်းဖြစ်ပါတယ်။အဖေဖြစ်တဲ့ ဂျိုဟန်းကတော့ ဘာသာရေးဆိုင်ရာစာအုပ်စာပေ တွေကို ထုတ်ဝေတဲ့ ပုံနှိပ်လုပ်ငန်းကို လုပ်ကိုင်ပါတယ်။
ဖခင်ဖြစ်သူ ဂျိုဟန်းဟာ ရုရှားအင်ပါယာလက်အောက်မှာရှိတဲ့ အက်စ်တိုးနီးယားမှ ဂျာမန်လူမျိုးစုဝင် တစ်ယောက်ဖြစ်တာကြောင့် ဟက်စ်ဟာ ဂျာမန် – ရုရှားလူမျိုးဖြစ်ခွင့်ရှိပေမဲ့ သူကတော့ ဂျာမန်လူမျိုး အဖြစ်သာခံယူခဲ့ပါတယ်။ မွေးချင်းမောင်နှမ ငါးယောက်ရှိပြီး သူဟာ ဒုတိယမြောက်သားဖြစ်ပါတယ်။ မွေးချင်းငါးယောက်အနက်မှာ နှစ်ယောက်ကတော့ မွေးစကလေးအရွယ်မှာပဲ ဆုံးပါးခဲ့ကြပါတယ်။ ဟက်စ်ဟာ ကလေးဘဝကတည်းက ခေါင်းမာပြီး ဂျစ်ကန်ကန်နဲ့ ပြောစကားနားမထောင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူဟာ ဉာဏ်ကောင်းပြီး ထက်မြက်တဲ့သူ တစ်ယောက်ပါ။
ဟက်စ်ရဲ့ မိသားစုဟာ လူဦးရေများတာကြောင့် မိဘများရဲ့ အနီးကပ်မေတ္တာအပြည့်အဝကို မရရှိခဲ့တာကလည်း သူ့ရဲ့ ဂျစ်ကန်ကန်နဲ့ ခေါင်းမာတတ်တဲ့ စိတ်ကို ရေလောင်း ပေါင်းသင်ပေးသလို ဖြစ်ခဲ့ပါတယ်။ လေးနှစ်သား အရွယ်မှာတော့ မိသားစုဟာ ဆွစ်ဇာလန်နိုင်ငံအတွင်းက ဘာဇယ်မြို့ကို ပြောင်းရွှေ့ပြီး ခြောက်နှစ်ကြာအောင် နေထိုင်ခဲ့ကြပါတယ်။အဲဒီနောက် ဟက်စ် ကျောင်းနေအရွယ် ရောက်တဲ့အခါမှာတော့ ကောလ်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဟက်စ်ဟာ ၁၈၈၁ ခုနှစ်မှာ ခရစ်ယာန်သာသနာပြုကျောင်းကို စတင်တက်ရောက် သင်ကြားခဲ့ရပါတယ်။ စာစသင်တဲ့အချိန်မှာတော့ ဟက်စ်က အများနည်းတူ လိုက်လျောညီထွေ နေထိုင်တတ်တဲ့ ကလေးတစ်ယောက်ဖြစ်လာပါတယ်။ ဟက်စ်ရဲ့ ဉာဏ်ရည်ထက်မြက်ပုံနဲ့ နာခံတတ်တဲ့ စိတ်နေသဘောထား အကြောင်းကို ဆရာဆရာမတွေဆီကနေ မိဘတွေအနေနဲ့ မကြာခဏကြားသိရတာကြောင့် အတော်လေးကို စိတ်သက်သာရာရခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ၁၈၉၁ ခုနှစ်မှာ ဟက်စ်ကို မိဘများက အခြားသောသာသနာပြုကျောင်းတစ်ခုကို ပြောင်းရွှေ့ပညာသင်ယူစေပါတယ်။ အဲဒီကျောင်းမှာတော့ ကျောင်းသားတွေဟာ ကျောင်းအိပ်၊ ကျောင်းစား သဘောမျိုးနဲ့ ပညာသင်ကြားရတာဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဟက်စ်ဟာ အခြားကျောင်းသားတွေ နည်းတူ ပေါ့ပေါ့ပါးပါး သင်ကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သာသနာပြုကျောင်းတွေကို တဖြည်းဖြည်း စိတ်ကုန်လာပြီး ဟက်စ်ဟာ စိတ်ဖိစီးလာခဲ့ပါတယ်။ မိသားစုနဲ့လည်း အဆင်မပြေသလို ကျောင်း မှာလည်း မပျော်တော့တာကြောင့် ဟက်စ်ဟာ ခေါင်းကိုက်ခြင်းအပြင် ညဘက်အိပ်မပျော်တဲ့ ဝေဒနာတွေကိုပါ ခံစားလာရပါတယ်။နောက်ပိုင်းမှာတော့ စိတ်ကျန်းမာရေးထိခိုက်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့ အထိ ဖြစ်လာပါတယ်။ ဒါကြောင့် ဟက်စ်ကို မိဘတွေက စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ ကုထုံးအမျိုးမျိုးကို လုပ်ဆောင်ခဲ့ကြရပါတယ်။
ဟက်စ်ဟာ ကဗျာတွေကို မြတ်နိုးပါတယ်။ မိခင်ဖြစ်သူနဲ့အတူ ကဗျာတွေဖတ်ရတာ၊ ကာရန်တွေစပ်ရတာကို အတော်လေးသဘောကျပါတယ်။ အရွယ်နဲ့မမျှအောင်လည်း သူဟာ ကာရန်စပ်တာ ကျွမ်းကျင်ပါတယ်။ ဒါကြောင့် ဟက်စ်ဟာ အသက် ဆယ့်နှစ်နှစ်အရွယ်လောက်ကတည်းက စာရေးဆရာ တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ပေါ်လာပါတယ်။ ၁၈၈၅ ခုနှစ်လောက်မှာ ဟက်စ်ရဲ့ မအေတူဖအေကွဲ အစ်ကိုဖြစ်တဲ့ သီအိုဟာ မိသားစုဆန္ဒနဲ့ဆန့်ကျင်ပြီး ဝါသနာပါတဲ့ ဂီတနယ်ပယ်ထဲကို ခြေစုံပစ်ဝင်သွားတာဟာ သူ့အတွက်တော့ အားကျစရာတစ်ခုဖြစ်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ဟက်စ်ဟာ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အထက်တန်းပညာရေးကို အရင်ဆုံးအောင်မြင်အောင်ကြိုးစားခဲ့ပါတယ်။ ၁၈၉၃ ခုနှစ်မှာတော့ ဟက်စ်ဟာ အပေါင်းအသင်းများနဲ့ အချိန်ဖြုန်းပြီး အရက်နဲ့ ဆေးလိပ်သောက်တတ်နေပေမဲ့လည်း အထက်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။
အဲဒီနောက် ဟက်စ်ဟာ တက္ကသိုလ်ပညာရေးကို ဆက်မတက်တော့ဘဲ အလုပ်သင်အနေနဲ့ အလုပ်လုပ်ပြီး အားလပ်ချိန်တွေမှာ စာပေတွေရေးသားဖို့အားထုတ်ခဲ့ပါတယ်။ မာရီရဲ့ဖခင်ဖြစ်တဲ့ ဟက်စ်ရဲ့အဘိုးဟာလည်း စာပေဝါသနာကြီးသူဖြစ်ပြီး အတွေးအခေါ်သမားတစ်ယောက်ဖြစ်တာကြောင့် ဟက်စ်ကို စာများများဖတ်ပြီး တွေးခေါ်စဉ်းစားတတ်သူတစ်ယောက်ဖြစ်အောင် လေ့ကျင်ပေးခဲ့ပါတယ်။ ပထမဆုံး ဟက်စ်ဟာ စာအုပ်ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်ခဲ့ပါတယ်။ သုံးရက်အကြာမှာ အလုပ်ထွက်လိုက်ပါတယ်။ အဲဒီနောက် နာရီစက်ရုံမှာ စက်ပြင်တစ်ယောက်အဖြစ် အလုပ်သင်ဝင်ခဲ့ပြန်ပါတယ်။ ၁၄လခန့်အလုပ်လုပ်ပြီးနောက် မှာတော့ ဟက်စ်ဟာငွေကြေးအတော်လေးအဆင်ပြေလာပြီဖြစ်တယ်။ ဒါပေမဲ့ သူဟာ နာရီစက်ရုံကနေ အလုပ်ထွက်လိုက်ပြီး စာအုပ်ဆိုင်တစ်ဆိုင်မှာ ပြန်လည်အလုပ်ဝင်ကာ အတွေးအခေါ်ပိုင်းဆိုင်ရာစာအုပ်များ၊ ဒဿနနဲ့နှီးနွှယ်တဲ့ စာပေများအပြင် ဥပဒေပညာစာအုပ်တွေကိုပါ တစိုက်မတ်မတ်ဖတ်ရှုခဲ့ပါတယ်။
စာရေးဆရာဖြစ်ချင်တဲ့ အတွေးကို ဟက်စ်က စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ ကဗျာတွေကို စပြီးရေးပါတယ်။ ၁၈၉၇ ခုနှစ်မှာ ‘ Romantic Songs ‘ အမည်နဲ့ ကဗျာတွေကိုစုစည်းပြီး စတင် ထုတ်ဝေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့စာအုပ်ဟာ အများအားပေးမှုကို မရခဲ့သလို မအောင်မြင်ခဲ့ပါဘူး။ မထင်မှတ်ဘဲ စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သူ့ကဗျာတွေထဲက တစ်ပုဒ်ကို သဘောကျကြောင်း စာတစ်စောင်ရလာတဲ့အခါမှာတော့ ဟက်စ်တစ်ယောက် ရှေ့ဆက်ဖို့ အားအင်တွေရခဲ့ပါတယ်။ ဒါကြောင့် ကဗျာတွေဆက်ရေးပြီး စာအုပ်တွေကို ဆက်လက်ထုတ်ဝေပါတော့တယ်။ အဲဒီနောက် ဟက်စ်ဟာ အမျိုးမျိုးသော အခက်အခဲအကြောင်းအရာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဆက်လက်ထုတ်ဝေတဲ့ သူ့စာအုပ်တွေအရှုံးပေါ်တာ၊ မိသားစုက စာရေးတဲ့အလုပ်ကို အားမပေးတာတွေအပြင်၊ မိခင်ဖြစ်သူရဲ့ နာရေးသတင်းတို့ဟာ သူ့အတွက်တော့ စိတ်ဓာတ်ကျမှုတွေကို မီးမွှေးပေးနေသလိုဖြစ်လာပါတယ်။
အဲဒီနောက် ပထမဆုံးဝတ္ထုဖြစ်တဲ့ ‘ Peter Camenzind ‘ ကိုစတင်ရေးသားခဲ့ရာမှာတော့ အောင်မြင်မှု ရရှိလာပါတယ်။ ၁၉၀၄ ခုနှစ်မှာ ဟက်စ်ဟာ အိမ်ထောင်ပြုခဲ့ပါတယ်။ စာပေမိတ်ဆွေအပေါင်းအသင်း တွေ အတော်လေးရနေပြီဖြစ်ပြီး စာတွေကိုလည်း တစိုက်မတ်မတ်နဲ့ ရေးသားနေချိန် ဖြစ်ပါတယ်။ ဒုတိယလက်ရာအဖြစ် ၁၉၀၆ ခုနှစ်မှာ ‘ Beneath the Wheel( Unterm Rad)’ စာအုပ်ကို ဆက်လက် ရေးသားထုတ်ဝေခဲ့ပါတယ်။ ၁၉၀၇ ခုနှစ်ကနေ ၁၉၁၂ ခုနှစ်အထိ ဟက်စ်ဟာ ‘Marz’ အမည်ရှိ မဂ္ဂဇင်းမှာ အယ်ဒီတာဝင် လုပ်ခဲ့ပါတယ်။၁၉၁၀ ဝန်းကျင်လောက်မှာ ‘Gertrud’ အမည်နဲ့ စာအုပ်ကိုထပ်မံ ရေးသားခဲ့ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင် ၁၉၁၁ ခုနှစ်မှာတော့ သူဟာ အိန္ဒိယနိုင်ငံကို ဗုဒ္ဓဘာသာအယူဝါဒနဲ့ ကိုးကွယ်မှုတွေအကြောင်းကို လေ့လာဖို့သွားရောက်ခဲ့ပြီး သီရိလင်္ကာ၊အင်ဒိုနီးရှား၊ မြန်မာနဲ့ ဆူမားတြားတို့ကို လည်ပတ်ခဲ့ပါတယ်။
စစ်အတွင်းမှာတော့ ဟက်စ်ဟာ ကျန်းမာရေးမကောင်းတာကြောင့် အလုပ်ထွက်လိုက်ပြီး ဘာန်းမြို့မှာရှိတဲ့ ဂျာမန်သံရုံးမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။စစ်ပွဲတွေပိုမိုပြင်းထန်လာတဲ့ အခါမှာတော့ ဟက်စ်ဟာ စစ်ဆန့်ကျင်ရေးဆောင်းပါးတွေနဲ့ ဝတ္ထုတွေကို ရေးသားခဲ့ရာ ဂျာမန်တွေနဲ့ တဖြည်းဖြည်းဆန့်ကျင်ဘက် ဖြစ်လာပါတယ်။ မြွေပူရာကင်းမှောက်ဆိုသလို တစ်ဖက်က ကိုယ်ရေးကိုယ်တာကိစ္စတွေမှာလည်း သူ့ရဲ့ ညီက အသည်းအသန်နေမကောင်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီး ဇနီးဖြစ်သူကလည်း စိတ္တဆေးရုံကိုတက်ရောက်ကုသခဲ့ရတယ်။ဒါကြောင့် သူကိုယ်တိုင်ပဲ စိတ်ရောဂါပြန်ဖြစ်လာတဲ့အတွက် ဆေးဝါးကုသမှုခံယူခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းထွက်ရှိတဲ့ သူ့ရဲ့စာအုပ်တွေမှာတော့ စိတ်ကိုခွဲခြမ်းစိတ်ဖြာတဲ့ မနောဝိဘဇ္ဇသဘောတရားတွေကို တွေ့မြင်လာကြရပါတယ်။
အိန္ဒိယနောက်ခံဝတ္ထုတွေကို ဖန်တီးလိုတာကြောင့် သူဟာ ၁၉၁၉ ခုနှစ်မှာ ‘Demian’ အမည်နဲ့ စာအုပ်ကိုရေးသားခဲ့ပြီး ၁၉၂၂ ခုနှစ်မှာတော့ သိဒ္ဓတ္ထ ‘Siddhartha’ စာအုပ်ကိုပါရေးသားထုတ်ဝေခဲ့ပါတယ်။ သိဒ္ဓတ္ထဝတ္ထုထွက်ပြီးနောက်မှာ သူ့ရဲ့နာမည်ဟာ အရှေ့တိုင်းနိုင်ငံများအထိပါ ကျော်ကြားသွားပါတယ်။ ဒါ့အပြင် အရှေ့တိုင်းဘာသာများစွာနဲ့ ဘာသာပြန်စာအုပ်တော်တော်များများလည်း ထွက်ရှိလာပါတယ်။ ၁၉၂၃ ခုနှစ်မှာတော့ ဟက်စ်ဟာ ဆွစ်ဇာလန်နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။ အဲဒီနောက် ပထမအိမ်ထောင်နဲ့ ကွဲသွားပြီး ၁၉၂၄ ခုနှစ်မှာဒုတိယအိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်မှာတော့ ပင်ကိုယ်သဘာဝဗီဇနဲ့ ဘူဇွာအခွင့်ထူးခံများကြားမှာ လွန်ဆွဲခြင်းခံရသူတစ်ယောက် အကြောင်းကို ‘ Steppenwolf ‘ အမည်ရှိတဲ့ စာအုပ်မှာရေးသားထုတ်ဝေခဲ့ပြီး အဲဒီနှစ်မှာပဲ အိမ်ထောင်ကွဲခဲ့ပြန်ပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာတော့ ‘ Narcissus and Goldmund’ အမည်ရှိတဲ့ ဝတ္ထုနဲ့ ၁၉၃၂ ခုနှစ်မှာ ‘Journey to the East’ ဝတ္ထုတို့ကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်။တတိယအိမ်ထောင်ကို ၁၉၃၁ ခုနှစ်မှာကျခဲ့ပြီး အိမ်ထောင်မြဲခဲ့ပါတယ်။ ၁၉၄၃ ခုနှစ်မှာ ‘ Magister Ludi ‘ စာအုပ်ကိုရေးသားပါတယ်။ ‘The Glass Bead Game’ လို့လည်း ခေါ်ပါတယ်။ အဲဒီဝတ္ထုဟာ ၁၉၄၆ ခုနှစ်မှာ နိုဘယ်လ်ဆုရရှိတဲ့အထိ ဟက်စ်ကို အောင်မြင်မှုတွေရရှိစေခဲ့ပါတယ်။
ဟက်စ်ဟာ စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် လူအားနဲ့ရုန်းကန်ခဲ့ရရုံသာမက စိတ်ခွန်အားတွေနဲ့ပါ အမျိုးမျိုးရင်ဆိုင်ရုန်းကန်နိုင်ခဲ့တဲ့ စာရေးဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။ အတွေးအခေါ် အယူအဆပိုင်းနဲ့ ခွဲခြမ်းစိတ်ဖြာပြီး သက်ဝင်ယုံကြည်နိုင်စွမ်းတွေကို သူရေးသားထားတဲ့ စာအုပ်တွေကနေတစ်ဆင့် မြင်တွေ့နိုင်ပါတယ်။ ဟက်စ်ဟာ ၁၉၆၂ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ အသက် ၈၅ နှစ်အရွယ်မှာတော့ ဆွစ်ဇာလန်နိုင်ငံ၊ တီဆီနိုမြို့ရဲ့ မွန်တက်ဂ်နိုလာဒေသမှာ ကွယ်လွန်ခဲ့ပါတယ်။
=======================================================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
https://forms.gle/d4L8YTEapA58Gho66
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …
#Zlann
#ZLann_Podcast
More Interesting Blogs from Zlann
မင်းတုန်းမင်းကြီး၏ အချစ်ဆုံးဇနီး (သို့မဟုတ်) အဆင်းရော၊ အချင်းပါပြီးပြည့်စုံလေသူ စကြာဒေဝီမိဖုရားခေါင်ကြီး
မင်းတုန်းမင်းကြီး၏ အချစ်ဆုံးဇနီး (သို့မဟုတ်) အဆင်းရော၊ အချင်းပါပြီးပြည့်စုံလေသူ စကြာဒေဝီမိဖုရားခေါင်ကြီး
November 14, 2023
Read More
အမျက်ကြီး၍ ပျက်စီးခြင်းသို့ရောက်ခဲ့သည့် ဗိဿနိုးဧကရီ
အမျက်ကြီး၍ ပျက်စီးခြင်းသို့ရောက်ခဲ့သည့် ဗိဿနိုးဧကရီ
November 14, 2023
Read More
အနူးဘစ်နတ်ဘုရား
အနူးဘစ်နတ်ဘုရား
March 22, 2024
Read More
ခင်ပွန်းဖြစ်သူ ရာဇာဓိရာဇ်ရဲ့ ကြောင့်ကြေကွဲစရာဖြစ်ရပ်နဲ့ ဘ၀ဇာတ်သိမ်းခဲ့ရသူ “တလမေဒေါ”
ခင်ပွန်းဖြစ်သူ ရာဇာဓိရာဇ်ရဲ့ ကြောင့်ကြေကွဲစရာဖြစ်ရပ်နဲ့ ဘ၀ဇာတ်သိမ်းခဲ့ရသူ “တလမေဒေါ”
November 13, 2023
Read More
တတိယမြန်မာနိုင်ငံတော်ကြီးတည်ထောင်သူ အလောင်းမင်းတရားကြီးရဲ့ လက်ရုံးသဖွယ် အားကိုးခဲ့ရတဲ့ ရဲဘက်တော်စစ်သူကြီး “မင်းခေါင်နော်ရထာ”
တတိယမြန်မာနိုင်ငံတော်ကြီးတည်ထောင်သူ အလောင်းမင်းတရားကြီးရဲ့ လက်ရုံးသဖွယ် အားကိုးခဲ့ရတဲ့ ရဲဘက်တော်စစ်သူကြီး "မင်းခေါင်နော်ရထာ"
June 22, 2024
Read More
“လျှောက်ထုံးတွေနဲ့ နာမည်ကျော်ခဲ့သူ ဦးပေါ်ဦး”
"လျှောက်ထုံးတွေနဲ့ နာမည်ကျော်ခဲ့သူ ဦးပေါ်ဦး"
August 21, 2025
Read More